သီတဂူဆရာတော်ကြီး ၇၅ နှစ်ပြည့်အတွက် စာပေပန်းကုံး (၂)

manawphyulayFebruary 10, 20121min701

သီတဂူဆရာတော်ကြီး ၇၅ နှစ်ပြည့်အတွက် စာပေပန်းကုံး (၂)
တပည့်တော် ဆက်လက်ပူဇော်ချင်တာကတော့ ဆရာတော်ဘုရားကြီးရေးသားခဲ့သောစာများအကြောင်းပင် ဖြစ်ပါသည်။ ဆရာတော်ဘုရားကြီးကို တပည့်တော် နာဂစ်အလှူပြုသွားမှသာ အနီးကပ်မြင်ဖူး၊ ဖူးခဲ့ရပါသည်။ တပည့်တော်တို့ သွားရောက်လှူဒါန်းခဲ့စဉ်က ကားတန်းစီပြီး စောင့်နေတုန်းအချိန်တွင် ဘေးချင်းကပ်ကားမှ ဆရာတော်ကြီးသာသနာပြုအဖွဲ့နဲ့အတူ ဦးဆောင်လာခဲ့စဉ်က ဖူးမြော်ခဲ့ရပါသည်။ လှူသောနေရာ မတူညားလည်း အလှူတရားလက်ကိုင်ထားလို့ လမ်းကြောင်းကတော့ တစ်ကြောင်းတည်းပဲလို့ စိတ်ဝယ်မှတ်သား ပီတိဖြစ်ခဲ့ရပါသည်။ နောက်တစ်ချိန်ပြန်ဆုံချိန်ကတော့ ရေအလှူသွားလှူစဉ်ကပင် ဖြစ်ပြန်ပါသည်။ တပည့်တော်သည်
မိသားစုစီးပွားရေးအခြေအနေအရ အလှူအတန်းကို ဇောက်ချမလုပ်နိုင်သည့်တိုင်အောင် အဖွဲ့လေးများဖြင့် ကြိုကြား ကြိုကြား ပရဟိတအလုပ်မှာ တတ်နိုင်သလောက်သာ ပါဝင်နိုင်ခဲ့သဖြင့် ကိုယ်တိုင် အားမလိုအားမရဖြစ်မိခဲ့ပါသည်။ ဒါပေမယ့် အများအတွက် နှမ်းတစ်စေ့နဲ့ ဆီမဖြစ်မှန်းသိပေမယ့်လည်း နှမ်းစေ့တစ်စေ့နဲ့ အာသာပြေ လှူဒါန်းနိုင်အောင် ကြိုးစားခဲ့ပါသည်။ ဆရာတော်ကြီးရဲ့ သာသနာအလှူ၊ ကျောင်းတွေအလှူ၊ နောက် ဆေးရုံကျန်းမာရေးအတွက် အလှူဒါနများကို အဝေးကနေ သာဓုခေါ်ဆောင်နေမိပါသည်။

(ဤဓာတ်ပုံကတော့ တာချီလိတ် မြေငလျင်ဒဏ် အတွက် အလှူငွေများ ပေးအပ်လှူဒါန်းတဲ့ အခမ်းအနား)

