အင်တာနက်လိုင်း နှေးကွေးမူကြောင့် သုံးစွဲနုန်း အလွန်အမင်းလျော့ကျ

BayoteJune 4, 20101min700

ရန်ကုန် အပါအဝင် မြန်မာနိုင်ငံမှ မြို့တချို့တွင် အင်တာနက်လိုင်းများ နှေးကွေးသည့် အပြင် သုံးမရ ဖြစ်နေသဖြင့် အင်တာနက် သုံးစွဲသူ အရေအတွက် အလွန်လျော့နည်းသွားကြောင်း အမည်မဖေါ်လိုသူ အင်တာနက်ဆိုင်ဖွင့်ပြီး စီးပွားရေး လုပ်ကိုင်နေသူ လူငယ် တဦးက ပြောသည်။

“ မေလ ၂၈ ရက်နေ့က စပြီးတော့ အင်တာနက်လိုင်းတွေ တော်တော့ကို နှေးကွေးသွားတယ်။ ကျွန်တော်တို့ ဆိုင်မှာ အင်တာနက်လိုင်းက လာတော့ လာပါတယ်။ ဒါပေမယ့် ပုံမှန်လို မဟုတ်တော့ သုံးစွဲသူတွေက အချိန် အကြာကြီး စောင့်ရတယ်။ သတင်းတွေ ဖတ်မယ်- စာပို့မယ် ဆိုရင် အချိန်အကြာကြီး စောင့်ပီးမှ အဆင်ပြေတယ်။ နောက်နေ့တွေမှာ တဖြည်းဖြည်းနဲ့ သုံးစွဲသူက လုံးဝကို လျော့ကျ သွားတယ်။ အခုတော့ စီးပွားရေး ထိခိုက်နေရပီ ဖြစ်ပါတယ်” ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ၏ လူထု ဝန်ဆောင်မူ လုပ်ငန်းများထဲတွင် အင်တာနက်ဆိုင်များ ဖွင့်လှစ်ခြင်းသည်လည်း တွက်ခြေကိုက်သော စီးပွားရေးလုပ်ငန်း တခု ဖြစ်သဖြင့် ရန်ကုန်နှင့် မန္တလေးမြိုကများ၌ သာမက နယ်မြို့များတွင်လည်း အင်တာနက်ဆိုင်များကို စီးပွားရေး အရ ဖွင့်လှစ်ပြီး လုပ်ကိုင် လာကြသည်ဟုသိရသည်။

ထိုသို့ စီးပွားရေး အရ အင်တာနက်ဆိုင်များ ဖွင့်လှစ်ပြီး လုပ်ကိုင် စားသောက်နေရသော်လည်း အင်တာနက်လိုင်းများ နှေးကွေးလာသဖြင့် သုံးစွဲသူများ အပေါ် အားနာစရာ ဖြစ်နေကြောင်း တခြား ဆိုင်ပိုင်ရှင် တဦးကလည်း ယခုကဲ့သို့ ပြောသည်။

“ ကျွန်တော်တို့လည်း စီးပွားရေး လုပ်လို့သာ လုပ်နေရတာပါ။ သုံးစွဲတဲ့ လူတွေကို အထူး အားနာစရာ ဖြစ်နေပါတယ်။ မေးလ် တစောင် ဖွင့်ဖို့ အတွက် အချိန်ယူပြီး စောင့်နေရတယ်။ ခုလို သုံးစွဲတဲ့ သူတွေ အခက်အခဲ ဖြစ်နေတဲ့ အတွက် လိုင်းမကောင်းကြောင်းကို သွားပီး အကြောင်း ကြားရင်လည်း လာပြုပြင်ပေးတာ မရှိပါဘူး။ ဒါပေမယ့် လိုင်းကြေးကိုတော့ ပုံမှန် ပေးဆောင် နေကြရပါတယ်။”

ထိုသို့ အင်တာနက်လိုင်းများ နှေးကွေးမူနှင့် အတူ လျှပ်စစ်မီးမှာလည်း ပုံမှန် မလာသဖြင့် ပုဂ္ဂလိက မီးစက်များကို အချိန်အကြာကြီး အသုံးပြုရသဖြင့် အင်တာနက်ဆိုင်ပိုင်ဆိုင်များမှာ စီးပွားရေး အရ တွက်ခြေမကိုက် ဖြစ်နေသည်ဟု သူက ပြောသည်။

ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး အင်တာနက် လိုင်းများကို တွင်ကျယ်စွာ အသုံးမပြုနိုင်ရန်အတွက် ယခုအချိန်က စပြီး ကန့်သတ်မူများ ပိတ်ပင်မူများ ပြုလုပ်နေကြောင်း သတင်းများ ထွက်ပေါ် နေသည်ဟုလည်း သိရသည်။

“ ဒီမှာ ကောလဟာလ ပြောသံကြားနေရတာကတော့ အင်တာနက် လိုင်းတွေ နှေးကွေးသွားတာဟာ ရွှေးကောက်ပွဲနဲ့ ပတ်သက်တယ်ဆိုပီး ပြောနေကြပါတယ်။ နောက်ပိုင်းဆိုရင် ဒီထက် အခြေအနေ ပိုဆိုး လာနိုင်တယ်လို့ တွက်ချက် ပြောဆိုနေသူတွေလည်း ရှိပါတယ်။ ခုခေတ် လူငယ်တွေက အင်တာနက်ကို အများကြီး အသုံးပြုလာကြတယ်လေ။ ခုတော့ အင်တာနက်လိုင်းတွေ သုံးမရတာကြောင့် ညဉ်းတွားသံတွေကို ကြားနေရပါပြီ” ဟု သူက ဆက်ပြောသည်။

ရန်ကုန်မြို့အတွင်း အင်တာနက်ဆိုင်များ မှိုလို ပေါက်နေပြီး ယခင်က ဆိုင်တိုင်းလိုလိုတွင် လူပြည့်ကျပ်နေသော်လည်း ယခုရက်ပိုင်း အတွင်းတွင် သုံးစွဲသူ မရှိဘဲ ဆိုင်များကို ဖွင့်ထားရကြောင်း တခြား ဆိုင်ပိုင်ရှင် အမျိုးသမီး တဦးက ပြောသည်။

သို့အတွက် သူမတို့ဆိုင်တွင် အင်တာနက် သုံးစွဲရန် လာသူများမှာ အင်တာနက် လိုင်းအဆင် မပြေမူကြောင့် ဂိမ်းမ်များကိုသာ ဆော့ကစား နေကြသည်ဟု သူမက ပြောသည်။

Source : http://www.narinjara.com/detailsbur.asp?id=2528