ဒုတိယပင်လုံအား ဖြင့် သွေးစည်းညီညွတ်သော ငါတို့၏မြန်မာနိုင်ငံတော်

kyawhan21February 12, 20121min2138

မြန်မာပြည်သူတွေရဲ့  သွေးစည်းညီညွတ်မှုကို ပြညွှန်းသော ပြည်ထောင်စုနေ့ဟာ ၆၅ နှစ်တာကာလကိုကျော်ဖြတ်ခဲ့ပြီဖြစ်ပါတယ်၊ဒါပေမယ့် မြန်မာပြည်ဟာ ဒီပြည်ထောင်စုနေ့ကိုဖြစ်ပေါ်စေခဲ့တဲ့ ပင်လုံစာချုပ်အားဖြင့် တည်ငြိမ်အေးချမ်းပြီး လွတ်လပ်သောတရားမျှတမှုကို တကယ်လက်ဝယ်ပိုင်ဆိုင်ခဲ့ပါရဲ့လား တိုင်းရင်းသားတွေဟာ တကယ်ကော ပြည့်ဝတဲ့နိုင်ငံသားအခွင့်အရေးတွေကိုရရှိပါရဲ့လား ဒါကိုအဖြေရှာရမှာကတော့ မြန်မာပြည်၏သန်း၆ဝနီးပါးဖြစ်လာပြီဖြစ်သော မြန်မာပြည်သူလူထုတွေနဲ့အတူ လက်ရှိအာဏာရယူပိုင်ဆိုင်ထားသော ပြည်ထောင်စုအစိုးရအပါအဝင် အတိုက်အခံနိုင်ငံရေးအင်အားစုများရဲ့ ပြောင်မြောက်သော သမိုင်းအပြောင်းအလဲဖန်တည်းလိုမှုအပေါ်မှာ တည်မှာဖြစ်ပါတယ်၊

ကျွန်တော်ကတော့ကျော်ဟန်ပါ

ကျွန်တော်အခုရေးသားတဲ့post မှာ ပင်လုံပြည်ထောင်စုစိတ်ဓါတ်ရှိသူ မြန်မာပြည်ကိုချစ်စိတ်ရှိသူများပါဝင်ရေးသားပေးပါရန်တိုက်တွန်းလိုပါတယ်၊   မြန်မာပြည်ရဲ့ နှစ်၁၀ဝကျော် သူတစ်ပါးကျွန်ဖြစ်ခဲ့ရခြင်းက အပြီးတိုင်လွတ်မြောက်ရန် နောက်ဆုံးအတားအဆီးတစ်ခုက တောင်တန်းဒေသပြသာနာဖြစ်ပါတယ်၊ဒါဟာအင်္ဂလိပ်တွေ အလွန်အားကိုးခဲ့တဲ့လက်နက်တစ်ခုပါ၊အာဏာကိုမက်တဲ့ တိုင်းရင်းသားပဒေသရာဇ်တွေက ဖက်တွယ်ပြီးမြန်မာပြည်ကို အစိတ်စိတ်အမွှာမွှာ ဖြစ်စေလိုခဲ့ပေမယ့် ပြည်သူတွေရဲ့ ပြည်ထောင်ချစ်စိတ်အောက်မှာ ဝပ်တွားခဲ့ရတာက သမိုင်းမှာ အထင်အရှားပြဆိုပြီးဖြစ်ပါတယ်၊

ဒါပေမယ့်ကျွန်တော်တို့လက်ဝယ်မှာပိုင်ဆိုင်ထားတဲ့ ပင်လုံစာချုပ်ဟာ အလုံးစုံ့ပြီးပြည့်စုံတဲ့ စါချုပ်တစ်ခုတော့မဟုတ်ပါဘူး ၊ဘာလို့လဲဆိုတော့ တိုင်းတစ်ပါးအုပ်ချုပ်မှုအောက်မှာ စက္ကန့်လေးမျှတောင်မနေလိုတဲ့ လွတ်လပ်ရေးဗိသုကာ မြန်မာ့မျိုးချစ်သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းဟာ သူချစ်တဲ့ အမိမြန်မာပြည်နဲ့ မြန်မာပြည်သူတွေကို သူတပါးလက်အောက်မှာ ကျွန်အဖြစ်မထားလိုတဲ့အတွက် အကြပ်ကိုင်တောင်းဆိုမှုတွေကို အလျှော့ပေးချုပ်ဆိုခဲ့ရတဲ့အတွက်ကြောင့်ဖြစ်ပါတယ်၊အကယ်၍ တိုင်းရင်းသားခေါင်းဆောင်ပိုင်းဟာ တိုင်းပြည်နဲ့လူမျိုးအပေါ်ပြည့်ဝတဲ့ချစ်စိတ်ထားခဲ့မယ်ဆိုရင်တော့ဒီပင်လုံစာချုပ်ဟာ ပြည်တွင်းစစ်မီးတောက်လောင်စေအောင် ကိုင်စွဲခံရမယ် လက်နက်တစ်ခုသဖွယ်ဖြစ်လာမှာမဟုတ်ပါဘူး၊

