ကျနော်ငယ်ငယ်က ဖွားဖွားကသီချင်းဆိုသိပ်လေ့ရှိပါသည်။

သူဆိုသော သီချင်းများစွာထဲက တပုဒ်တွင်

“ဘမော် ဘဦးတို့က ရှူပ်သနော်၊ ပုဒ်မ ပုဒ်ထီးတို့ကိုထုတ်ဖော်၊

တိုင်းသူပြည်သားတို့ရဲ့အပေါ်”  ဆိုတဲ့ စာသားပါလို့ မေးမိပါတယ်။

ဦးဘမော်ဆိုတာ အဓိပတိဘမော်လို့ခေါ်တဲ့ လွတ်လပ်ရေးမရခင် ၁၉၃၇

ခုနှစ်က ညွန့်ပေါင်းအစိုးရအဖွဲ့ရဲ့ နန်းရင်ဝန်(ခုခေတ် ဝန်ကြီးချုပ်)ပေါ့သားရဲ့။

ဂျပန့်ခေတ်မှာတော့ နိုင်ငံတော်အကြီးအကဲ-အဓိပတိဘမော်ဖြစ်လာတယ်။

ဦးဘဦးကတော့ ဆာဘဦး ဆိုတဲ့ ၁၉၅၂ ခုနှစ်က မြန်မာနိုင်ငံသမ္မတကြီးပေါ့။

အိမ်မှာ အဲဒီတုန်းက ဒေါက်တာဘဟန်ရဲ့ အင်္ဂလိပ်-မြန်မာ အဘိဓာန်စာအုပ်ကိုပြပြီး

သူက အဓိပတိဘမော်ရဲ့အကိုကြီးလေ လို့ပြောပါတယ်။

ကျနော်သူတို့အကြောင်းပြောပြချင်ပါတယ်။

ကောင်းခြင်းဆိုးခြင်းတွေ ရောနှောနေတဲ့ လူ့ဘဝ၊ အမှန်နဲ့အမှားဒွန်တွဲနေတတ်တဲ့ လူ့သဘာဝတွေ

ကို သူတို့၊သူတို့တွေရဲ့ ဘဝအတွေ့အကြုံတွေနဲ့ ထင်ဟပ်ကြည့်ချင်လို့ပါ။

ပြီးတော့ လူတယောက်ရဲ့ သမိုင်းဆိုတာ သည်လိုရှိတတ်ပါလားလို့ သင်ခန်းစာယူချင်ရင်လဲယူနိုင်အောင်ပါ။

ဒေါက်တာဘမော် ဆိုတာ မြန်မာနိုင်ငံရဲ့ ပထမဆုံး ဒေါက်တာဘွဲ့ရ နိုင်ငံရေးသမားပါ။

ရန်ကုန်တက္ကသိုလ်ရဲ့ အင်္ဂလိပ်စာဋ္ဌာနမှာ မြန်မာတိုင်းရင်းသားထဲက ပထမဆုံးကထိကဖြစ်ခဲ့သူပါ။

ဖေဖော်ဝါရီ ၈ ရက်မွေး (၈ ဂဏန်းပိုင်ရှင်) ဗုဒ္ဓဟူးသား ၁၈၉၃ ဖွားပါ။

[science fiction-သိပ္ပံစိတ်ကူးယဉ်စာပေများရဲ့ ဖခင် ပြင်သစ်စာရေးဆရာကြီး ဆာ ဂျူးဘန်း ကလဲ

ဖေဖော်ဝါ ရီ ၈ မွေးပါဘဲ။ သူ့ရဲ့   Around the World in Eighty Days -ကမ္ဘာပါတ်လည်ရက်ရှစ်ဆယ်

ဆိုတာ အရမ်းနာမည်ကြီးတဲ့ စာအုပ်ပေါ့။ အဲဒီထဲက အစေခံနာမည်က ဂျွန်ပါစီပါတူး (Jean Passepartout)

ဂျဲန်းးပါစီပါတောက်လို့ရေးထားပေမဲ့ ပြင်သစ်လို ဂျွန်-နဲ့-တူးလို့ ထွက်ရတယ်ထင်ပါရဲ့)။

အဲဒါ ကျနော်ငယ်ငယ်ကဖွားဖွားက လူတယောက်ကို ပါစီပါတူးလို့ခေါ်ခဲ့ဘူးလို့မေးကြည့်ရင်းအဲဒီ

