ကြယ်ငါးပွင့် သင်္ဘောသား ထက်ဝက်နီးပါး နုတ်ထွက်

True FaithJune 4, 20101min610
မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလိုင်း အလံ
ဆလိုင်း ဟံသာစန်း | ကြာသပတေးနေ့၊ ဇွန်လ ဝ၃ ရက် ၂၀၁ဝ ခုနှစ် ၁၉ နာရီ ၅၄ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။      ။ စီးပွားရေး ဦးပိုင်လီမိတက် လက်အောက်သို့ ရောက်ရှိသွားသော ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းမှ ထက်ဝက်နီးပါးမျှဖြစ်သော သင်္ဘောသား ၅၅ဝ ခန့်သည် ယခုလ ၁ ရက်နေ့မှစတင်၍ အလုပ်ထွက်သွားကြပြီး လစာပိုမိုကောင်းမွန်သော နိုင်ငံခြားသင်္ဘောလိုင်းများတွင် အလုပ်ရှာကြမည်ဖြစ်သည်။

တပ်မတော် ဘဏ္ဍာရေးရှာဖွေမှုအတွက် ထူထောင်ထားသော ဦးပိုင်က ပြည်တွင်း၊ ပြည်ပ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး လုပ်ကိုင်နေသော ကြယ်ငါးပွင့်သင်္ဘောလိုင်းကို လွှဲယူအပြီး နှစ်လအကြာ သင်္ဘောသား ၁၂၂ရ ဦးအနက် အနည်းဆုံး ၅၅ဝ ဦး နုတ်ထွက်သွားကြသည်။

’’ဝန်ထမ်းဟောင်းတွေကို ဆန္ဒသဘောထား တောင်းခံပြီးတော့ ဆက်လုပ်မယ့်လူကို ဆက်ခန့်ပါတယ်။ ဆက်မလုပ်တဲ့လူကို ထွက်ခွင့်ပေးလိုက်ပါတယ်’’ ဟု ကြယ်ငါးပွင့် အဆင့်မြင့် အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

ယနေ့အထိ သင်္ဘောကုန်းပတ်ဌာနမှ ဝန်ထမ်း ၃၅ဝ နုတ်ထွက်သွားခဲ့ပြီး အင်ဂျင်ဌာနမှ ၂ဝဝ ဦး အလုပ်ထွက်သည်။

နုတ်ထွက်လိုကြောင်း ဆန္ဒပြုသည့် ဝန်ထမ်းများ၏ CDC (Continuous Discharge Certificate) များကို ရန်ကုန်တိုင်း ဒေါပုံမြို့ရှိ သင်္ဘောသား အလုပ်အကိုင် ကြီးကြပ်ရေးဌာန (SECD) သို့ ယနေ့တွင် အပြီးသတ် လွှဲပြောင်းမှုပြုလုပ်မည်ဟု သိရသည်။ CDC တွင် သင်္ဘောသားတဦး၏ သက်တမ်းတလျှောက် လုပ်ကိုင်ခဲ့သည့် သင်္ဘောအမျိုးအစား၊ လုပ်သက်အတွေ့အကြုံနှင့် ကပ္ပတိန်တို့၏ မှတ်ချက်များ ပါရှိသည်။

ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းသည် လက်ရှိအချိန်တွင် နိုင်ငံခြားသွား ကုန်တင်သင်္ဘော ၉ စီးနှင့် ကမ်းရိုးတန်းသွား သင်္ဘော ၁၆ စီး ပိုင်ဆိုင်သော်လည်း ၁၃ စီးသာ ပြေးဆွဲရန် စီစဉ်ထားသည်။

ဦးပိုင်အုပ်ချုပ်မှုအောက် ရောက်လာပြီးနောက် ဝန်ထမ်းများကို ထိန်းထားနိုင်ရေး ကြိုးပမ်းမှုအဖြစ် ကြယ်ငါးပွင့်က  သင်္ဘော အုပ်စု ၄ စုခွဲ၍ လစာတိုးမြှင့်ပေးရန် စီစဉ်လျက်ရှိသည့်ကြားကပင် နုတ်ထွက်ကြခြင်းလည်း ဖြစ်သည်။

