ကျွန်မ ဟာ ပြဿနာတွေရဲ ့အဖြေကို မသိသေးလို ့သာ စာရေးဆရာဖြစ်နေတာပါ။ ပြဿနာတွေရဲ ့အဖြေကို သိရင် နိုင်ငံရေးသမား လုပ်မှာပေါ့ .။
××××××××××××××××××-

ကြွရောက်လာကြတဲ့ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ စာပေဝါသနာရှင်များ၊
ကျောင်းသူကျောင်းသား များကို အခုလို မျက်နှာချင်းဆိုင်ပြီးတော့
ရင်းနှီးစွာ စကားပြောခွင့်ရတဲ့အတွက် အထူးပဲ ကျေးဇူးတင်
ဝမ်းမြောက်တယ်ဆိုတာ ပထမဦးစွာ ပြောကြားလိုပါတယ်။ (ဩဘာသံများ)

ဒီကနေ့ည ကျမ ဟောပြောဖို့ ရွေးချယ်ထားတဲ့ခေါင်းစဉ်က ‘ကျမ
တော်တော်ညံ့ခဲ့ပါတယ်’ ဆိုတဲ့ ခေါင်းစဉ် ဖြစ်ပါတယ်။ ဒီခေါင်းစဉ်ကို
ကြားလိုက်ရတဲ့အခါမှာ ဒီစာပေဟောပြောပွဲကို တကူးတကန့်
လာရောက်နားထောင်လိုတဲ့ ပရိသတ်အနေနဲ့ အံ့ဩချင် အံ့ဩမိမယ်။
စိတ်ပျက်လက်ပျက် ရီမိချင် ရီမိလိမ့်မယ်။ ဒီစာပေဟောပြောပွဲကို လာပြီးတော့
နားထောင်တာဟာ နင်တို့တွေ၊ ခင်ဗျားတို့တွေဆီက တော်တာတွေများ ကြားရမလား၊
အဲဒီမျှော်လင့်ချက်ကလေးနဲ့ လာပြီးနားထောင်တာ၊ ညံ့တာတွေတော့ ငါတို့
မကြားချင်ဘူး၊ စိတ်ပျက်လက်ပျက် ရီမိချင် ရီမိလိမ့်မယ်။ ကျမကလဲ ကျမ
သိတ်တော်တဲ့အကြောင်းကို ပြောပြချင်ပါတယ်။ ဒါပေမယ့် ကံဆိုးချင်တော့ ကျမဟာ
ဘဝမှာ တခါမှ မတော်ခဲ့ဘူးသေးပါဘူး။ (အော်ဟစ်သံများ)

ဒီတော့ ကျမ ပြန်ကြည့်လိုက်တဲ့အခါမှာ ကိုယ့်ကိုယ်ကို ညံ့နေတာပဲတွေ့တော့
ကျမရဲ့ ပရိသတ်ရှေ့မှာ ကျမညံ့တဲ့အကြောင်းကိုပဲ ဝန်ခံတာဟာ ရိုးသားမှု
အရှိဆုံး ဖြစ်လိမ့်မယ်လို့ ကျမ တွေးပါတယ်။ အဲ့ဒါကြောင့် အခုလို
စင်မြင့်ပေါ် တက်လာပြီး တော့ ကျမညံ့တဲ့အကြောင်းတွေ ပြောရတာ ကျမ အများကြီး
ဝမ်းလဲနည်းမိပါတယ်။ (လက်ခုပ်သံများ) ဒါပေမယ့် မတတ်နိုင်ပါဘူး၊ ကျမ
ညံ့တဲ့အကြောင်းကတော့ ပြောရမှာပဲ။
ကျမကတော့ ညံ့တဲ့အကြောင်းတခုပဲ ပြောစရာ ရှိလို့ပါ။ ဒီတော့ အဲဒီလို
စိတ်ပျက်နေတဲ့သူ၊ ဒေါသထွက် နေတဲ့ သူတွေအတွက် ကျမ အကြံကောင်းလေးတခုတော့
ပေးနိုင်ပါတယ်။ တော်တာတွေကို မြင်ချင် ကြားချင်ရင်တော့ စာပေဟောပြောပွဲကို
လာစရာမလိုပါဘူး။ တော်တာတွေကို မြင်ချင်ကြားချင် ဂုဏ်ယူချင်တယ် ဆိုရင်
မြန်မာ့ရုပ်မြင်သံကြားကို ကြည့်ကြပါ။ (အော်ဟစ် လက်ခုပ်သံများ) အခုအချိန်က
စပြီးတော့ ‘ဂျူး’ ရဲ့ ညံ့ဖျင်းမှုတွေကို ဝန်ခံပါတော့မယ်ရှင်။

ကျမဟာ အများသိကြတဲ့အတိုင်း ဆရာဝန် စာရေးဆရာ ဖြစ်ပါတယ်။ (အော်ဟစ်သံများ)
ကြွားတာ မဟုတ်ပါဘူး။ အဲ့ဒီတော့ ဆရာဝန်အလုပ်လဲ တပြိုင်နက်လုပ်တယ်။
စာရေးတဲ့အလုပ် လဲ တပြိုင်နက်လုပ်တယ် ဆိုတော့ ဘယ်အလုပ်မှာများ ကျမ
ညံ့ပါသလဲလို့ မေးခဲ့ရင် ကျမ ဖြေချင်လို့ပါ။ ကျမဟာ အလုပ်နှစ်မျိုးစလုံးမှာ
ညံ့ဖျင်းပါတယ်။ အဲ့ဒီတော့ ကျမ ညံ့ခဲ့တဲ့အကြောင်းတွေကို ပြောပြပါမယ်။
ကျမဟာ ငယ်ငယ်ကလေးကတည်းက ညံ့ပါတယ်။ ကျမ ငယ်ငယ်တုန်းက
မြန်မာနိုင်ငံအကြောင်း ပထဝီဝင်ဘာသာမှာ သင်ရသော်လဲ မြန်မာနိုင်ငံရဲ့
စီးပွါးရေးအမြင် ဘာမှ မရှိခဲ့ပါဘူး။ (လက်ခုပ်သံများ) ကျမ တတိယတန်းအရွယ်
လောက်မှာ မြန်မာ့ ပထဝီဝင်ဘာာသာကို သင်ရပါတယ်။ အဲ့ဒီမှာ မြန်မာနိုင်ငံရဲ့
သံယံဇာတတွေအကြောင်း စာသင်ရပါတယ်။ မြန်မာနိုင်ငံဟာ သယံဇာတ
အလွန်ပေါများကြွယ်ဝတဲ့ နိုင်ငံဖြစ်ပါတယ်။ ဆန်စပါးတွေ ထွက်တယ်။
ကျွန်းသစ်တွေ ထွက်တယ်။ ရေနံတွေလဲ ထွက်ပါတယ်။ ရေနံထွက်တာလဲ ကျမ
မျက်မြင်ကိုယ်တွေ့ ပါပဲ။ ကျမက ရေနံချောင်းသူ ဖြစ်ပါတယ်။

ရေနံချောင်းသူဆိုတော့ ကျမတို့ ရေနံမြေကနေ ဖြတ်သွားတဲ့အခါမှာ
ရေနံတူးစင်ကြီးနဲ့ ရေနံတူးနေတာ တွေ၊ တူးပြီးသား ရေနံတွင်းတွေကနေ
ပိုက်လုံးတွေနဲ့ မောင်းတံတွေနဲ့ စုပ်ယူပြီးတော့ ရေနံလှောင်ကန်ထဲ
ထည့်နေတာတွေ ကျမ မျက်မြင်ကိုယ်တွေပါပဲ။ အဲ့ဒီ ရေနံလှောင်ကန်တွေထဲက
များပြားလှတဲ့ ရေနံတွေ ဘယ်ရောက်သွားလဲဆိုတာတော့ ကျမက မမြင်ရဘူးပေါ့။
(လက်ခုပ်သံများ) ကျမ မြင်ရတာက ရေနံလှောင်ကန်ပဲ မြင်ရတာကိုး။ အဲ့ဒီတော့
အဲ့ဒါ ရေနံနဲ့ ပါတ်သက်တဲ့ အပိုင်းပါ။ နောက်ထပ် သံယံဇာတတွေ အများကြီး
ထွက်တယ်လို့ သိရပါတယ်။ ဥပမာ တွင်းထွက်ပစ္စည်းတွေ၊ ကျောက်မီးသွေးလဲ
ထွက်ပါတယ်။ ပတ္တမြား၊ နီလာ၊ ရွှေ၊ ရွှေကြောကြီးတွေလဲ မြန်မာနိုင်ငံမှာ
အများကြီး ရှိပါတယ်။ ဒီတော့ ဒီ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားတွေ အပြင်
ကျောက်မီးသွေး၊ ခဲမဖြူတို့၊ အဖြိုက်နက်တို့ မြန်မာနိုင်ငံမှာ မထွက်တဲ့
တွင်းထွက်ဆိုတာ မရှိသလောက် အများကြီး ထွက်ခဲ့ပါတယ်။ နောက်ပြီးတော့
မြန်မာ့ပိုင်နက် ပင်လယ်ရေပြင်ဆိုတာ အများကြီး ရှိပါတယ်။
ပင်လယ်ပြင်ကထွက်တဲ့ ငါးပုစွန်တွေဟာ မြန်မာပြည်သူလူထု စားသုံးလို့တောင်
မကုန်တဲ့အတွက် စည်သွတ်ဗူး တွေနဲ့ ဒါမှမဟုတ် ရေခဲရိုက်ပြီးတော့
နိုင်ငံခြားကိုတောင် တင်ပို့ရောင်းချလို့ ရပါတယ်တဲ့။ ဒီတော့ တတိယတန်း
ကျောင်းသူ ကျမဟာ ကျမနိုင်ငံကို ကျမ တော်တော် ဂုဏ်ယူခဲ့ပါတယ်။
(လက်ခုပ်သံများ) သယံဇာတတွေ သိပ်များတာပဲပေါ့။ ဒါပေမယ့် တနေ့ကျတော့ ကျမက
ကျောင်းစာအပြင် တခြားပြင်ပမဂ္ဂဇင်းတခုကို သွားဖတ်မိပါတယ်။ သွားဖတ်တော့
အဲဒီအချိန်မှာ ကျမ စာတော့ ဟုတ်တိပတ်တိ မဖတ်ဖူးသေးပါဘူး။ ဒါပေမယ့်
ဆောင်းပါးတို့ ပုံပြင်တို့ဆိုရင် တကြောင်းစ နှစ်ကြောင်းစ ဖတ်တတ်နေပါပြီ။
အဲ့ဒီမှာ ကံဆိုးစွာနဲ့ စာကြောင်းလေးတကြောင်း သွားတွေ့ပါတယ်။ အဲ့ဒီ
စာကြောင်းလေးကို ကျမ အခုထိ မမေ့နိုင်သေးပါဘူး။’မြန်မာနိုင်ငံသည်
ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများတွင် တတိယမြောက် လိုက်ပါသည်တဲ့’။
(အော်ဟစ်သံများ၊ လက်ခုပ်သံများ)

အဲ့ဒီတော့ ကျမက ပထဝီ သင်ခါစ တတိယတန်းကျောင်းသူ အမြင်နဲ့ဆိုတော့ ကျမ
ဒီလိုပဲ မြင်တာပေါ့။ တကယ်တမ်းတော့ နိုင်ငံတခု တိုးတက်ကြီးပွါးဖို့ သယံဇာတ
ထွက်ရုံနဲ့တင် မလုံလောက်ပါဘူး။ (လက်ခုပ်သံများ) ဒါ ကျမရဲ့ အပြောမဟုတ်
ပါဘူး။ ကမ္ဘာ့စီးပွါးရေး ပညာရှင်တွေပြောတဲ့ အပြောပါ။ သူတို့က
ဘယ်လိုပြောသလဲဆိုတော့ နိုင်ငံတခု တိုးတက်ကြီးပွါးဖို့ အချက်ကြီး (၄)ချက်
လိုပါတယ်တဲ့။ သယံဇာတ၊ သဘာဝသယံဇာတ (Natural Resource) လို့ခေါ်တဲ့
သဘာဝသယံဇာတတွေ ပေါများဖို့တဲ့။ နံပါတ် (၂)ကတော့ အစဉ်အဆက်က
ကြီးပွါးခဲ့တဲ့၊ အစဉ်အဆက်က ရှိခဲ့တဲ့ အရင်းအနှီး၊ နံပါတ် (၃) က
Technology လို့ခေါ်တဲ့ နည်းပညာအသစ်အဆန်းတွေ၊ နံပါတ် (၄) ကတော့
အဲ့ဒီနည်းပညာကို ကျွမ်းကျင်သူတွေ၊ အဲဒီ လေးမျိုးလုံး ရှိတဲ့ နိုင်ငံဟာ
(သို့မဟုတ်) လေးမျိုးမှာ သုံးမျိုးလောက် ရှိတဲ့နိုင်ငံဟာ အဲ့ဒီ နိုင်ငံဟာ
ချမ်းသာပါတယ်တဲ့။

