အကောင်းဆုံးလူနဲ့ကုသိုလ် အမေးအဖြေ

မေး။ ။ အရှင်ဘုရား တပည့်တော်ရဲ့သူငယ်ချင်းကမေးပါတယ်။ လူတစ်ယောက်ဟာ ပရိတ်တို့ ပဋ္ဌာန်းတို့ရွတ်တာ ဘာအကျိုးရပါသလဲတဲ့။ ပြီးတော့ ရွတ်နေပြီးမဟုတ်တာလုပ်တဲ့သူနဲ့ ဘာမှမရွတ်တဲ့သူ ဘယ်သူကပိုကုသိုလ်ရလဲပေါ့။ သူဆိုလိုတဲ့သဘောက လူတစ်ယောက်က အကောင်းဆုံးနေတယ်။ အမှန်ဆုံးနေတယ်။ ဒါပေမယ့် အဲဒီတရားတော်တွေ ဂါထာတွေမရွတ်ရင် သူဘယ်လိုဖြစ်နိုင်လဲပေါ့။ တပည့်တော်ဗဟုသုတနဲ့ဆိုရင် ဖြေလိုက်တဲ့အခါမှာ မှားမှာစိုးလို့ အရှင်ဘုရားက ဖြေကြားပေးစေချင်ပါတယ်။

နုဝါစန်း၊ ရန်ကုန်။

ဖြေ။ ။ မြတ်ဗုဒ္ဓတရားတော်များကို ရွတ်ဖတ်ပူဇော်ပေးခြင်းဟာ ပုညကြိယာဝတ္ထုဆယ်ပါးထဲမှ ဓမ္မဒေသနာလို့ခေါ်တဲ့ ကောင်းမှုကုသိုလ်ဖြစ်ပါတယ်။ ဒီကောင်းမှုဟာ နှုတ်နဲ့ပြောဆိုပေးခြင်း၊ ရွတ်ဆိုပေးခြင်းဝစီကံကုသိုလ်ပါ။ ကောင်းမှုကုသိုလ်မှာလည်း ကာယကံ၊ ဝစီကံ၊ မနောကံကောင်းမှုများရှိသလို မကောင်းမှုအကုသိုလ်မှာလည်း ကာယကံ၊ ဝစီကံ၊ မနောကံမကောင်းမှုများ ရှိပါတယ်။ မိမိကိုယ်ကို လူကောင်းတစ်ယောက်ဖြစ်ဖို့က ကံသုံးပါးလုံးပြည့်စုံမှ ဖြစ်ပါလိမ့်မယ်။ ကံသုံးပါးလုံး ကောင်းအောင်နေလို့ လူကောင်းတစ်ယောက်ဖြစ်တဲ့သူဟာ သူ့အတွက် ကောင်းခြင်းတွေ များနေမှာတော့ သေချာပါတယ်။ အဲဒီလို ကောင်းမှုတွေများနေတဲ့သူဟာ ပိုပြီးကောင်းမှုများ ထပ်မံများအောင် ဘုရားတရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းများ၊ မေတ္တာပို့ခြင်း၊ သာဓုခေါ်ဆိုခြင်းများ ပြုလုပ်ပေးမယ်ဆိုရင် အတိုင်းအဆမရှိ ကောင်းမှုများရမှာဖြစ်လို့ အကောင်းတကာ အကောင်းဆုံးလူလို့ ပြောရပါလိမ့်မယ်။

မကောင်းမှုတွေပဲ လုပ်နေတဲ့သူဟာ မကောင်းမှုလုပ်တာများနေပေမဲ့ ဘုရားဟောတရားတော်များကို ရွတ်ဖတ်ပေးရင် ရွတ်ဖတ်တဲ့ကုသိုလ်ရရှိတာမို့ အကျိုးမယုတ်ပါဘူး။ အနည်းဆုံး မကောင်းမှုအကျိုးကို ဖာထေးပေးနိုင်တဲ့သတ္တိအနည်းငယ်တော့ ရပါတယ်။ မကောင်းမှုလုပ်တဲ့ချိန်လုပ်တယ်။ ဒါပေမဲ့ အဲဒီလူဟာ သူ့စိတ်လေး သန့်ရှင်းနေတဲ့အချိန်မှာ ကောင်းမှုရအောင် ဘုရားတရားတော်များရွတ်ခြင်းကြောင့် ကောင်းမှုကတော့ ရရှိမှာပါ။