အုပ်စု – ၁ တွင် နိုင်ငံခြား ခရီးဝေးသွား ကုန်တင်သင်္ဘောများဖြစ်သော ကိုကိုးကျွန်း၊ ကျောက်ဖြူ၊ ကျိုင်းတုံတို့ ပါရှိသည်။  အုပ်စု – ၂ တွင် နိုင်ငံခြား ခရီးတိုသွား သင်္ဘောများဖြစ်သော ထားဝယ်၊ မာန်အောင်၊ စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတို့ ပါဝင်သည်။ အုပ်စု – ၃ တွင် မော်လမြိုင်၊ စစ်တွေ၊ Ocean Brave တို့ ပါဝင်သည်။ အုပ်စု – ၄ တွင် ကမ်းရိုးတန်းသွား ပြည်တွင်းခရီးစဉ်သုံး မြစ်ကြီးနားနှင့် တောင်ကြီးတို့ ပါဝင်သည်။

အုပ်စု ၁ သင်္ဘော၌ အမြင့်ဆုံး ကပ္ပတိန်နှင့် Chief Engineer  တို့အား လစာငွေ အမေရိကန်ဒေါ်လာ ၅ဝဝဝ၊ အုပ်စု ၂ တွင်  ကန်ဒေါ်လာ ၄၇ဝဝ ၊ အုပ်စု ၃ တွင်  ကန်ဒေါ်လာ ၃၅ဝဝ နှင့် အုပ်စု ၄ တွင် မြန်မာကျပ်ငွေ ရ သိန်းခွဲပေးရန် လစာနှုန်းထားအသစ်ကို ဇွန် ၁ ရက်နေ့မှစတင်၍ သတ်မှတ်ထားသည်။

သို့သော် ယင်းလစာငွေနှုန်းသစ်သည်ပင် နိုင်ငံတကာ သင်္ဘောလိုင်းကြီးများနှင့် နှိုင်းယှဉ်ပါက နည်းပါးနေသေးသည်ဟု သင်္ဘောသားများက ပြောသည်။

နိုင်ငံပိုင် စီမံခန့်ခွဲမှုအောက်တွင် ရှိခဲ့စဉ်က ကာလကြာရှည်စွာ အရှုံးပေါ်ခဲ့ပြီး ဝန်ထမ်းများ ပိုလျှံနေခဲ့သလို မေလကတည်းက စတင်၍ လူသစ်စုဆောင်းမှုများ ပြုလုပ်ထားသဖြင့် ယခုကဲ့သို့ အစုလိုက် အပြုံလိုက် နုတ်ထွက်မှု ဖြစ်သော်လည်း မထိခိုက်ဟု ကုန်းပတ်ဌာနအရာရှိက ပြောသည်။

ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းသည် မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းအရှည် ၁၉၃ဝ ကီလိုမီတာ (၁၁၉၉ မိုင်) တွင် အနောက်ဘက် ရခိုင်ပြည်နယ်မှ တောင်ဘက် တနင်္သာရီတိုင်းအထိ ခရီးသည်နှင့် ကုန်ပစ္စည်း ပို့ဆောင်ခြင်း လုပ်ငန်းများကို တာဝန်ယူထားသည်။

ထို့ပြင် အရှေ့ဖျား ခရီးစဉ်အဖြစ် ဂျပန်၊ ဟောင်ကောင်၊ တရုတ်၊ တောင်ကိုရီးယား၊ အရှေ့တောင်အာရှ ခရီးစဉ်အဖြစ် မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် အနောက်ဘက် ခရီးစဉ်အဖြစ် အိနိ္ဒယ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ယူအေအီးနှင့် အရှေ့အလယ်ပိုင်းနိုင်ငံတို့ရှိ ဆိပ်ကမ်းများသို့ ကုန်စည်များ ပို့ဆောင်ပေးနေသည်။