အဲ့ဒီတော့ ကျမတို့ မြန်မာနိုင်ငံက (၁) သယံဇာတတွေတော့ ပေါများကြွယ်ဝပါတယ်။
နောက် နံပါတ် (၂) (၃) (၄) ရှိ မရှိတော့ ကျမ မသိပါဘူး။ (လက်ခုပ်သံများ)
အဲ့ဒီတော့ ကျမ ညံ့တဲ့အကြောင်းက အဲ့ဒီက စ ပါတယ်။ နောက်ထပ် ကျမ
ညံ့တဲ့အကြောင်းကို ပြောရရင်တော့မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့
ပတ်သက်လို့ ကျမ ညံ့တာပါ။ နိုင်ငံရေးအမြင် ဘာမှ မရှိခဲ့တဲ့
ကျောင်းသူတယောက်အကြောင်း ကျမ ပြန်ပြောပါမယ်။ စတုတ္ထတန်း (ဒါမှမဟုတ်)
ပဉ္စမတန်း အရွယ် လောက် ကလေးဘဝမှာ ကျမတို့ နိုင်ငံမှာ အရေးအခင်းတခု
ဖြစ်ခဲ့ပါတယ်။ အဲ့ဒီ အရေးအခင်းမှာ မြို့ကြီးတွေ၊ ရန်ကုန်၊ မန္တလေးတွေကနေ
ပြီးတော့ စတင် ဖြစ်ပွါးခဲ့ပြီးတော့ ကျမတို့ဆီကို တဖြည်းဖြည်းနဲ့
ပျံ့နှံ့လာခဲ့ပါတယ်။ အဲ့ဒီ အရေးအခင်းကတော့ တရုတ်-ဗမာ အရေးအခင်းပါ။
တရုတ်တွေနဲ့ ဗမာတွေ ချကုန်ပြီးလို့ (ရီသံများ) ကျမတို့ ကြားရပါတယ်။

ကျမတို့ ရေနံချောင်းမှာ တရုတ်လူမျိုးတွေ အများကြီး ရှိပါတယ်။ ကျမတို့
ရေနံချောင်းက တရုတ်လူမျိုးတွေနဲ့ ဗမာလူမျိုးတွေတော့ မချကြပါဘူး။ ကျမတို့
အချင်းချင်းတော့ ခင်ခင်မင်မင်ပါပဲ။ ကျမတို့ ကျောင်းမှာ အတန်းထဲမှာ
ကျမတို့နဲ့ စာပြိုင်ဖက် တရုတ်မလေး ၃ – ၄ ယောက် ရှိပါတယ်။ သူတို့နဲ့
ကျမတို့လဲ စာမေးဖော် မေးဖက် ရင်းရင်းနှီးနှီး ခင်ခင်မင်မင်ပါပဲ။ ဒါပေမယ့်
မြန်မာနိုင်ငံမှာတော့ တရုတ်-ဗမာ အရေးအခင်း ဖြစ်နေပြီလို့ သိရပါတယ်။
ဒီတော့ ကျမတို့လဲ လက်ခံလိုက်ရုံပဲပေါ့။ တရုတ်တွေနဲ့ ဗမာတွေ ချကုန်ပြီ၊
ဒီလောက်ပဲ သဘောထားလိုက်ပါတယ်။ တရက်တော့ ကျမတို့ ကျောင်းတက်နေတဲ့အချိန်မှာ
ဆရာမက ကျမတို့ကို ပြောပါတယ်။ တို့တတွေ မနက်ဖန် ရောက်လို့ရှိရင်
ဒီမြို့ရဲ့ လမ်းတွေပေါ်မှာ ကျောင်းသားတွေ အားလုံးတန်းစီ လမ်းတလျှောက်
ချီတက်ရမယ်တဲ့ (လက်ခုပ်သံများ) အဲဒီတော့ ကျမက ကျောင်းစာသင်တဲ့အချိန်မှာ
အပြင်ထွက် ရမယ်ဆိုတော့ သိပ်ပျော်သွားပါတယ်။ (ရီသံများ) အဲ့ဒါနဲ့ပဲ
ကျမတို့ တက်တက်ကြွကြွနဲ့ပဲ လိုက်ဖို့ စီစဉ်ပါတယ်။ ဆရာမက ပြောတယ်။
နင်တို့အားလုံး စည်းကမ်းရှိရှိ သေသေဝပ်ဝပ် ချီတက်ရမယ်နော်တဲ့။
နှစ်ယောက်တတွဲ တွဲလို့ရတယ်။ နင်တို့ ကြိုက်တဲ့လူနဲ့ နင်တို့ တွဲကြပါတဲ့။
အဲ့ဒါနဲ့ ကျမကလဲ ကျမရဲ့ လက်တွဲဖော်အဖြစ် တရုတ်မလေးကို ရွေးလိုက်ပါတယ်။
ကျမနဲ့ ကျမသူငယ်ချင်း တရုတ်မလေးဟာ တရုတ်ဗမာအရေးအခင်း မှန်ကန်ကြောင်း
ထောက်ခံဖို့ မြို့ထဲမှာ ချီတက်လမ်းလျှောက်ခဲ့ပါတယ်။ (ရီသံများ
လက်ခုပ်သံများ) အဲ့ဒီတော့ ကျမတို့က ၂ ယောက်တတွဲ လမ်းလျှောက်
လမ်းတွေပေါ်မှာ ချီတက်ကြတယ်။ ရိုးရိုးတန်းတန်း ချီတက်ကြတာ မဟုတ်ဘူး။ ရှေ့က
တယောက်က စာရွက်တွေနဲ့ တိုင်ပေးတယ်။ ကျမတို့က နောက်ကနေပြီး လိုက်အော်ရတယ်။
လိုက်အော်တော့လဲ တို့အရေး၊ တို့အရေး ပေါ့။ ရှေ့က ဘာအောသလဲတော့ ကျမတို့
ကောင်းကောင်း မကြားရဘူး။ (ရီသံများ) အဲ့ဒီလိုနဲ့ ရှေ့ကတယောက်က
တိုင်ပေးလိုက်၊ ဘာမှမသိပဲ နောက်က တို့အရေး အော်လိုက်၊ အော်ရင်းနဲ့ပဲ
လမ်းတကာကို ရောက်ခဲ့ပါတယ်။ အဲ့ဒီမှာ ကျမတို့ ကျောင်းသားတွေကို
လမ်းလျှောက်ရတာ၊ အော်ရတာ မောရင် ရေသောက်ရအောင်၊ အအေးသောက်ရအောင်
ဆိုပြီးတော့ အိမ်တွေကနေပြီး အိမ်ရှေ့မှာ စာပွဲလေးတွေ ခင်းပြီးတော့
ကျမတို့ကို အစားအစာတွေ ကျွေးမွေးပါတယ်။ ကျမတို့လဲ အလကားရတာမှန်သမျှ
အကုန်စားပါတယ်။ (ရီသံများ) အကျင့်က ပါနေတာကိုး (ရီသံများ)
ဗမာက ကျွေးကျွေး၊ တရုတ်က ကျွေးကျွေး အကုန်စားပါတယ်။ (ရီသံများ)
ဒီလိုနဲ့ပဲ နည်းနည်း နေမြင့်လာတဲ့အခါမှာ ကျမတို့ ကျောင်းကို ပြန်ရပါတယ်။
ကျောင်းရှေ့မှာ အင်မတန် ကျယ်ဝန်းတဲ့ မြေတလင်းပြင်ကြီး ရှိပါတယ်။ အဲ့ဒီမှာ
အားလုံးစုရုံးပြီးတော့ အတန်းလိုက် အတန်းလိုက် ကိုယ့်လူစုနဲ့ကိုယ်
စုရုံးကြပါတယ်။

အဲဒီမှာ ကျမတို့ ဆရာမက ဘာပြောလဲဆိုတော့၊ အော်… ကျမ မေ့နေလို့၊ ကျမတို့
လမ်းလျှောက်တဲ့ အခါမှာ ဒီအတိုင်း လက်လွတ်လျှောက်ရတာ မဟုတ်ဘူး။ ‘ခေါင်း’
ကြီးတွေကို ကြိုးနဲ့ ဆွဲပြီးတော့ ဒီ ခေါင်းကြီးတွေကတော့ ကျမတို့
ကျောင်းသားလေးတွေ ဆွဲနိုင်အောင်ပါ။ စက္ကူတွေနဲ့လဲ ခေါင်းပုံစံ ဖြစ်အောင်
ရေးထားပါတယ်။ အဲ့ဒီထဲမှာလဲ ကျမတို့ မျက်စိရှေ့မှာ စက္ကူစုတ်တွေ ထည့်ထားတာ
မြင်ရပါတယ်။ ဒါပေမယ့် အဲ့ဒီ စက္ကူစုတ်တွေကို ကျမတို့က စက္ကူစုတ်တွေလို့
မမှတ်ရဘူးတဲ့။ အဲဒီအထဲမှာ အလောင်းတွေ ပါတယ်လို့ မှတ်ရမယ်တဲ့။ အဲ့ဒီမှာမှ
ကျမ ပထမဦးဆုံး နံမည်တခုကို ကြားဖူးပါတယ်။ အဲ့ဒီနာမည်ကတော့
မော်စီတုန်းတဲ့။ မော်စီတုန်းဆိုတဲ့နာမည်ကို အဲဒီအချိန်မှာမှ ပထမဦးဆုံး
ကြားဖူးတာပါ။ မော်စီတုန်း ကျဆုံးပါစေ ပေါ့။ အဲ့ဒီလို ဆိုတယ်လို့ ကျမ
ထင်ပါတယ်။ ဒီလိုနဲ့ ကျောင်းရှေ့ကို ပြန်ရောက်တော့ ကျမတို့ ဆရာမက အဲဒီ
ခေါင်းကြီးကို မီးရှို့ရမယ်လို့ ပြောတယ်။ ဒီတော့ ကျမက သူများအော်ရင်သာ
နောက်ကနေ တို့အရေး လိုက်အော်ရဲတာ။ ကျမကတော့ မီးရှို့ဖိုတော့ ကြောက်ပါတယ်။
ကြောက်တော့ ကျမက နောက်ဆုတ်တယ်။ အဲ့ဒီအချိန်မှာ ဆရာမက ကျမကို
ရှေ့ထွက်ခိုင်းတယ်။ ကျမက အတန်းရဲ့ မော်နီတာ ဖြစ်ပါတယ်။ (ရီသံများ)

“တင်တင်ဝင်း နင်ရှေ့ထွက် နင်မီးရှို့ ရမယ်” လို့ ပြောတယ်။ အဲ့ဒီတော့ ကျမက
မရှို့ရဲဘူးဆိုပြီး နောက်ကို ကပ်တယ်။ အဲဒီတော့ ကျမတို့ နှစ်ယောက်ရဲ့
အဖြစ်အပျက်ကို မကြည့်ရက်တဲ့ နည်းနည်းအသက်ကြီးတဲ့ ကျောင်းသူတယောက်က
ကျမတို့နှစ်ယောက် ကိုယ်စား ဖြေရှင်းပေးလိုက်ပါတယ်။ သူပဲ ဆက်ပြီးတော့
မီးရှို့တယ်။ (ရီသံများ) ကျမဟာ ဒီလို နိုင်ငံရေးမရှိအောင် ညံ့တယ်ဆိုတာ ကျမ
ဝန်ခံပါတယ်။ ဒါ ကျမရဲ့ စီးပွါးရေး ညံ့ဖျင်မှု၊ နိုင်ငံရေး ညံ့ဖျင်းမှုပါ။
ဒါပေမယ့် အဲဒီလိုသာ ညံ့တယ်။ ကျမက ဘာဖြစ်ချင်သလဲဆိုတော့ ကျမဘဝမှာ
အဖြစ်ချင်ဆုံး ဆန္ဒတခုက စာရေးဆရာ ဘဝတခုပါပဲ။ စတုတ္ထတန်းအရွယ် ကတည်းက ကျမဟာ
စာရေးဆရာတယောက် ဖြစ်ချင်ခဲ့ပါတယ်။ စာရေးဆရာဖြစ်ဖို့ ကျမကို
တွန်းအားပေးတဲ့ အချက်တွေ အများကြီး ရှိပါတယ်။ အဲဒါကတော့ ကျမ ဖတ်ခဲ့တဲ့
စာအုပ်တွေပါပဲ။ ကျမဟာ ကျောင်းစာက လွဲပြီးတော့ အပြင်ဘက်စာပေတွေကို
မဂ္ဂဇင်းတွေကို အများ ဖတ်ခဲ့ ပါတယ်။ ကျောင်းစာထက် ပိုပြီးတော့
ဖတ်ခဲ့ပါတယ်။ အဲ့ဒီတော့ ကျမ မှတ်မိသလောက်ပေါ့၊ ကျမ ဖတ်ခဲ့တဲ့ စာအုပ်တွေဟာ
အများကြီးပါပဲ။ စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင်၊ စာရေးဆရာကြီး ဓူဝံ၊
ဆရာမကြီး ဒေါ်ခင်နှင်းယု၊ ဂျာနယ်ကျော်မမလေး၊ သူတို့ စာအုပ်တွေကို ကျမ
ဖတ်ပါတယ်။ အဲ့ဒီမှာ ကျမဘဝမှာ ပထမဦးဆုံး ဖတ်ဖူးတဲ့ စာအုပ်တအုပ်ကို အခုထိ
မှတ်မိပါတယ်။ ဒါဟာ ကျမအတွက် ပထမဦးဆုံး ဝတ္ထုပါ။ အဲ့ဒါကတော့
စာရေးဆရာကြီးဓူဝံရဲ့ ‘မာလာ’ လို့ အမည်ရတဲ့ ဝတ္ထု ဖြစ်ပါတယ်။ ‘မာလာ’ ဟာ
လက်သုံးလုံးလောက် ထူတဲ့ စာအုပ်ကြီးတအုပ်ပါ။ သူ့ အဲ့ဒီစာအုပ်ကို ကျမရဲ့
ကျမကိုယ်ပိုင်အမြင်နဲ့ ဖတ်ခဲ့တာတော့ မဟုတ်ပါဘူး။ အဲ့ဒီအချိန်တုန်းက ကျမက
ကာတွန်းတွေပဲ ဖတ်ပါတယ်။ ကာတွန်းတောင်မှ ထူရင် မဖတ်ပါဘူး။ ခပ်ပါးပါးပဲ
ဖတ်ပါတယ်။ တရက်ကျတော့ ကျမ စတုတ္ထတန်း စာမေးပွဲအပြီး ကျောင်းအားတဲ့
အချိန်မှာ ကျမ မေမေက စာအုပ်တအုပ် ယူလာပေးပါတယ်။

