တစ်နေ့သ၌ ရွာ၏ နေညိုချိန် ထန်းတဲတစ်ခုတွင် လူတစ်စု ထန်းရည် သောက်နေကြလေသည်။ ထိုသူတို့အနက် ကိုလူကြီး ဆိုသူမှာ အပါအဝင် ဖြစ်လေသည်။ ကိုလူကြီးမှာ လွန်စွာ လူကောင် ကြီးမားသူတစ်ဦး ဖြစ်သည့်အပြင် မည်သည်ကိုမျှ မကြောက်တတ်၊ မည်သူ့ကိုမျှ မကြောက်တတ်သူ တစ်ဦးလည်း ဖြစ်ပေသည်။ ၎င်းတို့၏ ထန်းရည်ဝိုင်း အရှိန်ရလာချိန်တွင် လူပုလေး ဆိုသူက ကိုလူကြီး အား ဤသို့ စကားစလေသည်။

“ဘိုလူ ရေ … မင်းကိုတော့ တစ်ခုလောက် သတိပေးရဦးမယ်ကွ”
“ဘာများလဲ … ဘယ်ကောင်က ငါ့ကို မကျေနပ်လို့လည်း ပြောစမ်းပါဦး”
“ဘယ်ကောင်ကမှ မင်းကို မကျေနပ်လို့ မဟုတ်ဘူး၊ မင်းကို သတိပေးချင်တယ်ဆိုတာက မင်းအမေ ဒေါ်စိန်ထွား ကို ပြောတာ”
“မင်းကလည်း အမေက အိပ်ယာထဲ လဲနေတာဖြင့် ကြာလှပြီ။ ဒီနေ့မဟုတ် နက်ဖြန် သေချင်သေမှာပါပဲကွာ …”
“ငါ ပြောချင်တာ အဲဒါ ပြောတာမဟုတ်ဘူးကွ၊ မင်းအမေ ပုံစံက မရိုးဘူးလို့ ကြားရလို့ မင်းကို သတိပေးချင်တာ”
“ဘာမရိုးတာလဲ၊ ရှင်းရှင်းလင်းလင်း ပြောစမ်းပါ ငပုရာ …”
“အေး … မင်းအမေ ဖုတ်ဝင်နေတာလို့ ကြားတယ်”
“ငါ့အမေ ဖုတ်ဝင်နေတယ် … ဟုတ်စ”
“အေး… ရွာထဲက လူတွေကတော့ အဲဒီအတိုင်း ပြောနေကြတာပဲ၊ မင်းကလည်း အိမ်ကပ်တဲ့အကောင် မဟုတ်တော့ ဘာမှသိတာမဟုတ်ဘူး မဟုတ်လား၊ မင်းအိမ်က ကလေးတွေတောင်မှ မင်းအိမ်မှာ မရှိရင် မင်းအမေနား မကပ်ဘူးတဲ့ကွ”

x x x x x x x x x x

ကိုလူကြီး၏ အမေဖြစ်သူ ဒေါ်စိန်ထွား တရှောင်ရှောင် ဖြစ်နေခဲ့သည်မှာ ခြောက်လခန့်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်လေသည်။ ယင်းသို့ ဒေါ်စိန်ထွား တစ်ယောက် တရှောင်ရှောင် (နေမကောင်းသည်ကို ဆိုလိုခြင်းဖြစ်ပါသည်။) ဖြစ်နေသော်လည်း အစား စားသည့်အခါတွင်မူ ကြောက်ခမန်းလိလိ စားသောက်တတ်ပါသည်။ နေမကောင်းသော အဘွားအို တစ်ယောက် စားသည့် အစာမှာ ကြောင်စာလောက်သာ ရှိသင့်သော်လည်း ယခုမူ ထိုသို့မဟုတ်ဘဲ ယောက်က်ျားကြီး နှစ်ယောက်စားလောက်ကိုပင် ကုန်အောင် စားသောက်နိုင်ခြင်းသည် စင်စင် မရိုးဟု ဆိုနိုင်သည် မဟုတ်ပါလော။

