အခုတစ်ရာမြောက် ဥပဒေသ

၁။

ပါမောက္ခကြီး ဂါနီအိမ်ရှေ့သို့ သူရောက်တော့ ညနေ ခြောက်နာရီထိုးနေပြီ။ ပိတ်ထားသော တံခါးမကြီးရှေ့မှာ သူရပ်ပြီး ဝင်ရင်ကောင်းမလား၊ မဝင်ရင် ကောင်းမလား သူတွေဝေနေပြန်သည်။ ညနေခင်းကား ဆောင်းရာသီရဲ့ လိမ္မော်ဝါရနံများနှင့်အတူ သင်းပျံ့လို့နေပြီ။ မှုန်ရီဝေပြနေသော ဆောင်းညနေခင်းကား လူခြေတိတ်လွန်းလှပါသည်။ အထူးသဖြင့် ယခုလို ဆင်ခြေဖုံး ရပ်ကွက်ငယ်လေးတစ်ခုမှာ ဒီလိုညနေဆို တိတ်ဆိတ်ခြောက်ကပ်လွန်းလှသည်ဟု သူက တွေးလိုက်သေးသည်။ သူအကြာကြီး ရပ်နေသည့်တိုင်အောင် အိမ်ထဲမှ ဘာအသံမှ မကြားရသည်အထိ တိတ်ဆိတ်လွန်းလှသည်။ မြောက်ပြန်လေက ညှင်းသွဲ့သွဲ့တိုက်လာတော့ သူ အတော်အတန် ချမ်းလာပြီး ကိုင်ထားသည့် ကုတ်အင်္ကျီကို ဝတ်လိုက်ပြီး တံခါးကို အသာအယာ သုံးချက်ခေါက်လိုက်သည်။

“ဒေါက် … ဒေါက် …. ဒေါက်”

ခဏနေတော့ တံခါးက ပွင့်လာသည်။ ဖွင့်ပေးသည့် လူက ဆံပင်တစ်ခေါင်းလုံးဖြူလို့ အသက် ခြောက်ဆယ်ကျော်ကျော်အရွယ် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုသူသည် ပါမောက္ခကြီး ဂါနီ ဖြစ်မည်ဟု သူတွေးထင်လိုက်သော်လည်း သေချာအောင် မေးကြည့်လိုက်သည်။

“ပါမောက္ခကြီး ဂါနီ ဆိုတာ ….”

“ကျုပ်ပါပဲ … ဝင်ခဲ့”

တိုတိုဖြေကာ ဝင်ခွင့်ပေးလိုက်တော့လည်း သူ့မှာ ဘာဆက်ပြောရမှန်းမသိဘဲ အထဲသို့ ခေါင်းလေးကို ငုံ့ကာသာ ဝင်ခဲ့ရသည်။

အိမ်ထဲမှာတော့ ပရိဘောဂပစ္စည်း အနည်းငယ်နှင့် ပန်းချီကားများ၊ စာအုပ်စင်ပေါ်မှာတော့ စာအုပ်များစွာတွေ့ရသည်။ ပန်းချီကားအများစုမှာ ရာဂျာရာဗီဗာမား ရဲ့ ဆီဆေးပန်းချီကားတွေဖြစ်နေတာကို သူသတိထားမိလိုက်တယ်။

 

“ရော့” ပါမောက္ခကြီးက ရေနွေးကြမ်း ပူပူတစ်ခွက်ကို တိုက်တော့ သူအကြမ်းပန်းကန်ကို လှမ်းယူရင်း အငွေ့တထောင်းထောင်းထနေတဲ့ ဖန်ခွက်ထဲက ရေနွေးကို အနည်းငယ် မှုတ်လိုက်ပြီး သောက်လိုက်သည်။ ခုမှ အပြင်မှာ အေးနေခဲ့တာလေးက အတန်ငယ်တော့ နွေးသွား၍ ကျေးဇူးဟု ပါမောက္ခကြီးကို ပြောလိုက်သည်။ ပါမောက္ခကြီးကတော့ ဘာမျှ ပြန်မပြောဘဲ ထိုင်ခုံတစ်ခုံကို ထိုင်ဆိုသည့် သဘောနှင့် ညွှန်ပြသည်။ သူထိုင်လိုက်ပါသည်။