“သမီး ဒီဝတ္ထုကို ဖတ်စမ်း” လို့ ကျမကို ပြောပါတယ်။ အဲ့ဒီဝတ္ထုက ‘မာလာ’
ဝတ္ထုပါ။ ကျမက စာအုပ်ကြီးကို ကြည့်ပြီးတော့ လန့်သွားတယ်။ “အား စာအုပ်ကြီးက
အထူကြီးပါလားမေမေ” လို့ ပြောတော့ “အေး ထူတော့ ထူတယ်၊ ဒါပေမယ့် သမီး
စိတ်ဝင်စားမှာပါ” တဲ့။ သမီးတို့ မောင်နှမတွေဟာ စကားပြောရင် အင်မတန်
ရိုင်းတယ်တဲ့။ ကိုကိုရယ်၊ ညီမလေးရယ် ဘယ်တော့မှ စကားမပြောဘူး၊
မောင်နှမအချင်းချင်း အကြီးနဲ့အငယ်ကို နင်, ငါ သုံးတယ်တဲ့။ အဲ့ဒါ
မကောင်းဘူးတဲ့၊ ဒီတော့ သမီး ဒီစာအုပ်ကို ဖတ်တဲ့အခါမှာ ဖတ်ပြီးသွားရင်
သမီး ယဉ်ကျေးသိမ်မွေ့လာလိမ့်မယ်။ ဒီစာအုပ်ထဲမှာ လူတွေဟာ စကားပြောရင်
သိပ်ယဉ်ကျေးတာပဲတဲ့။ ဖတ်ကြည့်ပါတဲ့။ အဲ့ဒီတော့ ကျမကလဲ မေမေက
ဖတ်ခိုင်းတယ်ဆိုရင် ငါဖတ်ဖို့ သင့်တာပေါ့။ ကိုယ့်ဖာသာကိုယ် တွေးပြီးတော့
မေ့မေ့ရှေ့မှာပဲ အဲ့ဒီစာအုပ်ကို ကျမ ဖွင့်ဖတ် လိုက်ပါတယ်။ စ
ဖွင့်ဖွင့်ချင်းပဲ အဲ့ဒီစာအုပ်ကို ကျမ စိတ်ဝင်စားသွားတယ်။ သူက အခန်း(၁)
အဖွင့်မှာ အကျဉ်းထောင်တခုရဲ့ မြင်ကွင်းနဲ့ စထားပါတယ်။ အဲ့ဒီ
အကျဉ်းထောင်ထဲမှာ၊ အချုပ်ခန်းထဲမှာ၊ သံတိုင်တွေနောက်မှာ အကျဉ်းသား ၁၀
ယောက် အကျဉ်းကျ နေပါတယ်။ သူတို့ကတော့ တိုင်းပြည်ကို တော်လှန်ပုန်ကန်လို့
ချုပ်ထားတဲ့ အကျဉ်းသား တွေပါ။ တယောက်က ခေါင်းဆောင်၊
အဲ့ဒီခေါင်းဆောင်နာမည်က ဗိုလ်နန္ဒလို့ ခေါ်ပါတယ်။ သူ့ရဲ့ နောက်ပါက ၉ ယောက်
ရှိပါတယ်။ သူတို့ ၁ဝ ယောက်ကို ဒီကနေ့ ညနေ နေကွယ်လို့ ရှိရင် လည်ပင်းကို
ကြိုးကွင်းစွပ်ပြီး၊ မသေမချင်း ကြိုးပေးသတ်ခံရဖို့ ဘုရင်က အမိန့်
ချပြီးသားပါ။ ဒီတော့ သူတို့ အားလုံးဟာ ဒီကနေ့ ညနေမှာ သေမယ်ဆိုတာ
သေချာနေတော့ တော်တော် ကြောက်ရွံ့တုန်လှုပ်နေပါတယ်။ တပည့်တွေဟာ ငိုတဲ့သူက
ငိုနေကြတယ်။ နံရံကို လက်သီးနဲ့ထိုးပြီး အော်တဲ့သူက အော်နေကြတယ်။ နောက်
ဒေါသတကြီး စကားပြောတဲ့သူက ပြောနေကြတယ်။ အဲ့ဒါတွေကို ကြည့်ပြီးတော့
သူတို့ရဲ့ခေါင်းဆောင် ဗိုလ်နန္ဒက တော်တော်စိတ်မကောင်း ဖြစ်တယ်။
“သူတို့ခမျာ ငါ့ရဲ့ ခေါင်းဆောင်မှုကို လိုက်ခဲ့တဲ့အတွက် သူတို့ဟာ
ကြိုးပေးပြီး အသတ်ခံရတော့မှာပါလား၊ သူတို့တွေ အသေဖြောင့်အောင်၊
သေခြင်းတရားကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင် အောင် ငါ ကဗျာလင်္ကာတပုဒ်
ရွတ်ပြမှ ဖြစ်မယ်” လို့ သူ့ဖာသာသူ တွေးပြီးတော့ သူ ကဗျာလင်္ကာတပုဒ်
ရွတ်ပြပါတယ်။ အဲ့ဒီကဗျာကတော့ အနန္ဒသူရိယ အမတ်ကြီး ရေးစပ်ခဲ့တဲ့ အမျက်ဖြေ
အလင်္ကာလို့ အမည်ရတဲ့ ကဗျာလေးတပုဒ်ပါ။ “သူတည်းတယောက်၊ ကောင်းဖိ်ု့ရောက်မူ၊
သူတယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း” အဲ့ဒီကဗျာပါ။ သူက အဲ့ဒီကဗျာကို
ရွတ်တဲ့အခါမှာ စာရေးဆရာက ဘယ်လိုဖွဲ့ထားသလဲဆိုတော့ ဗိုလ်နန္ဒသည် သူ၏
အောင်မြင်လှသော အသံဝါကြီးနဲ့ထိုကဗျာကို ရွတ်ဆို၏တဲ့။ အဲ့ဒီမှာ ကျမက
နည်းနည်း ကလေး နားမလည်ဘူး ဖြစ်သွားတယ်။ ဗိုလ်နန္ဒကို ကျမသိတာက
သူပုန်ဗိုလ်လို့ ကျမသိပါတယ်။ သူပုန်ဗိုလ် တယောက်ကို ဘာဖြစ်လို့ အဲ့ဒီလို
ဖွဲ့သလဲ အောင်မြင်လှသော အသံဝါကြီးဆိုတာ သူပုန်ဗိုလ်ကို ဖွဲ့ရမယ့်
စကားမဟုတ်ပါဘူး။ ဒါဟာ သူရဲကောင်းတွေ ဟီးရိုးတွေကိုသာ သုံးရမယ့် စကားပါ။
ဒီတော့ ကျမအမြင်မှာ သူပုန်ဗိုလ်ဆိုတာ လူဆိုးပဲ၊ လူဆိုးတယောက်ကို
အောင်မြင်လှသော အသံဝါကြီးနဲ့လို့ ဖွဲ့တာဟာ နည်းလမ်း မကျဘူးလို့ ကျမရဲ့
စတုတ္ထတန်း အမြင်နဲ့ တွေးပါတယ်။ အဲ့ဒါနဲ့ မေမေ့ကို မေးမိတယ်။ မေမေလို့
ဗိုလ်နန္ဒဟာ ဘာလဲလို့၊ အဲ့ဒီလို မေးတော့ မေမေက ဇာတ်လိုက်တဲ့၊ (ရီသံများ)
ကျမပိုပြီးတော့ နားမလည်ဘူး ဖြစ်သွားတယ်။ (ရီသံများ) သူပုန်ဗိုလ်လို့လဲ
ပြောသေးတယ်၊ ဇာတ်လိုက်လို့လဲ ပြောသေးတယ်၊ ကျမ အဲ့ဒီမှာ အဲ့ဒီနှစ်ခုကို
ယှဉ်ပြီး နားမလည်ဘူးပေါ့။ ကျမ အပြင်မှာ သူခိုးတွေ၊ ဓါးပြတွေ၊ သူပုန်တွေ၊
ခါးပိုက်နှိုက်တွေ၊ အဲ့ဒါတွေ အကုန်လုံးက လူဆိုးတွေ စာရင်းထဲမှာ ပါတယ်။
ဒီတော့ ဒီလူဆိုးတယောက်က ဘာဖြစ်လို့ ဇာတ်လိုက်ဖြစ်သလဲ ကျမက မေမေ့ကို
ပြန်မေးတယ်။ မေမေလို့ မေမေ့ဥစ္စာက ဖြစ်နိုင်ပါ့မလား၊ သူပုန်က
ဘယ်လိုလုပ်ပြီးတော့ ဇာတ်လိုက် ဖြစ်မလဲ၊ မဖြစ်နိုင်ဘူး ထင်တယ်လို့
ကျမကပြောတော့ မေမေက ဖြစ်နိုင်တာပေ့ါ သမီးရယ်တဲ့၊ တခါတခါကျတော့
တိုင်းပြည်ကို အုပ်ချုပ်မင်းလုပ်တဲ့ ရှင်ဘုရင်က ဆိုးနေရင်၊ ယုတ်မာနေရင်၊
ကောက်ကျစ်နေရင် သူပုန်ဆိုတာလဲ ဇာတ်လိုက် ဖြစ်တတ်ပါတယ်တဲ့။ (ရီသံများ၊
လက်ခုပ်သံများ)

