ပါရမီနဲ့နိဗ္ဗာန် အမေးအဖြေ

မေး။ ။ ပါရမီဆိုတာ နိဗ္ဗာန်ရောက်ကြောင်းတရားလို့ အဓိပ္ပါယ်ရတဲ့အတွက် နိဗ္ဗာန်ရောက်လိုသူတိုင်း ပါရမီကိုမဖြစ်မနေ ဖြည့်ကျင့်ရပါမယ်။ ပါရမီမဖြည့်ဘဲနဲ့ နိဗ္ဗာန်ကိုဘယ်လိုနည်းနဲ့မှ မရောက်နိုင်ပါဘူး။ ပါရမီမဖြည့်ဘဲနဲ့ နိဗ္ဗာန်ကို ရောက်သွားတဲ့သူလည်း တစ်ဦးတစ်ယောက်မှ မရှိပါဘူး။ ဘုရားအဆုံးအမအတိုင်း နည်းမှန်လမ်းမှန် အားထုတ်တယ်ပဲထားဦး။ အတိတ်ဘဝများစွာ က ဖြည့်ကျင့်ဆည်းပူးခဲ့တဲ့ ပါရမီကုသိုလ်တွေ၊ ဒီဘဝမှာ ဝိပဿနာအလုပ်နဲ့ တွဲပြီးဖြည့်ကျင့်ဆည်းပူးနေတဲ့ တခြားပါရမီကုသိုလ်တွေ လုံးဝမပါဘဲနဲ့တော့ ဒီဘဝမှာ တရားထူးမရနိုင်ပါဘူး။
အရှင်ဘုရား တပည့်တော်က ဒီစကားကို (အပြည့်အဝ) လက်မခံချင်ပါဘူးဘုရား။
ရဟန်းတို့ လခွဲကို ထားဘိဦး၊ ရဟန်းတို့ မည်သည့်ပုဂ္ဂိုလ်မဆို ဤသတိပဋ္ဌာန်လေးပါးတို့ကို ခုနစ်ရက်ပတ်လုံး ဤဟောပြောသောနည်းဖြင့် ပွားငြားအံ့၊ ထိုပွားသောပုဂ္ဂိုလ်အား မျက်မှောက်ဘဝ၌ပင် အရဟတ္တဖိုလ်ဖြစ်စေ၊ ဥပါဒါန် အကြွေးရှိသေးလျှင် အနာဂါမိဖိုလ်ဖြစ်စေ ဤဖိုလ်နှစ်ပါးတို့တွင် တစ်ပါးပါးသောဖိုလ်ကို (အမှန်ရပေမည်ဟု) အလိုရှိအပ်၏။ မဟာသတိပဋ္ဌာနသုတ် (မဇ္ဈိမနိကာယ်)
ဒီစာပိုဒ်နှစ်ခုရဲ့ ကွဲလွဲရခြင်း အကြောင်းရင်းကို တပည့်တော်အား ပြည့်စုံစွာ ရှင်းပြပေးစေလိုပါတယ်ဘုရား။ ပါရမီမပြည့်ဘဲနဲ့ ဘယ်လောက်ကြိုးစားကြိုးစား နိဗ္ဗာန် မရနိုင်ဘူးလား။ ဒါမှမဟုတ် ဒီဘဝမှာ တကယ့်ဆရာကောင်းသမားကောင်းနဲ့တွေ့လို့ တကယ်ကြိုးစားအားထုတ်မယ် ဆိုရင် ကြိုးစားသလောက် ရနိုင်ပါသလားဘုရား။ ဒီကိစ္စနဲ့ ပါတ်သက်ပြီး တပည့်တော် မိတ်ဆွေအချို့နဲ့ ဆွေးနွေးကြည့်ပေမယ့် တပည့်တော်အတွက် သေချာတဲ့ အဖြေမရခဲ့ပါဘူးဘုရား။ အယူလွဲခဲ့ရင်ဖြင့် ဒီဘဝမှာ ကြိုးစားချင်စိတ်ရှိခဲ့ရင်တောင်မှ အဆုံးထိ မကြိုးစားကြည့်တော့ရင်ဖြင့် အလွန်နစ်နာစရာ အတွေးများလားလို့ (တရားရှာခြင်သူများအတွက်) တပည့်တော် အရေးကြီးတယ်ထင် လို့ လျှောက်တင်တာပါဘုရား။

