ရယ်ရယုံ (၃၀)

etoneJuly 27, 20101min520
(၁)
မိန်းကလေး >> အချစ်နဲ့ဆိုင်တဲ့ ပို့စကတ်လေးတွေ လိုချင်လို့ပါ။
ဈေးသည် >>> ဒီ ကတ်ကလေးဆိုရင်ရော၊ ဒီမှာ ရေးထားတာလေး အရမ်းမိုက်တယ်၊ “အမြဲတမ်းချစ်ရတဲ့
တစ်ယောက်တည်းသူအတွက်” တဲ့။
မိန်းကလေး >> ကျွန်မကို အဲဒီကတ် (၁၀)ခု ပေးပါ။
(၂)
အသက်(၆၀)အရွယ် ဇနီးမောင်နှံ(၂)ဦးသည် သူတို့၏ အနှစ်(၄၀)ပြည့် မင်္ဂလာအခမ်းအနားကို
အိမ်မှာပင် တိတ်တဆိတ် ကျင်းပပြုလုပ်ကြသည်။ တစ်ဦးနှင့်တစ်ဦး ငယ်မူပြန်ကာ
ချစ်စကားများပြောခြင်း၊ အပြန်အလှန် ယုယုယယနမ်းခြင်းများ
ပြုလုပ်လျက်ရှိကြသည်။ သူတို့၏ အတိတ်ကာလများက
ပျော်ရွှင်ဖွယ်ရာနေ့ရက်များအကြောင်းကို တစ်ဦးကိုတစ်ဦး
ပြန်ပြောင်းပြောဆိုနေကြသည်။ သေချာသည်ကတော့ နှစ်ဦးစလုံး၏ မျက်လုံးများတွင်
ကြည်နူးပျော်ရွှင်ရိပ်များနှင့် ပြည့်နှက်နေခြင်းပင်။
သူတို့နှစ်ဦး၏ ချစ်ခြင်းမေတ္တာနှင့် သံယောဇဉ်ကြီးမားပုံကို သဘောကျလွန်းသည့်အတွက်
အချစ်နတ်သမီးသည် ကိုယ်ထင်ပြလေသည်။ ထို့နောက် သူတို့နှစ်ဦးကို နှစ်သက်ရာ
ဆုတစ်ခုစီတောင်းရန် ပြောဆိုလေသည်။
အဘွားအိုက စတင်ပြောသည်။
“ခင်ပွန်းဖြစ်သူနဲ့အတူ ကမ္ဘာတစ်ပတ် ခရီးထွက်ချင်ပါတယ်”
ချက်ချင်းဆိုသလိုပင် အဘွားအို၏ လက်အတွင်းသို့ ပင်လယ်ကမ်းခြေခရီးစဉ် လေယာဉ်လက်မှတ်များ ရောက်ရှိလာသည်။
အဘိုးအို၏ အလှည့်ဖြစ်သည်။
“ကျွန်တော့်ထက် အသက်(၃၀)လောက်ငယ်တဲ့ အမျိုးသမီးအဖော်တစ်ဦးကို လိုချင်ပါတယ်” ဟု ဆုတောင်းလိုက်သည်။
ချက်ချင်းဆိုသလိုပင် အဘိုးအိုသည် အသက်(၉၀)အရွယ် ဖြစ်သွားလေသည်။
(၃)
အရှင်ဘုရား၊
တပည့်တော်မရဲ့ ခင်ပွန်းဖြစ်သူကို နားလည်နိုင်ဖို့အတွက် အသိဉာဏ်ပညာများ ပေးသနားတော်မူပါ။
သူ့ကို နားလည်နိုင်ဖို့အတွက် တပည့်တော်မကို ချစ်ခြင်းမေတ္တာတွေ ပေးသနားတော်မူပါ။
သူ့ရဲ့ အကျင့်စရိုက်တွေအတွက် တပည့်တော်မကို သည်းခံခွင့်လွှတ်စိတ်တွေ
