(http://myanmargazette.net/98745/uncategorized-other/copypaste ရှိသော မသိမှု ဖြစ်စဉ် သီအိုရီ (အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာ)ပုံစံဖြည့်ခြင်း အဆက် ဖြစ်ပါသည်။)

အ၀ိဇ္ဇာ“လို့ဆိုရတဲ့ သိသင့်သိထိုက်တာကို မသိပါက ထိုသူသည်
သင်္ခါရ“လို့ ဆိုရတဲ့ မှားယွင်း၊ လွန်ကဲစွာ ပြုမူ၊ ပြောဆို၊ နေထိုင်တော့မှာဖြစ်ပါသည်။
ထိုကဲ့သို့ မှားယွင်း၊ လွန်ကဲစွာ ပြုမူ၊ ပြောဆို၊ နေထိုင်မိပါက နောက်ဆုံးမှာ
ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ“ဆိုသည့် ဆင်းရဲခြင်းတွေ၊ မငြိမ်းချမ်းတွေပဲ ရရမှာ အမှန်ပါပဲ။
ဒါ့ကြောင့် “ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ” ဆိုသည့် ဆင်းရဲခြင်းတွေ၊ မငြိမ်းချမ်းတွေကင်းပျောက်ကာ ချမ်းသာခြင်း၊ ငြိမ်းချမ်းခြင်းကို ရောက်လိုပါက
ဝိဇ္ဇာ“လို့ ဆိုရတဲ့ သိသင့်သိထိုက်တာတွေကို သိအောင်လုပ်ဖို့လိုပါတယ်။
ဒီနေရာမှာ ဘယ်အကြောင်းအရာတွေဟာ သိသင့်တာလဲ၊ သိထိုက်တာလဲဆိုတာ ဝေဖန်မိဖို့လိုပါတယ်။
လူသားတွေဟာ နေ့စဉ် ကိုယ်ဆိုင်ရာ၊ ဆိုင်ရာအလုပ်တွေကို လုပ်ကိုင်နေကြရခြင်းကြောင့် လူသားနဲ့ အလုပ်ဟာ ကင်းကွာလို့ မရပါဘူး။
ဒါ့ကြောင့် ကိုယ်မဖြစ်မနေ ပြောဆို၊ လုပ်ကိုင်၊ ဆက်ဆံနေရတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး
သိသင့်တာမှန်သမျှကို သိအောင်ပြုလုပ်ထားမှသာလျှင် အမှားအယွင်းကင်းကင်းဖြင့် ငြိမ်းချမ်းစွာ ပြောဆို၊ လုပ်ကိုင်၊ ဆက်ဆံနိုင်မှာဖြစ်ပါတယ်။

ဥပမာအားဖြင့် “မိတ်ဆွေများနှင့် ပတ်သက်လို့
သူငယ်ချင်း မိတ်ဆွေအချင်းချင်းဆက်ဆံရာတွင်လည်း တစ်ဦးအကြောင်းကို တစ်ဦးက သိသင့်တာမှန်သမျှ သိရှိထားမှသာလျှင် ထိုမိတ်ဆွေအပေါ်မှာ အပြုမှန်၊ အပြောမှန် အနေအထိုင်မှန်မှန်ဖြင့် ဆက်ဆံနိုင်ပြီး ငြိမ်းချမ်းတဲ့ ဆက်ဆံမှုဖြစ်နေမှာပါ ဖြစ်ပါတယ်။
ထိုကဲ့သို့ ကိုယ့်မိတ်ဆွေနဲ့ ပတ်သက်ပြီး သိသင့်တာမှန်သမျှ သိရှိထားခြင်းမရှိပဲ ဆက်ဆံမိပါက မိတ်ဆွေအပေါ်မှာ အပြုမှား၊ အပြောမှား၊ အနေအထိုင်မှားတို့ ဖြစ်သွားကာ မငြိမ်းချမ်းသောအခြေအနေသို့ ရောက်ရပါလိမ့်မည်။
ဒါ့ကြောင့် မိမိတို့မှာ ငြိမ်းချမ်းစွာ ပတ်ဝန်းကျင်နဲ့ ဆက်ဆံနေထိုင်လိုလျှင်
ကိုယ့်အတူနေ အိမ်သားများ၊ အိမ်နီးနားချင်းများ၊ ဆွေမျိုးများ၊ အပေါင်းအသင်းများ၊ လုပ်ဖော်ကိုင်ဖက်များနှင့်ပတ်သက်ပြီး သိသင့်တာမှန်သမျှကို သိအောင်ပြုလုပ်ထားမှသာလျှင် ငြိမ်းချမ်းစွာဆက်ဆံနေထိုင်နိုင်ကြမှာ ဖြစ်ပါတယ်။