 

×××××××

 

သူ ထိုင်ခုံမှာ ထိုင်ပြီး ရေနွေးကြမ်းကို သောက်နေသော်လည်း စကားကိုတော့ ဘယ်က စပြောရမှန်း မသိဖြစ်နေသည်။ ရေနွေးကြမ်းမှာ ခပ်ထားသည့် လက်ဖက်ခြောက်က သိပ်တော့ အနံ့မကောင်းလှ။ ဈေးပေါသော လက်ဖက်ခြောက်သာ သုံးထားဟန်တူသည်။

“လာရင်းကိစ္စလေး စလိုက်ရအောင်”

ပါမောက္ခကြီး စကားစတော့ သူ အတန်ငယ်ပင် အားနာသွားသည်။

“ဟုတ် .. ပါမောက္ခကြီးရဲ့ နောက်ဆုံး ထုတ်ပြန်ခဲ့တဲ့

သီအိုရီအကြောင်းက စပြောချင်ပါတယ်ခင်ဗျာ

အဲဒီ သီအိုရီဖြစ်ပေါ်လာပုံလေး ….”

“ဖြစ်ပေါ်လာပုံက မထူးဆန်းပါဘူး

ဒီသီအိုရီဟာ မှန်တယ် .. မှားတယ် ဆိုတာထက်

အခုအချိန်မှာတော့ အိပ်ယာဝင် ပုံပြင်တစ်ပုဒ်ဖြစ်ခဲ့ပါပြီ”

“ဟုတ် ……….”

သူစကားစ ဆက်၍ ရှာမရပြန်။ သူအတွေးတွေသည် ကစဉ့်ကလျားအဖြစ် ပြတ်တောက်လို့ နေသည်။ ပါမောက္ခကြီးထိုင်နေသည့် နောက်ကျောဘက်က အိမ်နံရံမှာ အေ၊ ဘီ၊ စီ၊ ဒီ မှ ဇက်အထိ ရှုပ်ပွစွာ ရေးထားသည်ကို သူကြည့်ရင်းက သူမေးရမည့် မေးခွန်းကို ပြန်သတိရလာသည်။

“အက္ခရာတွေ ဖေါ်ဆောင်တဲ့ သချင်္ာ ဥပဒေသဆိုတာ …

လူတွေကို တကယ်ပဲ အကျိုးပြုခဲ့ပါသလား …

ဒါမှ မဟုတ် ဆိုးကျိုးတောင် ပြုခဲ့တာမျိုး ရှိခဲ့တယ်လို့ ထင်ပါသလား ပါမောက္ခကြီး”

ပါမောက္ခကြီးက သူ့မေးခွန်းကို ကြားတော့ နောက်ပြန်လှည့်ပြီး သူရေးထားတဲ့ အက္ခရာတွေကို တွေတွေကြီး ကြည့်နေတယ်။ သူ့မေးခွန်းများ တစုံတရာမှားသွားသလားဟု သူပြန်တွေးနေမိသည်။ ပါမောက္ခကြီးက သူ့ဘက်ပြန်လှည့်ကာ တိုးသော လေသံဖြင့် ပြန်ဖြေပါသည်။

“နှစ်ခုလုံးပါပဲ ..

ကောင်းကျိုးရှိခဲ့သလို ဆိုးကျိုးလည်း ရှိခဲ့တယ်”

“……………………..”