ပင်လုံစာချုပ်ဟာ အပူတပြင်းချုပ်ဆိုခဲ့ရတဲ့ စာချုပ်တစ်ခုဖြစ်နေတဲ့အတွက် လွတ်လပ်ရေးရပြီးတော့ကာ ကိုယ့်တိုင်းပြည်ကိုယ်အုပ်ချုပ်ရတဲ့အချိန်မှာတော့ တိုင်းရင်းသားပေါင်းစုံ ပါဝင်တဲ့ ဒုတိယပင်လုံကို အကောင်အထည်ဖေါ်ဘို့ ရည်မှန်းချက်ကို ဗိုလ်ချုပ်အောင်ဆန်းဟာ ခိုင်ခိုင်မာမာချထားပေမယ့် မြန်မာပြည်သူတွေကို နှစ်၅ဝဆယ်ကျော် စစ်မီးအနိဠာရုံ ထဲဆွဲသွင်းစေတဲ့ ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရမှုက မပြည့်စုံတဲ့ပင်လုံစာချုပ်အဖြစ် တိုင်းရင်းသားအချင်းချင်းသံသယအမုန်းတွေကိုသာဖြစ်စေခဲ့ပါတယ်။ဒါဟာပင်လုံရဲ့ပထမ အားနည်းချက်ကိုဖြစ်စေတဲ့အကြောင်းပါ။အကယ်၍များ ဗိုလ်ချုပ်ဆောင်ဆန်းဟာ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲကို ဦးဆောင်နိုင်ခဲ့သလို လွတ်လပ်ပြီးမြန်မာနိုင်ငံအား ပြန်လည်တည်ဆောက်သည့်အချိန်ကို သက်ရှိထင်ရှားဥိးဆောင်ခွင့်ရပါက ပြည်တွင်းစစ်မီး ကိုမြန်မာပြည်သူတွေခဲ့ရမျာမဟုတ်ပါဘူး၊

ဒုတိယအားနည်းချက်ကိုကြည့်မယ်ဆိုရင်တော့ ဒီပင်လုံဟာ မြန်မာပြည်တောင်တန်းဒေသကိုသာအခြေပြုထားပြီး ကချင် ချင်းနဲ့ ရှမ်း တိုင်းသားများကိုသာ အခြေပြုချုပ်ဆိုတဲ့စာချုပ်ဖြစ်ပါတယ်၊ဒီပင်လုံမှာပါဝင်ခွင့်မရတဲ့တိုင်းရင်းသားများထဲမှာ ကရင်တိုင်းရင်းသား များကလွဲပြီး ရခိုင်မွန်စတဲ့တိုင်းရင်းသားတွေဟာ ဘယ်လိုအရေးဆိူမှုမျိူးမှမပြုလုပ်ပါဘူးဗိုလ်ချုပ်အောင်ဆန်းရဲ့ခေါင်းဆောင်မှုကို အကြွင်းမဲ့လက်ခံယုံကြည်သူများဖြစ်ပါတယ်၊မြန်မာပြည်သူတွေဟာ ဗိုလ်ချုပ်ဆောင်ဆန်းရဲ့ခေါင်းဆောင်မှုကိုဆုံးရှုံးခဲ့ရချိန်မှာတော့ ဒီပင်လုံရဲ့အားနည်းချက်ဟာတိုင်းပြည်ကိုဖြိုခွဲလိူသူများရဲ့ အဖျက်လက်နက်သဖွယ်ဖြစ်လာခဲ့ပြီး မြန်မာပြည်သူတွေအတွက် အလွန်ဆိုးဝါးတဲ့ နိုင်ငံရေးအကျိုးဆက်တွေကို နှစ်ပေါင်းများစွာဖြစ်စေခဲ့ပါတယ်။

တတိယအားနည်းချက်ကတော့ တိုင်းရင်းသားအခွင့်အရေးဆိုတဲ့အသုံးအနှုံးဖြစ်ပါတယ်၊ ဒီစကားရပ်ဟာ အလွန်တာသွားတဲ့စကားရပ်ဖြစ်တဲ့အပြင် တိုင်းရင်းသားအခြင်းခြင်းစိတ်ဝမ်းကွဲပြားမှုကိုဖြစ်စေတဲ့စကားရပ်ပါ၊ မြန်မာပြည်ဟာ တိုင်းရင်းသားလူမျိုးစုခွဲပေါင်း ၁၅ဝ ကျော်ရှိတဲ့အထဲ စုစည်းစေတဲ့ စကားအသုံးအနှုံးရှာရမှာခက်စေမှာပါ ဒိများပြားတဲ့တိုင်းရင်းသားမျိုးနွယ်စုတွေကို အခွင့်အရေးတန်းတူညီမျှနိုင်မယ့် နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံရေးဆွဲရမယ့်ကိစ္စဟာ နှောင်နှစ်၁၀ဝမှာတောင်ပြီးပြည်စုံနိုင်မှာမဟုတ်ပါဘူး၊ဒိအတွက်အသင့်တော်ဆုံး နဲ့တစည်းတလုံးသောမြန်မာနိုင်ငံတော်အဖြစ် တည်မြဲစွာရပ်တည်နိုင်ဘို့ရာ  “နိုင်ငံသားအခွင့်အရေး”ဆိုတဲ့အသုံးအနှုံးဖြင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြည်သူ့ဆန္ဒနဲ့အညီခိုင်မာစေခြင်းဘဲဖြစ်ပါတယ်၊