ထို့အတူ “ဇနီးမောင်နှံ” တို့နှင့်ပတ်သက်လို့လည်း
လင်မယား၊ ဇနီးမောင်နှံဆိုတာ မိဘဆွေမျိုးတို့ထက် ပိုရင်းနှီးနေရတဲ့ ဘ၀အဖော်မွန်တွေပါ။
အတူတကွ လက်တွဲနေထိုင်ကြသည့်အခါမှာ လင်ဖြစ်သူကလည်း မိမိ မယားနှင့်ပတ်သက်ပြီး သိသင့်တာမှန်သမျှကို သိထားဖို့လိုသလို မယားဖြစ်သူကလည်း မိမိ လင်ယောက်ျားနှင့်ပတ်သက်ပြီး သိသင့်တာမှန်သမျှကို သိထားဖို့လိုပါတယ်။
ယောက်ျားဖြစ်သူအနေနဲ့ မိမိဇနီမယားက ဘယ်လိုကိစ္စတွေအပေါ်မှာ စိတ်ဝင်စားတတ်တယ်။ ဘာကိုတော့ စိတ်မ၀င်စားတတ်ဘူး။
ဘယ်လိုအပြုအမူအပြောအဆိုမျိုးကို နှစ်သက်တယ်၊ မနှစ်သက်ဘူးဆိုတာတွေ စသဖြင့် သိထားဖို့လိုသလို
ဇနီးဖြစ်သူကလည်း မိမိယောက်ျားရဲ့ သဘောသဘာဝ၊ အလေ့အထ၊ အကြိုက်၊ စရိုက်တို့ကိုလည်း သိထားဖို့လိုပါတယ်။
ထိုကဲ့သို့ ဇနီးမောင်နှံအချင်းချင်းအပြန်အလှန် သိသင့်တာတွေကို အကြောင်းအကျိုး သိထားမှသာလျှင် မှားယွင်းသော၊ လွန်ကဲသော အပြုအမူ၊ အပြောအဆို၊ အနေအထိုင်တို့ မပြုမိကြတော့ပဲငြိမ်းချမ်းသာယာစွာနေထိုင်နိုင်ကြမှာ ဖြစ်ပါသည်။

သိသင့်ထိုက်တဲ့အကြောင်းအရာတို့တွင် လူဟာ မိမိအကြောင်းကို မိမိအမှန်အတိုင်းသိဖို့ရာက ပိုမိုအရေးကြီးပါတယ်။ မိမိဟာ ဘယ်ကိစ္စတွေမှာ စိတ်ထက်သန်တယ်၊ စိတ်မထက်သန်ဘူး။ ဘယ်အကြောင်းအရာမျိုးကို စိတ်ရှည်တယ်၊ စိတ်မရှည်ဘူး။ ဘယ်လိုအကြောင်းအရာတွေကို စိတ်ဝင်စားတယ်၊ စိတ်မ၀င်စားဘူး။
ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးကိစ္စတွေ မှာ ဘယ်မှာအားကောင်းတယ်၊ ဘယ်မှာက အားမကောင်းဘူးစတဲ့ မိမိရဲ့ အပြုအမူ၊ အပြောအဆို၊ အနေအထိုင်တွေရဲ့ အားနည်းချက်၊ အားသာချက်တွေကိုလည်း သေသေချာချာသိထားဖို့လိုပါတယ်။ ထိုကဲ့သို့ သိထားမှသာလျှင် မိမိနေ့စဉ် လုပ်ကိုင်၊ ပြောဆို၊ နေထိုင်နေရတဲ့အဖြစ်တွေမှာ အပို၊ အလိုတွေ မပြုမိတော့ပဲ ငြိမ်းချမ်းစွာ နေထိုင်နိုင်သွားမှာဖြစ်ပါတယ်။

ထို့ကြောင့် လူသားတွေအနေနဲ့ မိမိနှင့်တကွ ဆက်ဆံနေရသော ပတ်ဝန်းကျင် အပေါ်မှာ အမှုမဲ့ အမှတ်မဲ့ (မောဟ)ဖြင့် နေထိုင်တာမဟုတ်ပဲ သိသင့်သိထိုက်တာ မှန်သမျှကို သိသူ (၀ိဇ္ဇာ) ဖြစ်အောင် ပြုလုပ်မှသာလျှင် မှားယွင်း၊ လွန်ကဲသည့် အလုပ် (သင်္ခါရ)များ မပြုမိပဲ ငြိမ်းချမ်းသာယာမှု (ဒုက္ခနိရောဓ) အပြည့်အ၀ဖြင့် နေထိုင်နိုင်ကြမှာဖြစ်ပါသည်။

 

(ဆက်လက်၍ စီးပွားရေးကိစ္စများတွင် ပုံစံဖြည့်တင်ပြပါဦးမည်။)

About ကိုငြိမ်းအေး

has written 9 post in this Website..