ဆရာတော်ကြီးရဲ့တရားတော်များကိုလည်း အစဉ်အမြဲ နာကြား မှတ်သားထားခဲ့ပါသည်။ ဆရာတော်ကြီးရဲ့ ဟောပြသွန်သင်ချက်ထဲက နောင်လာနောင်သားများအတွက်ကော ခုလက်ရှိဘာသာဝင်တွေပါ လေ့လာသိမှတ်ပြင်ဆင်စရာများကို တပည့်တော် သိသလောက် ပြန်လည်း မျှဝေပါရစေ။ ငယ်ငယ်တုန်းကတော့ ဗုဒ္ဓဘာသာဆိုတာ ဘာမှန်းမသိခဲ့ပါဘူး။ မိဘက ဗုဒ္ဓဘာသာမို့
ဗုဒ္ဓဘာသာဖြစ်နေခဲ့မိပါတယ်။ နောက်စာပေဗဟုသုတ လေ့လာလိုက်စားခဲ့မှသာ သိစရာ
မြင်စရာ လေ့လာစရာ လိုက်နာစရာများ တွေ့ရှိမှတ်သားလာရပါတယ်။ စိတ်ဝယ်မှတ်မိနေတာကတော့
နယူးဒေလီမြို့မှာ သီတဂူဆရာတော်ကြီး၏ တစ်ခုသော တရားပွဲမှာ မေးတဲ့
မေးခွန်းကို ဆရာတော်ကြီးက ပြန်လည်ဖြေကြားခဲ့မှသာ ဗုဒ္ဓဘာသာကို ရှင်းရှင်းလင်းလင်း သိမြင်ခဲ့ပါတယ်။
အဲဒီထဲကမှ အနည်းငယ် ကောက်နုတ်တင်ပြချင်ပါတယ်။ မေးခွန်းကတော့ ဗုဒ္ဓဝါဒသည်
Religion လား ဆိုတဲ့မေးခွန်းလေးပါပဲ။ အဲဒီမှာ ဆရာတော်ကြီး ပြန်လည်ဖြေကြားခဲ့တာကတော့
ဗုဒ္ဓဝါဒသည် ဘာကို အခြေခံသလဲ ယနေ့ ကမ္ဘာလောကမှာ Religion ဆိုတဲ့စကားကို လူတိုင်းသုံးစွဲပြောဆိုနေကြပါတယ်။ သူတို့ပြောဆိုနေကြတဲ့ အဓိပ္ပာယ်က လူသားတွေ ကိုးကွယ်တဲ့ ဘာသာတရား အားလုံးဟာ Religion လို့ ဆိုနေကြတာပါ။

အများပြောကြတဲ့အတိုင်းဆိုလျှင် ဗုဒ္ဓဝါဒလည်း Religion အထဲ ပါဝင်နေပါလိမ့်မယ်။ ဗုဒ္ဓဝါဒ Religion မဟုတ်ဘူးလို့ ဆိုချင်ပါတယ်။ ပြီးတော့ ယုံကြည်မှု၊ မျှော်လင့်တောင့်တမှုထားပြီး ကိုးကွယ်နေရတဲ့ စနစ်မျိုးလည်း မဟုတ်ဘူးလို့ ဆိုချင်ပါတယ်။ ဗုဒ္ဓဝါဒသည် တစ်စုံတစ်ယောက်သော တန်ခိုးရှင်ကို မျက်စိမှိတ်ယုံကြည်ပြီး မှီခိုနေရတဲ့ဝါဒမျိုးလည်း မဟုတ်ပါဘူး။

အသိဉာဏ်နှင့် အကျင့်မပါဘဲ ယုံကြည်မှု(သဒ္ဓါ)မျိုးကို ဗုဒ္ဓဝါဒက လက်မခံလိုပါဘူး။ ယုံကြည်မှု(သဒ္ဓါ)ဆိုတာဟာ အသိဉာဏ်ပေါ်မှာ အခြေခံရပါတယ်။ အသိဉာဏ်ပေါ်မှာ အခြေခံမှ ယုံကြည်မှု (သဒ္ဓါ)ဟာ အကျင့်တရားပါတယ်။ အကျင့်တရားပါမှ ချမ်းသာစစ် ချမ်းသာမှန်ကို ရနိုင်ပါတယ်။ ဗုဒ္ဓရဲ့အဆင်းတော်၊ အသံတော်၊ ဘုန်းတော်၊ တန်ခိုးတော်၊ ဉာဏ်တော်တွေကို အလွန်အမင်းကြည်ညိုပြီး ဗုဒ္ဓအနားမှ မခွာနိုင်အောင် ဖြစ်နေတဲ့ ဝက္ကလိရဟန်းတော်ကို ဗုဒ္ဓက- “အို ဝက္ကလိ၊ ငါ၏ ပူတိကာယ (အပုပ်ပြည့်နေတဲ့ ကိုယ်ကြီး)ကို ကြည်ညို၍ နေခြင်းဟာ ဘာအကျိုးရှိမည်နည်း၊ သွားလော့၊ ကျင့်လော့” ဟု နှင်ထုတ်ခဲ့ဖူးပါတယ်။ ဝက္ကလိရဟန်းကို နှင်ထုတ်တာဟာ သဒ္ဓါသာရှိပြီး ပညာနှင့်အကျင့်ကို အသုံးမချလို့ ဖြစ်ပါတယ်တဲ့။ ဗုဒ္ဓလက်ခံခဲ့တဲ့ ယုံကြည်ကိုးကွယ်မှု ဗုဒ္ဓရှင်တော်ကလည်း မိမိရဲ့သာဝကတွေကို မိမိကျင့်သလို ကျင့်စေချင်တယ်။ မိမိကို အတုယူစေချင်တယ်။ ဗုဒ္ဓရဲ့ ပုံတော်ရှေ့မှောက်မှာထိုင်၍ ဗုဒ္ဓကို အာရုံပြုပြီး ပူဇော်လိုက်တဲ့အခါ ဗုဒ္ဓနဲ့အတူ နေရတယ်လို့ စိတ်မှာ ဝင်စားလာတတ်ပါတယ်။ ဗုဒ္ဓနဲ့အတူတူနေရတဲ့ ပုဂ္ဂိုလ်ဟာ မကောင်းသော အကျင့်တွေကို ကျင့်လို့ ဘယ်ဖြစ်တော့မလဲ။ တဖြည်းဖြည်း ဗုဒ္ဓဓာတ်ကူးလာနိုင်ပါတယ်။ ဒါကြောင့် ဗုဒ္ဓကလည်း ပညာဉာဏ်ကို အရင်းခံသော ယုံကြည်မှုဖြင့် ကိုးကွယ်ဆည်းကပ်သည်ကို လက်ခံပါတယ်။ ဗုဒ္ဓဘာသာဝင်တွေကလည်း ဒီရည်ရွယ်ချက်ဖြင့် ဗုဒ္ဓပုံတော်ကို ကိုးကွယ်ကြခြင်း ဖြစ်ပါတယ်။ ညောင်ပင်ဟာ ဗောဓိဉာဏ်ရဲ့ အထိမ်းအမှတ်တစ်ခု ဖြစ်ပါတယ်။ ဒီညောင်ပင်မှာ ဗောဓိဉာဏ်ရလို့ ဒီညောင်ပင်ကို “ဗောဓိပင်” လို့ ခေါ်ကြပါတယ်။

