ရပ်နားထားသည့် ပြည်တွင်းရေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲ

klnJune 4, 20101min540

မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွင် မိုးများရွာသွန်းမှုနှင့် မေလအတွင်း ရေကြောင်းပို့ဆောင်ရေး၏ အဓိက မြစ်ကြီးများဖြစ်သော ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်များတွင် မြစ်ရေများ ပြန်လည်မြင့်တက်လာမှုများကြောင့် ရပ်နားထားသည့် ပြည်တွင်းရေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲနို်င်ပြီဖြစ်ကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ ယခုနှစ်တွင် ယမန်နှစ်များထက်ပိုသည့် မြစ်များ၌ မြစ်ရေနည်းပါးမှုကို ကြုံတွေ့ခဲ့ပြီး ရေကြောင်းသွားလာမှုတွင်လည်း ရေကြောင်းကျပ်မှုများ ပိုမိုကြုံတွေ့ခဲ့ရသည်။ ထို့ကြောင့် ရေပါးရာသီရောက်တိုင်း ပြေးဆွဲမှု ယာယီရပ်နားရသည့် ခရီးစဉ်များကို ယခုနှစ်တွင် စောစီးစွာ ရပ်နားခဲ့ရကြောင်း သိရသည်။ လက်ရှိအချိန်တွင်မူ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်များ၌ လက်ရှိရေမှတ်ထက် မြစ်ရေများမြင့်တက်လာမှုကြောင့် ရေကြောင်းသွားလာရေးလွယ်ကူလာပြီး ရပ်နားထားသည့် ခရီးစဉ်များ ပြန်လည်ပြေးဆွဲနိုင်ပြီဖြစ်ကြောင်း သိရသည်။ ချင်းတွင်းမြစ်ဖျားပိုင်း ခရီးစဉ်တစ်ခုဖြစ်သည့် ဟုမ္မလင်း- ခနီ္တးခရီးစဉ်ကို ရပ်နားထားရာမှ မေလ ၂၈ရက်နေ့မှစကာ ကေအမျိုးအစား ရေယာဉ်များဖြင့် ပြန်လည်ပြေးဆွဲပေးနေပြီး၊ မုံရွာ-ဟုမ္မလင်း၊ မုံရွာ-ကလေးဝ ခရီးစဉ်များကိုလည်းဇွန်လဆန်းပ်ိုင်းတွင် စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။ ထို့အပြင် မြစ်ရေနည်းပါးမှုကြောင့် ဆိပ်ကမ်းနေရာပြောင်းရွှေ့ဆိုက်ကပ်နေရသည့် ဗန်းမော်ခရီးစဉ်တွင်လည်း ကမ်းပါးနီဆိပ်မှ အထက်ဘက်တပ်ကလေးဆိပ်သို့ သွားရောက်ဆိုက်ကပ်နေပြီ ဖြစ်ကြောင်း သိရသည်။ ဧရာဝတီမြစ်တွင် မြစ်ရေများမြင့်တက်လာမှုကြောင့်လည်း ရေကြောင်းခရီးစဉ်သွားလာမှု ပိုမိုအဆင်ပြေမှု ရှိလာကြောင်း သိရှိရသည်။ ယခုအခါတွင် ရပ်နားထားသည့် ခရီးစဉ်များ ပြန်လည်ပြေးဆွဲနိုင်မှုကြောင့် ခရီးလမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာမှုနှင့်အတူ မကြာမီအချိန်အတွင်း ခရီးသည်နှင့် ကုန်ပြည့်တင်ဆောင်သွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။