အဲဒီတော့ အမှန်ဆုံးဖြစ်အောင်၊ အကောင်းဆုံးဖြစ်အောင်၊ လူကောင်းတစ်ယောက်ဖြစ်အောင် နေတဲ့လူကလည်း ထပ်မံကုသိုလ်များရရှိအောင် ဘုရားတရားတော်များ ရွတ်ဖတ်ပေးခြင်းတို့ပြုလုပ်ပေးရင် ပိုကောင်းပါတယ်။ မရွတ်နိုင်ရင်တော့ ရွတ်ဖတ်ပူဇော်ခြင်း ကုသိုလ်မရရုံသာဖြစ်ပြီး ရှိပြီးသားကောင်းမှုများတော့ လျှော့မသွားပါ။ မိမိတို့ဟာ မဟုတ်တဲ့အရာတွေကိုပဲ လောဘကြီးပြီး ကောင်းမှုကုသိုလ်ကျတော့ လောဘမကြီးတတ်သေးရင် သဘာဝမကျလှတဲ့အတွက် ကောင်းမှုကုသိုလ်နဲ့ပတ်သတ်ပြီးလည်း တတ်နိုင်သမျှ အသေးစားကုသိုလ်လေးကအစရရှိအောင် ပြုလုပ်ပေး သင့်ပါတယ်။

ကုသိုလ်ပဲဖြစ်စေ၊ အကုသိုလ်ပဲဖြစ်စေ ပြုလုပ်လျှင်ပြုလုပ်သလောက် အကျိုးပေးကြတာမို့ မိမိတို့ပြုလုပ်သလောက် ခံစားရပါတယ်။ ဒါကြောင့် ကုသိုလ်ကို ပုညကြိယာဝတ္ထု(၁၀)ပါးလုံးပြည့်စုံအောင် မလုပ်နိုင်တောင်မှ တက်နိုင်သလောက် ဘက်စုံကနေ ရရှိအောင်ပြုလုပ်ကြဖို့လိုသလို မကောင်းမှုအကုသိုလ်ကိုလည်း တက်နိုင်သမျှ ကင်းရှင်းနိုင်အောင် ရှောင်ကြဉ်နိုင်ကြပါစေလို့ ဆုတောင်းပေးရင်း ဦးဇင်းသိသမျှဖြေကြားပေးလိုက်ပါတယ်။ စာဖတ်သူအားလုံး ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး လိုရာဆန္ဒပြည့်ဝကြပါစေလို့ ဆန္ဒပြုလျက်…..။

http://www.sanninaymin.com/

2 comments

  • unclegyi1974

    February 12, 2012 at 10:24 pm

    ဦးဇင်းအဖြေကရွတ်ဖတ်သူကရွတ်ဖတ်တဲ့အကျိုးရမယ်
    ကောင်းအောင်နေတဲ့သူကကောင်းအောင်နေတဲ့အကျိုးရမယ်
    တပည့်တော်သိချင်တာကဘယ်သူကပိုအကျိုးများမလဲသိချင်ပါတယ်ဘုရား

  • ဆန်နီနေမင်း

    February 12, 2012 at 11:00 pm

    ဟုတ် ဒကာ။ ကုသိုလ်မှာ ဒါနထက် သီလ၊ သီလထက် ဘာဝနာက မြင့်တာမို့ မိမိလူကောင်းဖြစ်အောင် နေခြင်းဟာ ဘယ်အဆင့်ထိ ရှိသလဲ။ သုံးခုလုံးပြည့်စုံသလား။ သုံးခုလုံး ပြုလုပ်သလားဆိုတာတွေပေါ်မှာ မူတည်ပါတယ်။ ဘုရားဟော တရားတော်များကို ရွတ်ဖတ်ရွတ်ဆိုခြင်းဟာ ဓမ္မဒေသနာဖြစ်လို့ ဘာဝနာထဲက သမထဘာဝနာဖြစ်တာမို့ ဒါန၊ သီလထက်တော့ မြတ်ပါတယ်။ သီလလုံခြုံပြီး တရားတော်များ ရွတ်မယ်ဆိုရင်တော့ အကျိုးပေးဟာ ရာနှုန်းပြည့်ရပါလိမ့်မယ်။ သီလမလုံရင်တော့ တရားတော်များရွတ်ဖတ်ခြင်းဟာ ရာနှုန်းပြည့်မှုတော့မရှိပေမဲ့ ထက်ဝက်လောက်သောအကျိုးတော့ ရပါတယ် ဒကာ။

    အဲဒီတော့ မိမိတို့ပြုလုပ်မှုပေါ်မှာမူတည်ပြီး အကျိုးနည်းများ ကွာခြားသွားပါတယ် ဒကာ။

Leave a Reply