မြန်မာပြည်ဟာ လွတ်လပ်ရေးရပြီးတာ၆၄ နှစ်ကိုကျော်လွန်လာခဲ့ပြီဖြစ်ပေမယ့် တိုင်းရင်းသားအခြင်းခြင်း မြေအစွဲ အာဏာအစွဲ တွေအောက်မှာ အခွင့်အရေးရောင်စုံပဋိပက္ခတွေကြောင့် မြန်မာပြည်သူတွေဟာ နိုင်ငံသားအခွင့်အရေးတန်းတူမှုတွေပြည့်ဝစွာမရရှိခဲ့ကြပါဘူး ဒီအတွက်နိုင်ငံကိုဖြစ်စေ တိုင်းရင်းသားလူမျိုးစုကိုဖြစ်စေ ဦးဆောင်ခွင့်ရကြသူများအနေနဲ့ မိမိတစ်ဦးတစ်ယောက်တည်းမပိုင်တဲ့မြေအတွက် မိမိတစ်ဦးတစ်ယောက်တည်းကိုယ်စားပြုခွင့်မရှိလူမျိုးများအတွက် သန်း၅ဝ ကျော်သော မြန်မာပြည်သူ များ၏ ဆန္ဒသဘောထားများကို မိမိ အတ္တ တစ်ခုတည်းဖြင့် မျက်ကွယ်ပြု၍မရဆိုသည်ကို သတိမူရန်ကားလွန်စွာလိုပါမည်၊မိမိတို့၏ လူမျိုးရေးအစွဲ မြေအစွဲ အာဏာအစွဲ စသည့် အစွန်းရောက်မှုများက နှစ်ပေါင်းများစွာမြန်မာပြည်သူလူထုကို အထိနာစေခဲပြီဆိုတာ အမြင်မှန်ရသင့်ပါသည်၊

မြန်မာပြည်သည် အစိုးရတစုံတရာပိုင်ဆိုင်သော မြေမဟုတ်  မြန်မာပြည်သည်  တိုင်းရင်းသားခေါင်းဆောင်တစ်ဦးတစ်ယောက်ပိုင်ဆိုင်သောမြေမဟုတ်  သန်း၅ဝကျော်သော မြန်နိုင်ငံသားအားလုံး တန်းတူညီမျှစွာ ပို်င်ဆိုင်သောမြေ နို်င်ငံဖြစ်သည်။

ထို့ကြောင့် ပြည်သူ့ဆန္ဒနှင့်အညီ နို်င်ငံသားအခွင့်အရေးကို ပြည့်ဝစွာ အာမခံချက်ပေးနိုင်မည့်  တိုင်းရင်းသားပေါင်းစုံပါဝင်သော ဒုတိယပင်လုံကို အမြန်ဆုံးဖေါ်ဆောင်နိုင်စေရန် ပြည်သူများပြောသော ပြည်သူ့အမြင်အဖြေစ်တင်ပြအပ်ပါသည်၊

အမိမြန်မာပြည်၏ နိုင်ငံသားအားလုံးတို့သည်  ဒုတိယပင်လုံအားဖြင့် သွေးစည်းညီညွတ်သော မြန်မာနိုင်ငံတော်ကို တန်းတူညီမျှပိုင်ဆိုင်နိုင်ကြပြီးသမိုင်းအမွေကို ကောင်းစွာထိန်းနိုင်ကြပါစေ

ကျွန်တော်ကျော်ဟန်ပါ

8 comments

  • စိန်ပေါက်ပေါက်

    February 12, 2012 at 7:03 pm

    ဖတ်ရတာ အရသာရှိလို ့ လက်မ တစ်ချောင်းပဲ ထောင်ခဲ့ပေးပါရစေဗျား
    ပြည်ထောင်စုနေ ့ ပင်လုံစာချုပ် ချုပ်ရကျိုးနပ်အောင် ညီညွတ်စည်းလုံးမှုမရှိခဲ့တာ ဝမ်းနည်းမိပါတယ်..
    ဒုတိယ ပင်လုံ ဖော်ဆောင်ဖို ့ သင့်မသင့် ဆိုတာ ပြည့်ပြည့်စုံစုံထောက်ပြ အကြံမပေးတတ်တာ ခွင့်လွတ်ပါဗျဦး

