ဘာတွေဖြစ်ကုန်ကြပြီလဲ ?????

Ma MaFebruary 15, 20121min29935

တစ်နေ့မှာ အသိတစ်ယောက် မင်္ဂလာဆောင်လို့ သူငယ်ချင်းတွေစုပြီး သွားဖြစ်ကြပါတယ်။
လူစုမိတဲ့အခါကျတော့ ဟိုဟိုဒီဒီ ရောက်တတ်ရာရာတွေ ပြောကြရင်းနဲ့
စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး၊ သားရေးသမီးရေးစတဲ့ အကြောင်းအရာတွေ စုံလင်လို့လာပါတယ်။
အဲဒီအခါမှာ-
ယောက္ခမ နေမကောင်းတာကို ပြုစုနေရတဲ့ သူငယ်ချင်းက
လောကမှာ ကျန်းမာရေးဟာ အရေးကြီးဆုံးပဲလို့ ဆိုလာပါတယ်။
မကျန်းမာတဲ့ လူနာတစ်ယောက်ကို သားသမီး၊ မြေး၊ ချွေးမပေါင်းများစွာက
ဝိုင်းဝန်းပြီး ပြုစုကြတာတောင် အင်မတန် ပင်ပန်းလှတဲ့အကြောင်း၊
နှစ်ရှည်လများ ကြာလာတဲ့အခါမှာ –
သားနဲ့ ချွေးမဖြစ်သူတွေက သမီးနဲ့ သားမက်ကို ဘော်လုံးပုတ်ချင်လာသလို၊
သမီးနဲ့ သားမက်ကလည်း အလုပ်များလှတဲ့အကြောင်း မကြာခဏပြောဆိုပြီး
တတ်နိုင်သလောက် ရှောင်ဖယ်ဖို့ ကြိုးစားလာကြပါတယ်။

အဲဒါကြောင့် ကိုယ်တိုင်အသက်ကြီးလို့ ကိုယ့်ကိုကိုယ် မနိုင်တဲ့အချိန်ကျရင်
သူများအငြူစူခံပြီး အိပ်ယာထဲမှာ လဲလျှောင်းပြီး အသက်မရှည်ချင်ဘူးတဲ့လေ။

(ကိုယ့်အရိုး ကိုယ်မနိုင်တဲ့ အချိန်ကျမှတော့ ဘယ်သူက အသက်ရှင်ချင်ပါ့မလဲ) 🙁
အဲဒီအခါမှာ နင်တို့က သားသမီးတွေနဲ့ အသက်ကြီးလာရင် ပြုစုမယ့်သူရှိတာတောင် ဒီလောက်ငြီးငြူနေသေးတယ်လို့ ပြောမိတော့-
စာရေးဖို့ ဇာတ်လမ်းရှာနေတဲ့ ကျမအဖို့ ဇာတ်လမ်းတစ်ခု ရရှိသွားပါတော့တယ်။

အဲဒီသူငယ်ချင်းရဲ့သား မူကြိုကျောင်းသားက အပြင်ထွက်တဲ့အခါမှာ အရုပ်တွေ့တိုင်း ဝယ်ခို်င်းလေ့ရှိပါတယ်တဲ့။
တစ်ခါမှာတော့ တွေ့ကရာကို ပူဆာတိုင်း အမြဲဝယ်ပေးနေရင် ကလေးပျက်စီးသွားမယ်ဆိုပြီး
ကလေးက မရမနေပူဆာတာကို သူတို့ လင်မယားနှစ်ယောက်လုံးက ဝယ်မပေးပဲ နေလိုက်ပါတယ်။
အိမ်ပြန်ရောက်တဲ့အခါ –
နေမကောင်းဖြစ်နေတဲ့ ယောက္ခမကို အစာကျွေး၊ ဆေးတိုက်၊ ပြုစုလုပ်ကိုင်ပေးပြီးတော့
အပြင်အလုပ်ကတမျိုး၊ အိမ်ပြန်ရောက်တော့လည်း လူမမာ ပြုစုရတာကတမျိုးနဲ့ ပင်ပန်းလိုက်တာ လို့ သူငယ်ချင်းဖြစ်သူက ပြောမိပါသတဲ့။
အဲဒီအချိန်မှာ သူ့ရဲ့သားလေးက တုန့်ပြန်ပြောဆိုလိုက်တာကတော့
`အရုပ်ပူဆာတာတော့ ဝယ်မပေးပဲ ဖိုးဖိုးလို နေမကောင်းမှ ပြုစုပေးရမယ်ဆိုရင် မတန်ဘူး´ တဲ့လေ။

နောက်တစ်ယောက်ကတော့-

အိမ်ထောင်ဦးစီးကို နောက်မှာထားပြီး မိသားစုစီးပွားရေးကို ရှေ့တန်းကနေပြီး ဦးဆောင်နေတဲ့ သူငယ်ချင်းဖြစ်ပါတယ်။
သူကလည်း စီးပွားရှာရတာ ပိုပိုပြီးခက်ခဲလာတဲ့အပြင် ကုန်ကျစရိတ်တွေကလည်း တစ်နှစ်ထက်တစ်နှစ် ပိုလို့သာ ထောင်းလာတာကို ငြီးငြူပြပါတယ်။
ဒါတောင်မှ သားသမီးတွေကို ဘိုကျောင်းထားနိုင်တာကို ဂုဏ်တစ်ခုလို လုပ်နေတဲ့ ခုခေတ်ကြီးမှာ သူမျာသားသမီးတွေလို သူ့သားသမီးတွေကို ဘိုကျောင်းထားတာ မဟုတ်သေးဘူးလို့လည်း ဆိုပါတယ်။
အဲဒီအခါမှာ ကျန်တဲ့ သူငယ်ချင်းတွေက ငွေစုတယ်လို့ သဘောထားလိုက်ပေ့ါ။
နောင်တစ်ချိန် သားသမီးတွေ ကြီးပြင်းလာတဲ့အခါ အတိုးနဲ့ ထိုင်စားပေတော့လို့ စိတ်ပြေလိုပြေငြား အားပေးကြပါတယ်။
စိတ်ပြေလို ပြေငြားအားပေးကာမှ ဘယ်လောက် အားရစရာကောင်းသလဲဆိုတာကို သူငယ်ချင်းဖြစ်သူက ရင်ဖွင့်ပြပါတော့တယ်။
သူ့ရဲ့သား မူလတန်းကျောင်းသားကို –
`သားတို့မောင်နှမတွေ ကျောင်းနေဖို့၊ စားဖို့သောက်ဖို့၊ ဝတ်ဖို့စားဖို့၊ သွားဖို့လာဖို့ အစစအရာရာ အဆင်ပြေအောင် ပြည့်ပြည့်စုံစုံ ထားနိုင်အောင်ဆိုပြီး စီးပွားရှာရတာ မေမေတို့မှာ အရမ်းပင်ပန်းတာပဲ။
သားတို့ကြီးလာလို့ ပညာတွေတတ်ပြီး စီးပွားတွေ ရှာနိုင်တော့မှပဲ မေမေတို့က သားတို့ကို အားကိုးပြီး သက်သက်သာသာနေရတော့မှာပဲ´ လို့ပြောမိပါတယ်တဲ့။
အဲဒီအခါမှာ သားဖြစ်သူက
`ငွေရှာရတာ အဲဒီလောက် ပင်ပန်းတာ မေမေတို့ကို မပေးနိုင်ပါဘူး´ တဲ့လေ။
ရေဆိုတာ အပြန်မစီးဘူးဆိုတဲ့စကား ကြားဖူးပေမယ့် အဲဒီစကားကြားရတဲ့အခါ သူ့ရင်ဝကို ဆောင့်ကန်ခံလိုက်ရသလိုပါပဲ တဲ့လေ။
ကိုယ်မျှော်လင့်မထားတဲ့ စကားတွေကို သားသမီးတွေဆီကနေ ကြားလိုက်ရတဲ့အမေတွေရဲ့ ခံစားချက်ကို စာနာမိပါတယ်။
ကလေးတစ်ယောက်တစ်လေက ပြောတာလည်းမဟုတ်လို့ လောကကြီးဘယ်လိုများ ဖြစ်ကုန်ပြီလဲ လို့လဲ အထိတ်တလန့် တွေးမိသွားပါတယ်။
ဒါ့အပြင် ကလေးငယ်တွေရဲ့ ပြောစကားတွေမှာ စွန်းထင်းနေတဲ့ အမည်းရောင်တွေရဲ့ သဲလွန်စကိုလည်း ရှာကြည့်ချင်မိပါတယ်။
ဟိုးးးးးးးးးးးတုန်းကဆိုရင် ဘာသာတရားရဲ့ အဆုံးအမ၊
မိဘဆရာသမားနဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းရဲ့ အဆုံးအမတွေကြောင့်
(မိဘကို ကျေးဇူးဆပ်တာ မဆပ်တာခဏထားပြီး)
မိဘတွေဟာ ကျေးဇူးရှင်မှန်း သိခဲ့ကြရပါတယ်။
မွေးခါစမှ လူလားမြောက်သည်ထိ သူ့အရွယ်နဲ့သူ လူဖြစ်အောင်၊
လူတန်းစေ့အောင် အစစအရာရာ ပြုစုကျွေးမွေး စောင့်ရှောက်ပေးလာခဲ့တဲ့
မိဘနှစ်ပါးကို ကျေးဇူးရှင်အဖြစ် နားလည်လက်ခံထားခဲ့ကြပါတယ်။
အခုကြားရတဲ့ စကားသံတွေကို ထောက်ရှု့ကြည့်ခြင်းအားဖြင့်…….
မိဘမေတ္တာဆိုတာကို ဘယ်နေရာ ဘယ်အဆင့်မှာထားခဲ့ပြီလဲ?
မိဘမေတ္တာဆိုတာကရော ကျေးဇူးတရား ဟုတ်ရဲ့လား?
ပြန်ဆပ်ဖို့ရော လိုရဲ့လား? ဆိုတဲ့
`လား´ ပေါင်းများစွာ အတွေးထဲကို ဝင်ရောက်လာပါတယ်။