တစ်ခါက ကိုလူကြီးမှာ အမဲသား ချက်ရာတွင် အမဲသားဟင်းအိုးအား မီးဖိုပေါ်တင်၍ ခတ္တေခဏ အိမ်အောက် ဆင်းသွားခဲ့သည်။ ဟင်းအိုး နူးလောက်သည့် အချိန်တွင် ကိုလူကြီး အမဲသားဟင်းအိုး သွားကြည့်သောအခါ ဟင်းအိုးမှာ တက်တက် ပြောင်စင်နေပြီ ဖြစ်သည်။ ထိုစဉ်က ကိုလူကြီးမှာ ခွေးများ တက်၍ မွှေသွား၊ စားသွားသည်ဟု ထင်မှတ်ခဲ့လေသည်။ ကိုလူကြီးမှာ ၎င်း၏ အမေ အပေါ်တွင် အထင်မှားခြင်း မရှိခဲ့ပါချေ။

အထက်တွင် ကျွန်ုပ် ဖော်ပြခဲ့ပြီး သကဲ့သို့ ကိုလူကြီး၏ အပေါင်းအသင်းများနှင့် ပတ်ဝန်းကျင်က ပြောဖန်များလာသောအခါတွင် ကိုလူကြီးမှာ စတင် စမ်းသပ်ပါတော့သည်။ တစ်နေ့တွင် ကိုလူကြီးမှာ ထမင်းဇလုံ အကြီးကြီးဖြင့် ထမင်းအပြည့်ထည့်၍ ၎င်း၏ အမေအား ကိုယ်တိုင်ကိုယ်ကျ ကျွေးခဲ့လေသည်။ ထိုအခါ ဒေါ်စိန်ထွားမှာ အဘွားအို တစ်ယောက်နှင့်မျှ မလိုက်အောင် အဆိုပါ ထမင်းဇလုံအား ကုန်စင်အောင် စားသောက်သည့်အပြင် ဇလုံတွင် ကပ်နေသည့် ထမင်းကျန်၊ ဟင်းကျန်များကို လျှာဖြင့်ပင် လျှက်လိုက်သေး၏။ ဤသည်ကိုကြည့်၍ ကိုလူကြီးမှာ ၎င်း၏အမေ ဖုတ်ဝင်နေပြီဖြစ်ကြောင်း သိလိုက်လေသည်။ ထိုအချိန်မှစ၍ ၎င်း၏အမေအား ဝင်ပူး၍ စားသောက်နေသော ဖုတ်ကောင်အား ကိုလူကြီးမှာ ဓားကျိန်း ကျိန်းထားလေတော့သည်။

ကိုလူကြီး၏အိမ်တွင် ကိုလူကြီး၏ ဇနီး ဆုံးသွားပြီးကတည်းက လူကြီးဆို၍ ကိုလူကြီး တစ်ယောက်သာ ရှိလေသည်။ ကိုလူကြီး၏ ကလေး ၃ ယောက်မှာလည်း အသက် ၁၀ နှစ်ဝန်းကျင်ခန့်သာ ရှိလေသည်။ ဒေါ်စိန်ထွားအား ဝင်ပူးကပ်စားနေသူ ဖုတ်ကောင်သရဲမှာ အဆိုပါ ကလေး ၃ ယောက်အား ဒုက္ခ မပေး၍သာ တော်ရော့သည်ဟု ဆိုရတော့မည်။