အဲ့ဒီတော့မှ ကျမ ရေးရေးလေး သဘောပေါက်သွားပါတယ်။ ကျမ ဒီဝတ္ထုကို တော်တော်
စိတ်ဝင်စားသွားပြီ၊ ဒါပေမယ့် ထပ်ပြီးတော့ မေးသေးတယ်၊ ဟုတ်ပါပြီလို့
အဲ့ဒါဆိုလို့ရှိရင် ဒီသူပုန်ဗိုလ်က ဇာတ်လိုက်ဖြစ်နေရတာ သူက ဘာဖြစ်လို့
သူပုန်ဘဝကို ဘာဖြစ်လို့ ရောက်သလဲ မေမေလို့ ကျမက ပြန်မေးတယ်။ ပြန်မေးတော့
မေမေကလည်း သူ့သမီးကို စာဖတ်စေချင်တော့ ရှင်းပြတယ်၊ သူ့ဘဝတဲ့၊ သူကတော့
သူပုန်ဘယ်ဟုတ်မလဲ သမီးရယ်တဲ့၊ သူက ဘုရင့်သားတော် တပါးပါ၊
သူတက္ကသိုလ်ပြည်မှာ ပညာသွားသင်နေတုန်းက သူ့အဖေရဲ့ ထီးနန်းစည်းစိမ်ကို
သူ့အဖေလက်အောက်က စစ်သူကြီးတပါးက တိုက်ခိုက်ပြီးတော့ သိမ်းယူထားတဲ့အတွက်
သူဟာ ပြန်လာတဲ့အခါကျတော့ သူပုန်ဘဝကို ရောက်ရတာပါတဲ့။ (လက်ခုပ်ဩဘာသံများ)
အဲ့ဒီလို ပြောပါတယ်။ (လက်ခုပ်သံများ) အဲ့ဒီတော့ ကျမက ပိုပြီး
စိတ်ဝင်စားသွားပါတယ်၊။ ဟုတ်ပါပြီမေမေ အဲ့ဒါဆိုရင် သမီး ဒီဝတ္ထုကို
ဖတ်ပါတော့မယ်။ ဒါပေမယ့် သမီး ဒီဇာတ်လမ်းအဆုံးကို သိပ်သိချင်တာလို့၊ အဲ့ဒီ
ဇာတ်လမ်းအဆုံးကိုတော့ သမီးကို ကြိုပြီးတော့ ပြောပါအုန်းလို့။ သူက
သူ့အဖေရဲ့ ထီးနန်းစည်းစိမ်ကို ပြန်ရရဲ့လားလို့ ကျမ မေးလိုက်တယ်။
ကျမမေးလိုက်တော့ မေမေက ရတယ် သမီးတဲ့။ နောက်ဆုံးကျတော့ သူရသင့်တဲ့
သူ့အဖေရဲ့ စည်းစိမ်ကို သူပြန်ရသွားပါတယ်တဲ့။ အဲ့ဒီလို ကျမကို ပြောပါတယ်။
(ရီသံများ၊ လက်ခုပ်သံများ) အဲ့ဒါနဲ့ပဲ ကျမ ဒီဇာတ်လမ်းကို ကြိုက်လို့
ဒီဝတ္ထုကို ဖတ်ပါတယ်။ တကယ်လဲ မေမေပြောသလိုပဲ သူပုန်ဗိုလ်နန္ဒဟာ
သူရသင့်ရထိုက်တဲ့ သူ့အဖေရဲ့ ဒီနန်းစည်းစိမ်ကို ပြန်ရသွားပါတယ်။
ဘယ်လိုနည်းနဲ့ သူထီးနန်းစည်းစိမ်ကို ပြန်ရသွားလဲ၊ အဲ့ဒါကို သိချင်ရင်တော့
ဓူဝံရဲ့ ‘မာလာ’ စာအုပ်ကို ဖတ်ကြည့်ပါ။ (လက်ခုပ်သံများ) အဲ့ဒါ ကျမရဲ့
စာရေးဆရာ ဖြစ်ချင်တဲ့စိတ်အစပါပဲ။

ကျမဟာ လူတွေကို စရိုက်အမျိုးမျိုး ရေးဖွဲ့ချင်တယ်။ လူဆိုးဆိုလဲ
လူဆိုးစရိုက်၊ လူကောင်းဆိုရင်လဲ လူကောင်းစရိုက် အဲ့ဒီလို ရေးဖွဲ့တော့
ဇာတ်လမ်းတွေ ဆင်ချင်တယ်။ အမှန်တရားဟာ ရှေ့မှာ ရောက်သင့်တဲ့
အချိန်မှာရှေ့မှာ ရောက်ဖို့ ကျမက ထည့်ချင်တယ်။ အဲ့ဒီလို စိတ်လေးတွေဟာ
ဝတ္ထုတွေ ဖတ်ရင်း ဖတ်ရင်းကနေပြီး ကျမကို ပိုပို ပိုပို တွန်းအားပေးလာတော့
ကျမဟာ စာရေးဆရာ ဖြစ်ချင်တဲ့ စိတ်တခုထဲနဲ့ ကျမဟာ ကြီးပြင်းခဲ့ ပါတယ်။
ဒါပေမယ့် ကျမ ဆယ်တန်းအောင်တဲ့အခါ ခြေချော် လက်ချော်နဲ့ ဂုဏ်ထူး ၅ ခု
ရသွားပါတယ်။ အဲ့ဒီတော့ အဲဒီဂုဏ်ထူး ၅ ခုလေးကို ကျမက နှမျောပြီးတော့
ဆေးတက္ကသိုလ်ကို လိုက်ပါတယ်။ (ရီသံများ) ကျမတို့ ခေတ်တုန်းက ဂုဏ်ထူး ၆
ခုတွေ၊ ၅ ခုတွေ၊ ၄ ခုတွေ အများကြီးပါပဲ။ သူတို့တွေ အားလုံးဟာ
ဆေးတက္ကသိုလ်ကိုဝင်ဖို့ပဲ အာရုံရှိကြပါတယ်။ ရူပဗေဒ၊ ဓါတုဗေဒတွေကို
မဝင်ကြပါဘူး။ မိဘတွေ ကိုယ်တိုင်ကလည်း ဆေးတက္ကသိုလ်ကို ဝင်စေချင်တယ်။
ကျမကိုယ်တိုင်ကလဲ ကျမရဲ့ မိဘတွေက ဆေးတက္ကသိုလ်ကို လိုက်ဖို့ ပြောလို့
ကျမကလဲ ဂုဏ်ထူးလေးကို အားနာလို့ ဆေးတက္ကသိုလ်ကို ဝင်ခဲ့ပါတယ်။ ဝင်ခဲ့တော့
ကျမဟာ ဆရာဝန်ဘဝကို လုံးဝဝါသနာ မပါပဲ ရောက်ခဲ့တာဆိုတော့ အတန်းထဲမှာ
ဆေးပညာကလွဲရင် အားလုံးကို စိတ်ဝင်စားပါတယ်။ (ရီသံများ)

ကျမ တနေ့တနေ့ ဖတ်တဲ့ စာတွေဟာ ဆေးပညာနဲ့ ဘာမှ မဆိုင်ပါဘူး။ ကျမတို့
ရေနံချောင်းမှာ စာကြည့်တိုက် ကောင်းကောင်း မရှိဘူး၊ ဆေးကျောင်း ရောက်တော့
မန္တလေးဆေးတက္ကသိုလ်မှာ အင်မတန် ကြီးမားတဲ့ စာကြည့်တိုက်ကြီးတခု
ကျမသွားတွေ့တယ်။ အဲ့ဒီ စာကြည့်တိုက်ကြီးထဲမှာ ကျမ မဖတ်ဖူးတဲ့ စာအုပ်တွေ၊
ကြားဖူးပြီးတော့ မဖတ်ဖူးတာ၊ ကြားတောင် မကြားဖူးတာ၊ မြန်မာလို အင်္ဂလိပ်လို
အစုံပါပဲ။ အဲ့ဒါကြီးကို ကျမ မြင်ပြီးတော့ ငါတော့ ဒီ ဆေးတက္ကသိုလ် ရ နှစ်
အတွင်း ဒီစာအုပ်တွေ ပြီးအောင်ဖတ်မှ ဖြစ်မယ်လို့ ဆုံးဖြတ်ပါတယ်။
အဲ့ဒီလိုနဲ့ ကျမ အပြင်စာတွေ ဖတ်ခဲ့တယ်။ အတန်းထဲမှာ စာသင်တဲ့အခါမှာ ကျမက
နောက်ဆုံးကနေ မတ်တတ်ရပ်ပါတယ်။ ဆရာ စာမေးလွတ်အောင်လို့ပါ။ ရှေ့မှာ
ရပ်လို့ရှိရင် ဆရာက လှမ်းလှမ်းပြီး စာမေးလို့ပါ။ စာသင်ရတဲ့အခါမှာလဲ ကျမ
အားကျစိတ် လုံးဝမပေါ်ပါဘူး။ ကျမတို့ ကျောင်းမှာ ရောဂါနံမည်တွေ၊
ကုထုံးနာမည်တွေ အဲ့ဒါတွေ အားလုံးဟာ လူနံမည်တွေနဲ့ ချည်းပါပဲ။ ဥပမာ
ရောဂါတခုခုကို တယောက်ယောက်က ရှာတွေ့သွားပြီဆိုရင် အဲ့ဒီလူရဲ့ နာမည်ကို
ရှေ့မှာတပ်ပြီးတော့ နံမည်နဲ့ ရောဂါနံမည် ပေးပါတယ်။ ဥပမာ ကော့ ဆိုတဲ့သူက
ရောဂါတခုကို ရှာဖွေတွေ့ခဲ့တယ်။ အဲ့ဒီ ကော့ ရှာတွေ့ခဲ့တဲ့ အဆုပ်ရောဂါကို
ကော့ Lung ကော့ဒစိပေါ့။ ကော့ရဲ့ရောဂါလို့ နံမည် တပ်ပါတယ်။ နောက်ပြီး
ပဲလော့ လို့ခေါ်တဲ့ ပြင်သစ်သမားတော်ကြီး တယောက်က ရှာတွေ့ခဲ့တဲ့ ရောဂါ၊
မွေးရာပါ နှလုံးရောဂါ၊ အဲ့ဒါဆိုလို့ ရှိရင် ပဲလော့တက်ထွာလော်ဂျီလို့
သူတို့က နံမည်ပေးပါတယ်။ ပဲလော့ ရှာတွေ့ခဲ့သော ရောဂါ၊ အဲ့ဒီလိုမျိုးတွေ
ထောင်ပေါင်း၊ သောင်းပေါင်းများစွာ နေ့စဉ် ကျမတို့ စာကျက်ရပါတယ်။ အဲ့ဒီလို
ကျက်နေတဲ့အခါမှာ ဒီနံမည်တွေကို ကျက်ပြီးတော့ ငါသူတို့ ဘဝကို အားကျလိုက်တာ
ဆိုတဲ့စိတ်များ ဝင်ခဲ့မိသလားလို့ အခုနေ ကျမပြန်တွေးကြည့်တော့ ကျမ
နည်းနည်းမှ အားကျစိတ် မဝင်ခဲ့ပါဘူး။ တခါတခါ သူတို့ကို ငြိုတောင်ငြိုငြင်
မိပါတယ်။ သူတို့ဟယ် ရှာလိုက် ဖွေလိုက်ကြတာ၊ တွေ့ပဲ တွေ့နိုင်လွန်းတယ်၊
သူတို့ ရှာပြီးတော့ တွေ့တော့ ငါတို့မှာ စာတွေ ကျက်လို့ကို
မပြီးနိုင်တော့ဘူး။ (ရီသံများ၊ လက်ခုပ်သံများ) အဲ့ဒီလောက်ထိအောင် ကျမ
မေတ္တာပို့ခဲ့ ပါတယ်။ ဒါ ကျမ ဆေးကျောင်းသူဘဝ ညံ့ဖျင်းမှုတွေပါ။

ဒီလိုနဲ့ တနှစ်ပြီး တနှစ် ယက်ကန်ယက်ကန်နဲ့ စာမေးပွဲတွေ နီးတော့
စာလေးကျက်လိုက်၊ အောင်လိုက်၊ တခါတလေ တခါတည်းနဲ့ မအောင်လို့ နှစ်ခါပြန်
ဖြေရပါတယ်။ ကျမတို့ ကျောင်းမှာတော့ ဆပ်ပလီမန်ထရီဆိုတာ ရှိပါတယ်။
ဆပ်ပလီမန်ထရီက စာမေးပွဲ ကျပြီးတော့ ကျတဲ့ဘာသာကိုပဲ ပြန်ဖြေရတာပါ။
တော်ပါသေးရဲ့ ဆပ်ပလီမန်ထရီသာ မရှိခဲ့ရင် ကျမ တတန်းနှစ်နှစ် လောက် နေရဖို့
အကြောင်းရှိပါတယ်။ အဲ့ဒီလိုနဲ့ ကျမ ဆရာဝန် ဖြစ်ပါတယ်။ ဆရာဝန်ဖြစ်လာတော့
ဒီလို ခပ်ညံ့ညံ့ ဆေးကျောင်းသူတယောက်က ဘယ်လိုဆရာဝန်မျိုးဖြစ်မလဲ။
တွေးကြည့်ရင်တော့ သဘောပေါက်နိုင်စရာ အကြောင်းရှိပါတယ်။

