ဖြစ်ချင်တာဖြစ် စိတ်မညစ်နဲ့

etoneJuly 27, 20101min852
လူအများစုဟာကိုယ်လိုချင်တာ မရဘူး ၊ကိုယ်ဖြစ်ချင်တာမဖြစ်ဘူးဆိုရင် အလွယ်တကူလည်း စိတ်ညစ်တတ်တယ် ။အပြင်းအထန်လည်း စိတ်ညစ်တတ်တယ် ၊ကိုယ်မရတာ ကိုယ်မဖြစ်တာကိုပဲ ထပ်တလဲလဲ တွေးပြီး ကိုယ့်စိတ်ကို ညှဉ်းဆဲနေ တတ်တယ် ။
လူရယ်လို့ဖြစ်လာရင် ပစ္စည်းဥစ္စာလည်း ပြည့်စုံချင်တယ် ၊အခြံအရံလည်း ပေါများချင်တယ် ၊ အချီးအမွမ်းလဲခံယူချင်တယ် ၊ကိုယ်စိတ်နှစ်ပါးလဲ ချမ်းသာချင်တယ် ၊ဒါပေမဲ့တစ်ခါတစ်ရံ ကိုယ့်မှာ အဲဒါတွေအားလုံး ၊ဒါမှမဟုတ် တချို့မပြည့်စုံဘူး ။အဲဒီအခါ ကိုယ့်ရဲ့မပြည်.စုံတဲ.အချက်တွေကို တွေးပြီး စိတ်ညစ်နေမယ် ၊စိတ်ဆင်းရဲနေမယ်၊ဟိုလူ ဒီလူကိုအပစ်ဖို့နေမယ်ဆိုရင် ကိုယ်ဟာ စိတ်ဓါတ်ပျော့ညံ့တဲ့သူ ၊လောကဓံခံနိုင်ရည် မရှိတဲ့သူ
ဖြစ်သွားမယ် ။
လောကမှာ အဆိုးလောကဓံတွေနဲ့တွေ့ကြုံချင်တဲ့သူရယ်လို့တစ်ယောက်မှမရှိပါဘူး ။ဒါပေမဲ့အနည်းနဲ့အများဆိုသလို တစ်ချိန်မဟုတ်တစ်ချိန်မှာ တွေ ့ကြုံနေရတာပါပဲ ။
အဲဒီလိုတွေ ့ကြုံလာတဲ့အခါမှာ မတုန်မလှုပ် ခံနိုင်ရည်ရှိဖို ့လိုပါတယ် ။စိတ်ညစ်နေ၊စိတ်ဆင်းရဲနေ၊ဟိုလူ ဒီလူအပြစ်ဖို ့နေလို ့ အဆိုးလောကဓံက ပျောက်ပျက်မသွားတဲ့အပြင် တစ်ပူပေါ်နှစ်ပူ ဆင့်ပြီး ဆိုးသထက်ဆိုးလာဖို ့ ၊
ဆိုးတွင်းနက်သွားဖို ့ပဲရှိပါတယ် ။
တကယ်တော့အကောင်းလောကဓံတွေနဲ ့ချည်း တွေ ့ကြုံနေရတဲ ့လူ အဆိုးလောကဓံတွေနဲ ့ချည်းတွေ ့ကြုံနေရတဲ ့လူ ရယ်လို ့ လောကမှမြရှိပါဘူး ။အခြေအနေ ၊အချိန်အခါအားလျော်စွာ အကောင်းလောကဓံရော အဆိုးလောကဓံရော ရောနှောပေါင်းစပ်ပြီးခံစားနေကြရတာပါ ။
အကောင်းလောကဓံ ပိုများတဲ့လူ ၊အဆိုးလောကဓံ ပိုများတဲ့လူရယ်လို ့တော့ရှိမှာပေါ့ ။ဒါကတော့ ကိုယ့်ရဲ ့အကျိုးကို ကိုယ်ခံစားရတာပါ ။ကောင်းကံများများပြုခဲ့တဲ့သူက အကောင်းလောကဓံ နဲ ့ပိုများများတွေ ့ကြုံရပြီး ဆိုးကံများများပြုခဲ့တဲ့သူကအဆိုးလောကဓ့ ကိုပိုများများ ခံစားရမှာပါပဲ ။ဘယ်သူမပြု မိမိမှုပါ ။
အဆိုးလောကဓံတွေနဲ ့တွေ ့ကြုံလာရင် ငါ့ရဲ ့ဆိုးကံတွေ အကျိုးပေးတာလို ့ပဲ နှလုံးသွင်းပြီး စိတ်ဖြေသင့်ပါတယ် ။