  • ပြည်ထောင်စုနေ ့အမှတ်တရကိုရေးသားပေးတဲ့ သံတွဲသား ကိုကျော်ဟန်ကို ကျေးဇူးတင်
    ပါတယ်ဗျာ။
    “”တိုင်းရင်းသားအချင်းချင်းသံသယအမုန်းတွေကိုသာဖြစ်စေခဲ့ပါတယ်။ဒါဟာပင်လုံရဲ့ပထမ
    အားနည်းချက်ကိုဖြစ်စေတဲ့အကြောင်းပါ။အကယ်၍များ ဗိုလ်ချုပ်ဆောင်ဆန်းဟာ မြန်မာ့
    လွတ်လပ်ရေးတိုက်ပွဲကို ဦးဆောင်နိုင်ခဲ့သလို လွတ်လပ်ပြီးမြန်မာနိုင်ငံအား ပြန်လည်တည်
    ဆောက်သည့်အချိန်ကို သက်ရှိထင်ရှားဥိးဆောင်ခွင့်ရပါက ပြည်တွင်းစစ်မီး ကိုမြန်မာပြည်သူ
    တွေခဲ့ရမျာမဟုတ်ပါဘူး၊””

  • maungmoenyo

    February 13, 2012 at 7:56 am

    ပင်လုံစာချုပ်ဟာ ၁၉၄၅ လွန်မြန်မာပြည်လွတ်လပ်ရေးရရှိရေး အမျိုးသားရေးလှုပ်ရှားမှုမှ instrumental ဖြစ်ခဲ့ပါတယ်။ နဲနဲဝေဖန်ကြည့်ရအောင်-
    (၁) ဒီစာချုပ်ဟာ ခုချိန်နိုင်ငံရေးမျက်စိနဲ့ကြည့်ရင် အားနဲချက်ရှိတယ်ဆိုတဲ့အချက်ဟာ မှန်ပေမဲ့ အဲ့ဒီအချိန်မှာရှိတဲ့ နိုင်ငံရေးရေစီးကြောင်း အခြေအနေကိုမေ့လို့မရပါဘူး။
    (၂) ပင်လုံစာချုပ်ကိုချုပ်ရာမှာသဘောတူခဲ့တဲ့ သဘောတူလက်မှတ်ရေးထိုးခဲ့ကြသူတွေဟာ သက်ဆိုင်ရာပြည်နယ်တောင်တန်းဒေသမှာ အထင်ကရ ခေါင်းဆောင်များဖြစ်ကြပါတယ်။ မျက်ခြေမပြတ်ဖို့က အဲ့ဒီခေါင်းဆောင်များဟာ အရွေးချယ်ခံများမဟုတ်ပါဘူး။
    (၃) ရေးထိုးကြသူအားလုံးက ဗိုလ်ချုပ်အောင်ဆန်းကို ပုဂ္ဂိုလ်ရေးအရ လေးစားကြည်ညိုကြသူတွေ ဖြစ်ပါတယ်။
    (၄) ပင်လုံစာချုပ်သည် လွတ်လပ်ရေးတောင်းဆိုရေးအတွက်သက်သက် ရေးထိုးတဲ့ ညီညွတ်မှု၊ သွေးစည်းမှုကိုပြတဲ့ သမိုင်းဝင်အထောက်အထားပါဘဲ။
    (၅) အနာဂါတ်မြန်မာပြည်မကြီးနဲ့ ပြည်နယ်တွေရဲ့ ကံကြမ္မာကို လမ်းဖွင့်ပေးထားပါတယ်။
    (၆) ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ဆိုတာ ဒေသ၊ လူမျိုးတိုင်းရဲ့ automatic right ပါ။ ဥပဒေပြဌာန်းရတဲ့ ကိစ္စမဟုတ်ပါဘူး။ ဒီ အိပ်မက်ကိုဖန်တီးလိုတဲ့ ဆန္ဒရှိခြင်းသည်၊ လူသားတစ်ဦးချင်းရဲ့ ပိုင်ခွင့်ပါ။ မွေးရာပါပိုင်ခွင့်ပါ။