နာမည်မှတ်မိရပါတယ်။

သူကသူ့ဆရာ Phileas Fogg-ဖိလိရက် ဖော့(ခ)ရဲ့  ရက် ၈ဝ နဲ့ ကမ္ဘာပါတ်လို့ရမရ အလောင်းအစားမှာ

ခရီးအတူလိုက်အထွက် အိမ်က အပူပေး ဟီတာရဲ့ ခလုပ်ကိုမေ့ပြီးမပိတ်မိခဲ့လို့ ဂက်(စ)ဖိုး ပေးလျှော်ရတဲ့ သူပါ။

ဆရာတင်နွယ်မောင် ဟိုတုန်းက အင်တာနေရှင်နယ် မဂ္ဂဇင်းမှာ အခန်းဆက်ရေးခဲ့ဘူးပါတယ်။]

ဒေါက်တာဘမော်အကြောင်းဆက်ရရင် သူ့မှာမွေးချင်း ၂ယောက်ဘဲရှိပါတယ်။

သူ့အကိုက ဒေါက်တာဘဟန် ပါ။

ဒေါက်တာဘမော်က မအူပင်မှာမွေးပြီး ငယ်စဉ်က ခရစ်ယာန်ဘာသာဝင် တဦးပါ။

ထူးခြားချက်က ဥရောပက ပညာတော်သင်အပြီး ပြန်အလာမှာ  ဗုဒ္ဓ ဘာသာကိုကူးပြောင်းခဲ့ခြင်းပါဘဲ။

ကျနော် သူ့အကြောင်းကိုလေ့လာကြည့်လိုက်တော့မှ သူ့ရဲ့ ဒစ်ဇာ့တေးရှင်း(ပီအိတ်ချ်ဒီသီးဆစ်)က

 ခရစ်ယာန်ဘာသာနဲ့ ဗုဒ္ဓ ဘာသာမှာရှိတဲ့ဈာန်ကမ္မဋ္ဌာန်းများကိုနှိုင်းယှဉ်လေ့လာထားတဲ့ 

 “Eastern meditian”စာတမ်းဖြစ်နေပါတယ်။

  အင်္ဂလန်နိုင်ငံက ကမ္ဘာကျော် Cambridge-ကိန်းဘရစ်ချ်တက္ကသိုလ်ကြီးမှာပါရဂူ(ဒေါက်ထရိတ်)တက်ခဲ့

တာပါ။ဒါပေမဲ့ ဆူပါဗိုက်ဇာ(ကျမ်းကြီးကြပ်ဆရာ) မသိဘဲ လန်ဒန်က ဝတ်လုံစာမေးပွဲကို သွားဖြေလိုက်လို့

စကားများပြီး ပါရဂူဘွဲ့အတွက်အဲဒီစာတမ်းကို “ပြင်သစ်နိုင်ငံ ဘော(ရ)ဒိုးတက္ကသိုလ်-University of Bordeaux,

France မှာပြင်သစ်ဘာသာနဲ့ ပြောင်းရေးပြီး ဒေါက်တာဘွဲ့ယူခဲ့ပါတယ်။

(တချို့မှတ်တမ်းတွေအရတော့ သီးဆစ်ပါခေါင်းစဉ်ပြောင်း-Aspects of Buddhism in Burma

လို့လဲတွေ့ရပါတယ်)

ကြုံလို့ပြောရရင်တော့ နိုင်ငံခြားမှာ ကိုယ့်ကျမ်းကြီးကြပ်သူဆရာနဲ့ အဆင်မပြောလို့ကတော့

ဖျာသာလိပ်ပေတော့ပါဘဲ။ ဗီဇာကအစ သူတို့လက်ထဲမှာရှိပါတယ်။

၁၉၁၇-ကနေ ၁၉၂၀-အထိရန်ကုန်ကောလိပ် (အဲဒီတုန်းက ကာလကတ္တားတက္ကသိုလ်လက်အောက်ခံ)

အင်္ဂလိပ်စာဌာနမှာ ကထိကအဖြစ် တာဝန်ထမ်းဆောင်ပြီး ၁၉၂၁ မှာတော့နိုင်ငံခြားပညာတော်သင်

ထွက်ခဲ့ပါတယ်။

အထက်မှာပြောခဲ့သလို ၁၉၂၄-မှာပြင်သစ်က ဘွဲ့ရတော့ မြန်မာပြည်ပြန်လာပြီး ဝတ်လုံတော်ရလုပ်ပါတယ်။