ထုံးစံအတိုင်း သူဘာဆက်ပြောရမှန်း မသိပြန်။

 

×××××××

 

အက္ခရာတွေ ဖေါ်ဆောင်တဲ့ သချင်္ာဥပဒေသကို ပါမောက္ခကြီးဂါနီ ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်က ပြဌာန်းဖို့ ကြိုးစားခဲ့ခြင်းဖြစ်သည်။ သို့သော် ဘာသာစကားဗေဒ ပညာရှင်တို့က ကန့်ကွက်ခဲ့သလို သင်္ချာပညာရှင်တို့ကလည်း ကန့်ကွက်ခဲ့ခြင်းကြောင့် ဘယ်သူဘယ်ဝါမှ ကောင်းကောင်း မသိခဲ့ကြ။ ထိုအဆိုကို နောက်ထပ် ပြဌာန်းဖို့ ပါမောက္ခကြီးက မကြိုးစားတော့သောကြောင့်လည်း ဖြစ်နိုင်ပါသည်။ သူကတော့ သူပြင်ဆင်နေသည့် တိမ်မြုပ်ခဲ့သော ဥပဒေသများ စာတမ်းကို ရေးဖို့ ကြိုးစားနေသူ တစ်ဦး။ ဥပဒေသပေါင်း တစ်ရာရေးဖို့ လုပ်ထားသည့်စာတမ်းတွင် အခု သူသည် ကိုးဆယ့်ကိုးခုမြောက် လာမေးခြင်းဖြစ်သည်။ ဒါပြီးလျှင် နောက်ဆုံး ဥပဒေတစ်ခုကိုသာ သူရေးရတော့မည် ဖြစ်သည်။

“ကျေးဇူးပြုပြီး

အက္ခရာတွေ ဖေါ်ဆောင်တဲ့ သချင်္ာဥပဒေသအကြောင်းကို

ကျွန်တော့်ကို ရှင်းပြပေးပါခင်ဗျာ”

သူလိုရင်းကိုသာ မေးလိုက်ပါသည်။ သို့သော် သူ့စိတ်တွေက လေးလံလွန်းနေသည်။ သူဘာကို တွေးပြီး သူ့စိတ်တွေ ဘာကြောင့် လေးလံနေပါသလဲ သူမသိ။ တကယ်ဆို ဒီဥပဒေသကို သူရေးပြီးလျှင် နောက်ဆုံးတစ်ခုကိုသာ သူရေးရတော့မည်။ ဒါပြီးပါက သူဘဝမှာ အဖြစ်ချင်ဆုံး စာတမ်းကို သူတကယ်ပင် ရေးနိုင်တော့မည်ဖြစ်သည်။ ဒါကိုပင် သူစိတ်တွေက လေးလံနေသည်မှာ ဘာကြောင့်ပါလဲ။ သူစဉ်းစားလို့မရခဲ့။ ဘဝမှာ ကြိုးစားနေရသည်က အောင်မြင်သွားသည့် ခံစားမှုထက် ပို၍ ပျော်ဖို့ကောင်းနေပါသလား။ ဒါသည်လည်း မသေချာလှပါ။

 

××××××

 

ပါမောက္ခကြီးက မသုံးတော့တာ ကြာပြီဖြစ်တဲ့ ကျောက်သင်ပုန်းပေါ်ကို သေချာ သန့်ရှင်းအောင် လုပ်လိုက်ပြီး သူ့ရဲ့ ဥပဒေသကို ရှင်းပြဖို့ စတင်လိုက်တယ်။

“လူတွေမှာ သုံးနေတဲ့ အက္ခရာဆိုတာ ရှိတယ်

ဆိုကြပါစို့ အက္ခရာတိုင်းမှာ ဂုဏ်သတ္တိတွေ ရှိမယ်ဆိုရင်

စကားလုံးတွေတိုင်းဟာ ပါဝင်ဖွဲ့စည်းထားတဲ့

အက္ခရာတွေရဲ့ ဂုဏ်သတ္တိစုစုပေါင်းဖြစ်မလာနိုင်ဘူးလား ….”

