အကယ်ဒမီနှင့်ရင်ခုန်ခြင်း …. အင်းရင်တုန်ခြင်း

2012ဖေဖော်ဝါရီ 7ရက်။ 2010အကယ်ဒမီဆုပေးပွဲ ၊MRTV-4 ကတခမ်းတနားတင်ဆက်သွား ပါသည်။

အကယ်ဒမီပွဲများကို စိတ်မ၀င်စားဖြစ်သည်မှာ အချိန်ကာလတစ်ခုတော့ဖြင့် ရှိခဲ့ပါပြီ။ မြန်မာရုပ်ရှင်မင်းသမီးတွေ အကယ်ဒမီဆုမရရှိကြသည်မှာ နှစ်နှစ်ရှိပြီဟု ကြားမိပါသည်။ဒီနှစ်ကောဘယ်လိုလဲ။ MRTV-4 မှအကယ်ဒမီဦးကြည်စိုးထွန်း ကမြန်မာရုပ်ရှင်ကားများနှင့် အကယ်ဒမီအကြိုရင်ခုန် ခြင်းနှင့် ပတ်သက်ပြီးဆွေးနွေးသွားပါသည်။

ဇာတ်ကားရွေးချယ်မှု အနုပညာမြောက်သော ဇာတ်ကားနာမည်ရွေးချယ်မှုနိုင်ငံခြားဘာသာ စကားလုံးများသုံးနှုန်းထားသောဇာတ်ကားခေါင်းစဉ်များအကြောင်း ဟာသကားများနှင့် အနုပညာဖန်တီးမှု အလွမ်းအဆွေးများနှင့် အငိုမျက်ရည်အနုပညာ အကျိုးအကြောင်းနှင့် အနှစ်သာရတစ်ခုခုကို ပုံဖေါ်ခြင်းအနုပညာကဏ္ဍစုံလင်စွာ ဆွေးနွေးသွားပါသည်။ ဦးကြည်စိုးထွန်းရဲ့ ဝေဖန်ချက်များကို သဘောကျမိပါသည်။

ဦးမျိုးမြတ်သူနှင့် ဒါရိုက်တာမောင်သီတို့ကလည်း အကြိုရင်ခုန်ခြင်း၊ ကဏ္ဍကိုတင်ဆက်ကြပြန်သည်။ဤကဏ္ဍမှာဖြင့် ဒါရိုက်တာမောင်သီ၏ စကားလုံးများကိုမှတ်မှတ်သားသားဖြစ်မိသည်။“အနုပညာဆိုသည်မှာ ငိုမှအနုပညာလား၊ရယ်အောင်ဖန်တီးခြင်းသည် အနုပညာ အနုပညာမဟုတ်ဘူးလား”။စဉ်းစားစရာပါ။ မြန်မာအကယ်ဒမီဆုပေးပွဲသည် အငိုကားများကိုပဲဦးစားပေးနေသလား။ “အကယ်ဒမီယူမလား အကျိုးအမြတ်ယူမလား နှစ်ခုတစ်ခုရွေးမှဖြစ်မယ်”။… တော်တော်လေးသဘောကျမိပါသည်။ မြန်မာရုပ်ရှင်လောကရဲ့ ရပ်တည်မှုနှင့် အနီးစပ်ဆုံးဆွေးနွေးသွားပါသည်။

 

ကျွန်မနည်းနည်း ရင်ခုန်ချင်သလိုဖြစ်သွားပါသည်။ ဘယ်ကားကိုဖြင့် အကယ်ဒမီဆုနှင့် ထိုက်တန်ပါသည်ဟု ဆုံးဖြတ်ချက်ချရမည့် လူကြီးတွေအတွက်ပါ။

မြန်မာရုပ်ရှင်ကားတွေကို ဝေဖန်ရလောက်အောင် မြန်မာရုပ်ရှင်ကားဘယ်နှစ်ကားကြည့်ဖူးသလဲ လိုမေးရင် ကျွန်မဘယ်နှစ်ကားမှမကြည့်ဖူးပါ။ ဒါပေမယ့် ကျွန်မဝေဖန်ချင်လာပါသည်။ ကျွန်မတော်တော်လွန်နေပြီဆိုတာ ကျွန်မသိပါသည်။ ဒါပေမယ့် ဝေဖန်ပါရစေ။