တစ်ခါက ဒီရွာထဲမှာပဲ (ဘယ်သူမှန်း မသိတော့လို့ စိတ်မရှိပါနဲ့) တင်ခဲ့ဖူးတဲ့ ပိုစ့်တစ်ခုမှာ
မောင်နှမနှစ်ယောက် ရန်ဖြစ်ရင် လည်လှီးသတ်မယ်လို့ မကြာခဏ ကြိမ်းဝါးတတ်တဲ့ သားဖြစ်သူကို
အဲဒီလို ပြောတတ်တာ ဘယ်က စ သလဲဆိုတာကို အစရှာကြည့်တော့
မူကြိုကျောင်းက စ လာတဲ့ စကားမို့ မူကြိုပြောင်းထားရပါတယ်ဆိုသလို……..
ခုလည်း –
ဘယ်က စ လို့ …….
ဘယ်လိုတွေ ဖြစ်ကုန်ကြပြီလဲ ……..
ဘယ်လိုများ ကုစားကြရမလဲ ………..

35 comments

  • ဦးဦးပါလေရာ

    February 15, 2012 at 9:22 am

    ပေါက်ပင်ဘာကြောင့်ကိုင်းရတယ်…ဆိုပြီး အကြောင်းကိုရှာရင်တော့ အမျိုးမျိုးတွေ့ရမှာပါ။
    အငြင်းပွားစရာမရှိတာကတော့ ဘာကြောင့်ပဲဖြစ်ဖြစ် ပေါက်ပင်ကတော့ ကိုင်းနေပြီ…ဆိုတာပါပဲ။
    ကျုပ်တို့မြန်မာ့လူမှု့အသိုင်းအဝိုင်းရဲ့ပုံစံဟာလဲ ခေတ်နဲ့အညီ ဂလိုဘယ်လိုက်ဇ် ဖြစ်လာပြီဆိုရမယ်။

    ခက်တာက အဲဒါအတွက် အဲဒီကွက်လပ်ကိုဖြည့်ဘို့ နိုင်ငံကအဆင်သင့်မဖြစ်သေးတာပဲ။
    တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီအကြောင်းကို အခုရက်ပိုင်းတွေအတွင်း လူတော်တော်များများနဲ့ပြောဖြစ်တယ်။
    မနေ့ည ၁ဝနာရီလောက်မှာတော့ မွန်းဘိတ်ကရီမှာထိုင်ရင်း သူငယ်ချင်းတယောက်နဲ့ သဘောတူချက်တခုရတယ်။
    ပိုက်ဆံလေးဘာလေး အဆင်ပြေလာတဲ့တနေ့ လူအိုရုံ(ဘိုးဘွားရိပ်သာ)လေးတခု ထောင်ကြရအောင်ပေါ့။
    သိပ်လဲခက်မဲ့ပုံမပေါ်ပါဘူး။ မြေဘိုးမပါ သိန်းတထောင်လောက်နဲ့ စလို့ ရမယ့်ပုံပါပဲ။
    သူများအတွက်လဲအဆင်ပြေ၊ တနေ့ကိုယ်အိုလာရင်လဲအဆင်ပြေဘို့ပေါ့။

    တတ်နိုင်ဘူး….
    သားသမီးအားကိုးဘို့မသေချာရင်
    ကိုယ့်ကိုယ်ကို အားကိုးရုံသာရှိတော့တယ်။ 🙁

    • MaMa

      February 15, 2012 at 9:57 am

      ဦးပါလေရာရေ-
      အကြံတွေတော့ တူနေပြီ။
      ရိပ်သာမှာ ဇရပ်တစ်ဆောင်လောက်ဆောက်ပြီး
      ကိုယ့်နောက်မျိုးဆက်အတွက် တာဝန်မရှိတော့တဲ့အခါမှာ
      ကိုယ့်အတွက် ကိုယ်လုပ်နိုင်အောင် ကြိုးစားကြရမယ်လို့…….

  • blackchaw

    February 15, 2012 at 9:44 am

    မမရေ။
    ကျေးဇူး ဆိုတဲ့ စကားလေးနဲ့ ပတ်သက်လို့
    ကျွန်တော် အခုအရွယ်မှာ နားလည်ထားတာလေး ပြောပြချင်ပါတယ်။
    ကျေးဇူးဆိုတာ မဆပ် နိုင်ရင်တောင်မှ
    ကျေးဇူး မကန်း သင့်ဘူးလို့ ထင်ပါတယ်။
    အခုတွေ့နေ ကြားနေရတာတွေက
    ကျေးဇူး ရှိသူကို ကျေးဇူး ဆပ်ဖို့ဆိုတာကတော့ အဝေးကြီးဗျ။
    ကျေးဇူး ရှိသူကို ကျေးဇူးကန်းတတ်ကြတာ တွေချည့်ပဲ တွေ့နေကြားနေရတယ်ဗျာ။
    အဲဒီတော့ မိဘ တွေနဲ့ ပတ်သက်လို့
    ကျေးဇူး မဆပ်ရင်တောင် ကျေးဇူး မကန်းကြဖို့ လိုအပ်ပါတယ်လို့ ဝင်ဆွေးနွေးသွားပါတယ်ဗျာ။

    • MaMa

      February 15, 2012 at 10:03 am

      ဟုတ်ပါတယ် ကိုချောရေ-
      ကျေးဇူးရှိသူကို ကျေးဇူးဆပ်ဖို့ကို အသာထားလို့
      ကျေးဇူးရှိမှန်းကို မသိကြတော့လို့
      ကျေးဇူးကန်းတယ်ဆိုတာတွေ ဖြစ်နေကြရတာမို့
      အနည်းဆုံး ကျေးဇူးရှိတယ်လို့တော့ သိထားကြစေလိုပါတယ်။
      ကျေးဇူးကိုသိပြီး ဆပ်နိုင်ရင်တော့ အကောင်းဆုံးပေ့ါ။

