`ဆိပ်ဖြူမြို့ မြန်မာဂို(လ်)ဒင်းစတားကုမ္ပဏီ မှ တောင်သူများ၏ မြေယာများကို ပြန်လည်ရလိုမှု ´

winkyawaungFebruary 12, 20121min1204

မကွေးတိုင်းဒေသကြီးပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုး( ဆိပ်ဖြူမြို့နယ်) မှ ဖိတ်ကြားချက်အရ ၄-၂-၂၀၁၂ နေ့ နံနက်(၁ဝး၃၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့ အနောက်ပိုင်းရပ်ကွက် ပြည်လုံးချမ်းသာဓမ္မာရုံသို့ စာရေးသူ သွားရောက်ခဲ့ ပါသည်။ ယင်းဓမ္မာရုံတွင်း၌ မကွေးတိုင်းဒေသကြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုး နှင့် မြေယာများကို မြန်မာဂို(လ်)ဒင်းစတားကုမ္ပဏီမှ မတရားသဖြင့် အသိမ်းခံထားရ၍ ပြန်လည်ရယူလိုကြသော မူလမြေပိုင်ရှင်များ (၂၃)ဦး တို့ တိုင်ပင်ဆွေးနွေးနေကြသည်ကို သတင်းရယူခဲ့ပါသည်။ စုစုပေါင်းအသိမ်းခံထားရသော မြေဧကမှာ(၃ဝ ဧက) ခန့်ဟုသိရပါသည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး မူလမြေယာပိုင်ရှင် များလက်မှတ်ရေးထိုး ၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ(၂၀၁၁ ခု အောက်တိုဘာလ(၁၃)ရက်နေ့စွဲဖြင့် အသနားခံလွှာတင်ပြထားသော စာကို ဦးမြင့်စိုး(မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်) မှ ရှင်းလင်းဖတ်ကြားပွဲဖြစ်ပါသည်။ ဒီကိစ္စကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လွှတ်တော်မှာလည်း ဆက်လက်တင်ပြသွားမည်ဟု ဦးမြင့်စိုးမှပြောကြားပါသည်။ မြေယာအသိမ်းခံရသော မြေပိုင်ရှင်တချို့အား စာရေးသူမှ အင်တာဗျူးပြုလုပ်၍ မေးမြန်းခဲ့ပါသည်။ မူလမြေပိုင်ရှင်များမှ အသိမ်းခံထားရသော စိုက်ပျိုးမြေယာများကိုလည်း လိုက်လံပြသပေးကြပါသည်။