    (၇) တိုင်းရင်းသားသွေးစည်းညီညွတ်ရေးပျက်ပြားမှု ဟာ လွတ်လပ်ရေးနဲ့အတူ တပြိုင်တည်းမွေးဖွားလာပါတယ်။ ဘာဖြစ်လို့လဲ နောက်တက်လာတဲ့ သခင်ှုကို ဘယ်သူမှမယုံကြလို့ပါ။ (၁၉၆၂) တက်လာတဲ့အစိုးရဖြစ်တဲ့ ဗိုလ်နေဝင်းအစိုးရကိုလဲ ကြောက်ရလို့ပါ။ အဲ့ဒီအကြောက်တရားက ဒီကနေ့အထိရှိနေပါတယ်။
    (၈) အဲ့ဒီအကြောက်တရားနဲ့ အတူ ယုံကြည်မှု ဆိုတဲ့ trust ကိုဒီကနေ့အထိတည်ဆောက်လို့မရသေးပါဘူး။ အပြစ်အခတ်ရပ်ရေးထိုးပြီးနောက်တနေ့ အဲ့ဒီသဘောတူညီချက်မပျက်ဘူးလို့ ဘယ်သူမှ အာမမခံနိုင်ပါဘူး။
    (၉) ဘာဖြစ်လို့လဲ…လူမျိုးရေးကိစ္စ တရားလွန်ရှေ့တန်းတင်နေကြလို့ပါ။ နောက်တခုက တိုင်းရင်းသားတွေရဲ့ပြည့်မ ဗဟိုအစိုးရအပေါ်ယုံကြည်မှုက အလွန်အားနဲနေပါတယ်။
    (၁၀) တိုင်းရင်းသားသွေးစည်းညိညွတ်ရေး အားထုတ်ကြိုးပမ်းမှုဟာ သိမ်မွေ့တဲ့ strategy ဖြစ်ပါတယ်။ ဥိးဆောင်တဲ့ပုဂ္ဂိုလ်ပေါ်များစွာတည်သလို နောက်လိုက်ကြသူတွေ ရဲ့ သဘောထားပြည့်ဝမှုအခြေအနေမှန်ကို ကောင်းစွာ နားလည်မှုတို့အပေါ်မှာများစွာတည်ပါတယ်။
    ဒုတိယပင်လုံကိစ္စ ချင်းတောင် ကလေးမြို့မှာ မြစ်ဖျားစခံပေါ်ပေါက်လာတော့ မောင်မိုးညို တယောက် အာဘောင်အာရင်းသန်သန်နဲ့ လို်က်ဆွေးနွေးကြည့်ပါတယ်။ (၁၉၄၇) ခုနှစ်က ရှိခဲ့တဲ့ ပင်လုံစိတ်ဓါတ်ဟာ ဗိုလ်ချုပ်တို့လုပ်ကြံခံရပြီးတဲ့ဖြစ်ရပ်နဲ့အတူ ရေစုံမျောခဲ့ကြောင်း ကောင်းကောင်းကြီးသိလိုက်ပါတယ်။ ပင်လုံစာချုပ်ဟာ လံကြုပ်ကြီးလို့ ခုချိန်ခါမှာ ဆိုကြတဲ့သူတွေကိုဝမ်းနဲဘွယ်တွေ့လိုက်ရပါတယ်။
    လက်ရှိအစိုးရရဲ့ nation-building priority list မှာ သံဃာယနာတင်ရေးဟာ အဓိကမဟုတ်ပါဘူး။ national reconciliation ကိုဇောက်ချလုပ်ဖို့ပါဘဲ။ တိုင်းရင်းသားခေါင်းဆောင် စစ်စစ်တွေ က မိမိလူမျိုးရေးထက် ၊ မိမိဒေသနေတိုင်းရင်းသားများအားလုံးရဲ့ဘဝ (၁) မြင့်မားလုံခြုံမှုရှိလာရေး (secured family living) နဲ့ (၂) ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရေး (autonomous self-administration) ရရှိရေးဖြစ်ပါတယ်။
    တိုတိုပြောရရင် “အမျိုးသားရေး” လို့အော်ရတော့မဲ့ခေတ်မဟုတ်ပါဘူး။ အိပ်မက်မက်ကြရမဲ့အချိန်မဟုတ်တော့ပါဘူး။
    အဲ…တခုတော့ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ ဖြစ်နိုင်ဘွယ်ရှိတဲ့ မျှော်လင့်ချက် တခုဖြစ်ပါတယ်။