ဝတ်လုံတော်ရလုပ်ခဲ့တဲ့ ၈ နှစ်တာကာလမှာ သမိုင်းဝင်လုပ်ရပ်တခုအနေနဲ့ ဆရာစံရဲ့ အမှုကိုခုခံ ခြေပသူအ

ဖြစ်ရပ်တည် လျှောက်လဲပေးခဲ့တာပါဘဲ။အဲဒီက စလို့ နိုင်ငံရေးလောကထဲရောက်ခဲ့ပါတယ်။

(ဆရာစံကတော့ အမှုရှုံးလို့ ၁၉၃၁ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ကြိုးပေးတာခံခဲ့ရပါတယ်)

နိုင်ငံပေါင်းချုပ်အသင်းကြီး (ဂျီစီဘီအေ) ပေါ်လာတော့ ၁၉၃၂-၃၄ မှာခေါင်းဆောင်ဖြစ်လာပြီး (၉၁)ဌာနအုပ

ချုပ်ရေးမှာ ပညာရေးဝန်ကြီးတာဝန်ကိုယူပါတယ်။ နောက်တော့ ၁၉၃ရ မှာညွန့်ပေါင်းအစိုးရဖွဲ့ပြီး အဲဒီမှာ

ပညာရေးဝန်ကြီး နောက်ပိုင်း ၁၉၃၉ အထိ နန်းရင်းဝန်(ဝန်ကြီးချုပ်) လုပ်ပါတယ်။

ဗြိတိသျှအစိုးရကို တောက်လျှောက်ဆန့်ကျင်ခဲ့သူ တဦးအဖြစ်မြင်ရတဲ့ ဒေါက်တာဘမော်ဟာ ၁၉၃၉

အောက်တိုဘာလမှာ ဒို့ဗမာအစည်းအရုံးရဲ့ ပင်မမွေးဖွားရာဖြစ်တဲ့ ဗမာ့ထွက်ရပ်ဂိုဏ်းကို တည်ထောင်ခဲ့ပြီး

သူကဥက္ကဌ၊ကျနော်တို့ရဲ့ ဗိုလ်ချုပ်အောင်ဆန်းက အထွေထွေအတွင်းရေးမှူးတာဝန်ကိုယူခဲ့ကြတာပါ။

၁၉၄ဝ ခု ဩဂုတ်လ (၈) ရက်နေ့(၈-၈-၄ဝ နော်- ၈ ဂဏန်း)မှာ မြန်မာပြည်ကာကွယ်ရေးဥပဒေအရဆိုပြီး

ထောင်ကျပါတယ်။ ၁၉၄၂-ဧပြီလမှာ (၁၉၂၆ ဧပြီ ၂၅ ကလက်ထပ်ထိမ်းမြားယူထားတဲ့ ဒေါ်ခင်မမ- နောင်

တွင် ဒေါ်ခင်မမမော် ဟုလည်း ခေါ်သော) ဇနီးသည်၏ အကူအညီဖြင့် မိုးကုတ်အကျဉ်းထောင်ကထွက်ပြေး

နိုင်ခဲ့ပါတယ်။

ကံမကောင်းလို့ထောင်ကျ၊ ကံကောင်းလို့ထောင်ကလွတ်လာပြီး ၁၉၄၂ ရဲ့ ဩဂုတ်လထဲမှာဘဲ ကျောက်မဲကို

ရောက်လာတဲ့ ဂျပန်စစ်တပ်နဲ့တွေ့ပြီး ဝန်ကြီးချုပ်ရာထူး ကို (ကံကောင်းစွာလား၊ကံဆိုးစွာလားမသိ)၊ရခဲ့ပါတယ်။

၁၉၄၃ ခုနှစ်မှာဂျပန်အစိုးရဖိတ်လို့သွားတော့ ဒေါက်တာဘမော်ကအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ပြီး၊

ဗိုလ်ချုပ်အောင်ဆန်း သခင်မြ၊ဦးကျော်ငြိမ်း၊ ဒေါက်တာသိန်းမောင် တို့ပါလိုက်ပါခဲ့ကြပါတယ်။

