` တောင်ငူမြို့မှ စာပေဟောပြောပွဲ ဂယက် အင်တာဗျူး´

winkyawaungFebruary 10, 20121min531

` တောင်ငူမြို့မှ စာပေဟောပြောပွဲ ဂယက် အင်တာဗျူး´

စာရေးသူ ၂၀၁၂ ခုနှစ် ဇန်နဝါရီ(၂၆)ရက်နေ့တွင် စာရေးဆရာ အေးရွှေ(ကေတုမတီ) မှ တောင်ငူစာပေဟောပြောပွဲသို့ လာရောက်သတင်းယူရန် ဖိတ်ကြားပါသည်။ ထို့ကြောင့် မကွေးမြို့ သင်ကြားရေးဆေးရုံအုပ်ကြီးဖြစ်သူ ဒေါက်တာမြသောင်း (ခ) ကဗျာဆရာ သောင်းကေတု ၏ ကားကြုံဖြင့် တောင်ငူမြို့သို့ လိုက်ခဲ့ပါသည်။ (၂၆)ရက်နေ့ ည(၇)နာရီတွင် တောင်ငူမြို့သို့ ရောက်ပါသည်။ တောင်ငူစာပေဟောပြောပွဲမှာ (၂၆-၁-၂၀၁၂) နေ့ ညတွင် စတင်ကျင်းပရန် မူလက စီစဉ်ထားပါသည်။ သို့သော်လည်း ယင်းညမှာ စာပေဟောပြောပွဲကျင်းပရာ မိုင်နာဘောလုံးကွင်းထဲမှာ တရားပွဲ ရှိနေ၍ စာပေဟောပြောပွဲအား တစ်ရက်နောက်သို့ ဆုတ်ပေးလိုက်ရကြောင်း ကြားသိရပါ၏။
စာပေဟောပြောပွဲများကို (၂၇) ရက်နေ့မှ (၃၁-၁-၂၀၁၂) နေ့ အထိ (၅)ရက် ၊ (၅)ည ကျင်းပမှာ သိရပါ၏။ တစ်ညမှာ စာရေးဆရာ နှစ်ဦး ဟောပြောကြဖို့ စီစဉ်ထားပါသည်။

၂၇-၁-၂၀၁၂ နေ့ညမှာ ဆရာမောင်သာချို နှင့် ဆရာဖေမြင့် တို့ နှစ်ဦး စတင်ဟောပြောကြပါသည်။ ၂၈-၁-၂၀၁၂ နေ့ည မှာ စာရေးဆရာ ချစ်စရာ နှင့် ဦးဘုန်း(ဓာတု) တို့ စာရေးဆရာနှစ်ဦးဟောပြောကြပါမည်။ ၂၉-၁-၂၀၁၂ နေ့ညမှာ စာရေးဆရာ ကျော်ရင်မြင့် နှင့် ကာတွန်းဆရာ အော်ပီကျယ် တို့ ဟောမည်။ ၃၀-၁-၂၀၁၂ နေ့ညမှာ အကယ်ဒမီ(ဇာတ်ညွှန်း) ငြိမ်းမင်း နှင့် စာရေးဆရာ ကြည်မင်း(ခ) ကျော်ဇောမင်း တို့ ဟောကြမည်။ ၃၁-၁-၂၀၁၂ နေ့ညမှာ စာရေးဆရာ ဟိန်းလတ် နှင့် စာရေးဆရာမ သန်းမြင့်အောင်တို့ ဟောပြောကြမည် ဖြစ်ကြောင်း သတင်းရရှိခဲ့ပါသည်။ ယင်းစာပေဟောပြောပွဲတွင် ရန်ကုန်၊ စာပေတိုက်များမှ ဈေးရောင်းပွဲတော်သို့ လာရောက်ကြပါသည်။ တောင်ငူမြို့ ကာတွန်းဆရာများကြီးမှူးကျင်းပ သော ကားတွန်းပြပွဲ ပြိုင်ပွဲများကိုလည်း ခင်းကျင်းပြသထားကြပါသည်။ စာပေဟောပြောပွဲ အား ဝိုင်းဝန်းကျင်းပ ဆောင်ရွက်နေကြသော ကာတွန်းဆရာများနှင့် သတင်းထောက် မောင်ဆွေ(တောင်ငူ) တို့မှာ (၂၇-၁-၂၀၁၂) နေ့ နံနက်ပိုင်းတွင် ချွေးတစ်လုံးလုံးဖြင့် လုပ်ကိုင်ဆောင်ရွက်နေကြ၏။ ထိုနေရာတွင် မောင်ဆွေ(တောင်ငူ) အား သွားရောက်တွေ့ဆုံပြီး အင်တာနက်ဝက်ဆိုက်(မန္တလေးဂေဇက်) မှာ ဖော်ပြထားသော တောင်ငူစာပေဟောပြောပွဲ ဂယက်ကို မေးမြန်းခဲ့ပါ၏။

