သူရဿဝါနှင့် ခေတ်၏သမီးပျိုများ

သူရႆဝါFebruary 9, 20121min1307

ကျွန်တော်တို့ လက်ရှိ ကြုံတွေ့ နေရသော ခေတ်မှ စ၍ ကျွန်တော်တို့ မိဘ၊ ဘိုးဘွားများ ကြုံတွေ့ ခဲ့ရသော ခေတ်များ အထိ တစ်ခေတ်နှင့် တစ်ခေတ် ဖြည်းဖြည်းချင်း ပြောင်းလဲ လာပုံများ တွေ့ရသည်။ ခေတ်နှင့် ပတ်သက်၍ တခြား လူမှုရေး၊ စီးပွားရေး.. ဘာဆို ဘာမျှ မပြောချင်၊ သူရဿဝါက ခေတ်၏ ယောကျာ်းပျို ဆိုတော့ကာ ကိုယ် သန်ရာ သန်ရာ ဖြစ်သော ခေတ်၏ သမီးပျိုများ အကြောင်းပဲ ပြောချင်သည်။ ဝါသနာကို လွယ်လွယ် တားဖို့ ခက်သားကိုးနော့။ အမေတို့ ပြောဖူးတာ ကြားဖူးသည်။ သူတို့ နေထိုင်ရာ ခေတ်ထဲမှ ဝတ်စား ဆင်ယင်မှု များအလိုက် ခေတ်မီ ခေတ်ဆန်သည့် သမီးပျိုများ အကြောင်းကို ခွဲခြား ပြောကြသည်။ တစ်ချိန် အမျိုးသမီး လေးများ ထမီတိုတို ခြေသလုံးလောက် ဝတ်ထားတာ မြင်လျှင် ဒါခေတ်စား နေသည့် သမီးပျို များ၏ စတိုင်လ် ဖြစ်ပြီး ထိုမိန်းကလေးသည် ခေတ်ကို အမီလိုက် နေသော မိန်းမပျို ဖြစ်ကြောင်း အကဲဖြတ်၍ ရသည် ဆို၏။ အခြား စတိုင်လ်များလည်း ရှိဦးမည်။ ဒါကတော့ အမေတို့ ခေတ်ပေါ့။ ယခုခေတ်မှာ ကျတော့ ခေတ်၏ သမီးပျို ဖြစ်မဖြစ်ကို အဝတ်အစား စတိုင်လ် တစ်ခုတည်း ကြည့်ရုံနှင့် မရတော့။ ဒါဖြင့် ဘာတွေပါ ထည့်ကြည့်ရသလဲ။ ပြောပါမည်။

ပထမဆုံး အချက်… ယခုခေတ် မိန်းကလေးများ အဝတ်အစား ဝတ်ပုံက တစ်သမတ်တည်း မရှိတော့။ အမေတို့ ခေတ်ကလို ထမီတိုတို ဝတ်ထားတာ မြင်ရင် ခေတ်ကို အမီလိုက် နေသော မိန်းကလေးဟု ပြော၍ မရတော့။ အမျိုးမျိုး ကွဲပြား သွားကြပြီ။ သန်ရာ သန်ရာ ဝတ်ကျသည်။ သင်မြင်သော မိန်းကလေးသည် နိုင်ငံခြား လူစွမ်းကောင်း ဇာတ်ကား ထဲမှ စူပါမင်း ဝတ်လေ့ရှိသော အသားကပ် ဘောင်းဘီ အကျပ်ကို ဝတ်ချင်လည်း ဝတ်ထားမည်။ ဒါမှမဟုတ် ကျွန်တော်တို့ အိမ်တွင် ရေဝတ်ချိုးသော ဘောင်းဘီတို သာသာ ရှိသည့် “ပေါင်ရင်းနှင့်အထက်” ဘောင်းဘီတို၊ သို့မဟုတ် စကတ်ကို ဝတ်ချင်လည်း ဝတ်မည်။ ဒါမှမဟုတ် ဆင်းရဲသား ကျောမွဲများ ဖက်က ထောက်ခံ အားပေးသည့် သဘောနှင့် ရှေ့က စွပ်ကျယ်ကို နောက်ကျော အကျီ င်္သားများ ပြဲစုတ်၍ ပြောင်သလင်းခါ နေသည့် ရေထမ်းသမား ပုံစံမျိုး ဝတ်ချင်လည်း ဝတ်မည်။ ဆိုလိုတာက အဝတ်အစားကို ကြည့်၍ ဒီမိန်းကလေး ခေတ်မီသူလား၊ ခေတ်ဆန်သူလား၊ ခေတ်၏ သမီးပျိုလေး ဟုတ်သလား မဟုတ်သလား ခွဲခြား၍ မရတော့။ အဲ… ခေတ်၏ သမီးပျို ဟုတ် မဟုတ် သိချင်လျှင် ဆံပင်ကိုသာ ကြည့်။