  • kai

    February 13, 2012 at 8:16 am

    ဆရာမိုးညိူစကားကို.. ထောက်ခံပါတယ်လို့…
    အထူးသဖြင့် အချက်နံပါတ်ကိုး…

    (၉) ဘာဖြစ်လို့လဲ…လူမျိုးရေးကိစ္စ တရားလွန်ရှေ့တန်းတင်နေကြလို့ပါ။ နောက်တခုက တိုင်းရင်းသားတွေရဲ့ပြည်မ ဗဟိုအစိုးရအပေါ်ယုံကြည်မှုက အလွန်အားနည်းနေပါတယ်။

    ကို အထူးပြုချင်ပါတယ်…။
    ထစ်ဆို.. ဗမာ၊ ကချင်၊ ကရင်၊ ရခိုင်၊ ဘင်္ဂလီ၊ ချင်း၊ ဂျပန်၊ အမေရိကန်၊ ယိုးဒယား၊ တရုတ်..။ ကုလား၊… ထ,ထလုပ်ပြီး.. လူသားအချင်းချင်း… “ခွဲတွန်း”အကျင့်…

    ထစ်ဆို.. ငါကိုးကွယ်ရာကအမှန်.. သူများယုံကြည်တာအမှား.. ငါ့ဗဟိုပြု..”ငါ့..ငါ..ငါ ..ငါး ” ငါးခုံးမပုတ်အကျင့်ဆိုးတွေ… အကျင့်ဟောင်းတွေ.. ေ-ာက်ကျင့်တွေ.. ပြင်ဖို့.. ပြောင်းဖို့.. အချိန်တန်နေပါပြီ..။
    (ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့.. ဗိုလ်ချုပ်စကား ကူးရေးတယ်) 😆
    လေနဲ့.. ပြောနေလို့.. မပြီးနိုင်တဲ့ပုံစံမို့.. ဥပဒေထုတ်..တားမြစ်သင့်ပါတယ်..။

    လူမျိုးရေးခွဲခြားမုန်းတီးစေတဲ့စကား.. စာ..အပြုအမူတွေကို ပြင်းပြင်းထန်ထန်အရေးယူတဲ့.. ဥပဒေကို ပြဌာန်းတာ.. အမြန်ဆုံးလုပ်ရတော့မယ်လို့ ထင်မိတာပါပဲ…
    ယူအက်စ်မှာ.. ရှိတဲ့ဥပဒေတွေ.. အခြေအနေနဲ့..ညှိပြီး ပြင်ဆင်ကူးချဖို့သင့်တယ်…။
    အဲဒီအတွက်.. အခုအစိုးရက.. ယူအက်စ်အစိုးရဆီ.. ပညာတော်သင် လေ့လာရေးလုပ်ဖို့.. အကူအညီတွေတောင်းသင့်တယ်…
    ==

    ဗိုလ်ချုပ်အောင်ဆန်းပြောသွားတဲ့ နောက်ဆုံးမိန့်ခွန်းမှ

    “တိုင်းပြုပြည်ပြုလွှတ်တော် [ဖော်ဆောင်ရတာဟာ] အိမ်ဟောင်းကို တည်ရုံ
    အလုပ်မဟုတ်ဘဲနဲ့ တခုလုံး ဖျက်ဆီးပြီးတဲ့နောက် အဲဒီပျက်သွားတဲ့ နေရာမှာ
    ထပ်ပြီး အိမ်အသစ်ဆောက်တာနဲ့ တူပါတယ်။ ………

    ကျွန်တော်တို့ဟာ တိုင်းပြည်ကို ပြောခဲ့တဲ့အတိုင်း လုံးဝလွတ်လပ်ရေးကို
    ကျွန်တော်တို့ရအောင် လုပ်မယ်ဆိုတဲ့အတိုင်း အဲဒီလုံးဝလွတ်လပ်ရေးကို
    ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တယ်။ ဒီလုံးဝလွတ်လပ်ရေးကို
    ဆုံးဖြတ်ပြီးတဲ့နောက် ကျွန်တော်တို့ ဒီတိုင်းပြည်ကို ကြေညာထားတဲ့အတိုင်း
    တနှစ်အတွင်း လုံးဝလွတ်လပ်ရေးရအောင် လုပ်မယ်ဆိုတာလဲ
    ကျွန်တော်တို့လုပ်နေလျက်ပါပဲ။……………

    ဘယ်အစိုးရမှလဲ ချွတ်ယွင်းချက်မရှိတဲ့ အစိုးရမရှိဘူး။ သို့သော်လဲဘဲ
    တိုင်းပြည်အပေါ်မှာ စေတနာရှင်းရှင်းထားပြီး တဆင့်ထက်တဆင့်
    ကျွန်တော်တို့လုပ်လာတဲ့ လုပ်ငန်းဟာ တိုးတက်သလား မတိုးတက်ဘူးလား
    ဆိုတာခင်ဗျားတို့ ပြန်ကြည့်ပါ။……..နောက်အတော်လေးကြာလာယင် ကျွန်တော်တို့ဟာ
    တိုင်းပြည်ကို အတိအလင်း ကြေညာနိုင်တဲ့ စကားမျိုးလုပ်လာနိုင်ပါဦးမယ်။
    အဲဒီလို လုပ်လာတဲ့အခါမှာ ကျွန်တော်တို့ဟာ လွတ်လပ်ရေးလုပ်ငန်းမယ်
    ဘယ်ထိအောင် တစခန်း တက်လာပြီး ဘယ်ထိအောင် ပြန်လည်ထူထောင်ရေး လုပ်ငန်းမှာ
    ဘယ်လို တစခန်း တက်လာပြန်ပြီ အစရှိသည်အားဖြင့် အဲဒီလို
    အခွင့်အလမ်းတွေကိုလဲ ခင်ဗျားတို့ မြင်ရပါလိမ့်မယ်။ အဲဒီလို
    တိုင်းပြည်ပြန်လည်ထူထောင်ရေးမယ် လုပ်တဲ့လုပ်ငန်းမှာလဲ
    တဆင့်တက်လာတာကိုသော်၎င်း၊ အခုလွတ်လပ်ရေးလုပ်ငန်းနဲ့ပတ်သက်ပြီး
    တဆင့်တက်လာတာကိုသော်၄င် အဲဒီလိုတက်လာတာကို ခင်ဗျားတို့ ရက်မကြာမီမှာ
    မြင်ရပါလိမ့်မယ်။ အဲဒီလို မြင်ရရုံမကဘူး။ ကျွန်တော်တို့ ဒီအစိုးရနှင့်
    အရင်ကရှိတဲ့ အစိုးရတွေနှင့် ယှဉ်ကြည့်လိုက်ယင် ကျုပ်ပြောရဲတယ်။ ယခု
    အစိုးရထဲမှာ လာဘ်စားတဲ့လူတွေ မရှိပါဘူးဆိုတာ ကျုပ်ပြောရဲတယ်။