  • ကောင်းမြတ်သူ

    February 15, 2012 at 9:55 am

    “မူကြိုကျောင်းသားက အပြင်ထွက်တဲ့အခါမှာ အရုပ်တွေ့တိုင်း ဝယ်ခို်င်းလေ့ရှိပါတယ်တဲ့။
    တစ်ခါမှာတော့ တွေ့ကရာကို ပူဆာတိုင်း အမြဲဝယ်ပေးနေရင် ကလေးပျက်စီးသွားမယ်ဆိုပြီး
    ကလေးက မရမနေပူဆာတာကို သူတို့ လင်မယားနှစ်ယောက်လုံးက ဝယ်မပေးပဲ နေလိုက်ပါတယ်။”
    ဒီစာသားလေးတွေ့ရတော့ ကျွန်တော့်ငယ်ဘဝအဖြစ်အပျက်ကလေးသွားသတိရတယ်. အခုလိုလမျိုးဆို ကျွန်တော်တို့ဆီမှာ ဘုရားပွဲတွေကများမှများဗျ။ တစ်နေ့ ကျွန်တော်တို့မောင်နှမသုံးယောက်ကို အဖေနဲ့အမေက ဘုရားပွဲလိုက်ပို့တယ်လေ. ဘုရားပွဲ အရုပ်ဆိုင်လေးရှေ့ရောက်တော့ မြွေရုပ်ကလေးကို ကျွန်တော်လိုချင်လို့ပူဆာတာ့ ကျွန်တော့်အဖေနဲ့အမေကဝယ်မပေးဘူး။ ကျွန်တော့်စိတ်ထဲတော်တော် ဝမ်းနည်းသွားပေမဲ့ မိဘတွေကိုတော့ ကျွန်တော်ဝမ်းနည်းကြောင်းမပြခဲ့ပါဘူး။ တစ်ပတ်လောက်ကြာတော့ ကျွန်တော့်အဖေက သစ်သားသေနတ်တစ်လက်၊ ကျွန်တော်လိုချင်တဲ့မြွေရုပ်ရယ်၊ ဖော့နဲ့လုပ်ထားတဲ့ ငှက်ရုပ်ကလေးရယ်ဝယ်လာပြီး သားငယ်ရေ… ရော့မင်းကြိုက်တဲ့မြွေရုပ်ကလေး၊ သားကြီးမင်းအတွက် က သေနတ်၊ သမီးလေးအတွက်ငှက်ကလေးဆိုပြီး ဝယ်ပေးတယ်။ ပြီးတော့မင်းတို့သုံးယောက် ဒီအရုပ်တွေကို တစ်ယောက်တစ်လဲ ကစားကြ၊ ရန်မဖြစ်ကြနဲ့လို့ပြောပြီး သားငယ်ရေ…မင်းလာအုံးတဲ့။ ဟိုတစ်ပတ်ကတည်းက မင်းဒီအရုပ်ကလေးလိုချင်နေပေမဲ့ အဖေတို့မှာ အဲဒီလအတွက်ပိုက်ဆံကုန်ခါနီးနေ ပြီ။ အခုအမှအဖေလခထုတ်လို့ မင်းတို့အတွက်ဝယ်ပေးနိုင်တာ. မင်းတို့သိတဲ့အတိုင်းပဲ အဖေတို့တစ်လ တစ်လမနည်းလောက်အောင်သုံးနေရတာဒီလအတွက်တော့အဖေတို့ ကျန်တာတွေလျော့သုံးကြတာပေါ့ တဲ့။ အဲဒိနေ့က ကျွန်တော်ပျော်လိုက်တာ။ (ကြီးမှသိရတာကတော့ အဲဒိအရုပ်တွေကို အဖေကိုယ်တိုင် လုပ်ပေးခဲ့တာတဲ့။ အစ်ကိုရဲ့သစ်သားသေနတ်ကလေးက ဒီနေ့အထိ အဖေနဲ့အမေတို့အခုလက်ရှိအိမ် ဗီဒိုထဲမှာ ရှိသေးတယ်။) ကလေးတွေပြင်ပက သိတဲ့အသိကို ကိုယ်ဆီပြန်ရောက်အောင် မိဘတွေက ဆွဲဆောင်တတ်ရမယ်။ သူတို့သိတဲ့အသိရဲ့ အဆိုးအကောင်းကို မိဘတွေက ခွဲခြားပြနိုင်ရမယ်။

    ပျော်ရွှင်သောမိသားစုဘဝ၊ လူမှုဘဝပိုင်ဆိုင်နိုင်ကြပါစေ…………………………..

    • MaMa

      February 15, 2012 at 10:07 am

      ကောင်းမြတ်သူရဲ့ မိဘတွေကတော့ မိဘပီသသော မိဘများပါပဲ။
      ခုခေတ်မှာတော့ မိဘတွေကလည်း လွယ်လွယ်ကူကူ ကလေး ငိုတာ ဆူပူတာကို မခံနိုင်လု့ိဆိုပြီး ပြီးစလွယ် ဝယ်ဝယ်ပေးနေတော့
      ကလေးက သူပူဆာရင် ရမယ်ဆိုတဲ့ စိတ်ဝင်နေတယ်။
      ပူဆာတာ မရတဲ့အခါကျတော့ မိဘကို ငြိုငြင်သွားတယ်။
      အခုအရွယ်မှာ ပြန်ပြုပြင်လို့ ရနိုင်သေးပေမယ့် ဒါ့ထက်ကြီးလာရင်တော့ ကုစားဖို့ မလွယ်တော့ဘူးလို့ ထင်ပါတယ်။
      နောက်ပြီး ကလေးနဲ့ နီးစပ်တဲ့ ပတ်ဝန်းကျင်မှာ ပြောဆိုကျင့်သုံးနေကြတာတွေကလည်း ကလေးကို အရောင်ဆိုးမိတယ် ထင်ပါတယ်။

  • etone

    February 15, 2012 at 10:02 am

    အန်တီမမရေ … ကိုယ့်သားသမီး အဲ့ဒီလိုသာဆို … ရင်ကျိုးရချည်ရဲ့နော် … ။
    ငယ်စဉ်အချိန်ကတည်းက လက်ဦးဆရာဖြစ်တဲ့ မိဘတွေကနေ .. မိဘကျေးဇူး နဲ့ … စောင့်သိရမယ့် ဝတ္တရားတွေ ခေါင်းထဲ မသိမသာ ရိုက်သွင်းပေးထားသင့်တယ်လို့ ထင်တယ် …. ။ နောက်တစ်ခု က အတုမြင် အတတ်သင်ပေါ့ …. မိဘဖြစ်သူရဲ့ မိဘတွေ(ကလေးရဲ့ အဖိုးဖွား) တွေအပေါ် ဆက်ဆံတဲ့ … အပြုမူကိုလည်း မသိစိတ်ကနေ …အတုခိုးနေခဲ့မယ်ထင်တယ် …. ။ ကိုယ့်ငယ်ဘဝအတွေ့ကြုံပေါ်မူတည်ပြီး ပြောကြည့်တာ …သားသမီးတွေအကြောင်း သေချာတော့ နားမလည်သေးပါဘူး …. ။ 🙂

    • MaMa

      February 15, 2012 at 10:13 am

      အီတုံး ပြောသလိုပဲ မိဘတွေကိုယ်တိုင်ကလည်း ကလေးတွေရဲ့ စံပြဖြစ်အောင် နေထိုင်ဖို့လိုတာပေ့ါ။
      ပွင့်ပွင့်လင်းလင်း ပြောရရင် ကိုယ့်မိဘဆိုရင်တော့ မေတ္တာနဲ့ ပြုစုဖြစ်လိမ့်မယ်ထင်တယ်။
      ခုတော့ ယောက္ခမလည်း ဖြစ်ပြန်၊ နာတာရှည်လည်းဖြစ်ပြန်၊ ယောင်းမကိုလည်း တွက်ကပ်စိတ်ကလေးလည်း မသိမသာ ဝင်နေမှာမို့ ဝတ္တရားအရ ပြုစုရတဲ့အခါ ကလေးရှေ့မှာ ငြီးငြူမိကလည်း ကလေးအတွက် မကောင်းတဲ့ပုံရိပ်တစ်ခု ဖြစ်သွားပါလိမ့်မယ်။ 🙁

  • စိန်ပေါက်ပေါက်

    February 15, 2012 at 10:24 am

    ဘာတွေဖစ်ကုန်ဘီလဲ
    လုံးဝန်းတဲ့ ကမဘာကြီး
    23 1/2 နဲ ့ ဘာဖြစ်တယ်ဆိုလား ပဲ အဲဒီသီချင်းသွားသတိရတယ်.. 😆
    သေချာတာကတော့ ဘယ်သူ ့မှ အားကိုးလို ့မရဘူး
    တစ်ခါတလေ အားကိုးလို ့ရမယ်ထင်ရတဲ့လူက အားကိုးလို ့မရ
    အားကိုးလို ့မရဘူးထင်ထားတဲ့လူက အားကိုးလို ့ရချင်ရတာဂျ
    အဲတော့
    သေချာအောင်
    ဘိုးဘွားရိပ်သာကိုသာ ဘွတ်ကင် လုပ်ထားကြပေရော့…
    ဝှစ်..ဝှစ်..ဝှစ်စ်…