ဗုဒ္ဓဘာသာရဲ့ ပဓာနလုပ်ငန်းတစ်ခု

ရုပ်တု၊ ဆင်းတု၊ ညောင်ပင် စသည်ကို ပူဇော်ခြင်းတွေဟာ ဗုဒ္ဓဘာသာမှာ အရေးကြီးတဲ့အချက်တွေတော့ မဟုတ်ပါဘူး။ အဓိက ပဓာနလုပ်ငန်းများလည်း မဟုတ်ပါဘူး။ သို့သော် သမာဓိကောင်းစွာ ရရှိနိုင်တဲ့အတွက် လုပ်ထိုက်သော လုပ်ငန်းတစ်ရပ်ဖြစ်ပါတယ်။ ဒါကြောင့် အသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်များဟာ အတုမဲ့မဟာပုရိသဖြစ်တော်မူတဲ့ ဗုဒ္ဓရဲ့ပုံတော်ကို သူတို့စိတ်ထဲမှာ ထင်ထင်ရှားရှား ထည့်သွင်းထားပြီး ဗောဓိဓာတ်ကိုရအောင် ယူကြတယ်။ စိတ်ကြည်လင်မှု၊ ချမ်းသာမှုကို ရှာဖွေကြတယ်။
သို့သော် ဗုဒ္ဓဘာသာဝင်တွေက ကျေးဇူးတော်ရှင်မြတ်ဗုဒ္ဓကို ရှိခိုးပူဇော်ကြခြင်းထက် မြတ်ဗုဒ္ဓကဲ့သို့ သစ္စာတရားတို့ကိုသိအောင် အားထုတ်ခြင်း၊ သိက္ခာသုံးပါး၊ မဂ္ဂင်ရှစ်ပါး၊ ပါရမီဆယ်ပါးတို့ကို အားထုတ်ခြင်းသာလျှင် ပိုမြတ်ပါတယ်။ ဗုဒ္ဓကလည်း တပည့်သာဝကတို့ရဲ့ ပူဇော်ခြင်းထက် မိမိကျင့်သလို အကျင့်မြတ်တွေ ကျင့်ကြံလိုက်နာခြင်းကိုသာ မျှော်လင့်ပါတယ်။ ကျင့်ဖို့ချည်း တိုက်တွန်းနှိုးဆော်ပါတယ်။

ဗုဒ္ဓဘာသာသည်
ဗုဒ္ဓဘာသာသည် ဘာသာအားလုံးတို့ရဲ့ဘာသာ အကယ်၍ ဗုဒ္ဓဝါဒကို Religion လို့ဆိုရင်တော့ အခြား အခြားသော Religion မျိုးမဟုတ်ပါဘူးလို့ ဆိုချင်ပါတယ်။