မြန်မာရုပ်ရှင်ကားများကို အထင်သေးနေသော လူစားထဲမှာ ကျွန်မပါဝင်နေသလားဆိုရင် ကျွန်မကိုယ်ကျွန်မ နည်းနည်းဆန်းစစ်ကြည့်ပါရစေ။ ကျွန်မနှစ်သက်သော မြန်မာရုပ်ရှင်ကားများ စွဲစွဲလန်းလန်းရှိသော မြန်မာရုပ်ရှင်ကားများတော်တော် များများရှိပါသည်။

၁။သင်္ကြမိုး၊ ၂။ဇရာအိုနှင့်ကညာပျို၊၃။ မောင်တို့ချယ်ရီမြေ၊ ၄။ပန်မြိုင်လယ်ကဥယျာဉ်မှူး၊ ၅။တိမ်လွှာမို့မို့လွင်၊ ၆။မြစ်တို့၏မာယာ၊ ၇။ဘိသိဏ်ပြိုင်၊ ၈။ရတနာပုံ၊ ၉။တစ်ကျော့နှစ်ကျော့တေးကိုသီ၊ ၁၀။နှစ်မြွှာအသည်းစသည်ဖြင့် ကျွန်မနှစ်သက်ခဲ့သော မင်းသားမင်းသမီးများ ဦးကျော်ဟိန်း ၊ဦးဝင်းဦး ၊ကော်လိပ်ဂျင်နေ၀င်း၊၀ါဝါ၀င်းရွှေ၊ခင်သန်းနု၊ခင်သီတာထွန်း၊စန္ဒာ၊သင်္ကြန်မိုးမှ နေအောင်၊ဇင်ဝိုင်း ၊မြစ်တို့၏မာယာမှ ရဲအောင်၊ ဇရာအိုနှင့်ကညာပျို မှဦးကျော်ဟိန်း၊ ကော်လိပ်ဂျင်နေ၀င်း၊ ဒေါ်စံရှားတင်၊ ပန်မြိုင်လယ်မှဥယျာဉ်မှူးထဲမှ ဦးကျော်ဟိန်း……..

ရုပ်ရှင်အသိုင်းအ၀ိုင်းထဲမှ ကျွန်မမိတ်ဆွေတစ်ဦးနှင့် ကျွန်မတို့နည်းနည်း စကားပြောကြည့်ကြတော့ ကျွန်မကို End Date ဖြစ်နေပြီတဲ့ ။အခုခေတ်မှာ အလန်းစားတွေ အများကြီးရှိပါတယ်တဲ့။ ခေတ်နဲ့အဆက်ပြတ်နေပြီတဲ့။ ဟုတ်မှာပါ။ ယခုခေတ်ပေါ်မြန်မာရုပ်ရှင်တွေ ၊ဗီဒီယိုကားတွေကို မကြည့်ဖြစ်သည်မှာ ၁၀နှစ်နီးပါးတောင်ရှိနေပြီလား၊ ဘာကြောင့်ဒီလောက်အဆက်ပြတ်သွားတာလဲ။ မြန်မာရုပ်ရှင်ဗီဒီယို ဇာတ်ကားအချို့ ၏အကောင်းဆုံးဟု ထုတ်နုတ်ပြသသော ဇာတ်ဝင်းခန်းများကိုဖြင့် မကြာမကြာကြည့်ဖူးပါသည်။ ကျွန်မရင်ထဲသို့မရောက်ပါ။ တစ်ကားလုံးဆုံးအောင်သည်းခံပြီး ကြည့်နိုင်မည်မထင်ပါ။ ဤသို့ဖြင့် ဗမာကားများကျွန်မမကြည့်ဖြစ်ပြီ။ တစ်ချို့ သော ဗီဒီယိုကားများ၏ ခေါင်းစဉ်များသည် ကိုရီးယားကားများ၏ ခေါင်းစဉ်အတိုင်းဖြစ်နေသေးသည်။ စိတ်ပျက်စရာပါ။