သူတို့၏ ဆံမျှင် ကေသာ များသည် ဒီကနေ့ ကြည့်လျှင် စင်းလုံးချော ဖြောင့်နေ သော်လည်း နောက်တစ်နေ့ ရစရာ မရှိအောင် တွန့်လိမ် ကောက်ကွေး ဖြစ်ချင် ဖြစ်သွားမည်။ အနတ္တ အမြဲမရှိ၊ သင်္ခါရ သဘော ပြောမရ။ နောက်တစ်နေ့ သွားကြည့်… ထိုတွန့်လိမ် ကောက်ကွေးက အပေါ်ပိုင်း ပြန်ဖြောင့်နေ၍ အောက်ပိုင်း ပြန်ကောက်ချင် ကောက်နေမည်။ အားမရ သေးဘူးလား… နောက်တစ်နေ့ ထပ်သွားကြည့် တစ်ခေါင်းလုံး ကပ္ပလီများလို အကြေကောက် ဖြစ်ချင် ဖြစ်နေမည်။ တစ်ရက်လျှင် ဆံပင်ပုံစံ တစ်မျိုးနှုန်းပေါ့။ ဒါတောင် တစ်ပတ် ခုနစ်ရက်ပဲ ရှိပေလို့…. တစ်ပတ် ဆယ်ရက်လောက် ရှိလျှင်လည်း ဆံပင်ပုံစံ ဆယ်မျိုး ထားချင် ထားကြမည်။ ဆံပင်ပုံစံ အပြောင်းအလဲကို ကြည့်လျှင် ခေတ်၏ သမီးပျို ဖြစ်ကြောင်း သိနိုင်ပေ၏။ ဒါက အပြင်အဆင်ပိုင်း။

နောက်တစ်ချက် ဆိုရလျှင် ခေတ်၏ သမီးပျို အတော်များများ ယောကျာ်းလေး များနှင့် တကယ်ပင် ရင်ဘောင်တန်းကာ ယောကျာ်းတို့ လုပ်ကြသည့် အလုပ်များ ဖြစ်သော ဘီယာဆိုင် ထိုင်ခြင်း၊ ဘောလုံးပွဲ ကြည့်ခြင်း၊ ဘောလုံး ကန်ခြင်း စသည် တို့ကို လုပ်တတ် လာကြပြီ ဖြစ်ကာ နောင်ဆိုလျှင် ယောကျာ်းလေးများ ခါးတောင်းကျိုက်၍ ခြင်းလုံး ခတ်သလို သူတို့လည်း ဒီလို လုပ်မလာ ဘူးဟု မည်သူမှ ယတိပြတ် မငြင်းနိုင်။ ဒါတွေကို တတ်မြောက်သည့် မိန်းကလေး များအားလည်း ခေတ်မီ ခေတ်ဆန်သည့် ခေတ်သမီးပျိုများ စာရင်းတွင် ထည့်သွင်း ရပေမည်။ ဒါက အပြုအမူပိုင်း ဆိုရပေမပေါ့။ နောက်ပြီး အွန်လိုင်းမှ မိန်းမပျို လေးများကို ခေတ်၏ သမီးပျို ဟုတ် မဟုတ် သိချင်လျှင် လွယ်လွယ်လေး။ သိထားသင့်သည့် အချက်တစ်ချို့ကို သိလျှင် အသာအယာ ခွဲခြား၍ ရသည်။