  • စုံ စုံ

    February 15, 2012 at 11:12 am

    အန်တီမမရေ ဒီပို့စ်လေးဖတ်ပြီးအခုကျမကိုယ်တိုင်ဖြစ်နေတာလေးကိုပြောပြချင်မိတယ်
    တိုက်ရိုက်တော့ဆိုင်ချင်မှဆိုင်မှာပေါ့လေ
    ကျမအမေကပညာတတ်မဟုတ်ပါဘူး ပညာတတ်မဟုတ်တဲ့အပြင်အင်မတန်ရိုးအေးပါတယ်
    မိခင်တာဝန်တော့အပြည့်ကျေရှာပါတယ် ဒါပေမယ့်ကျမနဲနဲကြီးလာတဲ့အရွယ်မှာ
    တချို့ကိစ္စတွေကိုအမေကပြောပြရင်လက်မခံချင်ဘူး ကိုယ်သာသိကိုယ်သာတတ်တယ်လို့ထင်ခဲ့မိတယ်
    ပြီးရင်လဲ အမေကဘာသိလို့လဲဆိုပြီးပြန်ပြန်ပြောမိတတ်တယ် အဲ့ဒိအခါကျရင်အမေ့ရင်ထဲမှာ
    ဘယ်လိုဖြစ်သွားမလဲဆိုတာတခါမှမတွေးမိဘူးဘူး ရိုင်းစိုင်းချင်တဲ့စိတ်ကြောင့်ပြန်ပြောမိတာမျိုးမဟုတ်ပေမယ့်
    ပါးစပ်ကအကျင့်ပါနေတော့ ခနခနဘဲ အမေဘာသိလို့လဲဆိုပြီးပြန်ပြောကျင့်ဖြစ်လာခဲ့တယ်
    အခုချိန်မှာ ကျမကိုယ်တိုင်ကိုယ်ဝန်ဆောင်ရတဲ့အချိန်မှာ အဖေကကျမကိုတခွန်းဘဲပြောလာတယ်
    ငါ့သမီးကို မိန်းကလေးဘဲမွေးစေချင်တယ်တဲ့ ဒါမှ ကိုယ့်သမီးကနေ ကိုယ့်ကို အမေဘာသိလို့လဲလို့
    ပြန်ပြောလာတဲ့အခါကျရင် သမီးရင်ထဲမှာ ငါ့အမေတုန်းကဘယ်လိုခံစားရမယ်ဆိုတာကို ကိုယ်ချင်းစာတတ်
    လာမယ်တဲ့လေ အဲ့ဒိအချိန်ကျမနဲနဲတော့တုန်လှုပ်သွားမိတယ်
    ငါ့ကိုများငါ့ကလေးက ဒီလိုပြန်များပြောရင်ငါဘယ်လိုနေမလဲပေါ့လေ
    ဒါပေမယ့်လဲ ကံတရားပါဘဲ
    အခုကိုယ်ဝန်ဆောင်နေရတဲ့အချိန်မှာ မိခင်တယောက်ရဲ့မေတ္တာတရားကိုပိုသိလာမိတယ်
    မိဘဆိုတာတကယ်တန်ဖိုးမဖြတ်နိုင်ပါဘူး

    • etone

      February 16, 2012 at 11:18 am

      Congratulation!!! ပါ စုံစုံရေ … ။ အခုမှပဲ ပြောလို့ ရတော့တယ် …. ။
      ဟိုးတစ်လောကတည်းက ကိုယ်ဝန်စရှိနေပြီလို့ သိတာပါ … ။ ကိုယ်ကစဖွသလိုဖြစ်မှာ စိုးလို့ …. ငြိမ်နေတာ …

      • စုံ စုံ

        February 16, 2012 at 12:02 pm

        Thanks etone ရေ. ဟိုးရက်တွေက ကိုယ်ဝန်စရှိလို့နေလို့သိပ်မကောင်းရတဲ့ကြားထဲ
        အလုပ်ကလဲတော်တော်များနေလို့ ရွာထဲကိုဝင်ကိုမဝင်ဖြစ်နေတာလေ
        အဲ့ဒါကြောင့် ရွာသားတွေဘယ်လိုစုံစုံ မလာနိုင်တာပေါ့
        အခုလိုသတိတရရှိပေးတာ ကျေးဇူးအများကြီးတင်ပါတယ်နော် 🙂

  • Shwe Tike Soe

    February 15, 2012 at 11:16 am

    နူပျိုငယ်ရွယ်စဉ်ကလေးဘဝတွေမှာ လူကြီးမိဘတွေက သူတို.မသိသင့်တဲ့စကားတွေနဲ.ပြောဆိုဆုံးမ တာတွေ ကလေးရှေ.မှာ စကားမဆင်မခြင်ပြောတာတွေက အဲလိုတွေဖြစ်ကုန်တယ်ထင်ပါတယ်ဗျာ…. ကလေးဆိုတာကလဲ အတုမြင်အတတ်သင်လေ..
    ပြီးတော့ မိဘတွေကလဲ ကလေးဖြစ်ချင်တာကို လိုက်လုပ်ပေးရင် အလိုလိုက်သလိုဖြစ်ပြီး မဝယ်ပေးဘူး မလုပ်ပေးဘူး ညင်းကြတာလဲ မကောင်းဘူးထင်ပါတယ်.. ဘာလို.လဲဆိုတော့ ကလေးက ဘက်ပြန်ကန်ချင်တဲ့စိတ်ဖြစ်စေတာပေါ့… ကလေးကို ကလေးဉာဏ်လေးနဲ. ကိုက်ညီမဲ. ဆင်ခြေလေးပေးပြီး စိတ်ကိုဖြေပေးရင် ပိုကောင်းသွားမှာပါ.. အခုတော့ မိဘတွေက အဆင်မပြေတာတွေလဲ ကလေးကိုပြော ဒေါသဖြစ်လဲ ကလေးကိုပြော.. လင်မယားအဆင်မပြေလဲ ကလေးကို ပြော အဲဒီတော့ ဟိုကလေးရဲ.အတွေးတွေက သူသန်ရာသန်ရာကိုရောက်ကုန်ရော…
    အဓိကကတော့ မိဘပေါ့နော်…. မိဘက ကလေးကို ဆိုဆုံးမတဲ့နေရာမှာ ကိုယ်ဖြစ်ချင်တာ ကိုယ်လုပ်ချင်တာ ချည်းမလုပ်ပဲ ကလေးကို လဲထည့်စဉ်းစားပြီး အပြောအဆို အနေအထိုင် စကားတွေကိုရွေးပြီး ပြောတတ်ရမှာပေါ့.
    မိဘနဲ.သားသမီး ဆွေးနွေးအုပ်ချုပ်တာ အကောင်းဆုံးပါ.. သားကဘာလိုချင်တာ ဖေဖေကတော့အဲလိုဖြစ်စေချင်တယ်… မေမေကတော့ ဒါလေးကြိုက်တယ်.. ဟာမရဘူးဗျာ သားကဒါမှဒါပဲ ကဲဒါဆို ဖေဖေတို.ဘက်က ဒါလုပ်ပေးနိုင်တယ်.. သားဘက်က ကျေနပ်လား ……… ဒီလိုမျိုးလေးပေါ့ဗျာ……….

  • htet way

    February 15, 2012 at 11:39 am

    သစ်အိုတစ်ပင်ရဲ့ဝေဒနာက ပြင်းထန်လွန်းပါတယ်
    မမကြီးတို့လို ပြည့်စုံသူတွေ ဦးဦးတို့လို ပုဂ္ဂိုလ်တွေက လူအိုတွေကို
    စေတနာထား တယ်ကြားရတာ သာဓုခေါ်ပါတယ်ဆရာမတို့ရယ်
    ကျွန်တော်ကလည်း တတ်နိုင်တဲ့ ဘက်က ဝင်ပါလိုပါတယ်
    တိုင်းရင်းဆေးနဲ့ ဆေးကုပေးလို့ပဲဖြစ်ဖြစ်
    တတ်နိုင်တဲ့ ဘက်က လိုအပ်သမျှပေါ့…
    စိတ်ဝင်စားပါတယ်။
    တွယ်ရာမဲ့ လူသားတွေကို လွတ်လပ်မူနဲ့ တရားမျှတမူကို
    ခေါ်ဆောင်ကြတဲ့ နေရာမှာ အုတ်တစ်ချပ်သဲတစ်ပွင့်ပဲဖြစ်ဖြစ်
    ကျွန်တော်ကို သုံးပါလို့ …..

  • Moe Z

    February 15, 2012 at 2:12 pm

    မမရေ စဝင်ဝင်ချင်းဘာတွေဖြစ်ကုန်တာလဲဆိုပြီး စပ်စုလိုက်တော့
    ပြောရရင်ပို့စ်တစ်ပုဒ်စာဖြစ်သွားတော့မယ် ကလေးတွေနဲ့ပတ်သတ်နေပြန်တာကိုး 🙂
    အချိန်ရရင်ရေးပါဦးမယ်
    မမတို့ ဦးဦးပါလေရာတို့ ဘိုးဘွားရိပ်သာထူထောင်မယ်ဆိုရင် တတ်နိုင်သမျှတာဝန်ယူပေးမယ်
    (အခုတိုက်တိုက်ဆိုင်ဆိုင် For the Brotherhood of Man, Under the Fatherhood of Good: Mother Teresa of Calcutta ဆိုတဲ့ စာအုပ်ဖတ်နေတယ်)

  • ဦးဦးပါလေရာ

    February 15, 2012 at 2:42 pm

    အောင်မယ်ငှီး…
    ပြန်ဝင်ဖတ်ဖြစ်လို့ တော်သေးတယ်။ ပြန်ရှင်းခွင့်ရလို့..။
    ကျုပ်က စိတ်ကူးယဉ်တာပြောတာပါဗျာ။ ဒီအသက်အရွယ်အထိ စားဝတ်နေရေးအတွက် ရှာဖွေနေရတုန်းပါ။
    သူများလုပ်ရင်တော့ လုပ်အားပေးပါ့မယ်..:P

