မြန်မာပြည်မှာ ဘယ်တော့မှမမေ့တော့မယ့် နာဂစ်လို့ခေါ်တဲ့မုန်တိုင်းကြီး ပြီးသွားတဲ့အချိန်…

နိုင်ငံထဲရောက်နှင့်ပြီးသား နိုင်ငံတကာကူညီသူအဖွဲ့တွေက Delta လို့ခေါ်တဲ့ မြစ်ဝကျွန်းပေါ်ဒေသကို အပြေးသွားပြီး ကူညီခဲ့ကြတယ်…နိုင်ငံတကာမှ ၀န်ထမ်းတွေရော၊ မြန်မာနိုင်ငံသားဝန်ထမ်းများပါပေါ့..

လူအား၊ ငွေအား၊ စေတနာအားနဲ့ ကူညီခဲ့ကြကြောင်း မှတ်တမ်းတင်အပ်ပါတယ်…

(အဲဒီလိုကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်နေစဉ်အတွင်း ကွယ်လွန်သွားကြသော ခင်မင်သော၊ မခင်မင်သော လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းများအားလုံးအတွက် ဒီစာကို အမှတ်တရရေးလိုက်ပါတယ်)

ကျွန်တော်တို့လို နည်းပညာအထောက်အကူပေးတဲ့ သူတွေကတော့ ရှေ့တန်းမှာ မပါဝင်ခဲ့ပေမယ့်…

နောက်တန်းကနေ ရှေ့တန်းရောက်သူတို့ ချောမွေ့အဆင်ပြေအောင် ကျရာနေရာမှာကြိုးစားခဲ့ကြရပါတယ်…

ကျွန်တော် လပ္ပတာမြို့ကို နာဂစ်အပြီး လေးလလောက်မှာ ဆက်သွယ်ရေးရရှိဖို့အတွက် ယုံယုံကြည်ကြည် တာဝန်လွှဲအပ်ခြင်းခံလို့ရတော့ စီစဉ်စရာရှိတာတွေ တစ်ပတ်အတွင်း အသေးစိတ်စီစဉ်ပြီး… Assistant တစ်ယောက်နဲ့အတူ ခရီးထွက်ဖို့ပြင်ဆင်ရပါတယ်…

ကျွန်တော်သွားရမယ့် လပ္ပတာကို ရန်ကုန်ကနေ ကားနဲ့သွားရင် တစ်ညအိပ် (၁၀)နာရီခန့်ကားမောင်းရမှာမို့…

WFP က ဟယ်လီကော်ပတာနဲ့သွားဖို့ ကျွန်တော်စီစဉ်ပါတယ်… Chopper မစီးစဖူးစီးချင်တာလဲပါတာပေါ့..

မိနစ် (၃၀)လောက်စီးရင်ရောက်သွားမှာဖြစ်လို့…လူလဲသက်သာ…အတွေ့အကြုံလဲရပေါ့…

အဲဒီလိုနဲ့ သွားရမယ့်နေ့  မနက် ၅နာရီခွဲမှာ လာကြိုတဲ့ကားနဲ့ နေအိမ်ကနေ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ထွက်ခွာလာခဲ့ပြီး…

WFP က Chopper ကောင်တာမှာ Check In လုပ်ပါတယ်…

သူငယ်ချင်းတွေက Chopper နဲ့ လေယာဉ်ပျံ ဘာကွာသလဲလို့မေးပါတယ်…

ကွာပါတယ်…တော်တော်ကွာပါတယ်….

Chopper တို့ထုံးစံအရ လေယာဉ်ပျံလို အင်ဂျင်နဲ့ နောက်ကိုတွန်းသွားတာမဟုတ်ပဲ…အပေါ်က ပန်ကာနဲ့

တွန်းတာဖြစ်တဲ့အတွက်…ရှေ့ကို နဲနဲငိုက်ပြီး ပျံသန်းပါတယ်… စိုက်စိုက်…စိုက်စိုက်ကြီးသွားတာပါ…

နောက်တစ်ခုက လေယာဉ်ပျံမှာ အတောင် (၂)ဖက်ပါပါတယ်…Chopper မှာမပါပါဘူး…

လေယာဉ်ပျံက အင်ဂျင်ရပ်သွားရင်တောင် လေထဲမှာ ထိုက်သင့်သလောက် ၀ဲသွားနိုင်ပြီး…

Chopper ကတော့ ဂဲလုံးတစ်လုံးပစ်ချသလို…၀ှီး…ဆိုပြုတ်ကျသွားမှာဖြစ်ပါတယ်…

Check In Counter မှာ လေကြောင်းလိုင်းတွေလို မျက်နှာချိုချိုနဲ့ အလှအပလေးတွေမရှိပဲ၊ ဖော်ရွေတတ်တဲ့ လူငယ်လေးတွေပဲရှိနေတာရယ်…