ဖြစ်စဉ်အကျဉ်းမှာ ချောက်မြို့နှင့် ဆိပ်ဖြူမြို့သို့ ဖြတ်ကူးသော အနော်ရထာ (ဧရာဝတီမြစ်ကူးတံတား) စီမံကိန်းစတင်ချိန်တွင် ၎င်းမြေယာများကို ဆောက်လုပ်ရေးဌာနမှ အသုံးပြုရန် သိမ်းဆည်းခဲ့ပါသည်။ ယင်းမြေယာများမှာ ဆိပ်ဖြူမြို့ဘက်မှ တံတားချဉ်းကပ်လမ်းဘေးတွင်တည်ရှိပါသည်။ ဆောက်လုပ်ရေးလုပ်ငန်းမှ သံဘောင် နှင့် ပစ္စည်းများကို ချထား၍ ယာယီအသုံးပြုခဲ့သောနေရာဖြစ်ပါသည်။ မြေယာများကိုစတင်သိမ်းဆည်းစဉ်အခါက သက်ဆိုင်ရာဒေသ အာဏာပိုင်တာဝန်ရှိသူများမှ မြေယာပိုင်ရှင်(၅)ဦးစီအား ခွဲ၍ခေါ်ယူပြီး ညနေအချိန်ခန့်တွင် အကြောင်းအရာပါစာများကို ဖတ်ကြားပြသခြင်း မပြုဘဲ လက်မှတ်ထိုးခိုင်းသည်ဟု မြေပိုင်ရှင်များက ပြောကြားကြပါသည်။ တံတားစီမံကိန်းပြီးဆုံးလျှင် တံတားနယ်မြေနှင့် လွတ်ကင်းသော ဤမြေယာနေရာများအား မူလပိုင်ရှင်များထံသို့ ပြန်လည်ပေးပါမည်ဟု တံတားစီမံကိန်း အင်ဂျင်နီယာမှူးကြီးမှ ဂတိပေးပြောဆိုထားပါကြောင်း မြေပိုင်ရှင်များမှ ပြောဆိုကြပါသည်။ သို့သော် တံတားပြီးသွားသော အခါတွင် မူလမြေပိုင်ရှင်များအား ပြန်လည်ပေးအပ်ခြင်းမပြုဘဲ မြန်မာဂို(လ်)ဒင်းစတားကုမ္ပဏီ သို့ လွှဲပြောင်းပေးအပ်လိုက် ပါသည်။ ယင်းကုမ္ပဏီမှ စိုက်ခင်းအနည်းငယ်သာ စိုက်ပျိုးလုပ်ဆောင်နေပြီး ကျန်သော မြေယာများကို မူလမြေယာပိုင်ရှင် မဟုတ်သော အခြားလူများထဲမှ ငွေကြေးတတ်စွမ်း နိုင်သူ စီးပွားရေးသမားများထံသို့ တစ်နှစ်ချင်း သီးစားချ၍ လုပ်ကိုင်ခွင့်ပြုထားကြောင်းသိရပါသည်။ သို့ပါ၍ မူလမြေပိုင်ရှင်(၂၃)ဦးမှာ ဆင်းရဲနွမ်းပါးပြီး စီးပွားရေးအကြပ်အတည်း အခက်အခဲများဖြင့် ရင်ဆိုင်နေကြရပါသည်။ ယင်းဖြစ်စဉ်အား (၁၈-၅-၂၀၀၁)နေ့စွဲဖြင့် ဒုတိယ ဗိုလ်ချုပ်ကြီးခင်ညွှန့်၊ အတွင်းရေးမှူး(၁)၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ သို့ ပထမအကြိမ် တင်ပြထားခဲ့ပါသည်။ ယနေ့အထိ (၁၁နှစ်)အချိန်ကြာမြင့်သွားသော်လည်း မည်သို့မျှအကြောင်းမပြန်ကြားပါ ဟုသိရပါ၏။ ထို့ကြောင့် ယခု အစိုးရအသစ် လက်ထက်တွင် ဤကိစ္စအား မြေယာပိုင်ရှင်(၂၃) ဦးမှ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုး ထံ အကူအညီတောင်းခံခဲ့ကြပါသည်။ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးမှ ဦးဆောင်၍ နိုင်ငံတော်အစိုးရအသစ် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ထံသို့ (၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ(၁၃)ရက်) နေ့စွဲဖြင့် ဒုတိယအကြိမ်ထပ်မံ အသနားခံစာ)အား တင်ပြ ထားသောရှင်းလင်းပွဲမှ သတင်းရယူခဲ့ပါသည်။

မေး။ ။ အကို့နာမည်ဘယ်လိုခေါ်ပါသလဲ၊ အကို့မြေယာဘယ်နှစ်ဧက ပါသွားပါသလဲ၊ အသိမ်းခံထားရတာ ဘယ်နှစ်နှစ်ကြာခဲ့ပါပြီလဲ၊ ဒီမြေယာနဲ့ အသိမ်းခံရတုန်းက ဘယ်လိုစသိမ်းတယ်။ ဘယ်သူတွေနဲ့ ဘယ်လို ပြောဆိုလုပ်ကိုင်ခဲ့ကြတာလဲ ၊ နောက် မြေအသိမ်းခံလိုက်ရလို့ ရင်ထဲက ခံစားချက်ကလေးကို ပြန်ပြောပြပေးပါ။