  • MaMa

    February 15, 2012 at 3:08 pm

    ဒေါ်စိန်ပေါက် ဒီတစ်ခါတော့ အတည်တွေ ပြောနေပြန်ပါပြီကော။
    နောက်ဆုံးတော့ ကိုယ့်ပြုခဲ့တဲ့ ကုသိုလ်ကံအရ ခံစားစံစားရမှာပါပဲ။
    စုံစုံ့အတွက်တော့ အချိန်ကိုုက်ပစ်လိုက်လို့ မှန်သွားတဲ့ မျှားတစ်စင်း ဖြစ်သွားတယ်ထင်တယ်။
    ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ဟာ တတ်နိုင်သလောက် ကိုယ်ကျင့်သီလကို စောင့်ထိန်းပြီး ဘာသာရေးလုပ်ရင် သားကောင်းသမီးကောင်းရတယ်လို့ဆိုတာမို့ အချိန်မှီသေးတယ် ကြိုးစားပေးပါလို့….
    အင်းးးးးးးး ရွှေတိုက်စိုးကတော့ ခုကတည်းက သင်တန်းတက်လေ့လာနေတယ် မှတ်တယ်။ 😀
    ဆရာထက်ရေ- အားပေးကူညီချင်စိတ်ရှိတာကို သိရလို့ ကျေးဇူးတင် ဝမ်းသာပါတယ်။
    ကဲ- ဦးပါလေရာရေ ဦးဆောင်ဖို့ တောင်းဆိုနေကြပြီ။
    ဆရာမလေး မိုးစက်ကိုလည်း အားကိုးပါတယ်။ အချိန်ရရင်ရေးပါဦးမယ်ဆိုတာကိုလည်း စောင့်ဖတ်နေပါတယ်။

  • nozomi

    February 15, 2012 at 3:43 pm

    ဒီပို့စ် လေးတွေ့ မှ ဒီ ရက်ထဲ တွေးမိတာလေး တစ်ခု ပြောချင်လာတယ်

    သူငယ်ချင်း တစ်ယောက် နိုင်ငံခြားမှာ အလုပ်လုပ်နေရာကနေ ခဏ ပြန်လာတယ် ၊ သူငယ်ချင်းတွေ စုံကြတော့ မင်း သိပ် အပြင်မထွက်ပါနဲ့ကွာ ခဏ ပြန်လာတုန်း မိသားစုကို အချိန်ပေးပါ ကလေးတွေက မင်းနဲ့ ကပ်ချင်မှာပဲ ငါ မိသားစုနဲ့ အတူနေတာတောင် အပြင်ထွက်ရင် ငါ့ သား မျက်နှာက သိပ်မကောင်းဘူး အဖေကို ကပ်ချင် အဖေနဲ့ ဆော့ချင်မှာပဲ မင်း ကလေးတွေဆို ပိုဆိုးတော့မှာ ပေါ့ လို့ ပြောမိတယ်

    သူ ပြန်ပြောတာက ကလေးတွေ သူ့ အား သူ ကိုး တတ်အောင် လုပ်ထားတယ် ၊ မိဘကို ကပ်နေရင် အားကိုးချင်စိတ် မရှိမှာစိုးတယ် တဲ့ ဒါက သူ့အမြင်

    ကျွန်တော့် အမြင်ကတော့ ( ကျွန်တော် တစ်ယောက်တည်းရဲ့ အမြင်နော် )
    ကိုယ်ရဘူး မှ ကိုယ်ပေးတတ်မယ်၊ ရဘူး သလိုပဲ ပြန်ပေးမယ် လို့ မြင်တာပဲ
    ကျွန်တော့် မိဘတွေက ကျွန်တော့ကို ချစ်ခဲ့တယ် ၊ ကျွန်တော်ကလဲ ကျွန်တော့ ကလေးတွေ ကို ချစ်တယ် သူတို့ သိအောင် ခံစားနိုင်အောင်လဲ ပြုမှုတယ် ပြောဆိုတယ် ( ဟိုး ရှေးရှေးကတော့ သားသမီးကို ချစ်ရင်တောင် အိပ် မှ ခိုးနမ်းကြတယ် ကြားဖူးတာပဲ ) အဲဒီအတွက် ကလေးတွေကလဲ ပြန် ချစ်တယ် သူတို့ ကလဲ တစ်ခုခု စားနေရင် ဘာမှ မပြောရဘဲ မိဘကို လာကျွေးတယ် ( နောက်ပိုင်းတော့လဲ ပြောင်းလဲ သွားနိုင်တာမျိုး ရှိတာပေါ့) ကိုယ်က ဘာမှ သူတို့ ဆီက မမျှော်လင့်ဘူး ကိုယ် ပေးနိုင်သလောက်ပေးမယ် ဆိုပေမဲ့ ကိုယ်ပေးသလောက် ကိုယ်ပြန်ရမယ်လို့တော့ ယုံတယ် သူတို့ လိုချင်တာ ဝယ်ပေးတိုင်း ချစ်တာတော့ မဟုတ်ဘူး ချစ်နည်း မေတ္တာပေးနည်း မှန်ဘို့တော့ လိုမယ် ထင်တယ်

  • kai

    February 15, 2012 at 4:37 pm

    ဖွံ့ဖြိုးပြီးနိုင်ငံတွေက.. အခုဘေဘီဘုန်ဘာနောက်ဆုံးတန်းတွေ.. အသက် ၉ဝအသာလေးနေမယ်…
    ဆိုတော့.. ယူအက်စ်ကတော့.. အသည်းအသန်..ရုးသလိုလိုနဲ့.. ပင်စင်ပေးရမယ့်အသက်တန်းကို.. ၆ရအထိလုပ်နေတယ်..
    နောက်မာျးပင်စင်အသက်..၇၀-၇၅တွေဖြစ်မလားမသိ…။

    သဘောက…
    အသက်ပြည့်ရင်..ပင်စင်ပေးရတာမှာ.. ပင်စင်စားက မသေနိုင်တာနဲ့အမျှ.. ပင်စင်ကြေး.. လူမှုဖူလုံရေးဖိုး..ဘာညာတွေ.. ဘီလီယန်ပေါင်းများစွာကုန်လို့ဖြစ်ပါတယ်…။
    အဲဒီငွေက.. မိုးပေါ်ကလာတော့တော့မဟုတ်…
    အငယ်တန်း.. အသက်၂၀..၂၅လောက်စလုပ်တဲ့သူတွေရဲ့.. လုပ်အားငွေတွေကနေ ဖဲ့ဆပ်နေရတာ…။ တိုင်းပြည်အတွက် အင်မတန်ဝန်ထုပ်ဝန်ပိုးဖြစ်တယ်..။
    တကယ်က.. အခုငွေရှာပေးနေတဲ့..အသက်တန်းတွေက.. သူတို့ပင်စင်ယူချိန်.. ငွေကျန်တော့မယ်တောင်သိပ်မထင်…
    ( . အသက် ၁၀ဝ အသာလေးနေမယ့်သူတွေချည်းပဲ)
    ဒီဒဏ်ကို အခုလောလောဆယ်..အလူးအလဲခံနေရတာက.. ဂျပန်ပါ..

    အောင်မလေး…
    ဒါနဲ့ပါတ်သက်ပြီး..ရေးစရာတွေ..အများးးးးးးးးးးးးးးးကြီး..

    ထားပါတော့….
    ပြောချင်တာက…
    မြန်မာပြည်လို.. ပါတ်ဝန်းကျင်လှလှပပနဲ့.. သဘာဝနဲ့.. လူပ်အားဈေးပေါတာနဲ့…
    လူအိုရုံဖွင့်စားတဲ့အလုပ်လုပ်မလို့.. တွေးဖူးတာကိုပြောချင်တာပါ…

    အရင်..ဖူးခက်နဲ့ ထိုင်းပင်လယ်ကမ်းခြေတွေ.. ဆုနမိထိတော့..အဲဒီမှာ..အိမ်ကလေးနဲ့.နှပ်နေတဲ့..ဘိုးဘိုးဖွားဖွားတွေ.. သေကုန်တယ်…။
    ဆိုတော့..ဂျပန်က… ပင်လယ်ကမ်း.. လူအိုရုံထားဖို့..နည်းနည်းတော့ လန့်သွားပုံပေါ်ပါတယ်..
    မြန်မာပြည်..ဧရာဝတီကမ်းခြေမှဆို.. သူတို့အတွက်..နတ်ဘုံဖြစ်နေမှာ…။ အသက်ကြီးသူတွေက..ရာသီဥတုကလည်း ..ပူမှဖြစ်တာလေ…။
    ဘိုးဘိုးတယောက်.. နပ်စ်တယောက်နဲ့..တွဲထားပေးလိုက်.. ပြီးရောပဲ..