ဒါရိုက်တာမောင်သီ ပြောသလို ရယ်မောခြင်းကိုဖန်းတီးခြင်းသည်လည်းအနုပညာပါ။ ကလိထိုးခြင်းကတော့ အနုပညာမဟုတ်ပါဘူး။ ဟာသကားဆိုတိုင်း အနုပညာမြောက်သည်မဟုတ်။ ပေါ့ပျက်သော်အဆင့်မှာရပ်တန့်နေလျှင်ကား အကယ်ဒမီနှင့်ဝေးနေအုံးမည်သာ ဒါ့ထက်ပိုအရေးကြီးသည်ကား ထိုပေါ့ပေါ့ပျက်ပျက် ကားများကိုသာ ကြည့်နေသော ပရိတ်သတ်ထုအတွက်ပါ။

မဆီမဆိုင် မြ၀တီရုပ်သံမှထုတ်လွှင့်နေသော လူရွှင်တော်ရွှေဖလား အစီအစဉ်ကို သတိရမိပါသည်။ စင်မြင့်ပေါ်မှနေပြီး ပရိတ်သတ်များ ရယ်မောပျော်ရွှင်နိုင်ဖို့ရာ ဒီလူရွှင်တော်တွေ ဘယ်လောက်အထိလေ့လာကြိုးစားထားတယ်ဆိုတာ ကြည့်ဖူးသူတိုင်းအသိအမှတ်ပြုနိုင်မှာပါ။ ဒီလူရွှင်တော်များ၏ ရည်ရွယ်ချက်၊ စေတနာ ၊သတ္တိနှင့် ခိုင်မာသောဇွဲလုံ့လကိုဖြင့် ကျွန်မလေးစားမိပါပြီ။

အကယ်ဒမီယူမလား၊ အကျိုးအမြတ်ယူမလား၊ နှစ်ခုတစ်ခုရွေးမှဖြစ်မယ်တဲ့။ အလွန်မှန်သောစကားပါ။ အလွန်သတိရှိသင့်ပါသည်။ မြန်မာပရိတ်သတ်၏ အခြေအနေကို မီးမောင်းထိုးပြသောစကားပါ။ မြန်မာပရိတ်သတ်များသည် ပေါ့ပျက်ပျက်ဟာသကားများကို သာလျှင်အားပေးနေကြသည် ဆိုလျှင်ဘယ်သူတွေမှာတာဝန်ရှိပါသလဲ။

ပင်ပန်းနွမ်းနယ်နေသော၊ ငြီးငွေ့စိတ်ပျက်နေသော၊ လွတ်လပ်ပျော်ရွှင်ချင်သော ပရိတ်သတ်ကို အမောပြေ ဟာဒရရွှင်ဆေးတိုက်ကျွေးချင်သော ရုပ်ရှင်လောကသားများ၏ စေတနာကို အသိမှတ်ပြုလိုသော်လည်း စိတ်ဓါတ်အခြေခံ အဆင့်မြင့်သော၊ အမျိုးကိုချစ်တက်သော၊ နိုင်ငံကြီးသားပီသသော၊ တာဝန်သိသော၊  ဘက်စုံဖွံ့ဖြိုးသော၊ လသားဆန်သော၊ ပေါ့ပါးပျော်ရွှင်ချင်သော ပရိတ်သတ်ထုကြီး အဖြစ်သို့ မြှင့်တင်ဖို့ရာ ပရိတ်သတ်မှာတာဝန်ရှိသလို ရုပ်ရှင်လောကသားများ၊ စာရေးဆရာ များမှသည် နိုင်ငံတော် အကြီးအကဲများအထိတာဝန်ရှိသည်ကား ငြင်းမရသည့်အမှန်တရားပင်။

ဟာသကားများကို အားပေးသော ပရိတ်သတ်များရှိသလို သင်္ကြန်မိုး၊ ဇရာအိုနှင်ကညာပျိုတို့လို ကားဟောင်းများကို မျှော်တလင့်လင့်ဖြစ်နေသော ပရိတ်သတ်များစွာ ရှိနေပါသည်ဆိုတာ မမေ့စေချင်ပါ။