အဲဒီမှာ ဂျပန်ဘုရင်ရဲ့တက်နေဝန်း(ပထအဆင့်)တံဆိပ်ကို ချီးမြှင့်ခံရတာကလဲ ဒေါက်တာဘမော်နဲ့

 ဂျပန်တို့အကြား က ကြီးမားသောဆက်ဆံရေးကြီးတခုလိုပါဘဲ။

နောက်တခုက ဂျပန်တို့ရဲ့ ရွှေရည်စိမ် လွတ်လပ်ရေးကာလရဲ့ အဓိပတိဖြစ်နေခဲ့တာပါ။

အဲ အထင်ရှားဆုံး နောက်ဆုံး တခုအနေနဲ့ကတော့ စစ်ရှုံးလို့ ဂျပန်တွေဆုက်တော့ တခြားဝန်ကြီးတွေ

မုဒုံမှာနေခဲ့ကြပါရက်နဲ့ သူ(ဒေါက်တာဘမော်) တယောက်တည်း ဂျပန်ထိလိုက်သွားတာပါ။

၁၉၄၅ ခုနှစ်ရဲ့ ဩဂုတ်လ ၆ ရက်နေ့မှာ ဟီရိုးရှိမ၊ ဩဂုတ်လ ၉ ရက်နေ့မှာ နာဂစကီ မှာအနုမြူဗုံးအကြဲခံရလို့

၁၉၄၅ ဩဂုတ်လ ၁၅ ရက်နေ့မှာ ဂျပန် က မဟာမိတ်တို့ကိုလက်နက်ချပါတယ်။

လက်နက်ချ လက်မှတ်ရေးထိုးတာက စက်တင်ဘာ ၂ရက်နေ့ဆိုတော့ ဂျပန်ရဲ့ တရားဝင်စစ်ရှုံးကြေညာချက်က

 အဲဒီရက်လို့ပြောရမှာပါ။ ၁၉၄၅ ဒီဇင်ဘာမှာတော့ ဒေါက်တာဘမော်လဲ မဟာမိတ်တို့ထံလက်နက်ချတဲ့

အထဲပါတဲ့အတွက် ဆူဂါဒို အကျဉ်းထောင်မှာ ၁၉၄၆ ဇူလိုင်ကအထိထောင်ကျပါတယ်။

၁၉၄၆ ဩဂုတ်လ ၁ ရက်နေ့တွင်ရန်ကုန်ပြန်ရောက်ပါတယ်။

နောက်တော့ လူပေါင်းမှားပါတော့တယ်။

ဂဠုန်ဦးစော၊သခင်ဗစိန်၊တို့နှင့်ပေါင်းကာ စော၊စိန်၊မော် မဟာမိတ်ဖွဲ့ပြီးဗိုလ်ချုပ်တို့ရဲ့ တိုဏ်းပြည်ပြုလွှတ်တော်ကို

သပိတ်မှောက်ပါတယ်။

ကျနော် အောင်ဆန်းအက်တလီစာချုပ်ကိုဖတ်ဖူးတုန်းက အဲဒီ ဦးစော နဲ့ သခင်ဗစိန်တို့ကို

တော်တော်လန့်သွားဘူးပါတယ်။ဒီလောက်အရေးကြီးတဲ့ စာချုပ်မှာ လက်မှတ်မရေးထိုးကြဘူးလို့

ရေးထားလို့ပါဘဲ။

အောက်ကနေပြန်ကြည့်ပါ။ နောက်ဆက်တွဲ က ဆိုတဲ့ နေရာရဲ့အပေါ်နားလေးမှာပါ။

အထောက်အထားအနေနဲ့ အောက်မှာပြပေးထားပါတယ်။

အောင်ဆန်းအက်တလီစာချုပ်အကုန်ဖတ်ချင်ရင်တော့လင့်(ခ)လေးကိုကလစ်ပြီး ဖတ်ပါ။

  http://www.scribd.com/doc/26806834/Aung-San-Attlee-Agreement

 

   
ဗိုလ်ချုပ်တို့အာဇာနည်ခေါင်းဆောင်ကြီးများလုပ်ကြံခံရသော အခါတွင် အတိုက်အခံနိုင်ငံရေးခေါင်းဆောင်
 
တဦးအဖြစ် ၁၉၄ရ ဩဂုတ်လ မှ ၁၉၄၈ ဇူလိုင်လ အထိထောင်ကျသည်။ ၁၉၅၉ တွင် အမျိုးသားပေါင်းစုံ
 