အဆိုးလောကဓံအပေါ် စိတ်ဆင်းရဲမှု ၊ကျေနပ်မှုတွေနဲ ့ တုံ ့ပြန်ပြီး အချိန်ဖြုန်းမနေပဲ ကိုယ်လုပ်စရာရှိတဲ ့အလုပ်ကို အရှိန်အဟုန်မပျက် ဆက်လုပ်နေသင့်ပါတယ် ။အဆိုးလောကဓံက ကိုယ့်ရဲ ့အလုပ်ကို အတိုင်းအတာတစ်ခုထိ အရှိန်တန် ့သွားစေတယ်ဆိုရင်လည်း ရှိသလောက်အရှိန်ပဏာမနဲ ့ပဲ လုပ်ခွင့်ရသလောက် ဆက်လုပ်သင့်ပါတယ် ။အဆိုးလောကဓံကြောင့်တော့ ကိုယ်လုပ်နေမြဲအလုပ်ကို ရပ်တန် ့မပစ်သင့်ပါဘူး ။
ကိုယ်တွေ ့ကြုံနေရတဲ့ အဆိုးလောကဓံကို အကောင်းဘက်ကနေ လှည့်တွေးတတ်မယ်ဆိုရင်လည်း စိတ်ချမ်းသာမှုကို ရနိုင်ပါတယ် ။ ဥပမာ-လူပျိုကြီးဖြစ်နေရတာကို အခြံအရံမရှိခြင်း (အယသ)အဆိုးလောကဓံနဲ ့ တွေ ့ကြုံနေရတယ်လို ့ ယူဆနေတယ် ဆိုပါစို ့။
ဪ….ငါ့ဘဝလူပျိုကြီးဖြစ်ရတာ ကံကောင်းလိုက်တာ ၊အိမ်ထောင်သာကျခဲ့ရင် မိန်းမဒုက္ခ၊သားသမီးဒုက္ခ တွေ ခုလောက်ဆို တစ်သီကြီးခံစားနေရပြီး ယောက္ခမဒုက္ခ ၊ယောက်ဖဒုက္ခတွေလည်း အဆစ်ပါချင် ပါလာဦးမှာ ၊အခုတော့ ဒီဒုက္ခတွေကင်းလို ့ ချမ်းသာလိုက်တာ….
သွားချင်ရာသွား၊လုပ်ချင်ရာလုပ်နဲ ့ လွတ်လပ်လိုက်တာ ၊လှူစရာလည်း မငဲ့ကွက်လှူနိုင်တယ် ၊တရားနာစရာ ၊တရားထိုင်စရာရှိလည်း နောက်ဆံမတင်းပဲ ထိုင်နိုင်တယ် ။ခုနေတုန်း ဘုန်းကြီးဝတ်မယ်ဆိုလည်း ချက်ချင်းဝတ်လို ့ရတယ် ။ဟန်ကျလိုက်တာ ငါ့ဘဝအရတော်လေခြင်း လို ့အဲဒီလိုနှလုံးသွင်းလိုက်မယ်ဆိုရင် လူပျိုကြီးဖြစ်နေရတဲ့ ကိုယ့်ဘဝကို ကျေနပ်နှစ်သက်ပြီး စိတ်ချမ်းငသာလာမှာ သေချာပါတယ် ။
အဲဒီလိုမှ အကောင်းဘက်ကနေ နှလုံးမသွင်းတတ်ဘူးဆိုရင်တော့ အထီးကျန်ဘဝမို ့ အကျည်းတန်လှပါတယ်အမေရဲ ့ ဆိုပြီးအမြဲတမ်းစိတ်ဆင်းရဲနေရမှာပါ ။သီတင်းကျွတ်တိုင်းမျက်ရည်ဝိုင်းရတာဟာ အဆိုးလောကဓံကို အကောင်းတွေးစိတ်ဓါတ်နဲ ့ ခံနိုင်ရည်စွမ်းမရှိလို ့ပါ ။
လောကမှဘြယ်အရာမှ မတည်မြဲဘူးဆိုတဲ့ အချက်ကိုူ နက်နက်နဲနဲ သဘောပေါက်ရင် အဆိုးလောကဓံတွေကို ခံနိုင်ရည်ရှိဖို ့သိပ်မခက်ခဲလှပါဘူး ။အခုဆိုးနေပေမဲ့ အချိန်တန်ရင် ကောင်းလာမှာပါ ၊ဘာမှမမြဲတဲံလောကကြီးမှာ အဆိုးလောကဓံတွေဟာလည်း မမြဲပါဘူး ။မုန်တိုင်းထန်ပြီးရင် လေပြေလေညင်း တိုက်ခတ်လာပါလိမ့်မယ် ။ဘာမှတွေးပူမနေနဲ ့ ၊ဘာမှစိတ်ညစ်မနေနဲ ့ ၊လို ့ကိုယ့်ကိုယ်ကို အားပေးလိုက်ရုံပါပဲ ။