Chopper ပေါ်မှာ လေယာဉ်မယ်မတွေ့ရပဲ…ပြင်သစ်သံဝဲပြီး…သူပြောတာ ဘာမှကျွန်တော်နားမလည်တဲ့ ပြင်သစ်က Chopper မောင်တစ်ယောက်ပါပါတယ်…

Chopper မတက်ခင် သူအမြဲရှင်းပြပါတယ်…တစ်ခါမှ ကျွန်တော်နားမလည်ပါ…

အခေါက်(၂၀)ကျော်သူနဲ့ ခရီးသွားခဲ့ပါတယ်…WFP နောက်ဆုံးတစ်ခေါက် ပျံတဲ့ခရီးမှာကျမှ မျက်ရည်ဝဲ၀ဲလေးနဲ့ မုတ်ဆိတ်မွှေးတွေကြားကနေ “If we have a chance we will see together again” လို့ပြောသွားခဲ့တာလေး ကိုပဲ ကျွန်တော်သေချာနားလည်ခဲ့ပါတယ်…ပြန်တွေ့ကြဦးမယ်ပေါ့ သူငယ်ချင်းကြီးရယ်…

Chopper စီးရင် အပေါ်မှာ ငြိမ်ငြိမ်နေပေးရပါတယ်… အရွယ်သေးလို့ လူတွေမငြိမ်ရင်မောင်းသူမှာ ပြသနာရှိပါတယ်တဲ့…

လေယာဉ်ပျံပေါ်မှာ ဆူတယ်ဆိုတာ Chopper ကိုမမီပါဘူးကွယ်…

စကားပြောရင် အော်ပြောရုံမက…နားအူလွန်းလို့ နားကြပ်ထပ်ထားရပါတယ်…

လေယာဉ်ပျံလို Oxygen Generator မပါတဲ့အတွက် Oxygen ပြန်မပေးနိုင်လို့ တံခါးဖွင့်စီးခွင့်ပေးထားပါတယ်…

အပြင်က လေဖိအားနဲ့ အတွင်းလေဖိအားမတူတဲ့အတွက် စီးရတာ သက်တောင့်သက်သာမရှိပါဘူး…

အဲဒီအတွက်ကြောင့် ပေ (၆၀၀၀)ထက်ပိုမမောင်းဘူးလို့ပါ သိရပါတယ်…

သတိထားမိတာက ရှုးရှုးအရမ်းပေါက်ချင်စိတ်ဖြစ်လာတာပါ…ဖိအားတွေကွာလို့ထင်ပါ့…

ကြောက်လို့လဲဖြစ်နိုင်တာပဲလေ…

နောက်ဆုံးတစ်ခုက Chopper စီးလို့ လေယာဉ်ပျံမှာလို ဘာမုန့်မှမကျွေးတာပါ…ဟီးဟီး

အရင်ဆုံး ကျွန်တော့ထုံးစံလွဲနေကျအတိုင်း…စလွဲပါတယ်…

ကျွန်တော် ပထမဆုံး Chopper နဲ့သွားတဲ့ခရီးစဉ်လဲဖြစ်တော့…နဲနဲတော့ လန့်နေတာပေါ့ဗျာ…

Check In လုပ်ပြီးတော့ ကောင်တာကကောင်လေးရဲ့ ပြုံးပြုံးလေးနဲ့ “Good Luck” အစ်ကိုဆိုတဲ့ နှုတ်ဆက်သံကြီးကလဲ ရင်ကိုများပိုလေးစေသလားကွယ်…

လေဆိပ်ထဲကို ၀င်ပါတယ်…မနက်စောတော့ လူသိပ်မရှိပါဘူး…ကျွန်တော်လဲ ဘယ်သွားရမှန်းမသိတာနဲ့တွေ့တဲ့ အပေါက်ကနေ အပြင်ကိုထွက်ကြည့်လိုက်တဲ့အချိန်မှာ မြန်မာ့လေကြောင်းကားကြီးတွေ့ပါတယ်…

ကားမောင်းတဲ့ဆရာကြီးကလဲ  အလိုက်တသိမေးပါတယ်…ဘယ်သွားမှာလဲတဲ့…

ကျွန်တော်လဲ ဟန်ပါပါ Chopper ဆီကိုလို့ပြောလဲပြောလိုက်ရော တက်ဆိုပြီးတော့ လိုက်ပို့ပါတယ်…

Chopper နားရောက်တော့ ကျွန်တော်ရယ်… ကျွန်တော့် Assistant ကောင်လေးရယ်… (၂)ယောက်ထည်း..