“ဖြစ်နိုင်ပါတယ် ပါမောက္ခကြီး”

“အင်း .. ငါက ဒီလို ဂုဏ်သတ္တိတွေကို အဆိုပြုချင်တယ်”

 

A B C D E F G
H I J K L M N O P
Q R S T U V W
X Y Z

 

1

2

3

4

5

6

7

8

9

10

11

12

13

14

15

16

17

18

19

20

21

22

23

24

25

26

 

သူ သေချာ လိုက်ကြည့်ပြီး သူ့စာအုပ်မှာ လိုက်မှတ်ထားလိုက်သည်။ ပါမောက္ခကြီးက ဇယားကွက်နှစ်ခုကို ရေးဆွဲပြသည်။ တစ်ကွက်က အေ၊ ဘီ၊ စီ အကွက်ဖြစ်ပြီး နောက်တစ်ခုကတော့ နံပါတ်တွေ အစဉ်လိုက် ထည့်ထားတာကို သူတွေ့ရသည်။ ပါမောက္ခကြီးပြောပုံအရ အက္ခရာတွေမှာ ဂုဏ်သတ္တိတွေ ရှိသည်ဟုဆိုသောကြောင့် နံပါတ်တွေသည် အက္ခရာကိုယ်စီရဲ့ ဂုဏ်သတ္တိဖြစ်ရမည်ဟု သူတွေးလိုက်သည်။ သူ့အတွေးဆုံးတော့ ပါမောက္ခကြီးက စကားကို ပြန်ဆက်သည်။

“ပထမအကွက်က အက္ခရာတွေပေါ့

ဒါဟာ မင်းတို့ ငါတို့ သုံးနေကျ အက္ခရာတွေပဲ မဆန်းပါဘူး”

“ဟုတ်ကဲ့”

“နောက်တစ်ခုက အဲဒီ အက္ခရာတွေကို ကိုယ်စားပြုထားတဲ့

ဂုဏ်သတ္တိ .. တစ်နည်းအားဖြင့် သချင်္ာဂဏန်းပေါ့”

“ဟုတ်ကဲ့”

သူ့စကားဆုံးတော့ ပါမောက္ခကြီးက သူ့မျက်နှာကို သေချာကြည့်ကာ ကောက်ခါငင်ကာ မေးလိုက်ပါသည်။

“အလုပ်တစ်ခုကို အောင်မြင်ဖို့ မင်းဘယ်လောက်ကြိုးစားခဲ့ဖူးလဲ”

“ဗျာ …”

သူဘာပြန်ဖြေရမှန်း မသိပါ။ အလုပ်တစ်ခုကို အောင်မြင်ရန် သူမည်၍ မည်မျှ ကြိုးစားခဲ့ဖူးပါသလဲ။ သူကိုယ်တိုင် ထိုမေးခွန်းကို သူ့ကိုယ်သူ ပြန်မမေးဖူးခဲ့။

ပါမောက္ခကြီးက ကျောက်သင်ပုန်းပေါ်တွင် ဆက်ရေးလိုက်သည်။

 

H-A-R-D-W-O-R-K

8 + 1 + 18 + 4 + 23 + 15 + 18 + 11 = 98%

 

“အလုပ်တစ်ခု အောင်မြင်ဖို့

အစွမ်းကုန် မင်းမှာ ရှိသလောက် ကြိုးစားခဲ့တယ် ဆိုပါစို့ …

၉၈ ရာခိုင်နှုန်း အောင်မြင်နိုင်ခြေ ရှိတယ်လို့ ကျုပ်က အဆိုပြုချင်တယ်”

“ဗျာ .. ဟုတ် …”

သူ ဘာပြန်ပြောရမှန်း မသိပါ။

“ဒါဆို အက္ခရာတွေမှာ

အဲလောက်ထူးဆန်းတဲ့ ဂုဏ်သတ္တိတွေ ရှိတယ်ပေါ့

ဟုတ်လား”