Buddhist Religion သည် (၁) အလွန်လေးနက်သော ဘဝအမြင်ကို ကောင်းစွာ သင်ပြပေးသော Religion တစ်ခုဖြစ်ပါတယ်(၂) ထိုလေးနက်သော ဘဝအမြင်ကို အခြေခံ၍ ဘဝလွတ်မြောက်ရေးအတွက် ကိုယ်တိုင်ကြိုးစားအားထုတ်ဖို့ လမ်းညွှန်ပေးသော Religion တစ်ခုလည်း ဖြစ်ပါတယ်။ (၃) ကိုယ်တိုင် ပိုင်ပိုင် အသိဉာဏ်ဖြင့် အားထုတ်သည့် အလျောက် အသိဉာဏ်များ တောက်ပြောင်ပွင့်လင်းလာအောင် သင်ပြပေးသော Religion လည်း ဖြစ်ပါတယ်။ (၄) လူသားတို့ရဲ့ တန်ခိုးထက်လှစွာသော စိတ်၊ စေတသိက်ကို စနစ်တကျ အသုံးချခွင့်ပေးသော Religion လည်း ဖြစ်ပါတယ်။ (၅) ဘဝနှင့် သေမင်းကို ရင်မဆိုင်ရဲသော သတ္တဝါတို့အား ရဲရဲရင့်ရင့် တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ရဲအောင် သင်ပြပေးသော Religion လည်း ဖြစ်ပါတယ်။
ဗုဒ္ဓဝါဒသည် ဘဝဒုက္ခအားလုံးတို့ကို ပယ်ဖျောက်ပစ်ဖို့၊ ဘဝဒုက္ခမှ လွတ်မြောက်ဖို့ ကျင့်ရမည့်၊ အားထုတ်ရမည့် စနစ်ကျသော ကျင့်စဉ်တစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓဝါဒကို Religion လို့ဆိုရင်တော့ Religion of all religions လို့ ဆိုချင်ပါတော့တယ်လို့ ဟောပြ ညွှန်ကြားဆုံးမတော်မူခဲ့ပါတယ်အရှင်ဘုရား။
တကယ်လည်း လိုက်နာမှတ်သား ကျင့်ကြံနေထိုင်သွားနိုင်ဖို့ ကြိုးစားနေပါတယ်။ နောက် ဆရာတော်ဘုရားကြီး ဆုပေးတာလေးတစ်ခုလည်း ရှိသေးတယ်…

“တရားကျင့်မူ ခပ်သိမ်းသူ သီတဂူသို့ အေးပါစေ”
ဆိုတဲ့ စကားလေးတစ်ခွန်းကတော့ နားမှာ အမြဲ ပဲ့တင်ထပ်နေမိပါတော့တယ်။ ဆရာတော်ကြီး ဆုံးမစာတွေကတော့ ရေးရမယ်ဆိုရင် ရေးမကုန်နိုင်အောင် များပြားလှသလို လိုက်နာကျင့်ကြံစရာ နည်းနာကောင်းတွေပါပဲ။ ဗုဒ္ဓရဲ့ အဆုံးအမနဲ့လည်း ကိုက်ညီလှပါတယ်။ ဘယ်အရာမဆို ကိုယ်ကိုယ်တိုင် ကျင့်ကြံအားထုတ်မှ မြတ်နိဗ္ဗာန်ကို တက်လှမ်းနိုင်မယ်လို့ တပည့်တော် ယုံကြည်နေမိပါတယ်ဘုရား… ဒီစာစုလေးဖြင့် သီတဂူဆရာတော်ကြီးရဲ့ သက်တော် ၇၅ နှစ်ပြည့်ကို ပူဇော်ကန်တော့လိုက်ရပါသည်ဘုရား….

၁၇.၁.၂၀၁၂ ရက်နေ့ ည ၁ဝ နာရီ ၂ဝ မိနစ်တွင် မနောဖြူလေးခံစားရေးဖွဲ့သီကုံးသည်။

One comment

  • snow white

    February 28, 2012 at 7:45 pm

    ဘုန်းဘုန်းအသက်၇၅ပြည့်မွေးနေ့ မှသည်နောက်နှစ်ပေါင်းများစွာ အသက်ရှည်ကျန်းမာပြီး တကာတကာမတွေနဲ့အတူဘုရားအရိပ်တရားအရိပ်မှာအေးချမ်းစွာနဲ့ တရားချနိုင်ပါစေ……………………………….

Leave a Reply