ဒါပေမယ့် ကျမရဲ့ ဆရာဝန်ဘဝကို ပိုပြီးတော့ ပုံပေါ်သွားအောင်၊
ကျောင်းသူကျောင်းသားတွေ ပိုပြီးတော့ နားလည်သွားအောင် ကျမ
ကာတွန်းလေးတပုဒ်နဲ့ ဥပမာပေးချင်ပါတယ်။ အဲ့ဒီကာတွန်းလေးကို ရေးဆွဲတဲ့သူ
ဘယ်သူလဲလို့ ကျမ မမှတ်မိတော့ပါဘူး။ ကျမညံ့တဲ့အထဲမှာ အဲ့ဒါလဲ ပါပါတယ်။
ကျမက ဆရာအော်ပီကျယ်ကို တောင် မေးကြည့်ပါသေးတယ်။ ကာတွန်းဟာ ကျမ အခုထိ
သတိရနေသေးတယ်ဆရာလို့ ဆရာများ ဆွဲခဲ့ သလားလို့ ကျနော် မဆွဲခဲ့ ပါဘူးတဲ့။
ဒါပေမယ့် ကျမရင်ထဲမှာ အဲ့ဒီ ကာတွန်းလေးဟာ အခုချိန်ထိ နှစ်ပေါင်းများစွာ
စွဲတင်ကျန်ရစ်ခဲ့ပါတယ်။ အော် ငါနဲ့ တူလိုက်လေခြင်း၊ အဲ့ဒီ
ကာတွန်းအတွေးလေးကို ကျမ ပြောပြမယ်။ သူက တမျက်နှာ ကာတွန်းပါ။ မဂ္ဂဇင်းရဲ့
သရုပ်ဖော်ပုံ၊ မဂ္ဂဇင်းမှာ တမျက်နှာ ၄ ခု လောက်ပါတယ်။ တခါတလေ ၆
ခုလောက်ပါတယ်။ အခု ကျမကာတွန်း အကွက် ၆ ကွက်ပါတဲ့ ကာတွန်းပါ။ သူက
ပထမဦးဆုံး အကွက်မှာ လူမမာတယောက် ကြမ်းပြင်ပေါ်မှာ ပက်လက်ကြီး စန့်စန့်ကြီး
အိပ်နေတယ်၊ လူနာရဲ့ ဘေးနားလေးမှာ လူနာရဲ့ ဇနီးလို့ ထင်ရတဲ့
အမျိုးသမီးလေးက တယောက်၊ သူက ကျုံ့ကျုံ့လေးထိုင်ပြီးတော့ စိတ်ပူနေတဲ့
မျက်နှာလေးနဲ့ လူနာကို ကြည့်နေပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဘေးနားမှာတော့
ဆရာဝန်တယောက် မတ်တတ်ရပ်နေပါတယ်။ အဲဒီဆရာဝန်က လူနာကို နားကြပ်ကလေး
နားမှာထောက်ပြီး စမ်းသပ်နေပါတယ်၊ အဲဒါ ပထမဦးဆုံးအကွက်။ ဒုတိယအကွက်ကတော့
အဲဒီဆရာဝန်ကို ကာတွန်းဆရာက ပုံကြီးချဲ့ပြီး ဆွဲပါတယ်။ ဆရာဝန်ရဲ့
မျက်လုံးတွေကို အဓိက ထားတယ်။ ဆရာဝန်ရဲ့ မျက်လုံးက ဘာမှမသိတဲ့
အူကြောင်ကြောင် မျက်လုံးမျိုးပါ။ မျက်လုံးလေးက လည်နေတယ်။ ဆရာဝန်ရဲ့
ခေါင်းပေါ်မှာလဲ ကွက်ရှင်မတ်ပေါ့ မေးခွန်းလက္ခဏာလေးနဲ့၊ သူ့ရဲ့ဘေးနားမှာ
ရှုပ်နေတဲ့ သပွတ်အူလို ပုံစံလေးနဲ့။ ဘာရောဂါပါလိမ့်
သူတော်တော်ဦးဏှောက်ခြောက် နေပြီလို့ ကာတွန်းကြည့်တဲ့ပရိသတ် သိအောင်
ကာတွန်းဆရာက ဆွဲထားပါတယ်။ အဲ့ဒါက ဒုတိယအကွက်။ နောက် တတိယအကွက်ရောက်တော့
ဆရာဝန်ကိုပဲ အသားပေးပြီး ဆွဲထားတယ်၊ ဆရာဝန်ရဲ့ မျက်ဝန်းမှာ စောစောက
မြင်နေရတဲ့ အူကြောင်ကြောင် မျက်လုံးမရှိတော့ဘူး။ သူ့မျက်လုံးလေးတွေက
တောက်နေတယ်။ သူ့ရဲ့ ခေါင်းပေါ်မှာလဲ စောစောက ကွက်ရှင်မတ်တွေ၊ သပွတ်အူတွေ
မရှိတော့ပဲနဲ့ လင်းနေတဲ့ ဖန်သီးလေးတလုံးကို ခေါင်းပေါ်မှာ ဆွဲထားပါတယ်။
ဖန်သီးလေးဘေးမှာ အချောင်းချောင်းလေးတွေနဲ့ သူဘာရောဂါလဲဆိုတာ ရှာလို့
ရပြီဆိုတဲ့ အဓိပ္ပါယ်၊ ကျမတို့ သိစေပါတယ်။ နောက် စတုတ္ထကွက်မှာရောက်တော့
ဆရာဝန်က သူတပ်ထားတဲ့ နားကျပ်ကို ချွတ်ပြီး လူနာရှင် အမျိုးသမီးဘက်ကို
လှည့်ပြီးတော့ စိတ်မကောင်းတဲ့ မျက်နှာလေးနဲ့ ကျနော် ဝမ်းနည်းပါတယ်၊
လူမမာဟာ အသက်မရှိတော့ပါဘူးတဲ့။ (ရီသံများ) အဲ့ဒီလို ပြောလိုက်ပါတယ်။
အဲ့ဒါက စတုတ္ထအကွက်ပေါ့။ နောက် ပဉ္စမအကွက်ကို ရောက်တော့ စောစောတုန်းက
ကြမ်းပြင်ပေါ်မှာ ကျုံ့ကျုံ့လေးထိုင်ပြီး စိုးရိမ်ပူပန်တဲ့ မျက်နှာလေးနဲ့
သူ့ယောက်ျားကို ကြည့်နေတဲ့ လူမမာရှင်အမျိုးသမီးက သူ့ယောက်ျားဘက်ကို
လက်ညှိုး ငေါက်ငေါက်ထိုးပြီးတော့ ‘ရှင် ဆရာဝန်ထက် ပိုပြီးတော့
မသိချင်နဲ့’ အဲ့ဒီလို ပြောလိုက်ပါတယ်။ (ရီသံများ၊ လက်ခုပ်သံများ)

အဲ့ဒီတော့ ကာတွန်းထဲက ဆရာဝန်လို ကျမဟာ၊ ကာတွန်းထဲက လူနာရှင်မိန်းမလို
အများကြီး ကြုံတွေ့တဲ့အခါ ကျမရဲ့ဆေးခန်းဟာ လူနာတော်တော်များပါတယ်။
ရေနံချောင်းမြို့မှာ ဒေါက်တာ တင်တင်ဝင်း ဆိုတာ နံမည် တော်တော်ကြီးပါတယ်။
စောစောက ဒေါက်တာ တင်မောင်သန်းပြောသွားတဲ့ ပူဖောင်းလေးတွေလဲ ပါတာပေါ့။
အဲ့ဒီတော့ ဒါဟာ ကျမရဲ့ ဆရာဝန်ဘဝ သရုပ်ပေါ်အောင် ကာတွန်းလေးနဲ့ ဥပမာ
ပေးတာပါ။ ကျမရဲ့ ဆရာဝန်ဘဝကို ကျမ ထူးခြားတဲ့ အဖြစ်အပျက်ကလေးတခု
ကျမပြောပြရင် ပိုပြီးတော့ သဘောပေါက် သွားမယ်လို့ ကျမ ထင်ပါတယ်။ ဒါဟာ
ကျမလို ခပ်ညံ့ညံ့ဆရာဝန်တွေသာကြုံရမယ့် အချက်ပါ။ တော်တဲ့ ဆရာဝန်တွေ
ဒါမျိုး လုံးဝ ကြုံရမှာ မဟုတ်ဘူး။ ဒါဟာ သေချာပါတယ်။ ကျမဟာ
ဆရာဝန်ဖြစ်ပြီးတော့ ၃ လ လောက်အချိန်မှာ ကြုံရတဲ့ အဖြစ်ကလေးပါ။ ၃ လ
ဆိုတော့ ဘာအတွေ့အကြုံမှ မရှိသေးပါဘူး။ စမ်းတဝါးဝါး ဆေးကုနေဆဲ၊
ကျောင်းစာနဲ့ ပြင်ပလောကနဲ့ကို ထင်ဟပ်ကြည့်နေဆဲ အချိန်ပါ။ အဲ့ဒီအချိန်
တညနေ ကျမ ဆေးခန်းဖွင့်တဲ့အချိန်မှာ ကျမရဲ့ ဆေးခန်းထဲ လူနာနှစ်ယောက်
ရှိပါတယ်။ တယောက်က ကျမ ကုလက်စ၊ တယောက်က သူ့အလှည့်ရောက်ဖို့
ထိုင်စောင့်နေတယ်။ အဲ့ဒီအချိန်မှာ အပြင်ဘက်ကနေ အမျိုးသမီးတယောက်
ခပ်သုတ်သုတ် ဆေးခန်းထဲ ဝင်လာပါတယ်။ ဆရာမ ဆရာမ လူနာအရေးကြီးနေလို့
အိမ်ပင့်ချင်လို့ပါတဲ့။ အဲဒီလို ပြောပါတယ်။ ကျမက လူနာတယောက်ကို
ဆေးကုလက်စဆိုတော့ ခဏစောင့်ပါဦး၊ ဒီက လူနာပြီးရင် လိုက်ခဲ့ပါ့မယ်ပြောတော့၊
ဟာ ဘယ်စောင်လို့ ဖြစ်မလဲဆရာမတဲ့၊ ဟိုမှာက အရေးကြီးတယ်တဲ့။ လူမမာက သတိ
လစ်နေတာပါတဲ့။ သတိလစ်တယ်ဆိုတော့ အရေးကြီးပြီပေါ့၊ ကျမက ကုလက်စလူနာကို
ဆေးတွေ ဘာတွေ ပေးပြီးတော့ စောင့်နေတဲ့ လူနာကို
စောင့်များစောင့်နိုင်မလားလို့ ကျမအရေးကြီးတဲ့ လူနာနောက်ကို
လိုက်ချင်လို့ပါလို့ ခွင့်တောင်းပါတယ်။ အဲ့ဒီ လူနာကလဲ သဘောကောင်းပါတယ်၊
လိုက်သွားပါဆရာမ ကျမ စောင့်ပါမယ်တဲ့။