နေမင်းထွန်း၊ နေပြည်တော်။

ဖြေ။ ။ ဒီစာပိုဒ်(၂)ခုက ကွဲလွဲနေတာ မဟုတ်ပါဘူး။ ရှေ့နောက်ဆက်စပ်မှုရှိနေတာကို မသိလို့ လွဲနေတယ်လို့ ထင်ရတာပါ။ တကယ်တော့ နံပါတ်(၁)ဖြစ်တဲ့ ပါရမီကောင်းမှုမရှိဘဲနဲ့ နံပါတ်(၂)ဆိုတာ ဖြစ်မလာနိုင်ပါဘူး။

သတ္တဝါတွေမှာ အနှစ်ချုပ်ကြည့်မယ်ဆိုရင် ကုသိုလ်နဲ့အကုသိုလ်(၂)မျိုးသာ ရှိကြပါတယ်။ အဲဒီနှစ်မျိုးထဲမှာက ကုသိုလ်ကောင်းမှုနဲ့ပတ်သတ်ပြီး ကောင်းမှုအမျိုးမျိုး ကွဲပြားသွားသလို မကောင်းမှုအကုသိုလ်မှာလည်း လုပ်ဆောင်မှုတို့ပေါ်မူတည်ပြီး အမျိုးမျိုး ကွဲသွားကြပါတယ်။ တကယ်တော့ အဲဒီကွဲပြားနေတဲ့အရာများကို ပေါင်းစပ်ကြည့်လိုက်မယ်ဆိုရင် ကောင်းမှုကုသိုလ်နဲ့ မကောင်းမှုအကုသိုလ်(၂)မျိုးသာ သတ္တဝါတိုင်းမှာ ပိုင်ဆိုင်ကြပါတယ်။ လူ့လောကမှာလည်း ပညာတွေ၊ ဘွဲ့ဒီဂရီတွေ အမျိုးမျိုးရှိနေပေမဲ့ အဲဒီပညာဘွဲ့ဒီဂရီတွေကို နောက်ဆုံးချုပ်ကြည့်လိုက်မယ်ဆိုရင် အသက်မွေးဝမ်းကြောင်းပညာတစ်မျိုးသာ ရရှိသွားသလို သတ္တဝါတွေမှာလည်း နောက်ဆုံးချုပ်မှာတော့ ကုသိုလ်နဲ့အကုသိုလ်(၂)မျိုးသာ ရှိကြပါတယ်။

အဲဒီတော့ ပထမဦးဆုံးပါရမီဆိုတာကို ခွဲခြားကြည့်မယ်ဆိုရင် ပါရမီ(၁၀)ပါး၊ တနည်းအားဖြင့် အကျယ်(၃၀)ထိ ကွဲပြားစွာ ရှိနေပါတယ်။ အဲဒီပါရမီကို လိုက်လံစစ်ဆေးကြည့်လိုက်မယ်ဆိုရင် အဲဒီဆယ်ပါးလုံးဟာ ကောင်းတဲ့အလုပ်ကိုလုပ်နေခြင်းမို့ ကုသိုလ်လို့မှတ်ယူရပါမယ်။ ဒါကြောင့် ကောင်းတဲ့ အလုပ်ကို လုပ်တဲ့လူဟာ ပါရမီ(၁၀)ပါးထဲက တစ်ပါးပါးနဲ့ညီပြီး ပါရမီဖြည့်နေတာလို့ ပြောနိုင်ပါတယ်။