ဖြေ။ ဦးထွန်းရှင် ။ ကျွန်တော့်နာမည် ဦးထွန်းရှင်ပါ။ မြေဧက (၂)ဧကလောက်ပါသွားပါတယ်။ အသိမ်းခံရတဲ့ အချိန်ကတော့ (၁၀)နှစ်ခန့်ကြာသွားပါပြီ။ တံတားတည်ဆောက်စဉ်ကာလက (၅) နှစ်အတွက် နစ်နာကြေးအဖြစ် တစ်ဧက (၃၀၀၀ဝိ) နှုန်းတွက်ပြီး ပေးပါတယ်။ အဲဒီတုန်းက တံတားဆောက်လုပ်ရေး ဒါရိုက်တာကြီးကပြောပါတယ်။ ကျွန်တော်တို့မြေယာတွေကို အပိုင်သိမ်းတာ မဟုတ်ပါဘူးလို့ ပြောခဲ့ပါတယ်။ မြေယာတွေအသိမ်းခံလိုက်ရလို့ ယခု ကျွန်တော့်မိသားစု ဘဝပျက်နေပါ တယ်။ ကျွန်တော့်မှာ မိသားစုမှာ သား သမီးက ငါးယောက်ရှိပါတယ်။ ဒီမြေကြီးကိုသာ လုပ်ကိုင်စားသောက်ပြီး ကျွန်တော့်သား သမီးတွေကို ကျောင်းထားခဲ့ရပါတယ်။ ယခုတော့ လက်လုပ် လက်စား ကူလီလိုက်စားနေရပါတယ်။ စားဝတ်နေရေး တော်တော်ကြပ်တည်းနေရပါတယ်။ ကျွန်တော့်မြေတွေကို လာပြီးသိမ်းစဉ်က အဲဒီအချိန်တုန်းမှ (မ.ယ.က ဥက္ကဋ္ဌ) ရယ်၊ မြေစာရင်းဌာနက မြို့နယ်ဦးစီးမှူး ဆိုသူ နှစ်ယောက်တို့ ညနေ မှောင်ခါစ အချိန်မှာ လာကြပါတယ်။ မြေပိုင်ရှင် (၅) ဦးစီကို ခွဲပြီးခေါ်ပါတယ်။ မှောင်ရီပျိုးစလေးဆိုတော့ ဘာစာမှ ဖတ်မရပါဘူး။ သူတို့ကလည်း ဖတ်မပြပါဘူး။ သူတို့ခိုင်းတဲ့ အတိုင်း ဒီနေရာလေးမှာ လက်မှတ်ထိုးပါဆိုလု့ိသာ ကျွန်တော်ထိုးခဲ့ရပါတယ်။ အနော်ရထာ တံတားကြီးပြီးသွားတော့လည်း ကျွန်တော်တို့မြေယာတွေကို ပြန်ပေးမယ်ဆိုပြီး မပေးပါဘူး။ ကျွန်တော်တို့ကို ပြန်မပေးဘဲ ယခုလုပ်နေတဲ့ MGS မြန်မာဂို(လ်)ဒင်းစတား ကုမ္ပဏီကို စိုက်ပျိုးခွင့်ချလိုက်ပါတယ်။ ကုမ္ပဏီကလည်း စိုက်ခင်းနည်းနည်းလေး အလုပ်ပြပြီး ကျန်တဲ့ မြေတွေကို ပိုက်ဆံတတ်နိုင်သူ ကုန်သည်ပွဲစားတွေကို တစ်နှစ်တစ်ခါသီးစားချပေးနေပါတယ်။ ဒါကြောင့် ဒီမြေယာများကို ပြန်လည်ရရှိအာင် ကျွန်တော်ကတော့ သေတဲ့ အထိ ပြန်လည်ရရှိအာင်ရင်ဆိုင် တောင်းဆိုသွားမှာပါ။

မေး။ ။ အမကြီးနာမည် ဘယ်လိုခေါ်ပါသလဲ။ အသိမ်းခံရတဲ့ မြေဧက ဘယ်လောက်ပါသွားပါသလဲ။ မြေယာ သိမ်းစဉ်က မြင်ကွင်းလေးနဲ့ ယခု မြေယာတွေကို ဘယ်လိုပြန်လည်ရယူနိုင်အောင် ဆောင်ရွက်မယ်ဆိုတာလေးကို ပြောပြပါ။