ပါမောက္ခကြီးက သူ့မေးခွန်းကို မဖြေပါ။

နောက်ထပ် တစ်ခုကို ထပ်ရေးပြလိုက်သည်။

 

K-N-O-W-L-E-D-G-E

11 + 14 + 15 + 23 + 12 + 5 + 4 + 7 + 5 = 96%

 

“ဟာ သိရှိနားလည်မှုက ကိုးဆယ့် ခြောက်ရာခိုင်နှုန်းပေါ့”

သူ တော်တော် စိတ်ဝင်စားသွားသည်။ အစကတော့ သူ့စိတ်တွေ လေးနေသော်လည်း အခု အနည်းငယ် တက်ကြွလာခဲ့ပြီ။ သူစိတ်တွေသည် မှောင်နေသောအခန်းသို့ အလင်းတန်းတစ်ခုကျရောက်လာသလို ဟင်းလင်းပွင့်လာခဲ့သည်။

 

×××××

 

တိမ်မြုပ်ပျောက်ကွယ်ခဲ့သော ဥပဒေသများစာတမ်းကို ကိုးဆယ်ကိုးခုမြောက်သူရေးခဲ့ပြီးပြီဖြစ်သည်။ သူတာဝန်တွေ အနည်းငယ်ပေါ့သွားသလိုဖြစ်နေပေမယ့် နောက်ဆုံးတစ်ခုက ကျန်နေသေးသည် မဟုတ်လား။ ဒီရက်ပိုင်းအတွင်း စာကြည့်တိုက်မျိုးစုံ၊ စာအုပ်မျိုးစုံကိုလည်း သူဖတ်ပြီး ရှာခဲ့ပြီးပြီ။ နောက်ဆုံးဥပဒေသကို ရေးစရာ သူရှာမတွေ့သေး။ မရှာချင်တော့တာလည်း ဖြစ်နိုင်သည်ပဲ။ သူအင်တာနက် စာမျက်နှာတွေကို ကြည့်ရင်းက မျက်လုံးတွေလည်း ညောင်းလှပြီဖြစ်၍ အခန်းထဲက ကုတင်ပေါ်တွင် လဲချလိုက်ပြီး မျက်လုံးတွေကို ပိတ်ထားလိုက်သည်။

သူ့မျက်လုံးထဲတွင် ပါမောက္ခကြီး ဂါနီရဲ့ အက္ခရာအကွက်တွေ မြင်ယောင်လာသည်။

 

H-A-R-D-W-O-R-K

8 + 1 + 18 + 4 + 23 + 15 + 18 + 11 = 98%

 

K-N-O-W-L-E-D-G-E

11 + 14 + 15 + 23 + 12 + 5 + 4 + 7 + 5 = 96%

 

သူပြန်စဉ်းစားနေရင်းက တစ်ရာ ရာခိုင်နှုန်းပြည့်သည့် စကားလုံးကို ရှာဖို့ သူ ဆုံးဖြတ်လိုက်သည်။

“ဟုတ်ပြီ .. တစ်ရာ ရာခိုင်နှုန်း ပြည့်တာ ဘာများဖြစ်မလဲ ..

ငါရှာမယ် .. ရှာရမယ် ..” ဟု သူတစ်ယောက်တည်း ရေရွတ်ရင်း လိုက်ရှာကြည့်လိုက်သည်။

 

L-O-V-E

12 + 15 + 22 + 5 = 54%

အချစ်သည် ဘဝမှာ ငါးဆယ့်လေး ရာခိုင်နှုန်းပဲ အရေးကြီးပါလားလို့ သူတွေးပြီး ဆက်ရှာဖွေကြည့်လိုက်သည်။

 

H-A-P-P-Y

8 + 1 + 16 + 16 + 25 = 66%

 

W-I-S-D-O-M

23 + 9 + 19 + 4 + 15 + 13 = 83

 

L-O-V-E-O-F-G-O-D

12 + 15 + 22 + 5 + 15 + 6 + 7 + 15 + 4 = 101%

 