အဲဒီလို မိမိက ကောင်းတဲ့အလုပ် လုပ်ခဲ့မှသာလျှင် လူ့ဘဝရမယ်။ သူတော်ကောင်းတရား နာကြားရမယ်။ ဗုဒ္ဓဘာသာဝင်ဖြစ်မယ်။ အသိဉာဏ်ပညာကောင်းသူ ဖြစ်မယ်။ တရားအားထုတ်လိုသော သဒ္ဓါတရားရှိသူဖြစ်မယ်။ ဒီအချက်တွေထဲက တစ်ပါးပါးချွတ်ယွင်းလည်း နိဗ္ဗာန်ကို တစ်ဘဝတည်းနဲ့ရဖို့ မလွယ်ပါဘူး။ ဒါတွေရှိဖို့ကလည်း ကောင်းတဲ့အလုပ်ပါရမီတွေရှိခဲ့မှပဲ ဖြစ်ပါလိမ့်မယ်။

တကယ်လို့များ မိမိက မကောင်းတာတွေချည်းလုပ်ခဲ့မယ်ဆိုရင် လူ့ဘဝရဖို့ခက်မယ်။ သာသနာနှင့်ကြုံဖို့ခက်မယ်။ ဗုဒ္ဓဘာသာဝင်ဖြစ်ဖို့ ခက်မယ်။ သူတော်ကောင်းတရား နာကြားရဖို့ ခက်မယ်စသည်ဖြင့် ခက်ခြင်းများစွာနဲ့ ရင်ဆိုင်ရမည်မို့ နိဗ္ဗာန်ကိုရရန် မလွယ်ပါ။
ဒါကြောင့် ဒကာပြောတဲ့ အချက်နှစ်ချက်သည် အကြောင်းအကျိုး ဆက်စပ်မှု ရှိသောကြောင့် နှစ်ခုလုံးပြည့်စုံဖို့လိုပါတယ်။ နှစ်ခုလုံးပြည့်စုံမှလည်း နိဗ္ဗာန်ကို ရပါလိမ့်မယ်။ မကောင်းတဲ့အလုပ်တွေလုပ်ခဲ့လို့ ကောင်းတဲ့ပါရမီမရှိလို့ ငရဲသားစသည်တို့ ရောက်နေတဲ့သတ္တဝါတွေဟာ နိဗ္ဗာန်ရဖို့ရန် မလွယ်ကူပါ။ တကယ်လို့ မိမိက အရင်ဘဝတွေက ကောင်းတဲ့ပါရမီတွေကို မလုပ်ခဲ့ဘူးဆိုရင် ဒီဘဝမှာ ခုလို လူ့ဘဝရပြီး ဗုဒ္ဓဘာသာဝင်ဖြစ်လျက် ဗုဒ္ဓအသိဉာဏ်ရှိပြီး သူတော်ကောင်းတရားများကို နာကြားရမည် မဟုတ်သောကြောင့် နိဗ္ဗာန်ကိုလည်း ရောက်မှာမဟုတ်ပါဘူး။

ဒါကြောင့် ပါရမီဆိုတာ ကောင်းမှုဖြစ်သလို နိဗ္ဗာန်ရောက်ဖို့ရာကလည်း ကောင်းမှုရှိမှသာလျှင် အဖက်ဖက်ကပြည့်စုံမည်မို့ တရားထူးရဖို့ရန်အတွက် ဒကာပြောတဲ့ နံပါတ်(၁)အချက် ပါရမီရော၊ နံပါတ်(၂)အချက်ကြိုးစားမှုရော (၂)မျိုးလုံးပြည့်စုံဖို့လိုအပ်ပါကြောင်း ဦးဇင်းသိသမျှကို ဒီလောက်နဲ့ဖြေကြားပေးရင်း နိဂုံးချုပ်လိုက်ပါတယ်။ ကျန်တဲ့မေးခွန်းများကိုလည်း အားတဲ့အချိန်လေးမှာ အချိန်လုပြီး ဖြေကြားပေးသွားပါမယ်။ ဦးဇင်းအလုပ်များနေချိန်မို့ နည်းနည်းတော့ သည်းခံပြီး စောင့်ပေးကြရန်လည်း မေတ္တာရပ်ခံပါရစေ။

စာဖတ်ပရိသတ်အားလုံး ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး လိုရာဆန္ဒပြည့်ဝကြပါစေလို့ ဆန္ဒပြုလျက်..။
http://www.sanninaymin.com/