မေး။ ။ သတင်းထောက် မောင်ဆွေ(တောင်ငူ) ခင်ဗျား ယခု တောင်ငူမြို့မှာ (၂၇-၁-၂၀၁၂) နေ့မှ စပြီး (၃၁-၁-၂၀၁၂) နေ့အထိ (၅) ရက် (၅) ည တိတိ ကျင်းပဖြစ်တဲ့ စာပေဟောပြော ဖြစ်ပေါ်လာပုံ နဲ့ မည်သူတွေ မည်သည့် အဖွဲ့အစည်းတွေက ကြီးမှုးကျင်းပကြပါသလဲ ဆိုတာလေးကို သိပါရစေ..။

ဖြေ ။ ။ ဟုတ်ကဲ့ ကျွန်တော်တို့ တောင်ငူမြို့မှာ ယခင်က စာပေဟောပြောပွဲများ ပြတ်သွားခဲ့တာ (၄-၅)နှစ်လောက် ကြာခဲ့ပါပြီ။ မနှစ်က ၂၀၁ဝ ခုနှစ် မှ စတင်ကျင်းပဖြစ်ခဲ့ပါတယ်။ မနှစ်က စပြီး စာပေဟောပြောပွဲလုပ်ဖြစ်ပုံက စပြောပါ့မယ်။ ကံ့ကော်ဝတ်ရည်စာပေ က မဝိုင်း(ဝိုင်းဝိုင်း) တို့က စာအုပ်ဈေးရောင်းပွဲတော် (၅)ရက်လောက် လုပ်ချင်ကြောင်း အဆက် အသွယ်လုပ်ပါတယ်။ ဒါနဲ့ တောင်ငူမြို့ မြို့ပေါ်မှ လုပ်ငန်းရှင်များနဲ့ဖြစ်ကြတဲ့ ဓါတ်ပုံ ကိုရဲထိုက်၊ ရှမ်းမလေး ရွှေမန်းသူကားဂိတ်လိုင်း၊ တော်ဝင်ထွန်း စတိုးဆိုင်ပိုင်ရှင် ဗိုလ်ကြီးသိန်းထိုက်အေး၊ အမေ့အိမ် ဟိုတယ်ပိုင်ရှင် ဦးမြင့်ညို တို့က မတည်ကူညီကြပါတယ်။ ဒါနဲ့ နာမည်ရ စာရေးဆရာတွေကို ဖိတ်ပြီး ကျွန်တော်တို့ တောင်ငူကာတွန်းဆရာ အဖွဲ့က ဦးဆောင်ပြီး ကျင်းပခဲ့ပါတယ်။ အဲ မနှစ်က စာပေဟောပြောပွဲပြီးကထဲက ယခုနှစ်ကြီးမှူး ကျင်းပတဲ့ ထာဝရ ဂရုဏာရှင်များ သွေးလှူအသင်းမှခေါင်းဆောင် ဦးနန္ဒ(ပြည်ခို်င်ဖြိုး အတွင်းရေးမှူး)က လာပြီး ကျွန်တော်တို့အဖွဲ့နဲ့ ကြိုတင်ပြောကြားထားတဲ့ စာပေဟောပြောပွဲပါ။

မေး။ ။ ဒီစာပေဟောပြောပွဲမှာ စာအုပ်ဈေးရောင်းပွဲတော်လည်းပါတယ် ဆိုတော့ လာရောက်ရောင်းချကြတဲ့ စာအုပ်ဆိုင်တွေဆီက အခ ကြေးငွေများကို ဘယ်လိုယူပါသလဲခင်ဗျာ..။

ဖြေ။ ။ ဘယ်သူကမှ မယူကြပါဘူး။ ဈေးရောင်းဖို့နေရာတွေကို အခမဲ့ပေးထားတာပါ။ တစ်ခုတော့ရှိတယ် မနှစ်ကတော့ သတိမထားမိပါဘူး။ ဒါပေမယ့် သူတို့က ပြန်ပြီး အလှူငွေထည့်ကြတာ၊ မထည့်တာကိုတော့ ကျွန်တော် သတိမထားမိပါဘူး။ များသောအားဖြင့်တော့ အလှူငွေထည့်ကြမှာပါ။ အလှူငွေ ထည့်ရမယ်လို့လည်း သတ်မှတ်မထားပါဘူး။ ဒီနှစ်လည်း အခမဲ့နေရာပေးပြီး ရောင်းချခိုင်းပါတယ်။