မဟာမိတ်အဖွဲ့ နာယကအဖြစ်တာဝန်ထမ်းဆောင်သည်။ ၁၉၆၂ ဦးနေဝင်းအာဏာသိမ်းပြီးနောက်တွင်
 
“ခုံရုံးမတင်၊ တရားမစွဲဘဲ” ဒေါက်တာဘမော်အား ၁၉၆၆ မေလ မှ ၁၉၆၈ ဖေဖော်ဝါရီလ အထိ ထောင်ချသည်။
 
၁၉၆၈ ခုနှစ် ထောင်မှထွက်လာပြီးနောက် သူ၏စာအုပ်
 
“ငါတို့ရုန်းထွက်ခဲ့ပြီ”-  Breakthrough in Burma: Memoirs of a Revolution 1939-1946 ကို
 
ယေး(လ)Yale University Press မှ ထုတ်ဝေခဲ့သည်။
 
၁၉၇ရ ခုနှစ်မေက ၂၉ ရက်နေ့တွင် တက္ကသိုလ်ရိပ်သာလမ်း အမှတ်(၈၁)တွင် အသက် ၈၄ နှစ်တွင်
 
ကွယ်လွန်သည်။
 
—————————————–
ဒေါက်တာဘဟန်
 
အင်္ဂလိပ်-မြန်မာ အဘိဓာန်စာအုပ် ကျမ်းပြုသူ ပညာရှင်အဖြစ်ထင်ရှားသူ ဒေါက်တာဘဟန် သည်
 
ဝေါဟာရပေါင်း ၅ သောင်းကျော်ပါသော အင်္ဂလိပ်-မြန်မာ ကြီး ကို အသက် ၆ဝ ကျော်မှ တဦးတည်းကြိုး
 
စားပြုစု နိုင်ခဲ့သူ ဝိရီယ၊ဇွဲ ကောင်း လှသော သူဖြစ်သည်။
 
ညီဖြစ်သူ ဒေါက်တာ ဘမော်မှာ မအူပင်တွင်မွေးသော်လည်း ဒေါက်တာဘဟန် ကတော့ ရန်ကုန်တွင်မွေး
 
သူဖြစ်သည်။ကြာသပတေးသား ၁၈၉ဝ ဇန်နဝါရီလ ၃ဝ ရက်ဖွားဖြစ်သည်။
 
သူတို့ ညီအကို  ၂ ယောက်လုံး၏ဖခင် ဦးကျေးမှာ မန်းတလေးကောင်းစားစဉ်က နန်းတွင်းတွင်စာသင်ကြား
 
သော သာသနာပြု ဆရာကြီး ဒေါက်တာမတ်၏ ကျောင်းတွင် မင်းတုန်းမင်း၏သား၊မင်းညီမင်းသားများနှင့်
 
အတူ စာသင်ဘက်ဖြစ်သည်ဟု ဆိုသည်။
 
ဒေါက်တာဘဟန်သည် ၁၉၂၂-၂၄ ခုနှစ်အတွင်း အင်ဂလန်နိုင်ငံ ကိန်းဘရစ် တက္ကသိုလ်၊ပြင်သစ်နိုင်ငံဆော်ဘွန်း
 
တက္ကသိုလ်၊ ဂျာမဏီနိုင်ငံ ဖရိုင်ဘတ် တက္ကသိုလ်၊ လန်ဒန် လင်ကွန်းအင်း ဥပဒေကျောင်းတို့တွင်ပညာသင်ခဲ့သည်။
 
၁၉၂၄ ခုနှစ်တွင် ဘော်ဒိုး(ပြင်သစ်) တက္ကသိုလ်မှ ၁၈ရာစုပန်းချီဆရာ၊ကဗျာဆရာ
 
ဝီလီလျှန်ဘရိတ်၏အံ့ဘွယ်သုတစာတမ်းဖြင့် စာပေပါရဂူ(ဒီလစ်) ဘွဲ့။
 
(ညီဖြစ်သူ၏ပြဿနာကြောင့်အကိုပါပြင်သစ်ကဘွဲ့ယူရဟန်တူသည်)
 