    ကျုပ်တို့ဟာ ဒီတိုင်းပြည်မှာ အစိုးရဖြစ်အောင် အတင်းအဓမ္မလုပ်လာလို့
    အစိုးရဖြစ်တာ မဟုတ်ဘူး။ တိုင်းပြည်လူထုရဲ့ ထောက်ခံမှုနဲ့
    ကျုပ်တို့အစိုးရဖြစ်နေတာ တိုင်းပြည်ကမကြည်ညိုဘူးဆိုတာ
    ကျုပ်တို့သိတဲ့တနေ့မှာ ကျုပ်တို့လဲ မနေဘူး။ တွယ်မနေပါဘူး။ ထွက်မှာပါဘဲ။
    သို့သော်လဲဘဲ တနှစ်လောက် ကျုပ်တို့ကို စောင့်ကြည့်တဲ့အခါမှာ ကျုပ်တို့ဟာ
    ဘယ်လိုလူစားတွေလဲ။ ရာဇဝင်မှာ အရေးခံမဲ့ လူစားမျိုးတွေလား။ ရာဇဝင်မှာ
    အဆဲခံမဲ့ လူစားမျိုးတွေလားဆိုတာ ခင်ဗျားတို့ ကိုယ်တိုင်သိပါလိမ့်မယ်။……..

    တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ တိုင်းရင်းသားလူထု ညီညွတ်ရေး၊
    စားဖားသမားတွေ ညီညွတ်တာ ကျွန်တော်မလိုချင်ပါဘူး။ တိုင်းရင်းသား
    အချင်းချင်းညီညွတ်ရေး၊ တိုင်းသူပြည်သား လူထုညီညွတ်ရေး၊ အဲဒီညီညွတ်ရေး
    နှစ်ခုမရှိသမျှ ကာလပတ်လုံး၊ ဒီတိုင်းပြည်ဟာ လွတ်လပ်ပင်လွတ်လပ်ငြားသော်လဲ
    ဘယ်ပါတီတက်တက်၊ ဘယ်အစိုးရလုပ်လုပ်၊ ဖာသယ်တိုင်းပြည်ဖြစ်နေမှာဘဲလို့
    ကျွန်တော်ပြောချင်တယ်။…..
    ဗမာတွေ စိတ်ထဲမှာ ဗမာတွေဟာ စိတ်ဓာတ်ထက်တယ် ဘာညာနဲ့
    တလွဲဆံပင်ကောင်းနေတယ်ဆိုတာနဲ့ အတူတူပါဘဲ။ ဒီစကားဟာ ဒီနေရာမှာသုံးဖို့
    ဟာတွေပဲ။ ဗမာတွေစိတ်ဓာတ်က မဟုတ်တဲ့နေရာမှာ သွားပြီးကောင်းနေတယ်။
    တကယ့်နေရာတွေကျတော့ အသုံးမကျဘူး။ ဗမာပြည် လွတ်လပ်ရေးရအောင် ဆိုတာမျိုးမှာ
    အသုံးမချတတ်ဘူး။ ဗမာပြည်ပြန်လည်ထူထောင်ရေးလုပ်တဲ့ နေရာမျိုးမှာ
    အသုံးမချတတ်ဘူး။ ဗမာဗမာချင်း ချဖို့မှာ လုပ်ချင်တယ်။….

    ခင်ဗျားတို့ဟာ လွတ်လပ်ရေးကို လိုချင်ယင်၊ လွတ်လပ်ရေးရနိုင်လောက်တဲ့
    စည်းကမ်းကို ရှိကြပါ။ လွတ်လပ်ရေးကို လိုချင်လို့ရှိယင် လွတ်လပ်ရေးကို
    ရနိုင်တဲ့ ညီညွတ်မှုကို ထိန်းသိမ်းထားပါ။ လွတ်လပ်ရေးကို လိုချင်ယင်
    လွတ်လပ်ရေးကို ရနိုင်တဲ့ ထူထောင်မှုကို လုပ်ကြပါ။ အဲဒီလို
    လုပ်ပြီးတဲ့နောက် ရှေ့ကို လွတ်လပ်ရေးအရသာကို ခံစားစံစားချင်တယ်ဆိုယင်၊
    အလုပ်လုပ်ကြဖို့၊ စည်းကမ်းရှိကြဖို့၊ ယခုကတည်းက ခင်ဗျားတို့ကိုယ်ကို
    အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတွေ၊ စောက်ကျင့်တွေကိုပြင်ကြဖို့ လိုပြီဆိုတာ
    ကျွန်တော် ကနေ့ပြောခဲ့ချင်တယ်။”