ဖြေ။ ဒေါ်တင်စန်း။ ။ကျမနာမည် ဒေါ်တင်စန်းလို့ ခေါ်ပါတယ်။ ဆိပ်ဖြူမှာ တောင်သူလုပ်လာတာ အသက်(၆၅)နှစ်ရှိပါပြီ။ မြေက တစ်ဧကလောက်ပါသွားပါတယ်။ အဲဒီတုန်းက ဧရာဝတီမြစ်ကူးတံတားကြီးဆောက်ဖို့ ကျမတို့မြေယာတွေကို သိမ်းမယ်လို့ ဆိုတော့ ဝမ်းပမ်းသသာနဲ့ သိမ်းပါလို့ ကိုယ့်မြို့ရွာ တိုးတက်ဖို့ဆိုတော့ ကြည်ဖြူစွာနဲ့ ပြောဆိုခဲ့ပါတယ်။ အဲ သိမ်းတဲ့ အချိန်က သူတို့ပြောခဲ့တာကလည်း ဒီတံတားကြီးပြီးသွားရင် လွတ်ကင်းတဲ့ မြေယာတွေကို ပြန်လည်စိုက်ပျိုးဖို့ ပြန်ပေးမယ်လို့လည်း ပြောခဲ့ကြပါတယ်။ တံတားစီမံကိန်းပြီးတဲ့ တစ်ညနေ အချိန် မိုးမိုချုပ်ချုပ်ကြီးမှာ ကျမတို့မြေယာတွေကို ပြန်ပေးမှာ လိုလိုနဲ့ပြောပြီး လက်မှတ်ထိုးပါဆိုလို့ ထိုးခဲ့ရပါတယ်။ ဘာစာမှလည်း ဖတ်မပြကြပါဘူး။ စာဖတ်ဖို့မီးရောင် ကလည်း မပြည့်စုံပါဘူး။ ဒီလို လုပ်သွားခံရတာကို ကျမတို့ ဝမ်းနည်းပက်လက်ဖြစ်သွားကြရပါတယ်။ ကျမတို့မှာ တောင်သူလုပ်ငန်းသာ လုပ်ကိုင်စားတတ်ကြပါတယ်။ အခြားလည်း လုပ်ကိုင်မစားတတ်ပါဘူး။ ယခုတော့ သားတွေ သမီးတွေဆီက ထောက်ပံ့တာလေးတွေကိုသာ ကြပ်ကြပ်တည်းတည်းနဲ့ စားသောက်နေကြရပါတယ်။ ဒါကြောင့် ဒီမြေယာ ပြန်ရရှိရေးကို ကိုမြင့်စိုး တို့နဲ့ အထက်လူကြီးတွေကိုသာ အားကိုးနေရပါတယ်။

မေး။ ။ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုး ခင်ဗျာ။ ယခု ဆောင်ရွက်နေတဲ့ မြေယာကိစ္စကို ဒုတိယအကြိမ် လက်မှတ်ရေးထိုးပြီး သမ္မတကြီးထံ တင်ထားတယ်လို့ သိရပါတယ်။ ဒါအပြင် ဒီကိစ္စကို ဘယ်လိုဆက်လက် ဆောင်ရွက်သွားမှာပါလဲ သိပါရစေ။

ဖြေ။ ။ ဦးမြင့်စိုး ။ ဟုတ်ကဲ့ ဒီကိစ္စကို မကွေးတိုင်းဒေသကြီး လွှတ်တော်ခေါ်ယူတဲ့အခါမှာ တင်ပြပါ့မယ်။ နောက် လွှတ်တော် အဆင့်ဆင့်မှာလည်း တင်ပြဆွေးနွေးနိုင်အောင် ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့နဲ့ တောင်သူလယ်သမားတွေက စည်းကမ်းနည်းလမ်းကျကျ ဆက်လက်ဆောင်ရွက်နေကြပါတယ်။ ယနေ့ ခေတ်မှာ ကျွန်တော် ကြားသိနေရတဲ့ တောင်သူလယ်သမားတွေဘက်မှ အကျိူးဆောင်ရန် လိုက်လံပြီး ဆောင်ရွက်ပေးနေကြတဲ့ (NGO) အဖွဲ့များကိုလည်း ဒီကိစ္စကို အထူး အကူအညီပေးကြပါရန် မေတ္တာရပ်ခံတောင်းဆိုချင်ပါတယ်။