၁၉၂၅ခုတွင် ဂျာမဏီဖရိုင်ဘတ်တက္ကသိုလ်မှ အီးဗော်လူးရှင်း အော့ ဘလက်ကန်ဖီလော်ဆော်ဖီ
 
စာတမ်းဖြင့်ပီအိတ်ချ်ဒီပါရဂူဘွဲ့ နှင့် အင်ဂလန် လန်ဒန် လင်ကွန်းအင်း မှ Bar of Law ဘွဲ့များရခဲ့သည်။
 
၁၉၅ရ ခုနှစ် ရန်ကုန်တက္ကသိုလ ်LLD-ဂုဏ်ထူးဆောင်ဥပဒေပါရဂူဘွဲ့ { Doctor of Law (LLD) }
 
ကိုအပ်နှင်းခဲ့သည်။
 
၁၉၃၅ ခုနှစ်မှ ၁၉၅ရ ခုနှစ်တိုင် ဥပဒေပါမောက္ခ ၊ဂုဏ်ထူးဆောင်ဥပဒေ ပါမောက္ခအဖြစ်တာဝန်
 
ထမ်းဆောင်ခဲ့သည်။၁၉၅၈ အိမ်စောင့်အစိုးရလက်ထက် ရာထူးမှနှုပ်ထွက်ခဲ့သည်။
 
ထင်ရှားသော ဥပဒေပညာရှင်များစွာကိုမွေးထုတ်ပေးခဲ့သော ဆရာတဦးဖြစ်ခဲ့သည်။
 
၁၉၆၁-၆၃ နှစ်များတွင် “မြန်မာနိုင်ငံ သုတေသနအသင်း” ဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့သည်။
 
ရှင်ဥတ္တမကျော်တောလားနှင့် လက်ဝဲသုန္ဒရရတု(၁၉၆၂) တွင်ရေးသားခဲ့ဘူးသည်။
 
၁၉၆၉ မေလ ၁၃ ရက်နေ့တွင်ကွယ်လွန်သည်။
 
————————————————–
 
ပညာတော်သော တဖအေထဲ မွေး ညီအကို ၂ယောက်ရဲ့ တူညီသော၊ မတူညီသော ဘဝလမ်းကြောင်းမှ
 
အနိမ့်အမြင့်အတက်အကျများနှင့် ကြိုးစားမှုများသည် အားကျဘွယ်၊အတုယူဘွယ်၊သံဝေဂရဘွယ်များ
 
ပါဝင်လျှက်ရှိသည်။
 
ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ လူမျိုးနှင့်အတူ လက်တွဲဖော်ဖြစ်ခဲ့သော်လည်းအယူအဆမတူခြင်းလား၊
 
သဘောထားကွဲလွဲမှုလားဟုထင်စရာရှိသော စိတ်လမ်းကြောင်းတခု၏ လောင်းရိပ်ကြောင့် လမ်းလွဲ
 
ခဲ့သည်ဟု ဆိုနိုင်ကဆိုနိုင်မည်ဖြစ်ပါလိမ့်မယ်။
 
သို့သော် သူတို့သည်ကား အထိုက်အလျှောက်နိုင်ငံအရေးကိုဆောင်ရွက်ပေးခဲ့ကြသောခေါင်းဆောင်များ
 
ဖြစ်ပါသည်။ ကောင်းသည် ဆိုးသည်ဟု ဆုံးဖြတ်ရန်ကား စာဖတ်သူ၏သဘောမျှသာ။
 
သမိုင်းတကွေ့မှ မှတ်သားစရာပုံရိပ်အဖြစ်တင်ပြလိုက်ရပါကြောင်း။
 
—————————————-။
 
လေးစားစွာဖြင့်

မောင်သစ်မင်း(^^)

~~~~~~~~~~~~~~~~~~~~။

ကျမ်းကိုး။  ။1. A History of Modern Burma, by John Frank Cady, Cornell University Press, 1958

2. The Burma we love, by Kyaw Min, India Book House, 1945

3. Allen, Louis (1986). Burma: the Longest War 1941-45. J.M. Dent and Sons.

4. မြန်မာလူကျော် ၁၀ဝ ပထမတွဲ၊ မောင်ဇေယျာ။ နှစ်ချို့ဝိုင်စာအုပ်တိုက်။ ၂၀၀၂ နိုဝင်ဘာလ ပထမအကြိမ်။

5. Credit to http://www.scribd.com/doc/26806834/Aung-San-Attlee-Agreement

About thit min

thit min has written 94 post in this Website..