ဗိုလ်ချုပ်ကို ဘာလို့ ချစ်ကြတာလဲ။

black chawFebruary 10, 20121min19349

ကိုအောင်ဆန်းသည် ငယ်စဉ်ကတည်းက ကျွန်တော်တို့ ရင်ထဲက သူရဲကောင်းတစ်ယောက် ဖြစ်နေခဲ့ပါပြီ။ မြန်မာပြည်၏ နေ့ထူးနေ့မြတ်တွေကို ပြန်ကြည့်ရလျှင် ကိုအောင်ဆန်း နှင့် ကင်းသည့်နေ့ ရှားပါသည်။
JANUARY 4 လွတ်လပ်ရေးနေ့ဆိုလျှင်လည်း ကိုအောင်ဆန်းက ဗိသုကာ၊ FEBRUARY 12 ပြည်ထောင်စုနေ့ဆိုလျှင်လည်း ကိုအောင်ဆန်း ၏ စည်းရုံးရေး စွမ်းရည်၊ MARCH 27 တပ်မတော်နေ့ဆိုလျှင်လည်း ကိုအောင်ဆန်း က အဓိက ခေါင်းဆောင်ကြီး၊ JULY 19 အာဇာနည်နေ့ဆိုလျှင် ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးသည့်နေ့ စသည်ဖြင့် တွေ့ရပါသည်။ ပြန်လည်ရှာဖွေဘို့ အချိန်မရသဖြင့် MARCH 2 တောင်သူလယ်သမားနေ့တို့၊ တန်ဆောင်ဘုန်းလပြည့်ကျော် ၁ဝ ရက် အမျိုးသားနေ့တို့တောင် ကိုအောင်ဆန်းနဲ့ ကင်းပါရဲ့လားမသိပါ။ သိကြသူများ ဆွေးနွေးပေးကြပါဦးဗျာ။
အဲဒီဗိုလ်ချုပ်အောင်ဆန်းကို ကျွန်တော်တို့ ဘာကြောင့် ဒီလောက် ချစ်ကြပါသလဲ။ ဘာကြောင့် နှစ်တိုင်း အထိမ်းအမှတ်နေ့လေးတွေ သတ်မှတ်ပြီး တမ်းတတတ ဖြစ်နေရပါသလဲ။ ပညာတတ်လို့လား၊ သတ္တိရှိလို့လား၊ တိုက်ရည်ခိုက်ရည်ကောင်းလို့လား။ အဲဒီ အဖြေကို ဆရာမောင်သာချို ၏ စာပေဟောပြောပွဲတွေ နားထောင်ကြည့်မှ နားလည်လာပါသည်။ အဲဒါလေးတင်ပြချင်လို့ ဒီ ပို့စ်လေး ရေးလိုက်တာပါ။
အောင်လံ စာပေဟောပြောပွဲတွင် ဆရာမောင်သာချိုဟောခဲ့တာလေးတွေ နည်းနည်း ကောက်နှုတ် တင်ပြချင်ပါသည်။

“ဗိုလ်ချုပ်အောင်ဆန်းကို ဘာလို့ ချစ်တာလဲ ကဲ ပြော။
နှလုံးသားလှလို့ ချစ်တာ…
ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားတွေ ဒီမှာ တပ်မတော် အရာရှိတွေရော ပြည်သူ့ရဲတွေရော ကျွန်တော်လည်း အစိုးရဝန်ထမ်း။
ကျွန်တော်တို့ ဗိုလ်ချုပ်အောင်ဆန်းကို ချစ်တာက သူ့ ရန်ကုန်တက္ကသိုလ်က ဘွဲ့ရတာ ကျွန်တော် စိတ်မဝင်စားဘူး။
ဒီလူကြီး စိတ်ထား၊ ရိုးတယ်၊ ဖြောင့်တယ်၊ ကြည်တယ်၊ လူသားဆန်တယ်၊
စာနာစိတ်ကြီးတယ်၊ ကရုဏာစိတ်ကြီးတယ်၊ ရိုးသားတယ်၊
ကျွန်တော် ဒါကို ချစ်တာ၊ အောင်ဆန်းကို ချစ်တာ။ စိတ်လှတာကိုး။
ကျွန်တော်တို့ လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလမှာ အောင်ဆန်းထက် သာတဲ့ ကောင်တွေ အများကြီးပဲ။
ဒေါက်တာ ဘမော် ဆိုတာ အင်္ဂလန်က ပြန်လာတဲ့လူ။ မင်း ရူးသွားမယ် အောင်ဆန်း။
ဒေါက်တာ ဘဟန်၊ လန်ဒန်ကပြန်လာတာ၊ မင်း နတ်မောက်က ၁ဝ တန်းအောင်တဲ့ကောင်ကို ဆောင့်တောင်ကန်လိုက်ဦးမယ်၊ နတ်မောက်သားလောက်ကို။
သို့သော် သို့သော် ကျွန်တော်ပြောမယ် အဲဒီလူတွေကို ကျော်ပြီးတော့
နတ်မောက်သားအောင်ဆန်းက မြန်မာနိုင်ငံ မိုးကောင်းကင်ယံ အမှောင်ထဲမှာ လင်းလင်းချင်းချင်းကြီးနဲ့ စတားကြီးတစ်ခုနဲ့ အောင်ဆန်း ကွ အောင်ဆန်း၊
အတောက်ပဆုံး ဘာလို့ ဖြစ်တာလဲ