ဖြစ်ချင်တာဖြစ် ၊စိတ်မညစ်နဲ ့ ၊တောင်တွေးမြောက်တွေး စိတ်မလေးနဲ ့၊တောင်ကြံမြောက်ကြံ မပူပန်နဲ ့ ၊လူမှန်သမျှ ထိုက်တန်သောအကျိုးကို ရမည်သာ ဆိုတဲ့ ဘဝဆောင်ပုဒ်ကလေးဟာ အဆိုးလောကဓံတွေနဲ ့ တွေ ့ကြုံနေရသူတွေကို အပြုံးမပျက် ခံနိုင်ရည်ရှိစေတဲ့ စိတ်အားဖြည့်ဆောင်ပုဒ်ကလေးပါပဲ ။
တတ်သမျှ ၊စွမ်းသမျှ အမျိုးမျိုးနှလုံးသွင်းတဲ ့ကြားက စိတ်ညစ်နေသေးတယ် ၊စိတ်ဆင်းဒရဲနေသေးတယ်ဆိုရင်တော့ အဖြစ်အပျက်ကို အာရုံမပြုဘဲ စိတ်ကို အာရုံပြုပြီး စိတ်ညစ်တယ် ၊စိတ်ညစ်တယ် ၊စိတ်ဆင်းရဲတယ် ၊စိတ်ဆင်းရဲတယ် လို ့သတိပဌာန်ဝိပသနာနည်းကျကျ ထပ်ခါထပ်ခါ ရှုမှတ်နေလိုက်ရပါမယ် ။
သတိ၊သမာဓိ၊ဉာဏ်အားကောင်းလာတာနဲ ့အမျှ စိတ်ရဲ ့သဘာဝ ၊စဝိတ်ရဲ ့အဖြစ်အပျက်တွေကို တွေ ့မြင်လာပြီး စိတ်ညစ်တာ ၊စိတ်ဆင်းရဲတာတွေလည်း တဖြည်းဖြည်းနဲ ့လုံးဝပျောက်ကင်းသွားပါလိမ့်မယ် ။ ငြိမ်းအေးလှတဲ့တရားအရသာနဲ ့အတူ စိတ်ချမ်းသာမှုကိုလည်း အပြည့်အဝခံစားလာရပါလိမ့်မယ် ။
စိတ်ထားတတ်ခြင်း ၊တရားမှတ်ခြင်းကြောင့် လိုချင်တာမရတဲ ့ အဆိုးလောကဓံ ၊ဖြစ်ချင်တာမဖြစ်တဲ့ အဆိုးလောကဓံ ၊မလိုချင်တာရတဲ့ အဆိုးလောကဓံ ၊မဖြစ်ချင်တာဖြစ်တဲ့ အဆိုးလောကဓံတွေကို မတုန်မလှုပ်ခံနိုင်ရည်ရှိသြွးပြီဆိုရှု် ငြိမ်းအေးသော ဘဝ ပိုင်ရှင်ဖြစ်ကြမှာပါ ။
ဘဝရဲ ့ကောင်းကျိုးဆိုးကျိုးတွေဆိုတာ
ကိုယ်ဖြစ်ချင်သလို
ဖြစ်နေတာမဟုတ်ပါဘူး ။
သူဖြစ်သင့်သလိုဖြစ်နေတာပါ။
မဖြစ်သင့်ဘဲဖြစ်နေတဲ့
ကောင်းကျိုး ၊ဆိုးကျိုးရယ်လို ့လည်း
တစ်ခုမှမရှိပါဘူး ။
ပစ္စုပန်အလုပ် ၊ပစ္စုပန်ကံကြောင့်
မဖြစ်သင့်ဘူးဆိုတောင်မှ
အတိတ်အလုပ် ၊အတိတ်ကံကြောင့်တော့
ဖြစ်သင့်တာတွေချည်းပါပဲ ။
အတိတ်ကံကိုဘယ်သူမြင်နိုင်မှာမို့လဲ ။
ဒီစိတ်အားဖြည့်စာစုလေး ကိုဖတ်ရသူအပေါင်း ငြိမ်းအေးသောဘဝပိုင်ရှင်များဖြစ်ကြပါစေ ။
အရှင်ဆန္ဒာဓိက ၏ ငြိမ်းအေးသောဘဝပိုင်ရှင် စာအုပ်လေးမှ ဖော်ပြပါသည် ။

2 comments

  • Yin Nyine Nway

    July 27, 2010 at 9:02 am

    ကျေးဇူးပါ
    စိတ်ညစ်တိုင်း ဖတ်တက်တဲ့ စာလေး ပါ

  • fatty

    July 27, 2010 at 1:18 pm

    တကယ်ဖြစ်ချင်တကယ်လုပ် … အဟုတ်ဖြစ်ရမည်။

    ကျော်ဟိန်း နဲ့ ကောလိပ်ဂျင်နေဝင်း ပါပြီး ဒါရိုက်တာဦးသုခ ရိုက်ကူးခဲ့တဲ့ဇာတ်ကားတကားထဲက

    တချိန်ကနာမည်ကြီးခဲ့တဲ့ စာသားလေးပါ။

Leave a Reply