တစ်ခါသုံးဖုန်းကတ် ရောင်းအားကျ

klnJune 4, 20101min480

အခုတစ်ပတ်အတွင်း အက်ဖ်အီးစီ ၂ဝတန်၊ ၅ဝတန် တစ်ခါသုံးငွေကြိုပေးဖုန်းကတ်တွေ ရောင်းအားထက်ဝက်ခန့် ကျဆင်းသွားတာဟာ ကတ်ဝယ်ရင် မှတ်ပုံတင် မိတ္တူပေးရမယ်ဆိုတဲ့ ပုံစံသစ်ကြောင့်လို့ ဆိုပါတယ်။ “ ပရီပိတ်ကတ်ဈေးကွက်ကတော့ သိသိသာသာကို အေးနေတယ်၊ ထက်ဝက်လောက်ကို ကျတယ်၊ လာဝယ်တဲ့သူတွေက မှတ်ပုံတင်မိတ္တူ အဆင်သင့်ပါမလာကြတာလဲ ပါတယ် ” ဟု ရွှေဂုံတိုင် မစ္စတာဖုန်းတယ်လီကွန်မှ မန်နေဂျာ ဒေါ်မြတ်သီရိခိုင်က သူ့အတွေ့အကြုံပြောပါတယ်။ ကတ်ဝယ်ချင်သူတွေအနေနဲ့ မှတ်ပုံတင်မိတ္တူပေးခဲ့ရမယ့် စနစ်ကို စင်ထရယ်မားကတ်တင်းက ယခု လဆန်းပိုင်းမှာ စတင်သတ်မှတ်လိုက်တယ်လို့ သိရတယ်။ တစ်ခါသုံးငွေကြိုပေးကတ်တွေဟာ အကြောင်းကိစ္စတစ်ခုခုဆိုရင် ပိုင်ရှင်ဘယ်သူလဲ စုံစမ်းရခက်တာကြောင့် မှတ်ပုံတင်မိတ္တူတောင်းရတာလို့ ဆိုပါတယ်။ လက်ရှိအချိန်အထိ မှတ်ပုံတင်မိတ္တူပေးရမယ်ဆိုတာ မသိသေးတဲ့သူတွေ ရှိနေဆဲဖြစ်ပြီး ဆိုင်ရောက်လို့ မှတ်ပုံတင်မိတ္တူအတောင်းခံရတဲ့အခါ ကျေနပ်တဲ့သူတွေရှိသလို၊ မကျေနပ်တဲ့သူတွေလည်း ရှိတယ်လို့သိရတယ်။ ဆိုင်တွေဘက်ကလည်း မတောင်းလို့မရတဲ့ အခြေအနေကြောင့် နားလည်အောင်ရှင်းပြနေရတယ်လို့ ဆိုပါတယ်။