မီလောင်ဆုံးရှုံးမှုကြောင့် သင်ခန်းစာများရခဲ့ ဆေးဆိုင်များအာမခံထားရန် ဆောင်ရွက်မည်

klnJune 4, 20101min530

မင်္ဂလာဈေးမီးလောင်ခဲ့ရာတွင် ဆေးဆိုင်ကြီးများ၊ ကုမ္ပဏီများ သိန်းပေါင်းများစွာ ဆုံးရှုံးခဲ့ရကြောင်း၊ ထိုကဲ့သို့ ဆုံးရှုံးခဲ့ရမှုကို သင်ခန်းစာယူပြီး နောင်လာမည့်ကာလများတွင် ယခုကဲ့သို့ကြုံတွေ့ခဲ့ရပါက ပြန်လည်ကာမိစေရန် ဆေးဆိုင်များအာမခံထားကြရေးအတွက် မြန်မာ့အာမခံလုပ်ငန်းနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနို်င်ငံဆေးနှင့် ဆေးပစ္စည်းကုန်သည်နှင့် လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်က ပြောသည်။ “ကျွန်တော်တို့ အခုလို ဆုံးရှုံးမှုတွေများခဲ့တာဟာ အာမခံထားဖို့ အားနည်းချက်ရှိခဲ့လို့ပါပဲ။ အာမခံသာထားခဲ့မယ်ဆိုရင် ဆုံးရှုံးမှုကို ကာကွယ်နိုင်တယ်။ ဆေးဆိုင်တွေ အာမခံထားဖို့အတွက် အသင်းကနေ ဆောင်ရွက်ပေးမယ်ဆိုရင် ဖြစ်နိုင်ပါတယ်။ ဆေးကုန်သည်တွေ၊ လုပ်ငန်းရှင်တွေ အားလုံးအနေနဲ့ အာမခံထားတဲ့ ဗဟုသုတရှိဖို့လိုပါတယ် ” ဟု Golden Paris ဆေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မင်္ဂလာဈေးတွင် ဆိုင်ဖွင့်မည်ဆိုပါက အနည်းဆုံး ငွေကျပ်သိန်း ၃၀ဝခန့် အရင်းအနှီးရှိကြောင်း၊ မီလောင်မှုကြောင့် အချို့ဆိုင်ခန်းခုနှစ်ခန်း၊ ရှစ်ခန်းအထိပါသွားသော ဆိုင်ရှင်များရှိကြောင်း၊ အချို့ဆိုင်ရှင်နှင့် ကုမ္ပဏီများမှာ ခေါင်မိုးတွင်ဂိုဒေါင်ဆောက်ကာ ဆေးနှင့် ဆေးပစ္စည်းများကို တန်ဖိုးကျပ်သိန်းထောင်ချီသည်အထိ သိုလှောင်ထားကြကြောင်း၊ မီးလောင်သောအချိန်သည် မိုးတွင်းပိုင်းရောင်းချရန်အတွက် ဆေးများသိုလှောင်ထားကြသော ကာလဖြစ်သောကြောင့် ဆုံးရှုံးမှုပိုများကြောင်း မူလအနေအထားသို့ပြန်ရောက်ရန်ဆိုသည်မှာ နှစ်ပေါင်းများစွာ ကြိုးစားကြရဦးမည်ဖြစ်ကြောင်း၊ အချို့ဆေးနှင့် ဆေးပစ္စည်းများသည် အရွယ်ပမာဏသေးငယ်သော်လည်း သိန်းချီကာရင်နှီးထားရကြောင်းလည်း မီးလောင်ခံခဲ့ရသော ဆေးဆိုင်ပိုင်ရှင်အများစုက ပြောကြားသည်။