အဲ့ဒါနဲ့ ကျမ ဆေးအိတ်ကို ပေးပြီးတော့ လူနာရှင် အမျိုးသမီးနောက်
လိုက်သွားပါတယ်။ အဲ့ဒီအချိန်မှာ ကျမတို့ နွေရာသီပါ။ နွေရာသီမှာ
ရေနံချောင်းမြို့မှာ တော်တော် ပူပါတယ်၊ ဘယ်လောက်ထိ ပူသလဲဆိုရင် နေ့လည် ၁၂
နာရီကနေ ညနေ ၄ နာရီကြားမှာ ရေလုံးဝ မချိုးရဘူးလို့ အာဏာပိုင်တွေက
တားမြစ်ထားတဲ့အထိ ကျမတို့ ရေနံချောင်းက ပူပါတယ်။ ရေချိုးပြီးတော့
ဗြုန်းကနဲ လဲကျပြီး သေဆုံးသူတွေ အများကြီးပါပဲ။ အဲ့ဒါကြောင့် အာဏာနဲ့
တားမြစ်ထားတဲ့ အချိန်ပါ။ စေတနာနဲ့ အာဏာသုံးတာပါ။ တခါတခါ အာဏာဟာ
စေတနာနဲ့လဲ သုံးတတ်ပါတယ်။ (ရီသံများ၊ လက်ခုပ်သံများ)
အဲ့ဒီတော့ ကျမက လူနာအိမ်ကို လိုက်သွားပါတယ်။ လမ်းမှာလဲ ကျမ
စဉ်းစားနေတာပေါ့။ ရေချိုးရင် အန္တရာယ်ရှိတဲ့ အချိန်ပဲ။ မေးကြည့်တယ်
ဘာဖြစ်တာလဲပြော ဆိုတော့၊ ကျမ အမကြီးပါတဲ့၊ ဈေးကနေ မကြာသေးခင်က
ပြန်လာပါတယ်တဲ့။ ပူပူအိုက်အိုက်နဲ့ ဈေးက ပြန်ပြန်ချင်း
ရေတန်းချိုးလိုက်ပါတယ်။ ရေချိုးပြီး ကတည်းက သတိလစ်သွားတာ အခုချိန်ထိ
သတိပြန်လည် မလာပါဘူးတဲ့။ အဲ့ဒီတော့ ဒါဟာ ရေချိုးမှားလို့ အပူရှပ်တယ်ပေါ့။
ဒါဆိုရင် သာမိုမီတာ တိုင်းရမယ်။ စိတ်ထဲမှာ စွဲသွားတယ်။ လူနာအိမ်ရောက်တော့
လူနာက အမျိုးသမီးပါ။ ခပ်ဝ၀၊ ထွားထွား၊ အဲ့ဒီအမျိုးသမီးကို ကျမက ဘေးကနေ
ကြည့်လိုက်တော့ သူ့ပုံစံက မလှုပ်မရှက် ပုံစံပါ။ အဲ့ဒါနဲ့ ကျမ
သာမိုမီတာလေးကို ယူပြီးတော့ သူ့ပါးစပ်ကို တိုင်းဖို့ သူ့ပါးစပ်ကို
ဖွင့်ပါတယ်။ သူ့ပါးစပ်က ဖွင့်လို့ မရဘူး။ သွားစိနေတယ်။ ကျမကလဲ ဘယ်ရမလဲ
သွားစိနေတော့ သူ့ချိုင်းထဲ တိုင်းလိုက်တာပေါ့။ သာမိုမီတာနဲ့
ချိုင်းထဲတိုင်းတော့ အဖျား ရှိ မရှိပေါ့။ ကျမထင်သလောက် မဖျားဘူး။ ဒါနဲ့
ကျမက သွေးပေါင်ချိန် တွေ ဘာတွေ တိုင်းကြည့်သေးတယ်။ သွေးဖိအားက
သိတ်ပြီတော့ များဘူး။ နောက်အဆုတ်ကို နားထောင်ကြည့် တော့ အဆုပ်မှာ
အသက်ရှူသံ လုံးဝ မကြားရပါဘူး။ အဲ့ဒါလဲ ကျမက အားမလျှော့သေးဘူး။ နှလုံးကို
ထောက်စမ်းကြည့် ပါတယ်။ နှလုံးကလဲ တချက်မှ မခုန်ပါဘူး။ အဲ့ဒီတော့
နားကြပ်လေးကိုချ လူမမာရှင်ဘက် လှည့်ပြီးတော့ ဝမ်းနည်းတဲ့ မျက်နှာလေးနဲ့
ပြောတော့မလို့ မပြောရသေးဘူး၊ ပြောမလို့ ရှိသေးတယ်။ ကျမရဲ့ ခေါင်းထဲမှာ
အတွေးတချက် ဝင်လာပါတယ်။ အဲ့ဒါက ဘာလဲဆိုတော့ ကျမတို့ရဲ့ ဆရာ့ဆရာကြီးတွေက
ကျမတို့ကို သင်ထားတာ ရှိပါတယ်။ လူမမာတယောက်ကို စမ်းသပ်ပြီးတဲ့အခါ
သူသေပြီလို့ မပြောမီ နောက်ဆုံး စမ်းသပ်နည်းတွေနဲ့ စမ်းသပ်ရမယ်။ အဲဒီ
နောက်ဆုံးနည်းတွေနဲ့ စမ်းသပ်ပြီးမှ လူနာသေပြီလို့ ခိုင်လုံမှသာ
လူနာရှင်ကို အတည်ပြုပေးရမယ်လို့ ပြောတော့၊ ဟုတ်ပြီ အဲ့ဒါဆိုရင်
လူနာတယောက် အသက်မရှူရုံ၊ နှလုံးမခုန်ရုံနဲ့၊ သေပြီလို့ ပြောလို့
မဖြစ်သေးဘူး။ နောက်ဆုံး စမ်းသပ်နည်းနဲ့ စမ်းသပ်ရဦးမယ်၊ အဲ့ဒီနည်းကို
ရှာပါတယ်။ ဖြစ်ချင်တော့ နောက်ဆုံးစမ်းသပ်နည်းဟာ ဘာလဲလို့ ကျမ
မမှတ်မိတော့ပါဘူး။ ကျမစဉ်းစားတယ်။ ငါ့ကို ဆရာကြီးတွေက သင်ပေးလိုက်တယ်၊
ဘာလဲ မသိဘူး၊ နောက်ဆုံးနည်း ရှိတယ်တဲ့။ စဉ်းစားတာ တော်တော်ကြာတယ်။
ဘေးကလူတွေကလဲ ကျမကို ငေးကြည့်လို့၊ ကျမလဲ စဉ်းစားရင်း စဉ်းစားရင်း
အဖြေမပေါ်တော့ လူနာဆေးထိုးဖို့ လာချတဲ့ ရေနွေးဇလုံထဲကို ကျမ အပ်တွေထည့်၊
ပိုက်တွေထည့် ပိုက်ကလေးကို ရေနွေးစုပ်လိုက် ပြန်ထုတ်လိုက်၊ စုပ်လိုက်
ပြန်ထုတ်လိုက်နဲ့ ခေါင်းထဲကတော့ သပွတ်အူတွေ တော်တော်များနေပြီ။
ငါဘာလုပ်မလဲလို့။ ကံကောင်းချင်တော့ ကျမ သတိရသွားပါတယ်။ ဇဝေဇဝါ
မျက်လုံးတွေ အကုန်ဖျောက်ပြီး မျက်နှာထား ခပ်တည်တည်နဲ့ အဲ့ဒီအမျိုးသမီး
ဆီကနေ ကျမကို လက်နှိပ်ဓါတ်မီးတခုပေးပါလို့ တောင်းလိုက်ပါတယ်။

ကဗျာကယာပဲ လက်နှိပ်ဓါတ်မီးထိုးပေးတယ်။ သူ့ဆီက လက်နှိပ်ဓါတ်မီးကို
ယူပြီးတော့ လူမမာရဲ့ မျက်လုံးကို ဖွင့်ပြီးတော့ ကျမ မီးထိုးကြည့်ပါတယ်။
သာမန်လူတွေဟာ မျက်လုံးကို မီးရောင်နဲ့ လျှပ်တပြက် ထိုးလိုက်လို့ ရှိရင်
အဲ့ဒီ မျက်လုံးသူငယ်အိမ်က မီးရောင်ကို တုံ့ပြန်တဲ့အနေနဲ့ သူငယ်အိမ်
ကျယ်ရာကနေ ကျဉ်းသွားရပါတယ်။ ကျုံ့ဝင်သွားရပါတယ်။ အခု ကျမရဲ့ လူနာက
လက်နှီပ်ဓါတ်မီးနဲ့ ထိုးလိုက်ပေမယ့် မျက်လုံးသူငယ်အိမ်
ကျယ်မြဲကျယ်လျက်ပါ။ အဲ့ဒီတော့ ဒီတဖက် မသေချာသေးဘူး၊ နောက်တဖက်
ထပ်ထိုးကြည့်ပါတယ်။ ထပ်ထိုးကြည့်တော့ နောက်တဖက်ကလဲ ကျယ်မြဲ ကျယ်လျက်
နည်းနည်းမှကို မလှုပ်ပါဘူး။ သေချာပြီ ဆိုတော့မှ ကျမက လက်နှိပ်ဓါတ်မီးကို
ချ၊ စိတ်မကောင်းတဲ့ မျက်နှာလေးနဲ့ လူမမာနားတော့ မနေရဲဘူး၊ ဝုန်းဆို
ထထိုင်ပြီး ဖက်လိုက်မှာစိုးလို့၊ လူနာရှင်ဘက်ကို ကပ်သွားပြီးတော့ ကျမ
ပြောလိုက်ပါတယ်။ အမကြီးလို့ ပြောရမှာတော့ ကျမ ဝမ်းနည်းပါတယ်၊ အမကြီးရဲ့
လူမမာက အသက်မရှိတော့ ပါဘူးလို့၊ ကျမ ပြောလိုက်ပါတယ်။ အဲ့ဒီတော့ လူနာရှင်
မိန်းမက ကျမ ထင်သားပဲ ဆရာမတဲ့။ အဲ့ဒီလို ပြောပါတယ်။ ကျမ တော်တော်
ရှက်သွားတယ်။ ငါ့မှာတော့ ဒီလူနာ သေ မသေ စဉ်းစားလိုက်ရတာ၊ သူကတော့
ကြိုပြီးတော့ သိနေခဲ့ပါလား။ အဲ့ဒီအချိန်မှာ ကျမဟာ ထိုင်ရာကနေ ထပြီးတော့
ထွက်ပြေးသွားချင်လောက်အောင် ရှက်ပါတယ်။ ရှက်တာနဲ့အမျှ ဒေါသလဲထွက်။ ငါ့ကို
ဒီလူနာ သေမှန်း သိလျက်နဲ့ သေနေတယ်လို့ ထင်နေလျက်သားနဲ့၊ ငါ့ဆေးခန်းကို
ပိတ်ပြီး လာခဲ့ရအောင် ငါ့ကို ခေါ်တယ်။ ကျမဟာ ဒေါသနဲ့ ဟောက်ထည့်လိုက်တယ်။
လူနာသေတယ်လို့ ထင်လျက်သားနဲ့ ကျမကို ဘာဖြစ်လို့ လာခေါ်တာလဲ၊ ကျမမှာဖြင့်
ဆေးခန်းလူနာတွေ ပစ်ထားခဲ့ရတာ၊ ရှင်အဓိပ္ပါယ်မရှိဘူး။ ဘာလို့ လာပင့်တာလဲ
ဟောက်လိုက်တော့၊ လူနာရှင်အမျိုးသမီးက မျက်နှာလေး ချပြီး ပြောပါတယ်။
ဆရာမရယ် သေတယ်လို့တော့ ထင်ပါတယ်၊ ဒါပေမယ့် ဆရာမဆီက အတည်ပြုချက်လေး
ယူချင်လို့ပါတဲ့။ (ရီသံများ) အဲ့ဒါ ကျမဘဝရဲ့ အင်မတန် ထူးခြားတဲ့
အဖြစ်အပျက်ကလေးတခုပါ။ ဒီတော့ ကျမဟာ ဆရာဝန်ဘဝမှာလဲ ညံ့ဖျင်းတဲ့ ဆရာဝန်ပါ။

ဘယ်လောက် ညံ့ဖျင်းသလဲဆိုရင် ကျမ လူမမာတွေ အိမ်တွေ လိုက်သွားတယ်၊
ခလေးမွေးပေးရတယ်၊ ညှပ်နဲ့ ဆွဲမွေးပေးရတယ် ဆိုရင်ပဲ ကျမဟာ
သားဖွါးမီးယပ်ပညာရှင်တွေလို ခံစားရပါတယ်။ ဘဝင်မြင့်ခဲ့ပါတယ်။ အလုံး
အကြိတ်လေးတွေ၊ အဆီလုံးလေးတွေ ခွဲစိတ်ရတာကိုပဲ ကျမဟာ
ခွဲစိတ်ကုဆရာဝန်ကြီးလို ကျမ ဘဝင်မြင့်ခဲ့တယ်။ အဲ့ဒီအချိန်မှာ ကျမတို့
နိုင်ငံရဲ့ ပြင်ဘက်မှာ ဆေးပညာနဲ့ ပါတ်သက်ပြီး ဘာတွေ တွေးထင်နေသလဲ၊ ဘာတွေ
စီစဉ်နေကြသလဲ ကျမ မသိပါဘူး။
ဒိထက်ပိုညံ့တာတခုက ကျမတို့ ဆရာဝန် ဖြစ်တော့နောက်မှာ ကျမတို့နိုင်ငံရဲ့
ပြည်သူ့ ဆေးရုံတွေမှာ တာဝန်ထမ်းဆောင်ဖို့ လိုပါတယ်။ ပြည်သူ့ဆေးရုံ တွေမှာ
တာဝန်ထမ်းဆောင်ဖို့က ဘွဲ့ရရုံနဲ့ မဖြစ်ပါဘူး။ ကျမတို့ တိုင်းပြည်တာဝန်ကို
ထမ်းဆောင်ချင်တဲ့စိတ်ရှိရင် တိုင်းပြည်တာဝန်ကို ထမ်းဆောင်ဖို့
အခွင့်အရေးရအောင် စာမေးပွဲတွေ ဖြေရပါတယ်။ အဲ့ဒီက စာမေးပွဲတွေကတော့
ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့က ကျင်းပပေးတဲ့ စာမေးပွဲတွေပါ။ အဲ့ဒီ
စာမေးပွဲတွေက ဖြေပြီးအောင်မှသာ ကျမတို့ဟာ တိုင်းပြည်တာဝန်ကို
ထမ်းဆောင်ခွင့် ရှိပါတယ်။ ကျမဟာ ဘွဲ့ရရခြင်း တိုင်းပြည်ကို အင်မတန်
အကျိုးပြုချင်ပါတယ်။ တိုင်းပြည်တာဝန်ကိုလဲ အင်မတန် ထမ်းဆောင်ချင်ပါတယ်။
အဲ့ဒါနဲ့ပဲ ကျမ စာမေးပွဲတွေ ဖြေပါတယ်။ ဖြေတိုင်း ဖြေတိုင်း ကျပါတယ်။
နောက်ဆုံးတကြိမ်မှာတော့ ရေးဖြေစာမေးပွဲ အောင်သွားတယ်။ အောင်သွားတော့
ကျမတို့ ကျက်ရတဲ့ စာတွေကလဲ နိုင်ငံရေးသိပ္ပံ ပါပါတယ်။ မြန်မာစာ ပါပါတယ်။
ဗဟုသုတ ပါပါတယ်။ ဆေးပညာတော့ မပါပါဘူး။ (ရီသံများ) အဲ့ဒီတော့ ကျမတို့
ရေးဖြေအောင်သွားတဲ့အခါ ကျမ ရန်ကုန်ကို လာပြီး နှုတ်ဖြေ ဖြေရပါတယ်။
နှုတ်ဖြေဖြေတော့ ကျမတို့ သူငယ်ချင်း သုံးလေးယောက် စုပြီး တအိမ်မှာ
တည်းတယ်။ တည်းပြီးတော့ နောက်ဆုံးပေါ် ဂျာနယ်တွေ၊ ဆေးပညာနဲ့ ပတ်သက်တာတွေ
ကျမတို့ အကုန်ဖတ်ပါတယ်။ အဲ့ဒီအချိန်တုန်းက (အိတ်စ်) ရောဂါ ကမ္ဘာမှာ
လူသိခါစ၊ ရော့ဟဒ်ဆန်ကြောင့် အဲ့ဒီရောဂါကို လူတော်တော်များများက
သိကုန်ကြပါပြီ။ ကျမတို့ ကျောင်းတုန်းက ဒီရောဂါဟာ မထင်ရှားသေးတဲ့အတွက်
ကျမတို့ သိပ်စာမကျက်ရပါဘူး။ အဲ့ဒီအချိန်မှာ အိတ်စ်ရောဂါနဲ့ပတ်သက်တဲ့
နောက်ဆုံးပေါ်နည်းတွေ၊ ဖြစ်ပွါးတဲ့ အကြောင်းရင်းတွေ၊ ဆက်သွယ်မှုတွေ
အားလုံးကို ကျမတို့ တညလုံး ဖတ်ရတယ်။ ဖတ်ပြီးတော့ နောက်တနေ့ ကျမတို့
အဆင်သင့်ပဲပေါ့။ ဆေးပညာနဲ့ ပတ်သက်လို့ ဘာမေးမေး အားလုံးရပြီလို့ ဆိုပြီး
ရင်ကော့ပြီး စာမေးပွဲခန်းထဲ ဝင်သွားပါတယ်။ ဝင်သွားတော့ ကျမတို့ကို
မေးလိုက်တဲ့ မေးခွန်းတွေက ကျမထင်ထားတဲ့ မေးခွန်းတွေ ဘာတခုမှ မမေးပါဘူး။
ကျမ မထင်မှတ်တဲ့ မေးခွန်းတွေပဲ မေးပါတယ်။ အဲ့ဒီ မေးခွန်းတွေဟာလဲ ကျမတခါမှ
မကြားဘူးတဲ့ မေးခွန်းတွေပါ။ ဘာမေးခွန်းတွေလဲ ဆိုတာတော့ ကျမ
မပြောတော့ပါဘူး။ မမှတ်မိလို့ပါ။ အဲ့ဒီမေးခွန်းတွေကို မေးပြီးတော့ ကျမကလဲ
မဖြေနိုင်ပါဘူး။ ကျမကို ဆေးပညာနဲ့ ပတ်သက်တဲ့တာ မေးပါ။ ကျမ အကုန်ရပါတယ်
ပြောတော့ အဲ့ဒါတွေ မမေးဘူးတဲ့၊ ငါတို့ မေးတဲ့ မေးခွန်းကိုပဲ ဖြေရမယ်တဲ့။
ကျမ စာမေးပွဲ ကျခဲ့ပါတယ်။ ကျမ အင်မတန် ထမ်းဆောင်ချင်တဲ့
တိုင်းပြည်တာဝန်ကို မထမ်းဆောင်ခဲ့ရပါ။ အဲ့ဒါ ကျမတို့ ဘွဲ့ရခါစ လွန်ခဲ့တဲ့
(၁၀) နှစ်ကပေါ့။ အခုအချိန်မှာတော့ အခြေအနေ တမျိုးပြောင်းသွားပါပြီ။