ဝမ်းပန်းတစ်သာနဲ့ ဓာတ်ပုံတွေရိုက်ပါတယ်…Chopper ကြီးနဲ့ တွဲလို့ပေါ့…

ခဏနေတော့ လူ (၁၀)ယောက်လောက် ၀ိုင်းလာပြီး ကျွန်တော်တို့ကို လာခေါ်ပြီး အစောင့်အကြပ်နဲ့ လေဆိပ်ထဲပြန်ပို့ပါတယ်…

ကျွန်တော် Boarding Pass မဖြတ်ပဲ လေယာဉ်ကွင်းထဲရောက်သွားလို့တဲ့…

နောက်ပြီး Air Bagan Hunger ကိုနောက်ခံထားပြီး တပ်မတော်လေတပ်စခန်းကြီးနဲ့တွဲလို့ ဓာတ်ပုံတွေရိုက်တာ ကံကောင်းလို့ အဖမ်းမခံရတာ…

အဲလိုနဲ့ တိုတိုပြောရရင် လပ္ပတာရောက်သွားတယ်ဆိုပါတော့….

မိုးတွေကလဲရွာ…Weather မကောင်းလို့ဆိုပြီး…လေထဲမှာ ပတ်နေပါတယ်…မိနစ်(၂၀)နီးနီးအပေါ်ကနေ ကြည့်ရင် အောက်ကို မမြင်ရပါဘူး…GPS မှာသာတွေ့နေရတာပါ…နောက်ဆုံး မိုးလဲနဲနဲတိတ်သွားတော့မှ

ဆင်းရမယ့်ကွင်းကို မြင်ရပါတယ် …Chopper ကွင်းက ရေ၀င်နေပြီး ဗွက်တွေနဲ့ဖြစ်နေလို့ Chopper ဘီးချလို့ မရပါဘူး… မြေအရမ်းပျော့နေလို့ပါ…

အဲဒါနဲ့ Chopper က နောက်တံခါးဖွင့်ပြီး ကျွန်တော်တို့သယ်လာသမျှကို ပိုက်ထဲမှာထည့်ပြီး ကြိုးနဲ့အောက်ကို အရင်ချပေးပါတယ်…

ပြီးတော့ မြေပြင်အထက် (၇)ပေလောက် လေထဲမှာ Hover လုပ်ပြီး…(ငြိမ်နေအောင်ရပ်ပေးခြင်း) ကျွန်တော်တို့ ကို ခုန်ချစေပါတယ်…

ကျွန်တော်လဲ ၀က်ဖြစ်မှတော့…ထမင်းကြမ်းခဲကြောက်နေလို့မဖြစ်ဘူးဆိုပြီး…ကြောက်ကြောက်နဲ့ ခုန်ချတာ…

ရွံ့ဗွက်ထဲကို တန်းနေတာပဲ… ကိုယ်တိုင် ရွံ့လူးပြီးတော့ အားမရသေးဘူး…

Chopper ကြီးကို လည်ပြန်လှည့်ကြည့်မိတာပေါ့…ဒါမျိုးအခွင့်အရေးကရခဲတယ်လေ..

အပေါ်က ပြင်သစ်ကောင်က နားမလည်တဲ့စကားတွေနဲ့ ကျွန်တော့ကို လက်ရမ်းပြပါတယ်…

ကျွန်တော်လဲ နှုတ်ဆက်တယ်ထင်ပြီး လက်ပြန်အပြ Chopper ကြီးကလဲ စက်ရှိန်မြှင့်ပြီး ပြန်အတက်…

အလားလား….ရွံ့တွေရော…ဗွက်တွေရော…ရေပုပ်တွေရော…သဲတွေရော…ကျွန်တော့အပေါ်ကိုပြေးလာပြီး နှုတ်ဆက်လိုက်ကြတာဗျာ…လူလဲ ကျွဲလိုလိုဖြစ်သွားတော့တယ်…

နောက်အခေါက်တွေများဆို ဒင်းကိုလှည့်မကြည့်ပဲ တန်းနေအောင်ပြေးပါတော့တယ်…

နီးရာ အိမ်တွေက သနားလို့ ရေခေါ်ချိုးခိုင်းတော့ ကိုယ်တိုက်ဆပ်ပြာမွှေးနဲ့ မတိုးလို့… အီလန်အ၀တ်လျော်ဆပ်ပြာ တိုက်ပြီး ရေချိုးခဲ့ရပါတော့တယ်…လူလဲ ငါးပြေမလို ဒိုက်စော်နံနံနဲ့ လပ္ပတာမှာ (၂)ညအိပ်နေခဲ့ရကြောင်း အမှတ်တရ…ရေးသားလိုက်ရပါတယ်…

 

နာဂစ်ပြန်လည်ထူထောင်ရေးအမှတ်တရ

ကြောင်ဝတုတ်

ရန်ကုန်၊ နာဂစ်အလွန် (၃)နှစ်ကျော်

About ကြောင်ဝတုတ်

ကြောင်ဝတုတ် has written 104 post in this Website..

တစ်ခါတစ်လေ... လောကကြီးအား ပြောင်းပြန်ကြည့်တတ်ပေသည်...