အချစ်စစ်ဆိုတာ

Yin Nyine NwayJuly 26, 20101min45

ဆေးရုံတစ်ခုလုံး အလုပ်များလွန်းနေတဲ့တစ်နေ့ မနက်ခင်း ၈နာရီခွဲ အချိန်လောက်မှာ အသက် ၈ဝ အရွယ် အဘိုးအိုတစ်ယောက် ဆေးရုံကို ရောက်လာတယ်.. အရင်တစ်ပတ်က ခွဲစိတ်ထားတဲ့ သူ့လက်ပေါ်က ချုပ်ရိုးကို ပြန်ဖြေဖို့ ရောက်လာတာပါ.. သူက ဆေးရုံ ရောက်ရောက် ချင်းဘဲ ကျွန်တော့ကို ပြောတယ်….

“ကိုးနာရီလောက်မှာ အဖိုး ချိန်းထားတာလေးတစ်ခု ရှိလို့ အရင်လိုနေတယ်.. အဖိုးကို အမြန်လုပ်ပေးပါ လူလေးရယ် …”

ကျွန်တော်က သူ့နံမည် အသက် စတာတွေကို စာအုပ်ထဲရေးသွင်းလိုက်ရင်း “ အဖိုး ခနလောက်ထိုင်ပါဦးခင်ဗျာ” လို့ လှမ်းပြောလိုက်တယ်….. သူ့ဒဏ်ရာက ချုပ်ရိုးကို ဖြေဖို့ဆိုရင် ဆရာဝန် တစ်ယောက်ယောက် အားဖို့ အနည်းဆုံးတစ်နာရီကျော်လောက်တော့ စောင့်ရလိမ့်မယ်ဆိုတာ ကျွန်တော် သိတယ်… ကျွန်တော် က သူ့ရဲ့အလျှင်စလို ဖြစ်နေတဲ့ အမူအရာကြောင့် ဒီဆေးရုံမှာ လောလောဆည် အလုပ်သိပ်မများတဲ့ ကျွန်တော် ကဘဲ ကြည့်ပေးဖို့ ဆုံးဖြတ်လိုက်တယ်…

အနာကို စစ်ဆေးကြည့်တော့ အားလုံးအခြေအနေကောင်းတယ်.. အနာလဲကျက်နေပြီ … ဒါနဲ့ ကျွန်တော်က ဆရာဝန်တစ်ယောက်ကို အနာ ချုပ်ရိုး ဖြေဖို့ လိုအပ်တဲ့ ကိရိယာ တန်ဆာပလာတွေ ယူလာဖို့ လှမ်းပြော လိုက်တယ်… ချုပ်ရိုးဖြေနေရင်းနဲ့ ကျွန်တော်က သူ့ကို စကား စပြောလိုက်တယ်…

“အဖိုး ဘာတွေများ အရေးတကြီး ချိန်းထားတာရှိလို့လဲ ဒီလောက်အရင်လိုနေတာ…”

“ မဟုတ်ပါဘူးလူလေးရယ်… အဖိုး မိန်းမနဲ့ မနက်စာ အတူစားဖို့အတွက် လူနာစောင့်ရှောက်ရေးဂေဟာကို သွားမလို့ပါ… အဖိုးက မနက်တိုင်းကို သူနဲ့အတူတူ မနက်စာ စားနေကြလေ…..”

“အော်.. အဖိုးမိန်းမက လူနာစောင့်ရှောက်ရေးဂေဟာမှာလား … နေမကောင်းလို့လားခင်ဗျာ…”

“အင်း.. သူက အယ်လ်ဇိုင်းမားရောဂါကြောင့် ကုသ စောင့်ရှောက်မှုခံယူဖို့ အဲဒီမှာ ရောက်နေတာပါကွယ်..”

ကျွန်တော်က အဖိုးကို ကျီစယ်ချင်တာနဲ့

“တကယ်လို့ နံနက်စာစားဖို့ အဖိုး နည်းနည်း နောက်ကျရင် အဖွားက အဖိုးကို စိတ်ဆိုးမှာလား”..

“သူ က အဖိုးဘယ်သူဆိုတာကိုတောင် မသိတော့ပါဘူးကွယ်…. အဖိုးကို မမှတ်မိတော့တာ ခုဆို ၅နှစ်လောက်တောင် ရှိပါပြီ..”

ကျွန်တော် အတော်လေးအံ့ဩသွားတယ်.. “အိုး.. ဒါနဲ့တောင် အဖိုးက မနက်တိုင်း မနက်တိုင်း မနက်စာအတူ စားဖို့သွားနေသေးတယ်နော်..အဖိုး ဘယ်သူ ဘယ်ဝါ ဆိုတာကိုတောင် သူက မမှတ်မိတော့ဘဲနဲ့များ…”

အဖိုးအိုက ပြုံးလိုက်တယ်…. ပြီးတော့ ကျွန်တော့လက်ကို အသာအယာ ဆုပ်ကိုင်လိုက်ပြီးတော့ ပြောတယ်..