တိုင်းပြည်တာဝန်ကို ထမ်းဆောင်ဖို့ ဖိတ်ခေါ်လျက် ရှိပါတယ်။
မြို့နယ်ဆေးရုံတွေ၊ ကျေးလက်ကျန်းမာရေးဌာနတွေမှာ ဆရာဝန်တွေ လိုနေပါတယ်တဲ့။
အရင်တုန်းက တနှစ်တနှစ် အောင်ခဲ့တဲ့ ဆရာဝန်တွေ ငါးရာ ခုနှစ်ရာလောက်
ရှိပါတယ်။ ခေါ်တဲ့ဆရာဝန်က ၁၅ဝ လောက်ပဲ ရှိပါတယ်။ အခုတော့ တနှစ်တနှစ်
ဘယ်လောက်အောင်သလဲတော့ မသိဘူး။ ခေါ်တဲ့သူတွေက အများကြီးပဲ။
ဖြေတဲ့သူတိုင်းကို အအောင်ပေးပါတယ်။ ဒါပေမယ့် ဖြေတဲ့သူ တဖြေးဖြေး
နည်းသွားပါတယ်။ ကျမကိုယ်တိုင် အရင်တုန်းက တိုင်းပြည်
တာဝန်ထမ်းဆောင်ချင်တဲ့ ကျမဟာ အခုအခြေအနေမှာ သွားပြီးတော့ ဖြေရင်
အောင်မယ်ဆိုတာ ကျမ သိပါတယ်။ အခုတော့ ကျမ တိုင်းပြည်တာဝန်
ထမ်းဆောင်ချင်တဲ့စိတ် မရှိတာလား၊ အသက်ကပဲ ကြီးသွားတာလား မသိပါဘူး။
စိတ်မဝင်စားတော့ဘူး။ အခုတော့ ကျမဟာ ခပ်ညံ့ညံ့ ပြင်ပဆေးကု ဆရာဝန်ဘဝနဲ့ပဲ
ဆက်ပြီးတော့ နေထိုင်လျက် ရှိပါတယ်။ အဲ့ဒါက ကျမရဲ့ ဆရာဝန်ဘဝ
ညံ့ဖျင်းမှုတွေပါ။

ဆရာဝန်ဘဝ ပြောပြီးတော့ စာရေးဆရာဘဝ ညံ့ဖျင်းမှုတွေကို ဝန်ခံလိုပါတယ်။ ကျမ
စာရေးဆရာအဖြစ် ဘာတွေညံ့သလဲ ဆိုတာကတော့ ကျမရဲ့ ဝတ္ထုဆောင်းပါးတွေကို ဖတ်တဲ့
ပရိသတ်တွေအနေနဲ့ ထူးပြီးတော့ ဝန်ခံစရာ မလိုလောက်အောင်
သဘောပေါက်ပြီးသားလို့ ကျမ ယူဆပါတယ်။ ဒီတော့ ကျမစာရေးတာနဲ့ ပတ်သက်လို့
ကျမရဲ့ အရေးအသားတွေ၊ ဇာတ်လမ်းတည်ဆောက်ပုံတွေ၊ အတွေးအခေါ်တွေ
ညံ့ဖျင်းတာကိုတော့ ကျမ မပြောတော့ပါဘူး။ ဒါပေမယ့် ရည်ရွယ်ချက်နဲ့
ပတ်သက်ပြီးတော့ ညံ့ဖျင်းတာကိုတော့ ကျမ ပြောလိုပါတယ်။ ကျမဟာ စာရေးဆရာ
ဖြစ်လို့သာ ဖြစ်လာရတယ်၊ ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ စာရေးဆရာ ဘာ့ကြောင့်
ဖြစ်ချင်သလဲလို့ တယောက်ယောက်က မေးလိုက်တဲ့အခါမှာ ကျမ အိုးနင်းခွက်နင်း
အမြဲဖြစ်တတ်ပါတယ်။ ဘာဖြေလို့ ဖြေရမှန်း မသိပါဘူး။ အဲ့ဒါဟာ ကျမရဲ့
ညံ့ဖျင်းမှုပါ။ အခုအချိန်ကျမှ ပြန်စဉ်းစားကြည့်ရတယ်။ အရင်တုန်းက ကျမ
မသိပါဘူး။ အခုအချိန်လဲ ကျမ ဘာဖြစ်လို့ ပြန်စဉ်းစားမိသလဲဆိုတော့ ဆရာမကြီး
ဒေါ်ခင်မျိုးချစ်ရေးတဲ့ ဆောင်းပါးတပုဒ် ဖတ်လိုက်ရလို့ပါ။
ဒေါ်ခင်မျိုးချစ်ကို အားလုံးသိကြမှာပါ။ အဲ့ဒီဆရာမကြီးက စာရေးတဲ့
ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ ဆောင်းပါးတပုဒ် ရေးဖူးပါတယ်။ သူက ဘာကို
ဥပမာပြသလဲဆိုတော့ ဖိလစ်ပိုင်အမျိုးသား အာဇာနည်ခေါင်းဆောင် ဒေါက်တာ
ဟိုဆေးရီဇော်နဲ့ ဥပမာ ပြပါတယ်။ ဒေါက်တာ ရီဇော်ဟာ သူစာရေးတဲ့ အချိန်တုန်းက
သူနိုင်ငံဟာ ကိုလိုနီနိုင်ငံပါ။ သူ့တိုင်းပြည် လွတ်လပ်ရေး မရသေးပါဘူး။
အဲဒီတော့ သူဟာ သူ့တိုင်းပြည်လွတ်လပ်ရေးရဖို့ ကျနော် စာ(၃)အုပ်
ရေးပါမယ်တဲ့။ အဲ့ဒီစာ (၃) အုပ်ရေးပြီးတဲ့ အထိ ကျနော့်တိုင်းပြည်ဟာ
လွတ်လပ်ရေး မရသေးဘူးဆိုရင် ကျနော် ကိုယ့်ကိုယ်ကို သတ်သေ ပစ်လိုက်မယ်တဲ့။
အဲ့ဒီ ရည်ရွယ်ချက်နဲ့ ကျေညာပြီး စာရေးတဲ့ သူတယောက်ပါ။ တကယ်လဲ သူစာအုပ်
ရေးခဲ့ပါတယ်။ စာအုပ်နှစ်အုပ် ရေးပြီးတဲ့အခါမှာပဲ သူ့တိုင်းပြည်ဟာ
လွတ်လပ်ရေး ရသွားပါတယ်။ သူကိုယ်တိုင်ကတော့ နယ်ချဲ့အစိုးရက သူပုန်ဆိုပြီး
သတ်မှတ်ပြီးတော့ သေနတ်နဲ့ ပစ်သတ်ကွပ်မျက်တာကို ခံခဲ့ရပါတယ်။ သူဟာ
သူရဲကောင်း ပီသစွာ ကျဆုံးသွားပါတယ်။ အဲဒီ ဒေါက်တာရီဇော်ရဲ့
ရည်ရွယ်ချက်ကို ဆရာမကြီး ဒေါ်ခင်မျိုးချစ်က ရေးပြလိုက်တဲ့အခါ ကျမ
ကိုယ့်ကိုယ်ကို သိပ်ရှက်သွားပါတယ်။ ငါ ဘာရည်ရွယ်ချက်နဲ့ စာရေးတာလဲ။
သူများတွေများ ရည်ရွယ်ချက်က မွန်မြတ်လိုက်တာ။ မြင့်မြတ်လိုက်တာ၊
ငါ့မှာတော့ ဘာရည်ရွယ်ချက်မှ မရှိပါလား၊ ကျမရေးခဲ့တဲ့ ဝတ္ထုတွေ လေးငါးပုဒ်၊
လုံးချင်းစာအုပ်နဲ့ ဝတ္ထုတွေ ၃ဝ ကျော်၊ ငါဘာကို ရေးတာလဲ၊ အဲ့ဒီတခါ ကျမ
နည်းနည်းတော့ သဘောပေါက်လာပါတယ်။ ကျမဟာ ရည်ရွယ်ချက်တော့ ရှိခဲ့ဟန်
တူပါတယ်။ ဘာရည်ရွယ်ချက် လဲ တွေးကြည့်တော့ ကျမဝတ္ထုတွေထဲက ကျမ ပြန်ပြီးတော့
လေ့လာကြည့်ရသလောက်တော့ ကျမဟာ အမျိုးသမီးတယောက် ဖြစ်တာနဲ့အမျှ
အမျိုးသမီးများရဲ့ ဂုဏ်သိက္ခာမြင့်မားရေး၊ တိုးတက်အောင်မြင်ရေး၊
ကိုယ်ကျင့်တရား မြင့်မြတ်ရေး အဲ့ဒါတွေကို ကျမ ဦးတည်ခဲ့ပုံရပါတယ်။
ကိုယ့်ဖာသာကိုယ် ပြန်ပြီးတော့ ဆင်ခြင်မိသလောက် ပြောရရင် ဒါတွေကြောင့်
ရေးမိခဲ့တယ်နဲ့ တူပါတယ်။ ဒါတောင် အခုချိန်ထိ မသေချာသေးပါဘူး။ ဇဝေဇဝါ
ဖြစ်တုန်းပါပဲ။ ဟုတ်မှဟုတ်ရဲ့လားလို့ ကျမကိုယ်ကျမ မသေချာသေးဘူး။ ဒါပေမယ့်
ဒါ ထင်မြင်ချက်တခုပါ။ ကျမ အဲ့ဒီလို ရည်ရွယ်ချက်နဲ့ ရေးခဲ့မိတယ်လို့ ကျမ
ကိုယ့်ဖာသာကိုယ်ပဲ ကောက်ချက်ချရပါတယ်။