ဒီနေရာမှာအနုပညာဆိုသည်နှင့်ပတ်သတ်ပြီးကျွန်မနားလည်သလောက်ပြောချင်တာလေးတစ်ခုရှိပါသည်။ ဒါကတော့ အနုပညာမြောက်ခြင်းဆိုသည်မှာ ဘယ်သောအခါမှ မငြီးငွေ့စေသောအရာကိုဖန်တီးမှုပါ။

မြန်မာနိုင်ငံတွင် ကိုရီးယားကားတွေလွမ်းမိုးနေပါတယ်။ မြန်မာနိုင်ငံသူတွေ ကိုရီးယားမလေးတွေ ဖြစ်နေကြပါပြီ။ ကိုရီးယားရုပ်ရှင်တွေရဲ့ အောင်မြင်မှုပေါ့။

ကိုရီးယားကားတွေရဲ့ ကျောရိုးက စာရေးဆရာပါ။ ဇာတ်လမ်းပါ။ ဇာတ်လမ်းရဲ့ ဆွဲဆောင်မှုကအားသာချက်ပါ ဇာတ်အိမ်တည်ဆောက်မှုက ပညာသားပါပါတယ်။ ချမ်းသာကြွယ်ဝမှုက ပံ့ပိုးမှုပေးထားပါတယ်။ ဒါပေမယ့် ကိုရီးယားကားတွေဟာ တစ်ကြိမ်းကြည့်ပြီး နောက်တစ်ကြိမ်ကြည့် ချင်လောက်အောင် အနုပညာမမြောက်ပါဘူး။ Program ဆန်တဲ့ကားတွေတောင်ရှိပါတယ်။ အချို့ သောမြန်မာကားများဟာ ထပ်တလဲလဲ ကြည့်လည်းမငြီးငွေ့ပါ။ Holly Wood မှ ကားတွေကလည်း အကြိမ်ကြိမ်ကြည့်လည်း ရိုးမသွားပါဘူး။ မြန်မာဒါရိုက်တာတွေရဲ့ အနုပညာဖန်တီးမှုဟာ Masterpiece ဖြစ်ခဲ့တာတွေ အများကြီးပါ။

မှန်ကန်သောစေတနာ၊ ရဲဝံ့သောသတ္တိနှင့်ထက်မြတ်သော စာရေးဆရာတို့ ၏ အခန်းကဏ္ဍတို့ဖြင့် ထုတ်ဝေသူ ဒါရိုက်တာတို့၏ လေ့လာမှု၊ကြိုးစားမှု၊ထိုးဖောက်မှုနှင့် ၊ဦးဆောင်မှု့ နောက်မှာ မြန်မာရုပ်ရှင်ကားများအဆင့်မြင့်နိုင်ပါစေ။ နိုင်ငံတော်ရဲ့ ပံ့ပိုးမှုကိုလည်း မျှော်လင့်ချင်ပါတယ်။

ယခုနှစ် အကယ်ဒမီဆုပေးပွဲနှင့် ပတ်သတ်၍ အကယ်ဒမီဆုရကားများ၏ အကောင်းဆုံးဇာတ်ဝင်ခန်းများကိုကြည့်ဖြစ်ပါသည်။ အားမရပါ။ ဒါပေမယ့် လူကြီးများ၏ဆုံးဖြတ်ချက်ကိုဖြင့် လေးစားပါသည်။ သူတို့လည်းရင်တုန်နေမှာပါ အကယ်ဒမီဆိုတိုင်း ဆုပေးရမည့် လူကြီးတွေရင်မတုန်စေဖို့

ပျော်ရွှင်စွာရင်ခုန်ရမည့် အကယ်ဒမီညများကို မျှော်မှန်းလျှက် ………….

 

 

                                                                    သူသူ (စက်မှုတက္ကသိုလ်)

 

 

About Frank Soolar

Frank Soolar has written 5 post in this Website..