အသည်းနှလုံးကိစ္စဗျ။ “

ဆရာမောင်သာချို ပြောတာ နားထောင်ရင်း ကြက်သီးတောင်ထပါတယ်။
ကျွန်တော်တို့ ဗိုလ်ချုပ်အောင်ဆန်းကို ချစ်တာ နှလုံးသားလှလို့ပါတဲ့။ ရိုးသားလို့ပါတဲ့၊ လူသားဆန်လို့ပါတဲ့။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ စရိုက်ကလေးတွေကို ပြောပြသွားတာ အများကြီးဆိုတော့ ဒီပို့စ်ထဲ ထည့်မရေးတော့ပါဘူး။
ကိုယ်တိုင်နားထောင်ကြည့်လို့ရအောင် ဆရာမောင်သာချိုရဲ့ ဟောပြောပွဲ MP3 ဖိုင် လေးထည့်ပေးလိုက်ပါတယ်။
၂၀၁၂ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်ပေါ့ဗျာ။ နားထောင်ပြီး ဗိုလ်ချုပ်အောင်ဆန်း ကို ပိုချစ်လာကြမယ်လို့ ယုံကြည်ပါတယ်။
ငယ်ငယ်ကတည်းက အလွတ်ရခဲ့တဲ့ အောင်ဆန်းဇာနည် ဆိုတဲ့ ကဗျာလေးနဲ့ ပို့စ်ကို အဆုံးသတ်လိုက်ပါတယ်။
စာသားအမှားအယွင်းလေးများရှိရင်လည်း ပြင်ပေးကြပါဦးဗျာ။

အောင်ဆန်းဇာနည်
ဖေဖေါ်ဝါရီ ၁၃ မှာ
ဗိုလ်ချုပ်မွေးနေ့ပါ
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေဦးဖာသား။
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင်ဒေါ်စုသား။
တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့ ဘဝင်ညှိုး
ဇူလိုင်တစ်ဆယ့်ကိုး။

AungLan 2011 MgTharCho HnaLoneHlaParSay
ဆရာမောင်သာချိုရဲ့ အောင်လံ စာပေဟောပြောပွဲ mp3 ဖိုင်လေးပါ။ နားမထောင်ရသေးသူများအတွက်ရည်ရွယ်ပါသည်။

49 comments

  • ရွာစားကျော်

    February 14, 2012 at 7:18 pm

    ပို့စ်တင်တဲ့ ကိုဘလက်ရော၊ သိသမျှ ဖတ်ထားသမျှဝေမျှကြပေးကြသူတွေရော
    အထူးကျေးဇူးတင်ပါတယ်ဗျာ..

    “နိုင်ငံအကျိုးကိုဆောင်ရွက်နေတဲ့သူတစ်ယောက်ဟာမွဲသထက်မွဲဖို့ပဲရှိတယ်၊
    ချမ်းသာသထက်ချမ်းသာလာရင်တော့ အဲ့ဒါ နိုင်ငံနဲ့ပြည်သူကိုခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာနေတဲ့အောက်တန်းကျစိတ်ဓာတ်ပိုင်ရှင် လူလိမ် အတ္တသမားတွေပဲ”

    ယနေ့ ခေါင်းဆောင်လုပ်နေတဲ့သူတွေ..
    ဗိုလ်ချုပ်စကား ကြားကြပါစေ၊ နှလုံးသွင်းနိုင်ကြပါစေ

Leave a Reply