မေး။ ။ နောက် သိချင်တာတစ်ခုကတော့ လာရောက်ဟောပြောကြတဲ့ စာရေးဆရာတွေကို ရန်ကုန်(သို့မဟုတ်) မန္တလေးကနေပြီး သီးခြား ကားစင်းလုံးနဲ့ ကြိုပို့လုပ်ပေးရတာများ ရှိပါသလား။ စာရေးဆရာ တစ်ဦးကို ဘယ်လိုများ ကန်တော့ကြပါသလဲ သိပါရစေ။

ဖြေ။ ။ စာရေးဆရာတွေကို များသောအားဖြင့်တော့ မီးရထား (သို့မဟုတ်) ခရီးသည် အမြန်ယာဉ်လိုင်းကားတွေ နဲ့သာ အသွား အပြန် ခရီးများကို စီစဉ်ပေးကြရပါတယ်။ စာရေးဆရာ တစ်ဦးကို ငွေသား တစ်သိန်းကျပ်နဲ့ လက်ဆောင်ပစ္စည်းများ ပေးပြီး ကန်တော့ကြပါတယ်။ အသွား အပြန်ခရီးစရိတ် ကုန်ကျငွေများကိုလည်း ကျခံပေးပါတယ်ခင်ဗျား။

မေး။ ။ ယခုပြုလုပ်တဲ့ တောင်ငူစာပေဟောပြောပွဲက ကြံ့ခိုင်ဖွံ့ဖြိုးရေး မှ ထာဝရ ဂရုဏာရှင်များ သွေးလှူရှင်အသင်းက ဦးဆောင်လုပ်တာလို့ သိရပါတယ်။ ဒါကြောင့် အင်တာနက်သတင်း(မန္တလေးဂေဇက် ဝက်ဆိုက်)မှာ မကြေလည်ကြတဲ့ သတင်းအမျိုးမျိုးတွေကို ဖတ်ရပါတယ်။ သတင်း တစ်ခုမှာ ဆိုရင် ဆရာမောင်ဝံသ ဟာ` ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ကျင်းပလို့ မလာတော့ပါ´ လို့ ဖတ်ရပါတယ်။ အဲဒီကိစ္စမှာ ဖိတ်ကြားသူ ဆရာ မောင်ဆွေ(တောင်ငူ) အနေနဲ့ သိပါသလား။ ဟုတ်ပါသလားခင်ဗျာ။ အဲဒီလို မကြေလည်ကြတဲ့ အထဲမှာ ဆရာ တို့ ကာတွန်းဆရာတွေလည်း ပါဝင်ကြပါသလား။

ဖြေ။ ။ ဒါကတော့ လူ့သဘာဝအတိုင်းပါဘဲ။ ကြိုက်တဲ့သူက ကြိုက်သလို ပြောကြသလို မကြိုက်တဲ့သူက မကြိုက်သလို ပြောကြတာပေါ့နော်။ ကျွန်တော်တို့သည် ကိုယ့်မြို့ ကိုယ့်ရွာမှာ အမှန်တကယ် အကျိုးရှိမယ်ဆိုရင် ဘယ်သူနဲ့ဘဲ လုပ်ရ လုပ်ရ အကူညီတောင်းလာခဲ့ရင် ယခုလို ဝိုင်းဝန်းပြီး လုပ်ဆောင်ပေးမှာပါ။ ဒီနေရာမှာ ကျွန်တော်ပြောလိုတာက ကြံ့ခိုင်ရေးပါတီကပဲ လုပ်လုပ် ဘယ်ပါတီကပဲ လုပ်လုပ် စာပေဟောပြောပွဲမှာ ဟောပြောကြမယ့် စာရေးဆရာတွေက အများပြည်သူတွေကိုသာ ဟောပြောကြမှာပါ။ အမှန်တကယ် ရရှိသွားမှာကလည်း ပြည်သူတွေနဲ့ ကျောင်းသူ ကျောင်းသားတွေပါဘဲ။ ယခုစာပေဟောပြောပွဲ ကို ဦးဆောင်ကျင်းပသူတွေကလည်း ကျွန်တော်တို့ကို ပြောထားပါတယ်။ ကျွန်တော်တို့ ဘာအရောင်အသွေးမှ မပါဝင်ပါဘူး။ စာရေးဆရာတွေလည်း(အိုးပင်းတိုက်) ကြိုက်တာကို လွတ်လွတ် လပ်လပ် ပြောဆိုနိုင်ကြပါတယ်။ စာပေဟောပြောပွဲ ဖြစ်မြောက်ရေးကသာ အဓိကပါ လို့ ကြိုတင်ပြောဆိုထားပါတယ်။ ကျွန်တော်တို့ ကြေကြေနပ်နပ် နဲ့ ဝိုင်းဝန်းဆောင်ရွက် ကြတာပါ။