ပေးသနားတော်မူပါ။
တပည့်တော်မကို ခွန်အားတွေ ပေးသနားတော်မူဖို့ ဆုမတောင်းလိုတော့ပါ။
ဘာကြောင့်လဲဆိုတော့ သူ့ကိုသေအောင် ရိုက်သတ်မိမှာစိုးလို့ပါဘုရား။
(၄)
“ကျွန်မခွေးကို မကြောက်ပါနဲ့ရှင်” ဟု အိမ်ရှင်မက ဈေးသည်ကို ပြောသည်။ တစ်ဆက်တည်းပင်
“ဟောင်တဲ့ခွေးတွေဟာ မကိုက်တတ်ဘူးဆိုတဲ့ စကားပုံကို ရှင်မသိဘူးလား” ဟုလည်း
မေးလိုက်သည်။
ဈေးသည်က ပြန်ဖြေသည်။
“အဲဒီစကားပုံကိုတော့ ကျွန်မသိတာပေါ့ရှင်၊ ဒါပေမယ့် ရှင့်ခွေးက အဲဒါကို သိ-မသိဆိုတာ
ဘယ်လိုလုပ်သိနိုင်ပါ့မလဲ”
(၅)
ကျွန်တော်တို့ လူသားတွေရဲ့ ဘဝဟာ အဆင့်(၃)ဆင့်နဲ့ တည်ဆောက်ထားပါသတဲ့။
ဆယ်ကျော်သက်အရွယ်
(အချိန်ရှိတယ်) + (ခွန်အားရှိတယ်) …… (ဒါပေမယ့် ပိုက်ဆံမရှိဘူး)
အလုပ်လုပ်တဲ့အရွယ်
(ပိုက်ဆံရှိတယ်) + (ခွန်အားရှိတယ်) …… (ဒါပေမယ့် အချိန်မရှိဘူး)
လူကြီးပိုင်းအရွယ်
(ပိုက်ဆံရှိတယ်) + (အချိန်ရှိတယ်) …… (ဒါပေမယ့် ခွန်အားမရှိတော့ဘူး)
(၆)
ကလေးငယ်တစ်ဦးသည် စတိုးဆိုင်ထဲမှထွက်လာမည့် မိခင်ဖြစ်သူကို လမ်းပေါ်၌ စောင့်ဆိုင်းနေလေသည်။
ထိုအချိန်တွင် လူတစ်ဦးရောက်လာပြီး ကလေးငယ်အား မေးမြန်းသည်။
“ဖိုးသားရေ၊ စာတိုက်ကို ဘယ်လိုသွားရမလဲဆိုတာ ဦးကိုပြောပြနိုင်မလားကွ”
“ဟုတ်ကဲ့၊ ဒီကနေ တည့်တည့်သွားပြီး လေးလမ်းကျော်ရောက်ရင် ညာဘက်ကို ချိုးလိုက်ပါ၊
စာတိုက်ကို ရောက်ပါလိမ့်မယ်” ဟု ကလေးငယ်က ပြန်ဖြေလေသည်။
မေးသည့်လူသည် အရမ်းကျေးဇူးတင်သွားပြီး ကလေးငယ်အား “ဦးက ဒီမြို့ကိုပြောင်းလာတဲ့
သင်းအုပ်ဆရာအသစ်ပါ။ ဒီအပတ် တနင်္ဂနွေနေ့ကျရင် ဦးရဲ့ဘုရားရှိခိုးကျောင်းကို
လာခဲ့လေ။ ကောင်းကင်ဘုံကို ရောက်နိုင်တဲ့လမ်းကို ဦးက သားကို ပြောပြမယ်”
ကလေးငယ်သည် အံ့ဩတကြီးဖြင့် ပြန်ကြည့်လျက် ထိုသူအား ပြန်မေးလေသည်။
“သေချာရဲ့လားဗျ၊ ဦးလေးက ဒီမြို့မှာရှိတဲ့ စာတိုက်ကိုတောင် ဘယ်လိုသွားရမှန်း မသိတဲ့ဟာပဲ”