ဒါက ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီးတော့ ကျမ ညံ့တာ၊ နောက်တခုက ကျမတို့ဟာ
ဝတ္ထုတပုဒ် ကဗျာတပုဒ် ရေးတဲ့အခါ ကိုယ့်ရဲ့စာကို စာဖတ်ပရိသတ် ဖတ်စေချင်တဲ့
ရည်ရွယ်ချက် ရှိပါတယ်။ စာဖတ်ပရိသတ်ဆီကို ပို့ချင်တဲ့ ဆန္ဒလေးတွေ
အမြဲရှိပါတယ်။ ဒါ့ကြောင့် ကျမတို့ စာတွေ ရေးပါတယ်။ ကိုယ့်ကိုယ်ကို
ဖတ်ဖို့ ရေးတာထက် သူတပါးဖတ်ဖို့ ရေးတာက ပိုပြီးတော့ များပါတယ်။ အဲ့ဒီတော့
ကျမဟာ ပရိသတ်အတွက် ရည်ရွယ်ပြီးတော့ ဝတ္ထုတွေ အများကြီး ရေးတယ်။ ဒါပေမယ့်
ပရိသတ်ဆီကို ရည်ရွယ်သော်လည်း ပရိသတ်ဆီကို မရောက်ပဲ မမျှော်လင့်ပဲ
ရေမြောင်းထဲကို ရောက်သွားခဲ့ရတဲ့ ဝတ္ထုလေးတွေ၊ ကဗျာလေးတွေ ရှိပါတယ်။
အယ်ဒီတာစာပွဲက ဆုတ်ဖြဲပြီးတော့ ရောက်တာ မဟုတ်ပါဘူး။ အယ်ဒီတာ စာပွဲကနေ
ကျော်သွားပြီးမှ အကြောင်းကြောင်းကြောင့် ကျမရဲ့ ဝတ္ထုလေးတွေ ကဗျာလေးတွေ
ရေမြောင်းထဲကို ရောက်သွားတာ ကျမ ခဏခဏ ကြုံရပါတယ်။ ဒါဟာ ကျမရဲ့
ညံ့ဖျင်းမှုတွေထဲမှာ ပါပါတယ်။ တကယ်တော့ ကျမတို့ဟာ စာဖတ်ပရိသတ်တွေဆီကို
ပို့တဲ့အခါမှာ ပရိသတ်ဆီရောက်အောင် ကျမတို့ ရေးနိုင်ရပါမယ်။ ဘယ်လို
အတားအဆီးပဲရှိရှိ ဘယ်လို အဖြတ်အတောက်ပဲ ရှိရှိ ဒါကို လှည့်ပတ်ပြီး
ပို့နိုင်ရပါမယ်။ အရေးကြီးတာက ပန်းတိုင်ရောက်ဖို့ပဲ။ ဒါပေမယ့် ကျမတို့က
အဲ့ဒီလို မပို့တတ်ဘူး။ ကျမက ပိုပြီးတော့ မပို့တတ်ဘူး။ အဲ့ဒီတော့ ကျမက
ရည်ရွယ်ချက်နဲ့ ပရိသတ်ဆီကို ရောက်အောင် ပို့ပေးလိုက်ပေမယ့် တခါတခါကျတော့
ကံအကြောင်း မသင့်လို့ ပရိသတ်ဆီကို မရောက်တော့ပဲ ရေမြောင်းထဲကို
ရောက်သွားတာ ကြုံရပါတယ်။ အဲ့ဒါဟာ ကျမရဲ့ ညံ့ဖျင်းမှုပါ။ ရေမြောင်းထဲကို
ရောက်သွားတဲ့ ဝတ္ထုလေးတွေ အများကြီး ရှိပါတယ်။ ကဗျာလေးတွေ အများကြီး
ရှိပါတယ်။ အဲ့ဒီထဲက ကျမ ကဗျာတပုဒ်အကြောင်း ပြောပြချင်ပါတယ်။ ကဗျာလေးက
တိုတိုလေးပါ။

ကဗျာလေးခေါင်းစဉ်က ‘လေလွင့်သူရဲ့တိမ်’ လို့ အမည်ပေးထားပါတယ်။ လွန်ခဲ့တဲ့
(၈) နှစ်လောက်က ရေးထားတာပါ။ ကျမ အဲ့ဒီကဗျာကို ပရိသတ်ဆီပို့ဖို့
အခုအချိန်ထိ ၃ ကြိမ်တိတိ ပို့ပြီးပါပြီ။ ၃ ကြိမ်လုံးလုံး ရေမြောင်းထဲပဲ
ရောက်သွားပါတယ်။ ဒီတော့ အဲဒီကဗျာလေး ဘာကြောင့် ရေမြောင်းထဲကို
ရောက်သလဲဆိုတာ ဝိုင်းပြီးတော့ ဆန်းစစ်ပေးပါလို့ ကျမ တောင်းပန်ချင်ပါတယ်။
ကျမ အဲ့ဒီကဗျာလေးကို ရွတ်ပြပါမယ်။ နဲနဲကြာပြီဆိုတော့ အလွတ်မရလို့
စာရွက်ကို ကြည့်ပြီးတော့ ရွတ်ပါမယ်။

မုန်းတီးသူများ
နေ့စဉ်စားသုံးရင်း
ခွန်အားသစ်တွေ ဖြစ်ခဲ့ပြီ။

မုန်းတီးမှုတွေ စားရတယ်ဆိုတာ တခြား စားစရာ မရှိလို့ စားရတာပါ။ ကျမမှာက
နေ့စဉ်နှင့်အမျှ မုန်းတီးမှုကို စားရပါတယ်။ တချို့ တချို့သော သူတွေ၊
ကံကောင်းတဲ့သူတွေကတော့ စားစရာတွေ အများကြီး ရှိမှာပေါ့။ အဟာရရှိတဲ့
အစားအစာတွေ အများကြီး စားတဲ့အခါမှာ သူတို့ရဲ့ ဗိုက်တွေကလဲ တဖြေးဖြေးနဲ့
ပိုပိုပြီး ပူလာပါတယ်။ (ရီသံ၊ လက်ခုပ်သံများ) အဲ့ဒီတော့ ဒီပရိသတ်ထဲမှာ
ဗိုက်ပူသူ ရှိရင် (ရီသံများ) တချို့ကျတော့ ဘီယာသောက်လို့
ဗိုက်ပူတတ်ပါတယ်။ အဲ့ဒါတွေက တမျိုးပေါ့။ ကျမမှာတော့ သူများလို စားစရာ
အဟာရလဲ သိတ်မရှိ၊ လူပုံကို ကြည့်လိုက်ပါ၊ လူပုံကလဲ ပိန်ပိန် ပုပု
သေးသေးလေး၊ ဒါ အဟာရ မရှိလောက်ဖူးဆိုတာ သိလောက်ပါတယ်နော်။ ကျမတို့မှာက
ဆန်စပါး။ ဝဝလင်လင် မစားရ။ တချို့တော့ ဆန်စပါးတင်မကဘူး၊ ဘိလပ်မြေတွေ
ဘာတွေလဲ စားတတ်ကြတယ်လို့ ပြောပါတယ်။ (ရီသံများ) အဲ့ဒီတော့ ကျမက စားစရာ
မရှိတော့ နေ့စဉ်နှင့်အမျှ ကိုယ့်ရဲ့ မုန်းတီးမှုကို ကိုယ့်အမုန်းတွေကို
ပြန်ပြီး စားရင်း ကိုယ့်ကိုယ်ကို ခွန်အားဖြစ်အောင် နေခဲ့ရပါတယ်။
အဲ့ဒီအဓိပ္ပါယ်နဲ့ ကျမဟာ ကဗျာလေးကို အဲ့ဒီလို ရေးဖွဲ့ခဲ့ပါတယ်။

မုန်းတီးမှုများ
နေ့စဉ်စားသုံးရင်း
ခွန်အားသစ်တွေ ဖြစ်ခဲ့ပြီ။

နှစ်သုံးဆယ်ကြာတဲ့ မီးလျှံများ
လေတိုက်စားလို့ ငြိမ်းခဲ့ပြီ။

အဲ့ဒါကလဲ အဲ့ဒီကဗျာရေးတော့ ကျမက အသက် ၃ဝ မို့လို့ နှစ် ၃ဝ ကြာတဲ့
မီးလျှံများလို့ ရေးတာပါ။ (ရီသံများ)

လွဲချော်သွားတဲ့ နာရီများအတွက်
အိပ်မက်တွေကို ရှက်တိုင်း
အနက်ရှိုင်းဆုံးဆိုတဲ့ သောကများ
ဘုရားတရင်း စိန်ခေါ်ခဲ့ရပြီ။

နာရီလွဲတာ၊ အချိန်လွဲတာတွေ လူ့ဘဝမှာ အများကြီးပါပဲ။ ကျမတို့ မှန်းထားတာက
တခြား၊ ဖြစ်သွားတာက တခြား၊ မှန်းထားတဲ့ အချိန်ကတခြား၊ ဖြစ်သွားတဲ့
အချိန်က တခြား၊ အဲ့ဒါတွေ အများကြီး ကြုံရပါတယ်။ အဲ့ဒီတော့ ကျမက အဲ့ဒီလို
ရေးပါတယ်။ ‘ဘုရားတရင်း စိမ်ခေါ်ခဲ့ရပြီ’ ဆိုတာလဲ ကျမတို့က
စိမ်ခေါ်တာတောင်မှ ရဲရဲတင်းတင်း စိမ်မခေါ်ရဲပါဘူး။ ဘုရားကို အာရုံပြုပြီးမှ
စိမ်ခေါ်ရတာပါ (လက်ခုပ်သံများ) နောက်တပိုဒ် ကျမ ဆက်ရေးပါတယ်။

ဂုဏ်သိက္ခာတွေ ကြွေမွပြီး
စီးထားတဲ့ ဖိနပ်အောက်
အမှန်တရားတွေ မှောက်ကျသွားတဲ့အခါ
ဘဝဆိုတာ ကောလဟလပါပဲ။

(လက်ခုပ်သံများ) ဂုဏ်သိက္ခာလဲ မရှိဘူး၊ ကိုယ်စီးတဲ့ ဖိနပ်အောက်
အမှန်တရားကို မှောက်ကျပစ်လိုက် တဲ့အခါ၊ မှောက်ချပစ်လိုက်တဲ့အခါ ဘဝဆိုတာ
ကောလဟလ တခုထက် မပိုပါဘူး။ ဒီလိုဘဝမျိုးကဖြင့် အားကျစရာ မရှိပါဘူး။
ဒီလိုဘဝမျိုးကို မက်မောစရာ မရှိပါဘူး။ ကျမက အဲဒီလို ရေးပါတယ်။

ရွှေရှာသူများ
ငွေရှာသူများ
နေရာယူသူများ
အားလုံးရဲ့နောက်မှာ
ငါ….
လေဆာရောင်ခြည်သေနတ်နဲ့ လူသတ်ချင်တယ်။

(လက်ခုပ်သံများ) ဒါပေမယ့် ဆိုတာက ကိုယ်ဖြစ်ချင်တာတွေ၊ ကိုယ့်ဆန္ဒတွေ …

_____________________________________________________

ဆရာမရဲ ့ ဟောပြောချက်တွေက မဆုံးသေးပါဘူး။ ဆက် ရှာလို ့လည်း မရသေးပါဘူး။

ဒီဟောပြောချက်ကို..အင်တာနက်ပေါ်ကပဲ..ရတာပါ ။

အဲဒီ လင့်လေး ထဲကနေ ရတာပါ ။ အဲင်္ဒီ နေရာမှာ ရေးထားတာက 199? လောက်က ရန်ကုန် စက်မှု တက္ကသိုလ်မှာဟောပြောချက်ကို..ဒေါင်းအိုးဝေ စာစောင် ( ?) ခုနှစ်မှ ကူးယူဖော်ပြခြင်း ဖြစ်ပါတယ်..လို ့ရေးထားပါတယ် ။

ဒီဟောပြောချက်ရဲ ့ သမိုင်းစဉ်ကို ကျွန်တော်…မသိပါဘူး။

ပျင်ပျင်းရှိတာနဲ ့ ဟိုဝင် ဒီဝင် လုပ်ရင်.း….မျက်စိလည်…လမ်းမှားရင်း ရောက်သွားတယ်.ဆိုပါတော့ ။

ဖတ်ပြီးတော့..အများကိုလည်း မျှဝေ ချင်တာနဲ့ …ရွာသူရွာသားတွေ..ရှေ ့ ပြန်လည် တင်ပြလိုက်ပါတယ်။

တစ်ခါတုန်းက တစ်ယောက်ယောက် တင်ပြပြီးသား ဖြစ်နေရင် လည်း….တိုက်ဆိုင်မှုကို နားလည် ခွင့်လွတ်ပေးကြပါ..လို ့.။

_________________________________________________________________

လေးစားစွာ…

အလင်းဆက်

About alinsett

alinsett has written 615 post in this Website..

. . .