    (စာပေဗိမာန်ထုတ် ပြည်သူ့လက်စွဲစာစဉ်ထုတ်
    ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းများ ၁၉၄၅-၁၉၄ရ စာအုပ်မှ
    မူရင်းသတ်ပုံအတိုင်း ကောက်နုတ်ဖော်ပြသည်။

  • ဦးဦးပါလေရာ

    February 13, 2012 at 11:45 am

    ဒီနေ့ ဗိုလ်ချုပ်မွေးနေ့မှာ သူကြီးကျေးဇူးကြောင့် ဗိုလ်ချုပ်မိန့်ခွန်းလေး ပြန်ကြား(ဖတ်)ရတာ ကျေးဇူးပါ…။

    ပင်လုံစာချုပ်ဟာ မြန်မာနိုင်ငံအတွက် နောက်ဆုံးအပြီးသတ်စီရင်ချက်မဟုတ်ပါဘူး။

    အဲဒါကိုကိုင်ပြီး အတွေးအခေါ်နောက်ကြောင်းပြန်ပြီး ကိုယ်ဖြစ်ချင်တာတွေလုပ်ဘို့ မဟုတ်ပါဘူး။

    အဲဒီစာချုပ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သေချာတာတော့ ဒီရေ ဒီမြေ ဒီနိုင်ငံမှာ သန်းငါးဆယ်ကျော် နိုင်ငံသားတွေ နေထိုင်ကြတယ်။
    သူတို့အားလုံးဟာ မြန်မာနိုင်ငံသားအဖြစ် အပိုအလိုလုံးဝမရှိစေပဲ တန်းတူရည်တူ အခွင့်အရေးတူကြရမယ်။
    လူမျိုးဆိုတဲ့စကားကို ရှေ့တန်းတင်ပြီး သွေးစည်းသယောင်နဲ့ သွေးခွဲနေကြမယ့်အစား…
    နိုင်ငံသားဆိုတဲ့စကားကို ရှေ့တန်းတင်ပြီး အားလုံးရဲ့တန်းတူရည်တူအဖြစ်ကို သက်သေပြသင့်တယ်။

    ဥပမာတခုပြောရရင်-
    မြန်မာနိုင်ငံသားတယောက်ဟာ-
    အဖေက မွန်-မြန်မာကပြား
    အဖေက ရှမ်း-ကရင် ကပြားဆိုရင်
    မှတ်ပုံတင်ထဲမှာ (အလွယ်တကူ ဘယ်သူကြည့်ကြည့် တွေ့ရအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့) လူမျိုးနေရာမှာ ဘယ်လိုရေးတယ်ထင်သလဲ ???

    အဲဒီသောက်ချိုးမျိုးမပြင်လို့တော့
    ဒို့တာဝန်အရေးသုံးပါကနေ
    ဒို့ပြဿနာ ကိုးဆယ့်ခြောက်ပါး ဖြစ်နေဦးမှာ…….

  • aungnng87

    February 13, 2012 at 1:17 pm

    အင်းအခုမှဘဲ ဗိုလ်ချုပ်မိန့်ခွန်းကို သေသေချာချာဖတ်မိတော့တယ်။ တော်တော်ကောင်းပါလားနော်…။ကျေးဇူးဘဲသူကြီးရေ….

  • kyawhan21

    July 4, 2014 at 9:43 pm

    သဂျီး ကော ဆရာမောင်မိုးညိုပါ သမိုင်းပြည့်ဝမှုနဲ့ စာပေလေ့လာမှု ကို လေးစားပါတယ်ဗျာ
    ကျွန်တော်ကတော့ ကျော်ဟန်ပါ

  • အရီးခင်

    July 5, 2014 at 2:07 am

    ကိုကျော်ဟန့် ကျေးဇူး နဲ့သူကြီး ကျေးဇူး ထပ်ဆင့်ပြီး ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြန်ဖတ်လိုက်ရတာ ဒီအချိန် အရမ်းကို တန်ဖိုးကြီးပါတယ်။
    မိန့်ခွန်းထဲက { ရာဇဝင်မှာ အဆဲခံမဲ့ လူစားမျိုးတွေ ) ကို မျက်ဝါးထင်ထင်တွေ့နေရလို့။
    ရွာထဲ မှာ လဲ စကားစမြည် ပြော လဘက်ရည်ကြမ်း နဲ့ နတ်တင်ပွဲ က အကျလေးတွေ လဲ ကြုံရင် ဝင် ဝင် စားပါလို့ လဲ ဖိတ်ခေါ်ပါတယ်။ :-))

Leave a Reply