” သူအဖိုးကို မသိတော့တာ မှန်ပါတယ်…. ဒါပေမဲ့ အဖိုးက သူဘယ်သူဆိုတာ သိနေသေးတယ်လေ”

အဖိုးအို စကားကြောင့် ကျွန်တော့ရင်ထဲမှာ တစ်စုံတစ်ခုကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရသလို ဖြစ်သွားတယ်… အဖိုးအိုရှေ့မှာ မျက်ရည် မကျမိအောင် ကျွန်တော် ကြိုးစားပြီး ထိန်းလိုက်ရတယ်… အဖိုးကတော့ တရွေ့ရွေ့နဲ့ ကျွန်တော့်ရှေ့က ထွက်ခွာသွားခဲ့ပြီ.. အဖိုးရဲ့လက်နဲ့ ကိုင်သွားတဲ့ ကျွန်တော့ လက်ပေါ်က နေရာလေးမှာ သူ့ဆီက အနွေးဓာတ်ကလေး ခုချိန်ထိ ကျန်နေသေးသလို ကျွန်တော့်စိတ်ထဲ ခံစား မိတယ်… လက်ပေါ်မှာ တင်မကပါဘူး..ကျွန်တော့်ရင်ထဲ၊ နှလုံးသားထဲမှာပါ ကျန်နေခဲ့တာပါ… အဲဒီလိုအချစ်မျိုးဟာ ကျွန်တော့်ဘဝတစ်လျှောက်လုံး ရှာဖွေနေတဲ့ ကျွန်တော် လိုချင်ခဲ့တဲ့ အချစ်မျိုး၊ ကျွန်တော် တန်ဖိုးထားချင်ခဲ့တဲ့ အချစ်မျိုးပါ…..

အချစ်စစ်ဆိုတာ တကယ်တော့ ရုပ်ခံစားမှု သက်သက်လဲမဟုတ်ဘူး…. စိတ်ခံစားမှု သက်သက်လဲ မဟုတ်ဘူး.. ကိုယ်ချစ်တဲ့သူက ပြန်ချစ်သည် ဖြစ်စေ မချစ်သည်ဖြစ်စေ ..ကိုယ့်ဘက်က အမြဲတမ်း ချစ်သွားနိုင်တဲ့ ၊ဘာကိုမှ ပြန်လည်ရရှိဖို့ မမျှော်လင့်တဲ့ အချစ်ကို အချစ်စစ်ပါ လို့ဆိုရင် စာဖတ်သူများ လက်ခံ နိုင်ပါ့မလား….. ကျွန်မတို့ တွေရဲ့ ဘဝမှာ အချစ်စစ် ဆိုတဲ့ စကားလုံးကို ခနခနသုံးစွဲဖူး၊ ပြောဖူး ကြပါ လိမ့်မယ် … ဒါပေမဲ့ အချစ်စစ်ဆိုတာ ဘယ်လို အရာလဲ ဆိုတာ ကိုတော့ အဓိပ္ပါယ်ဖွင့်ဆိုပုံခြင်း ၊ နားလည် လက်ခံပုံခြင်းတော့ ကွဲပြား ကြပါ လိမ့်မယ်… ဒီ ဇာတ်လမ်းလေး ထဲက အဖိုးအိုရဲ့ အချစ်မျိုးကို အချစ်စစ်ပါလို့ ဆိုရင် သဘောတူတဲ့သူ ရှိသလို သဘောမတူတဲ့ သူတွေလဲ ရှိကောင်း ရှိပါလိမ့်မယ်…. ဘယ်လိုပင်ဖြစ်စေ မျှော်လင့်ခြင်း ကင်းတဲ့ ချစ်ခြင်း တစ်စုံကိုတော့ တန်ဖိုးထားလေးစားရမှာပါ……

ဇာတ်လမ်းလေးထဲက အဖိုးအိုရဲ့အချစ်ကို ဦးညွှတ်လိုက်ရင်းနဲ့ …စာဖတ်သူများလဲ အချစ်စစ် ကို ရှာဖွေ တွေ့ရှိ နိုင်ကြပါစေနော်….

5 comments

  • marnat

    July 26, 2010 at 2:00 pm

    အချစ်ဟာအသက်အရွယ်ကိုကျော်ဖြတ်တယ်တဲ့။အရမ်းကောင်းပါတယ်

  • ghost

    July 26, 2010 at 5:22 pm

    ကျွပ်တော် ကတော့ အချစ်စစ် ဆိုတာ ပေးဆပ်ခြင်း ဘဲလို့ ထင်တယ် မှားကောင်းလဲမှားနိင်တယ်
    ဘာလို့လဲ ဆိုတော့ ကျွန်တော့ကို သူ ပြစ်သွားပြီလေ

  • khinmintatthu

    July 26, 2010 at 7:27 pm

    ဘဝတူတွေလာဆုံကြတာပေါ့ ghost …. တွေ့ရတာ ဝမ်းသာပါတယ်…. ကျွန်တော်လည်း ပေးဆပ်ခြင်းလို့ပဲ အတည်ပြုလိုက်ပြီဗျာ….

  • fatty

    July 27, 2010 at 1:55 am

    သေချာတာပေါ့ဗျာ …..တိုက်ခန်းတခန်းပေးလိုက်ရတယ်။

  • mi mi

    July 27, 2010 at 6:15 am

    အချစ်စစ်ဆိုတာပေးဆပ်ခြင်းလို့ပဲခံယူထားပါတယ်။

Leave a Reply