အသစ်နှင့် ပြန်ပြည့်မြဲစွမ်းအင် ကော်မတီ (ရန်ကုန်တိုင်း)မှ ဦးစီး၍ ရန်ကုန်စက်မှုဇုန်များတွင် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာဓါတ်မီးတိုင်များ တပ်ဆင်ပေးနေကြောင်း သိရသည်။ လှိုင်သာယာစက်မှုဇုန်၊ သာကေတစက်မှုဇုန်နှင့် ဒဂုံဆိပ်ကမ်းစက်မှုဇုန်တို့တွင် မေလဒုတိယပတ်မှ စတင်၍ တပ်ဆင်ပေးလျက်ရှိပြီး ကျန်စက်မှုဇုန်များတွင်လည်း တပ်ဆင်ရန်စီစဉ်လျက်ရှိကြောင်း သိရသည်။ “ စက်မှုဇုန်တွေအားလုံးကို တပ်ဆင်သွားမှာပါ။ လုံခြုံရေးအနေအထားရ ခုလတ်တလောကတော့ စက်ရုံဝင်းနံရံတွေမှာပဲ တပ်ဆင်ပြီး စက်ရုံတွေကပဲ ကုန်ကျစရိတ်အားလုံးခံတယ်။ နောက်ပိုင်းစက်မှုဇုန်ရဲ့ ရန်ပုံငွေတွေနဲ့ ဇုန်လမ်းတွေမှာ တပ်ဆင်မယ် ” ဟု ၄င်းကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ရန်ကုန်တိုင်းအတွင်း စက်မှုဇုန် ၁၃ဇုန်ရှိပြီး ဇုန်တိုင်းတွင် တပ်ဆင်သွားမည်ဖြစ်ကြောင်း၊ လတ်တလောတွင် ဓါတ်မီးတိုင် ၂၀ တပ်ဆင်ပြီးဖြစ်ပြီး လစဉ် ဓါတ်တိုင် ၁၀၀ခန့် တပ်ဆင်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ရန်ကုန်တိုင်းအတွင်း မီးပွိုင့် ၁၄၄ ခု ရှိရာ၌ အရေးကြီးမီးပွိုင့်များတွင် ဆိုလာအသုံးပြုနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

About kln

k ln has written 409 post in this Website..