    အဲ..
    ငွေလား..
    ဂျပန်ရော..ယူအက်စ်ရော..ဥရောပကရော..ဘိုးဘိုးဖွားဖွားတွေ.. အစိုးရဆီကငွေအလကားရပါတယ်..
    ကုသိုလ်လည်းရ..ဝမ်းလည်းဝ.. ကိုယ့်အတွက်လည်းကျန်..လူတွေလည်းအလုပ်ရ..
    ….အဲဒါလေး… 😕

    အဲဒီဘ်ဇနက်စိတ်ဝင်စားရင်.. ဆွေးနွေးကြည့်.. ယူအက်စ်ကလူရှာပေးလို့ရနိုင်တယ်..။ 🙂

  • windtalker

    February 15, 2012 at 7:26 pm

    ကလေးတွေ ရဲ ့ ဉာဏ်ရည်တိုးတက်မှု နှုန်းကတော့ သဘောကျချင်စရာပါဘဲ ။ နောက်ဆက်တွဲ ရိုင်းစိုင်းမှု ကိုတော့ လက်ခံနိုင်ရင်ပေါ့ ။ ကျုပ်ကတော့ ၊ သားသမီး ရခဲ့ရင် ၊ အခုခေတ် ကြေငြာ ခေတ်စားနေတဲ့ ဉာဏ်ရည်တက်စေတယ် ဆိုတဲ့ ဘာဖြစ်စေတယ်ဆိုတဲ့ နို ့မှုန် ့တွေ တိုက်ရမှာ လန် ့နေပေါ့ဗျာ

    • MaMa

      February 15, 2012 at 8:39 pm

      အယ်- မောင်ပေပြောမှပဲ အဲဒီဆေးတွေက လာတရားစွဲနေပါဦးမယ်။ 😛

  • padonmar

    February 15, 2012 at 7:28 pm

    မမရေ
    ကိုနိုပြောသလိုပဲပြောချင်ပါတယ်။တူသောအကျိုးရတတ်ပါတယ်။
    2000 gp ရဲ့ ယဉ်ကျေးလိမ်မာ သင်တန်းတွေမှာ ညပိုင်းတွေကို သင်တန်းက ကလေးတွေရဲ့မိဘတွေနဲ့
    family programme လုပ်လေ့ရှိပါတယ်။
    အဲဒီမှာမေအေးဦးက သားသမီးကို ချစ်တယ်လို့ပြောဖို့၊ညအိပ်ရာဝင်ပုံလေးတွေပြောပြဖို့၊
    ကလေးရဲ့ ရီပို့ကဒ်လေးကြည့်ပေးဖို့ ဝန်မလေးကြပါနဲ့လို့ တိုက်တွန်းတတ်ပါတယ်။
    မမရဲ့ သူငယ်ချင်းတွေက အပြင်စီးပွားရှာတဲ့ အလုပ်လုပ်နေရတယ်ဆိုပြီး သားသမီးကို ဂရုမှစိုက်မိကြရဲ့လား။
    ချစ်တယ်မှ ပြောမိကြရဲ့လား။
    မိဘက သားသမီးကို ပိုက်ဆံနဲ့ လိုတာတွေ ဖြည့်ဆည်းပေးနေရုံနဲ့တော့ မလုံလောက်ပါဘူး။

  • padonmar

    February 15, 2012 at 7:46 pm

    သူကြီးရှင့်
    မြန်မာပြည်မှာ အာရှတော်ဝင်၊SSC တို့လို အထူးကုဆေးရုံတွေ ပေါ်လာတော့ ပိုက်ဆံရှိပြီး လုပ်အားရှားတဲ့ သားသမီးတွေက အမေအဖေ ရောဂါတစ်ခုခုဖြစ်ရင် လနဲ့ချီ ဆေးရုံပေါ်တင် တစ်နေ့ တစ်ခါ/၃-၄ရက်တစ်ခါ လာကြည့်ဆိုတာမျိုးတွေ လုပ်နေကြတာကြာပါပြီ။
    အဲဒါတွေတွေ့တော့ Aging Home (လူအိုရုံ) ဖွင့်ရရင်ကောင်းမယ်လို့ စဉ်းစားမိပါသေးတယ်။
    ကိုယ့်အဖေကို နှစ်ရှည် ပြုစုခဲ့ဖူးတော့ စိတ်လည်းဝင်စားတယ်။စိတ်ရှည်ရှည်လည်း လုပ်ပေးနိုင်တယ်။
    လူနာမိသားစုရဲ့ complaint ကလည်း မှည့်နေတဲ့ အရွယ်တွေဆိုတော့ ကိုယ်ကသာ စေတနာနဲ့လုပ်ပေးရင်
    ပြဿနာ မရှိလောက်ဖူးလို့တွေးမိပါရဲ့။
    ဒါပေမယ့် စီးပွားရေးအရချတွက်ကြည့်လိုက်တော့ ဒါတို့ပြေမှာ အဖိုးကြီး အဖွားကြီးတွေ လာပို့ထား
    ၃-၄ လလောက်ကြာလို့ ပိုက်ပိုက် ထပ်မသွင်းရင် ဘယ်လိုလုပ်ရပါ့။
    ပြန်ပို့ပစ်လိုက်ရအောင်ကလည်း အသည်းမမာနိုင်၊
    credit card နဲ့ ဖြတ်ယူလို့ရတဲ့ စနစ်ကလည်းမရှိသေး။
    မိဘကို မထောက်ပံ့လို့ တရားစွဲလို့ကလည်း မရ။
    အခမဲ့ ဘိုးဘွားရိပ်သာထောင်ဖို့ ဓနအား သဒ္ဓါအားပြည့်စုံမှပဲ စဉ်းစားတော့မယ်လို့ ထားလိုက်ရပါတယ်။
    ကဲ အဲဒီကိစ္စ စဉ်းစားပေး။:D
    SGED (သက်ကြီးဆရာဝန်ထောက်ကူ အဖွဲ့)ကတော့ ဆရာဝန်အဖိုးကြီး အဖွားကြီးတွေအတွက် Day Care Center Free လုပ်ပေးထားပါတယ်။

    • Khin Latt

      February 15, 2012 at 8:22 pm

      အစ်မ ရေ – တကယ် serious ထားစဉ်းစားကြည့် တာပါလား။
      အခတော့ မဲ့ လို့ မရပါသေးပါဘူး အစ်မရေ။
      တကယ်များ လုပ်နိုင်ရင်တော့ ကုသိုလ်လဲရ၊ ဝမ်းလဲဝ ။ အဲဒီကနေ လူငယ်တွေကို အလုပ်တွေတောင် ရှာပေးနိုင်သေး။
      ကျွန်မ လဲ တကယ်စိတ်ဝင်စားတယ်။
      ထီကြီး အကြီးကြီး ပေါက်ပါစေ လို့ ဆုတောင်းနေပါတယ်။
      အစ်မရော၊ ကျွန်မ ရော၊ မမ ရော၊ ဦးဦးပါလေရာကြီးရော (ဒါမျိုး လုပ်ချင်သူအားလုံး ရော) 😀

  • Khin Latt

    February 15, 2012 at 8:15 pm

    မိဘ နဲ့ သားသမီး သံယောဇဉ် ဟာ ဘယ် သံယောဇဉ် ကမှ လိုက်မမှီပါဘူး။
    ကျင့်ကြံ တတ်ခဲ့ရင်ပေါ့။
    ကိုယ့်သားသမီး က ကိုယ့်ကို ကြီးရင် ပြန်ကြည့်စေချင် မိဘက အဲဒီ ကလေး ရဲ့ ပထမဆုံး စွန့်စားမှုတွေ ကို သိခဲ့၊ မြင်ခဲ့ ကြရဲ့လား။ ဆိုတာ
    ဥပမာ – ခလေးရဲ့ ပထမဆုံး ” မှောက်တာ၊ ဝမ်းလျားထိုးတာ၊ လမ်းလျှောက်တာ၊ သွားပေါက်တာ၊ ကျောင်းတက်တာ” အားလုံး ကို အမှတ်တရ ရှိနေခဲ့ရဲ့လား။
    ခလေး ကို သူတို့ ငယ်တုန်းက အကြောင်းတွေ ကို အဖေ အမေက ပြန်ပြောစရာ ပုံပြင် ဇာတ်ကြောင်း တွေ ရှိရဲ့လား။
    အဲဒါတွေကို အမြဲပြန်ပြောပြနေရဲ့လား။ အဲဒါတွေ က ခလေး နဲ့ ကိုယ့်ရဲ့ သံယောဇဉ်ကို ပိုတင်းစေပါတယ်။
    တစ်ချို့ ခလေးတွေ အမေ့ထက် အိမ်ဖော်စကားကို ပိုနားတယ် ဆိုတာ ပုံပြင်မဟုတ်ပါ။
    တစ်ချို့ က ကိုယ့်သားသမီး ဘာဖြစ်လို့ ဘာဖြစ်မှန်းတောင် မသိတဲ့ မိဘ တွေ တစ်ပုံကြီးပါ။
    ငွေမရှာရဘူး မဟုတ်ပါ။ ရှာနိုင်ပါတယ်။ အလုပ်လုပ်နိုင်ပါတယ်။ သားသမီး နဲ့ အလုပ်ကြား လုပ်နိုင်တဲ့ နည်းတွေ အများကြီးပါ။
    မလုပ်ချင်လို့ ကို မလုပ်ကြတာပါ လို့ ထင်ရပါတယ်။
    ဒီတော့ မိဘများအနေနဲ့ ငွေက အရေးကြီးတယ် ထင်ရင် ငွေကို ရှာပါ။ ကြီးရင် အဲဒီ ငွေက ကိုယ့်ကို ကြည့်ပါမယ်။
    သားသမီး က အရေးကြီးတယ် ထင်ရင်လဲ သားသမီးကို ဂရုစိုက်ပါ။ ဒါပေမဲ့ သူက ပြန်ဂရုစိုက်စေ ဆိုတဲ့ မျှော်လင့်ချက် မပါပါစေနဲ့။
    ကိုယ့်စေတနာမှန်ရင် ကိုယ့်ဆုံးမမှု မှန်ရင် မိဘ ဆိုတာဟာ သားသမီးတွေ ရဲ့ ပထမ ဦးစားပေးပါဘဲ။
    ဘယ်သူ နဲ့မှ သူတို့ အစားမထိုးပါဘူး။