နောက် အဲဒီကိစ္စကို ဆရာမောင်ဝံသ နဲ့ ကျနော် ဖုန်းဆက်ရပါတယ်။ `ကိုဆွေ တဲ့ အင်တာနက်မှာ ဖတ်ရလား။ အင်တာနက်ထဲမှာ(……..) ဒီလို ဒီလိုရေးထားပါတယ်။ကျွန်တော် အဲဒီလို သဘောမဟုတ်ပါဘူးတဲ့။ ကျွန်တော် ဟောင်ကောင်ကို (၂၆)ရက်နေ့မှာ အမှန်တကယ်သွားရပါ့မယ်။ ပြီးရင် မူလရည်ရွယ်ချက်က (၃၁)ရက်နေ့မှ ပြန်ရောက်ပါ့မယ်။ ဒါပေမယ့် ယခုတော့ (၃၀)ရက်နေ့ ကျနော်ရန်ကုန်ကို ပြန်ရောက်လာပါ့မယ်။ ရန်ကုန်ကို ပြန်ရောက် ရောက်ချင်း (၃၀)ရက်နေ့မှာ အခြား စပွန်ဆာတွေရှိနေပါတယ်။ အဲဒီတော့ (၃၁)ရက်နေ့မှာ ကျနော့်ကို ဟောပြောစေချင်ရင်တော့ ကျနော် လာဟောပေး ပါ့မယ်တဲ့။´ဆိုတော့ ကျွန်တော်တို့က (၃၁)ရက်နေ့အထိ ရက်ရတာတော့မှန်တယ်။ သို့သော် ဆရာဟိန်းလတ် နဲ့ ဆရာမသန်းမြင့်အောင်က (၂၆-၁-၂၀၁၂)နေ့ညပွဲကနေ (၃၁-၁-၂၀၁၂) နေ့ ညပွဲကို ပြောင်းပေးထားရတာဆိုတော့ သူတို့ကို ထပ်ပြီးပြောင်းဖို့က မဖြစ်သင့်တော့ဘူးလေ..။ အဲဒီအတွက် ဆရာမောင်ဝံသ ကို ဖိတ်ချင်သော်လည်း၊ သုံးယောက်ပွဲကျတော့လဲ မကျင်းပနိုင်ကြပါဘူး။ အဲဒီအတွက် ဝမ်းနည်းစွာနဲ့ အဲဒီကိစ္စကို ပယ်လိုက်ရပါတယ်။ အင်တာနက်ကိစ္စကြောင့် ဆရာမောင်ဝံသ ပျက်တာ ပြောတာမဟုတ်ပါ။ သူကိုယ်တိုင် ဟောင်ကောင်ကို သွားရမှာ ဖြစ်လို့ ဖြစ်ပါကြောင်း ကျနော်နဲ့ ဆရာမောင်ဝံသ တို့ ဖိတ်ကြားပြောဆိုကြရတာပါ..။ဒါကတော့ နိုင်ငံခြားပွဲနဲ့ မြန်မာပြည်ပွဲဆိုတော့လည်း သူ့အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးမခံနိုင်ပါဘူး။ မြန်မာပြည်စာပေဟောပြောပွဲဆို တာက နောက်မှ ဟောလဲရမှာပါဘဲ။ နိုင်ငံခြားပွဲဆိုတာက စီစဉ်သူ ဖိတ်ကြားထားသူရှိနေတုန်းသာ သွားရတာလေ..။ ကျနော်ဆိုရင်လည်း နိုင်ငံခြားပွဲကိုသာ ဦးစားပေးပြီးသွားမှာပါဘဲ။ ဒီကိစ္စမှာ ဒါပါဘဲ ခင်ဗျာ..´ လို့ သတင်းထောက် မောင်ဆွေ(တောင်ငူ) မှ ပြောဆိုသွားပါသည်။

One comment

  • winkyawaung

    February 11, 2012 at 7:14 pm

    ကွန်နရှင် မကောင်း၍ သတင်းက နောက်ကျသွားပါတယ်။ စာပေဟောပြောပွဲ ဓာတ်ပုံများကို တင်မရလို့ပါဗျာ.. ခွင့်လွှတ်ပေးကြပါ။

Leave a Reply