ကမ္ဘာက ရွာကြီး ဖြစ်လာသော ယခုလို အချိန်တွင် မိန်းကလေး ပျိုအို မရွေး အင်တာနက် သုံးတတ်ကြသည် ဖြစ်သော်လည်း ခေတ်ကို အမီလိုက်သည့် ခေတ်၏ သမီးပျို များကို သာမာန် မိန်းကလေး များနှင့် ခွဲခြား၍ ရနိုင်သည်။ ခေတ်မီသော မိန်းကလေးတိုင်း လူကသာ တစ်ယောက်တည်း ဖြစ်သော်လည်း မေးလ်အကောင့် (သူတို့အခေါ် ချက်အကောင့်) လေး ငါး ဆယ်ခုတော့ အသာလေး ရှိကြသည်။ သူတို့၏ Gmai Username သို့မဟုတ် Facebook Username များကို ကြည့်ပါ။ နာမည်တွင် Pink တို့၊ Angel တို့၊ Cute တို့၊ Dream တို့ စသည့် စာလုံးများ ၎င်းတို့၏ Username တွင် ပါဝင်ပါက ဒါတွေသည် ခေတ်၏ သမီးပျိုများ ဖြစ်ကြသည်။ ဒါက နာမည်ပေးပုံ။

အဲ… စကားပြောပုံ ကျတော့ရော။ ခေတ်၏ သမီးပျို ကလေးများ စကားပြောပုံ သူများနှင့်မတူ၊ ထူးခြားသည်။ ကျွန်တော့်အား အွန်လိုင်းတွင် အတင်းကာရော သူ့ဦးလေး တော်ထားသည့် သမီးလေး တစ်ယောက် ပြောပုံကို ကြည့်ပါ။ “ဦးယေး… တမီး ဒီမနက် ဆေးကို လှုပ်ပီး မတောက်ဖစ်ဝူး ထင်တယ်ဂျ” တဲ့။ သူပြောချင်တာက “ဦးလေး… သမီး ဒီနေ့မနက် ဆေးကို သေချာလှုပ်ပြီး မသောက်ဖြစ်ခဲ့ဘူး” ဟု ပြောလိုရင်း ဖြစ်၏။ တခါတလေ သူပြောတာ ကျွန်တော်ပင် နားမလည်။ သေသေချာချာ ဘာသာပြန် ရသည်။ ခေတ်၏ သမီးပျို မှန်လျှင် စကားမပီကြ။ ဒါက နောက်တစ်ချက်။

အခုခေတ် သမီးပျိုများ ဓါတ်ပုံ ရိုက်ရတာ အလွန်ပင် ဝါသနာ ပါကြ၏။ အရင်ကလို ဖလင်နဲ့များ ဓါတ်ပုံ ရိုက်ရမည် ဆိုလျှင် အခုလောက်ရှိ အိမ်တိုင်ပါ ချွတ်ရလောက်သည် အထိ ဖြစ်လိမ့်မည်။ အခုတော့ ဒစ်ဂျစ်တယ် ကင်မရာ တွေနဲ့ ဆိုတော့ မထောင်းတာလှ။ ကင်မရာ နဲ့မှ မဟုတ်၊ လက်ကိုင်ဖုန်း နှင့်လည်း အလွယ်တကူ ရိုက်ကြသည်။ ဓါတ်ပုံ ရိုက်သည် ဆိုလို့ ရိုက်ပေးသည့် လူကို အချိန်ကုန် ခံ၍ မစောင့်။ ကိုယ့်ဟာကိုယ် ရိုက်၍ ရသည်။ ပထမဆုံး ညာဖက်လက် (သို့မဟုတ်) ဘယ်ဖက်လက်ဖြင့် လက်ကိုင်ဖုန်းကို မိမိ၏ ခေါင်းပေါ်သို့ မြှောက်၍ ကင်မရာကို ချိန်ထား၊ ပြီးလျှင် မျက်နှာကို အပေါ်မော့၍ ကင်မရာ ချိန်ထားသည့် လက်ကိုင်ဖုန်း ရှိရာသို့ ကြည့်၊ ပြီးလျှင် နှုတ်ခမ်းကို စူ၍ သော်လည်းကောင်း၊ ထော်၍ သော်လည်းကောင်း၊ မျက်လုံး ပြူး၍ သော်လည်းကောင်း၊ မျက်စောင်းခဲ၍ သော်လည်းကောင်း၊ လက်ကိုင်ဖုန်းနှင့် အမျိုးမျိုး အဖုံဖုံ ရန်ဖြစ်ပြီး သကာလ လက်ကိုင်ဖုန်းရှိ ခလုတ်ကို နှိပ်လိုက် သည်တွင် တစ်ကိုယ်တော် ဓါတ်ပုံ ရိုက်ခြင်း အမှု ပြီးလေ၏။ ထိုသို့ စိတ်အား လူအား ရှိသည်နှင့် ဓါတ်ပုံ အမျိုးမျိုး ရိုက်ကာ Facebook ပေါ်တွင် ခေါင်းမော့၍ အိုက်တင်ပေး ထားသော ဓါတ်ပုံများ တင်တတ်သည် ရှိသော်.. ထိုကလေးမသည် ခေတ်၏ သမီးပျို စစ်စစ်ဖြစ်ပေ၏။