4 comments

  • စိန်ပေါက်ပေါက်

    February 12, 2012 at 2:01 pm

    အမှန်တရားအတွက်ဆို ဆက်လှုပ်ရှားကြပါဗျာ
    ကျနော်တို ့လဲ တတ်နိုင်တဲ့ဘက်က ပါဝင်ကူညီဖို ့ ဝန်မလေးပါဘူး
    ဘသူမဆို ကိုယ့်ပစ္စည်း ကိုယ်ပြန်လိုချင်ကြတာပဲ
    တန်ရာတန်ကြေး ပြပန်ပေးစေလိုပါတယ်..

  • kai

    February 12, 2012 at 4:43 pm

    ကျွန်တော့်မြေတွေကို လာပြီးသိမ်းစဉ်က အဲဒီအချိန်တုန်းမှ (မ.ယ.က ဥက္ကဋ္ဌ) ရယ်၊ မြေစာရင်းဌာနက မြို့နယ်ဦးစီးမှူး ဆိုသူ နှစ်ယောက်တို့ ညနေ မှောင်ခါစ အချိန်မှာ လာကြပါတယ်။ မြေပိုင်ရှင် (၅) ဦးစီကို ခွဲပြီးခေါ်ပါတယ်။ မှောင်ရီပျိုးစလေးဆိုတော့ ဘာစာမှ ဖတ်မရပါဘူး။ သူတို့ကလည်း ဖတ်မပြပါဘူး။ သူတို့ခိုင်းတဲ့ အတိုင်း ဒီနေရာလေးမှာ လက်မှတ်ထိုးပါဆိုလု့ိသာ ကျွန်တော်ထိုးခဲ့ရပါတယ်။

    ဘယ်လိုပဲဖြစ်ဖြစ်.. လက်မှတ်ကြီးက ထိုးထားလိုက်တယ်ဆိုတော့… တရားရေးတက်မယ်ဆိုရင်တော့.. တော်တော်မလွယ်တာပဲ..
    ဒါပေမဲ့.. ဥပဒေပြုသူ(လွှတ်တော်အမတ်)ဖက်ကနေ.. အစိုးရဆီအသနားခံစာတင်တယ်ဆိုတော့… စိတ်ဝင်စားစရာပဲ..။
    မီဒီယာက ကူပေးရင်.. တခုခုဖြစ်လာမယ်ထင်မိပါကြောင်း…။ 🙂

  • ရွာစားကျော်

    February 12, 2012 at 5:07 pm

    “ယင်းဖြစ်စဉ်အား (၁၈-၅-၂၀၀၁)နေ့စွဲဖြင့် ဒုတိယ ဗိုလ်ချုပ်ကြီးခင်ညွှန့်၊ အတွင်းရေးမှူး(၁)၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ သို့ ပထမအကြိမ် တင်ပြထားခဲ့ပါသည်။ ယနေ့အထိ (၁၁နှစ်)အချိန်ကြာမြင့်သွားသော်လည်း မည်သို့မျှအကြောင်းမပြန်ကြားပါ ဟုသိရပါ၏။”
    အားကိုးလောက်ပါတယ်..

  • စိတ်မကောင်းစရာပါဘဲ။ဒီ ရခိုင်ဖက်မှာရောဘဲ မြေယာတွေ အသိမ်းခံရသူတွေမနည်းပါဘူး။
    ဥပမာ-ငပလီကမ်းခြေဟိုတယ်ဇုန်တွေ၊ပုဇွန်ကန်တွေ၊
    -ဓါတ်ငွေ ့ပိုက်လိုင်းသွယ်တန်းရန်အတွက် သိမ်းထားသောလယ်မြေများ
    အများကြီးပါလား။ဟူးးးးး

Leave a Reply