သူ တစ်ရာ ရာခိုင်နှုန်းကွက်တိကျသော အဖြေကို ရှာရင်းက သူလှန့်သွားရပါသည်။ ဘုရားသခင်၏ မေတ္တာတော်သည် တစ်ရာတစ်ရာခိုင်နှုန်းဖြစ်နေသည်။ သို့သော် သူလိုချင်သည်မှာ တစ်ရာရာခိုင်နှုန်း ကွက်တိကျသော အဖြေဖြစ်ပါသည်။ ဘဝမှာ ဘယ်အရာက တစ်ရာရာခိုင်နှုန်း ကွက်တိ အရေးကြီးပါသလဲ။ သူ သိပ်သိချင်လှပါသည်။ သူတစ်ညလုံး စကားလုံးများစွာ အက္ခရာပေါင်းများစွာဖြင့် အလုပ်တွေ ရှုပ်လျက်ရှိပါသည်။

ဘဝမှာ တစ်ရာရာခိုင်နှုန်း အပြည့် အရေးကြီးသော အရာ ရှိပါသလား။

သူ ဆက်ရှာနေဆဲ ဖြစ်ပါသည်။

ဘဝမှာ တစ်ရာ ရာခိုင်နှုန်းထက် ကျော်လွန်နေသော အရေးကြီးသည့် အရာများက ဘာအဓိပ္ပါယ်ကို ဖေါ်ဆောင်နေပါသလဲ။

သူ ဆက်ရှာနေဆဲ ဖြစ်ပါသည်။

ဘဝမှာ အချစ်သည် ငါးဆယ့်လေး ရာခိုင်နှုန်း၊ ပျော်ရွှင်ဖို့သည် ခြောက်ဆယ့်ခြောက်ရာခိုင်နှုန်း ရှိသည်ကို သင်လက်ခံပါမည်လား။

သူ ဆက်ရှာနေဆဲ ဖြစ်ပါသည်။

သူ့ဘဝတွင် တစ်ရာ ရာခိုင်နှုန်းကွက်တိကျသော အရာကို သူရှာတွေ့သွားမည်ဟု သင်ယူဆပါသလား။

သူကတော့ ဆက်လက် ရှာဖွေနေဆဲဖြစ်ပါသည်။

 

×××××××××××

 

သူရေးခဲ့သော စာတမ်းကို စာအုပ်ထုတ်ပြီး ဖြန့်ဝေလိုက်ပြီ ဖြစ်ပါသည်။ တစ်ရာခုမြောက် ဥပဒေသနေရာတွင် ပါမောက္ခကြီး ဂါနီ၏ ဥပဒေကို ကိုးကားထားသော တစ်ရာ ရာခိုင်နှုန်းပြည့်သည့် အရာကို ထည့်သွင်း ဖေါ်ပြခဲ့ခြင်းဖြစ်သည်။

 

“တိမ်မြုပ်ပျောက်ကွယ်ခဲ့သော ဥပဒေသများ”

ဥပဒေသ (၁၀၀)

တစ်ရာရာခိုင်နှုန်းကွက်တိပြည့်သော အရာ

 

သင့်ဘဝမှာ တစ်ရာရာခိုင်နှုန်း အပြည့်အဝ အရေးကြီးသော အရာမှာ အောက်ပိုင်အတိုင်းပင် ဖြစ်တော့သည်။

 

 

A-T-T-I-T-U-D-E

1 + 20 + 20 + 9 + 20 + 21 + 4 + 5 = 100%

 

ရင်နင့်အောင်

One comment

  • bluerose

    February 10, 2012 at 11:48 am

    ရာခိုင်နှုန်းအရကြည့်မယ်ဆိုရင်အချစ်ဆိုတာ
    ဘဝမှာအစိတ်အပိုင်းသေးသေးလေးပါလားနော်
    ဗဟုသုတရသွားတဲ့အတွက်ကျေးဇူးတင်ပါတယ်

Leave a Reply