ကျွန်တော် အထက်တွင် ပြောခဲ့သလို ယခုခေတ် မိန်းကလေး များသည် ဟိုးအရင် မိန်းကလေး များလို ဝတ်စား ဆင်ယင်ပုံ တစ်ခုတည်း ကြည့်ရုံနှင့် ခေတ်မီသည်၊ ခေတ်ဆန်သည်၊ ခေတ်၏ သမီးပျို ဖြစ်သည်ဟု ပြော၍ မရတော့။ ဘက်စုံ ထူးချွန်ရသည်။ ဆံပင် ပုံစံမျိုးစုံ၊ အဝတ်အစား ပုံစံမျိုးစုံ စသည့် ဝတ်စား ဆင်ယင်မှု အပိုင်း၊ ဘောလုံးပွဲ ဝါသနာပါ၊ ဘီယာသောက်၊ ဘောလုံးကန် စသည့် အပြုအမူပိုင်းနှင့် အင်တာနက်သုံး၊ အကောင့်တွေ အများကြီးထား၊ စကားမပီ၊ မျက်နှာမော့၍ ဓါတ်ပုံရိုက်၊ ရိုက်သမျှ Facebook တင် စသည့် Online Activity အပိုင်း သုံးပိုင်းထဲက တစ်ပိုင်းသော် လည်းကောင်း၊ နှစ်ပိုင်းသော် လည်းကောင်း၊ သုံးပိုင်း စလုံးကို သော်လည်းကောင်း ထူးထူးချွန်ချွန် တတ်မြောက် ပြုလုပ် နိုင်မှသာလျှင် တူတူတန်တန် ခေတ်၏ သမီးပျို ဖြစ်ရပေမည်ဟု ကျွန်တော် ကောက်ချက်ချ မိလေသည်။

(အထက်ဖော်ပြပါ ဆောင်းပါးကို ယခုတစ်ပတ်ထုတ် Net Guide Journal, Volume 2, Issue 20 တွင် ပုံနှိပ်ဖော်ပြခဲ့ပြီး ဆောင်းပါး သရုပ်ဖော်ပုံကို ကာတွန်းနေကြီး မှ ကျေးဇူးပြုရေးဆွဲပေးပါသည်)