    ကျွန်မ မိဘတွေ ကျွန်မ ကို အဲလိုမျိုး ချစ်ခဲ့ပါတယ်၊
    ကျွန်မ အဝေးကနေ ဘဲကြည့်နေနိုင်ပေမဲ့ သူတို့ ကို ကျွန်မ ဘယ်လောက်ချစ်တယ်ဆိုတာ သူတို့ ယုံပါတယ်။
    သူတို့ ဟာ ပေးဆပ်ဖို့ ဟာပါဘဲ။ ပြန် ရယူ လိုခြင်း မရှိပါဘူး။

    ကျွန်မ သာ ကြီးလို့ နေမကောင်းဖြစ်ရင် ကိုယ့်သားသမီးကို ဒုက္ခမပေးချင်ပါဘူး။
    သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်မဲ့ နေရာလိုမျိုး မှာ သွားနေပါ့မယ်။
    ဒီအတွက် တော့ ကိုယ့်ဟာကို ငွေကြေး လေး လုပ်တော့ Plan ထားရမပေါ့။ 😉
    သားသမီးတွေ က ကိုယ့်ကို ချစ်ရင် အပါတ်စဉ်လို လာတွေ့။
    မတွေ့ နိုင် ရင်လဲ အကြောင်းမဟုတ်ပါ။ သူတို့ ကိုယ့်ကိုချစ်တာ ယုံကြည် နေဖို့ဘဲလိုပါတယ်။
    အဲဒါကို ကိုယ်က တည်ဆောက်ရမှာပေါ့။

    စကားအတင်းစပ်လို့ – ဦးဦးပါလေရာတို့၊ မမ တို့ ရေ
    သက်ကြီးရိပ်သာ များ လုပ်လို့ ကတော့ ကျွန်မ လဲ ပါစမ်းပါရစေ။
    တကယ်ကြီးကိုပြောတာပါ။ 😀

    ကွန်ကောင်း လို့များ ကြည့်နိုင်ခဲ့ ရင် ဒီကြော်ငြာလေး ကြည့်ကြပါဦး။
    Google ကြော်ငြာပါ။ ရင်ကို တကဲ့ကို ထိမိပါ၏။
    http://www.youtube.com/watch?v=R4vkVHijdQk

  • MaMa

    February 15, 2012 at 8:48 pm

    နိုဇိုမီရေ- မှန်ပါတယ်။ မလတ်လည်းပြောသလို မိဘကလည်း သားသမီးကို မှန်ကန်စွာ ချစ်တတ်ရင် တုန့်ပြန်မှုတွေကလည်း ကောင်းလာမယ်ထင်ပါတယ်။
    ဒါပေမယ့် ပတ်ဝန်းကျင်ရဲ့ အရောင်ဆိုးမှုကတော့လည်း ရှိသေးတယ် ပြောရမယ်။
    သဂျီးရေ-မီလီယံဘစ်ဇစ်နက်ကို စိတ်ဝင်စားတယ်။
    ဒါပေမယ့် မြန်မာပြည်မှာ အင်ဖရာစထရပ်ချာတွေ မပြည့်မစုံနဲ့ ဖြစ်နိုင်ပါ့မလား။
    နောက်ပြီး ပဒုမ္မာပြောသလို ငွေမရလို့ ပြန်ပို့ရအောင်ကလည်း အသည်းကမမာနိုင်တာမို့ အဲဒီပြဿနာတွေ ထည့်စဉ်းစားရင် ၅၀-၅ဝ လို့တောင် မပြောနိုင်ပဲ မဖြစ်နိုင်တဲ့ဘက်ကပဲ များနေတယ်ထင်ပါတယ်။
    ပဒုမ္မာရေ- ဘိုးဘွားတွေကို စိတ်ရှည်လက်ရှည် ပြုစုစောင့်ရှောက်ဖို့ဆိုတာ ကိုယ့်ကိုကိုယ်ယုံကြည်မှု မရှိဘူး။ ထင်းခွဲ ရေခပ်ဆိုရင်တော့ တမျိုးပေ့ါ. 😀
    မလတ်ပြောသလို သက်ကြီးရိပ်သာ လုပ်ဖြစ်ရင်တော့ တတပ်တအားတော့ ပါဝင်ချင်ပါသေးတယ်။

  • အတော်ပဲ
    ဒီစာမဖတ်ခင်ကတည်းက
    ပုံပြင်စာအုပ်တွေ ဝယ်ထားတာနဲ့အံကိုက်ဖြစ်ပြီ
    ပုံပြင်တွေများများဖတ်ထားရမယ်ကွ ..
    နောက်ပြီး မိခင်နို့ တစ်မျိုးတည်းပဲတိုက်ရမယ် …
    ဘာသာတရားနဲ့ယဉ်ပါးအောင် လပြည့်လကွယ်နေ့တိုင်း ဥပုသ်သီလဆောက်တည်ခိုင်းရမယ် (ကျောင်းတွင်းဥပုသ်ပေါ့)
    တစ်ပတ်တစ်ခါ စေတီပုထိုးတွေဆီ လိုက်ပို့ရမယ်
    စာဖတ်တတ်တဲ့ အလေ့အကျင့်ရှိအောင် လုပ်ပေးရမယ် …
    အများနှင့်ပူးပေါင်းဆောင်ရွက်တတ်တဲ့စိတ် … စာနာနိုင်တဲ့စိတ် .. စည်းကမ်းကိုလိုက်နာတတ်တဲ့ အလေ့အကျင့်
    ဒါတွေဖြစ်အောင်လည်း ပြုစုပျိုးထောင်ပေးရမယ် (ချရာမလေး မိုးဂျက် ချိတော့ ပူချရာတော့ သိပ်မလိုဘူး .. 😛 )
    အဲ ဘာတွေ လျှောက်တွေးနေပါလိမ့်
    လောလောဆယ် မုန့်ဆီကြော်ပဲ အရင်ရှာရမယ် 🙂
    …. ဝှီးးးးး (ထွက်ပြေးသွားတဲ့အသံပါ) … 😛

    • MaMa

      February 15, 2012 at 9:43 pm

      မောင်ကင်းရေ-
      စိတ်ကူးယဉ်အိပ်ယာထဲမှာ ကလေးထိန်းနည်းလည်းပါ ဖြစ်နေပါပေါ့လား။
      ကဲ- မုန့်ဆီကြော် ဘယ်မှာနေသလဲသာ ပြပေးပါ။
      ဒီစာပြပြီး မုန့်ဆီကြော်ကို ရအောင်ယူပေးပါ့မယ်။ 😀

    • Moe Z

      February 16, 2012 at 3:44 pm

      မုန့်ဆီကြော်တွေသိပ်မစားနဲ့ ဆီမသန့်ရင်ရောဂါရမယ် 😀

  • unclegyi1974

    February 15, 2012 at 10:24 pm

    မမရေခေတ်ရေစီးကိုုကဖြစ်လာတာဆိုတော့တွေးကြောက်နေလို့အပိုပဲ
    ဟိုးအရင်ကမိသားစုကနွေးနွေးထွေးထွေးနဲ့
    ထမင်းစားရင်လည်းလူစုံမှမျက်နှာစုံညီစားကြတာ
    အဖိုးအဖွားအမေဦးကြီးဒေါ်ကြီးစသဖြင့်ကြီးသူကအဆင့်ဆင့်သွန်သင်လို့
    အခုများတော့မိသားစုထမင်းဝိုင်ဝေးလို့မအေက ကလေးကျောင်းလိုက်နေရတာနဲ့
    အိမ်မှာလည်းလူကုန်အလုပ်လုပ်နေရတာနဲ့ကလေးတွေကိုဆုံးမသွန်သင်ဖို့အချိန်တွေနဲလာ
    လိုက်ကြတာကစ ဆက်သွယ်ရေးမီဒီယာတွေကဝင်လာ စသဖြင့်ဘက်ပေါင်းစုံကဖြစ်လာတာ
    ထို့ကြောင့်ဤအရာကိုတားဆီး၍မရပါလို့ပဲပြောရတော့မယ်
    အကောင်းဆုံးကသူတို့ဆီကဘာမှမမျှော်လင့်ထားပါနဲ့
    မိဘတို့တာဝန်အတိုင်းလုပ်ပေးစရာရှိသမျှလုပ်ပေးလိုက်ပါ
    ကိုယ့်အတွက်လည်းကို်ယ်စုဆောင်းထားပါလို့ပဲပြောချင်ပါတယ်ဗျာ