သူရဿဝါ
ဖေဖော်ဝါရီ ၉ ရက် ၊ ၂၀၁၂ ခုနှစ်

www.thurathawah.net

www.facebook.com/ThuraThawah

www.facebook.com/LiteraryArtBlog

7 comments

  • ကျွန်တော် အထက်တွင် ပြောခဲ့သလို ယခုခေတ် မိန်းကလေး များသည် ဟိုးအရင် မိန်းကလေး များလို ဝတ်စား ဆင်ယင်ပုံ တစ်ခုတည်း ကြည့်ရုံနှင့် ခေတ်မီသည်၊ ခေတ်ဆန်သည်၊ ခေတ်၏ သမီးပျို ဖြစ်သည်ဟု ပြော၍ မရတော့။ ဘက်စုံ ထူးချွန်ရသည်။ ဆံပင် ပုံစံမျိုးစုံ၊ အဝတ်အစား ပုံစံမျိုးစုံ စသည့် ဝတ်စား ဆင်ယင်မှု အပိုင်း၊ ဘောလုံးပွဲ ဝါသနာပါ၊ ဘီယာသောက်၊ ဘောလုံးကန် စသည့် အပြုအမူပိုင်းနှင့် အင်တာနက်သုံး၊ အကောင့်တွေ အများကြီးထား၊ စကားမပီ၊ မျက်နှာမော့၍ ဓါတ်ပုံရိုက်၊ ရိုက်သမျှ Facebook တင် စသည့် Online Activity အပိုင်း သုံးပိုင်းထဲက တစ်ပိုင်းသော် လည်းကောင်း၊ နှစ်ပိုင်းသော် လည်းကောင်း၊ သုံးပိုင်း စလုံးကို သော်လည်းကောင်း ထူးထူးချွန်ချွန် တတ်မြောက် ပြုလုပ် နိုင်မှသာလျှင် တူတူတန်တန် ခေတ်၏ သမီးပျို ဖြစ်ရပေမည်ဟု ကျွန်တော် ကောက်ချက်ချ မိလေသည်။

    အကိုရဲ့ခံစားရေးသားထားချက်ကို ကူးယူပြီးပြန်မန် ့သွားပါတယ်။လေးစားပါတယ် ကိုသူရဿဝါ။

  • Shwe Ei

    February 10, 2012 at 11:21 am

    ဟွင်း ဟွင်း ဟွင်း ပြည့်စုံသလောက်ရှိဘီဆိုတော့ ထပ်မပြောတော့ဝူး။ ထပ်ပြောရင် ပိုဆိုးတဲ့အကျင့်တွေ ပါလာပြီး ခေတ်ပျက်သမီးပျိုဖြစ်တော့မယ်။ ပို့စ်ရေးတဲ့ ဦးယေး ရဲ့ အိုက်ဒီယာ တော့ ခိုက်တွားဘီ။ 🙂

  • nozomi

    February 10, 2012 at 11:45 am

    ဦးယေး ရဲ့ အိုက်ဒီယာ တော့ ခိုက်တွားဘီ။ တဲ့
    ဒါဆို ရွှေအိ ရော မိပေါက်တို့ မဂီတို့လဲ ခေတ်ရဲ့ တမီးပျိုလေးတွေ ဖြစ်ရမယ်

  • Thaw Zin Loikaw

    February 16, 2012 at 8:15 pm

    ကိုသူရ
    ခေတ်ရဲ့ သမီးပျိုကိုတော့ ခံစားရေးပြီးသွားပြီဆိုတော့ ခေတ်ရဲ့ လုလင်ဆိုပြီးတော့ကော မရေးချင်ဘူးလား..ခုမြင်ရကြားနေရတာတွေ ဗရုတ်သုတ်ခ ဖြစ်လွန်းလို့ ကျနော့်ကိုတော့ မရေးခိုင်းလိုက်ပါနဲ့နော်..ကိုသူရ လက်ကမှ ထိမလားလို့…

  • MaMa

    February 16, 2012 at 9:45 pm

    ခေတ်ရဲ့ သမီးပျိုအကြောင်း စုံစုံလင်လင် ပြည့်ပြည့်ဝဝ ရေးသွားလိုက်တာ ခေတ်ရဲ့ စာရေးဆရာ ပီသပါပေတယ်။ (ခေတ်ကို ထင်ဟပ်နိုင်ပါပေတယ်။) 🙂

  • နွယ်ပင်

    February 17, 2012 at 10:42 am

    ဦးယေး ရေးထားတာ မှန်ယွန်းလို့ ယက်မ တီချောင်း ထောင်သွားပါရယ် ………. 🙂

Leave a Reply