  • pooch

    February 15, 2012 at 11:26 pm

    မမရေ လက်ဦးဆရာမိနှင့်ဖ မှာတာဝန်ရှိသလို ကျောင်းကလည်း အရေးပါပါတယ်။ နွေကျောင်းပိတ်ရက်မှာ ဗုဒ္ဓဘာသာ သင်တန်းကျောင်းတွေ များများပို့စေချင်တယ်။ ဒါက ဗုဒ္ဓဘာသာဝင်တွေ အတွက်ပါ။
    တခြားဘာသာတွေ လည်း သူ့ဆိုင်ရာ ဆိုင်ရာများကို ပို့ပေးစေချင်တယ်။ ဒီလိုအသိတွေက တော့ ဘာသာရေးကူရင် စိတ်တွေ နူးညံ့ပြီး ပျော့ပျောင်းလာမယ်ထင်ပါတယ်။

    သို့သော် မမရေ စုန်ရေ ပဲ ရှိပြီး ဆန်ရေမှ မရှိတာလေ။ 🙁

  • MaMa

    February 16, 2012 at 7:47 am

    အန်ကယ်ကြီးရေ-
    ခုခေတ်ကြီးရဲ့ လူနေမှုစတိုင်တွေ၊ မိသားစုစတိုင်တွေကိုက ပြောင်းလဲသွားတာလဲ အမှန်ပါပဲ။ အဲဒါတွေကြောင့်လည်း အန်ကယ်ကြီးပြောသလိုပဲ နောက်မျိုးဆက်အတွက် ကိုယ်လုပ်ပေးနိုင်တာကိုလည်း လုပ်ပေး၊ ကိုယ့်အတွက်လည်း စုဆောင်းဖို့ ကြိုးစားရမှာပေ့ါ။
    ဒါပေမယ့် တွေးမိတာလေးတစ်ခုက ကိုယ့်အရိုး ကိုယ်မနိုင်တဲ့အချိန်မှာ –
    လိုအပ်တဲ့ငွေကြေးအတိုင်းအတာနဲ့ …….
    ခုကတည်းက စုဆောင်းထားတာနဲ့ …….
    ငွေကြေးဖောင်းပွမှုတွေနဲ့ ……..
    အင်းးးးးးးးးးးးးးးးးလုံလောက်နိုင်ပါ့မလား။ 🙁
    မယ်ပုရေ-
    ကလေးတွေကို မိဘတွေက ကျောင်းပြီးရင်းကျောင်း လုံးပမ်းနေရတာနဲ့တင် ယဉ်ကျေးလိမ္မာသင်တန်းပို့ဖို့ကို မရောက်နိုင်ဘူး ဖြစ်နေတယ်။
    ကျောင်းဖွင့်ချိန်မှ ကျုရှင်တက်ရတာ မဟုတ်ဘူး။
    ကျောင်းပိတ်ချိန်မှာလည်း နောက်နှစ်အတွက် နွေရာသီကတည်းက ကျုရှင်ကြိုတက်ရသလို
    နွေရာသီ သင်တန်းပေါင်းစုံတွေကလည်း ရှိသေးတယ်။
    ကျောင်းတက်မှ ကျူရှင်ရှိတာ မဟုတ်ဘူး။ မူကြိုကလည်း ကျုရှင်နဲ့။

  • aye.kk

    February 16, 2012 at 2:34 pm

    မမ…ရဲ ့postကိုအခုမှပဲဖတ်မိလိုက်ပါတယ်။
    မမရေးထားတာလေးဖတ်မိတော့သံဝေဃတရားလေးဝင်လာမိပါတယ်။
    သိထားတာလေးမျှဝေလိုက်ပါရစေ။
    “နောင်တဆယ်ထွေ”
    “ဤလူ့လောက၊လူ ့ဘဝ၌၊သကျရှူပံ၊မိန့်သံဂါထာ
    ကျမ်းလာအတိုင်း၊ငယ်ခါကလျှင်၊မသင်ပညာ၊ဥစ္စာမစု၊သူ့ကိုချစ်ဖျက်
    သူ့သက်သတ်စား၊သူ့မယား၌ပြစ်မှားတုံဘိ၊ပစ္စည်းရှိလျှက်စိုးစိမလှူ
    မွေးမြူမိဘမပြုရ၊ဆုံးမမနာ၊ပညာရှိထံနည်းခံမမှတ်”
    အမြတ်မကျင့်ဤဆယ်ဆင့်ကါး၊ကြီးရင့်ဇရာ၊အိုသောခါလျှင်၊နောင်တဆယ်ထွေရတတ်စွတည်း။

  • Maung Dae`

    February 16, 2012 at 3:40 pm

    အခုခေတ်မှာ ဖြစ်ပျက်နေတာတွေကိုကြည့်ပြီး အိမ်ထောင်ပြုရင် ကလေးယူချင်စိတ်တောင်မရှိတော့ဘူး… ငါ့သားသမီးတွေခေတ်ကျရင် ဘယ်လိုများဖြစ်မလဲဆိုပြီး တွေးလိုက်ရင် ရင်ထဲမှာ လေးလေး သွားတယ်။ သားသမီးတွေမပြောပါနဲ့ အခု ညီမ ရည်းစားထားတာကိုတောင် လိုက်ပူနေရတယ်။ ကိုယ့်မှာသူ့အတွက် အနာဂါတ်ပလန်ဆွဲပေးပြီးသား… အဲ့ဒါကို ယောက်ျားကောက်ယူသွားလို့ကတော့ ဒင်းသေမယ် ဆိုပြီး ကိုယ့်ဒေါသနဲ့ကိုယ် အိပ်မရတာလဲရှိသေး.. ဒါတောင် သားသမီးမဟုတ်သေးဘူးနော်.. ကိုယ့်သားသမီးသာဆို ကိုယ့်စေတနာကို နားမလည်ရင် ဘယ်လောက်ထိများ ခံစားရမလဲမသိဘူး.. ကျွန်တော်တို့ငယ်ငယ်တုန်းကဆို မိဘတွေကို ပြန်မအော်ဖူးဘူး.. ပြန်မပြောဖူးဘူး.. ခုခေတ်ကလေးတွေများ မိဘတွေကို ပြောနေ အော်နေလိုက်တာများ သူစိမ်းတွေနဲ့ ရန်ဖြစ်နေတယ်လို့တောင် အောက်မေ့ရတယ်.. ချစ်သူကလဲပြောတယ် လက်ထပ်ပြီးရင် ကလေးယူရမှာ လန့်တယ်တဲ့… ကိုယ့်ကလေးကို ကိုယ်က သူများတွေလို မဖြည့်စည်းပေးနိုင်ရင် ကိုယ့်အပေါ်မှာ ငြိုငြင်မှာ အထင်လွဲမှာကိုစိုးရိမ်တယ်တဲ့… အင်း… အခုကတည်းက မိဘမေတ္တာကစနေပြီလို့…

  • ကြောင်ကြီး

    February 18, 2012 at 11:55 am

    ကြုံရဆုံရ ဤဘဝ၌ ရှင်သေလက်တွင်း ကျရောက်သည်ဝယ် နာကျင်ညီးညူ ဆူပူဒေါသ ကိုယ်စိတ်မွလျင် ဒါနသည်လည်း မကယ်နိုင် (မသေချာ) သီလသည်လည်း မဆယ်နိုင် (မသေချာ) သမထသည်လည်း မလွယ်နိုင်… ထိုချိန်ခါမှ အမိုက်နောင်တ ကြီးစွာတလျက် နောက်ကျလေပြီတကား နောက်ကျလေပြီတကားဟု မဆိုရလေအောင်….
    မအိုခင်က ဝိပဿနာကုသိုလ်ကောင်းမှု ကြိုစားပြုလော့…။
    မနာခင်က ဝိပဿနာကုသိုလ်ကောင်းမှု ကြိုစားပြုလော့…။
    မသေခင်က ဝိပဿနာကုသိုလ်ကောင်းမှု ကြိုစားပြုလော့..။
    ပုံ
    ဓမ္မကထိကဦးကြောင်ကြီး 😎

Leave a Reply