ဒေါ်စိန်ထွားတွင် ပူးဝင်နေသော ဖုတ်ကောင်သရဲမှာ ကိုလူကြီး အိမ်တွင် ရှိခိုက်တွင် ကိုလူကြီးအား ကြောက်၍ ငြိမ်နေတတ်သော်လည်း ကိုလူကြီး အိမ်တွင် မရှိသည့် အချိန်တွင်မူ အိပ်ယာထက်မှ ထ၍ မွှေပါတော့သည်။ ဒေါ်စိန်ထွား အိပ်ယာထက်မှ ထသည်နှင့် အိမ်ရှိ ကလေးများမှာ အိမ်ပေါ်တွင် မနေတော့ဘဲ အိမ်အောက်သို့ ဆင်းကြပါတော့သည်။ ထိုအခါ ကလေးများအား ဒေါ်စိန်ထွားက “မြေးလေးတို့ရေ … ဘွားဘွားနား လာကြပါဦး” ဟူ၍ လှမ်းခေါ်တတ်၏။ ကလေးများက အိမ်အောက်မှနေ၍ ဒေါ်စိန်ထွားအား “ဘွားဘွားက ဘွားဘွားမှ မဟုတ်ဘဲနဲ့၊ မလာဘူး” ဟူ၍ ပြန်အော်ပြောတတ်လေသည်။ ယင်းသို့ ကလေးများက ပြန်အော်သည့်အခါ ဒေါ်စိန်ထွားက “မြေးလေးတို့ကလည်း ဟင်း … ဟင်း … ဟင်း” ဟူ၍ လှောင်ရီသံဖြင့် ပြန်ပြောတတ်လေ၏။

ကိုလူကြီးမှာ ၎င်း၏ အမေတွင် ဖုတ်ဝင်နေကြောင်း ကိုယ်တိုင် သိရှိပြီးသည့် နောက်ပိုင်းတွင် အဆိုပါ ဖုတ်ကောင်သရဲအား မောင်းထုတ်ရန် မည်သို့ ပြုလုပ်ရမည်ကို ကြံရပါတော့၏။ ကိုလူကြီး၏ အပေါင်းအသင်းများက ရွာဦးကျောင်း ဆရာတော်ထံ အကျိုးအကြောင်း သွားရောက် လျှောက်ထားရန် ကိုလူကြီးအား တိုက်တွန်းကြသည့် အားလျော်စွာ ကိုလူကြီးတစ်ယောက် ရွာဦးကျောင်း ဆရာတော်ထံသို့ ရောက်ရှိလာခဲ့ပါတော့သည်။

x x x x x x x x x x

“ဟဲ့ … ထူးထူးဆန်းဆန်း မောင်လူကြီးက ဘယ်ကနေ ကျောင်းထဲ လှည့်လာတာတုန်းကွယ့်”
“ဒီလိုပါ ဘုရား … တပည့်တော် အမေ ဖုတ်ဝင်နေလို့ အဲဒါ ဘယ်လိုလုပ်ရမလဲဆိုတာ ဆရာတော်ထံ လာရောက်လျှောက်ထားတာပါ ဘုရား”
“စိန်ထွားကို ဖုတ်ဝင်ပူးနေလို့ … ဟုတ်လား”
“မှန်ပါ … တစ်နေ့က တပည့်တော် အမေ့ကို ဇလုံထဲ ထမင်းတွေ အများကြီးထည့်ပြီး ကျွေးကြည့်တာ ကုန်တယ်ဘုရား၊ လျှာနဲ့တောင် လျှက်လိုက်သေးတယ် ဘုရား … ”
“အိမ်း … တော်တော်ငတ်ပြတ်နေတဲ့ ဖုတ်ကောင်ပါလား …။ မင်းအိမ်က အစားအသောက်တွေ များနေလို့သာ တော်ရော့တယ်။ နို့မဟုတ်ရင် မင်းကလေးတွေတောင် စားပစ်နိုင်လောက်တယ် မောင်လူကြီး”
“မှန်ပါ့ ဘုရား၊ တပည့်တော်ကလည်း အိမ်ကပ်တဲ့အကောင် မဟုတ်တော့ ကလေးတွေအတွက် စိုးရိမ်ရပါတယ် ဘုရား”
“အောင်မာ … မင်းက အခုမှ လာစိုးရိမ်နေရသလား … မောင်လူကြီးရဲ့ …”
“အရင်က သူများတွေပြောတာ တပည့်တော် မယုံခဲ့ပါဘူး ဘုရား၊ အခုမှ ကိုယ်တိုင် သိတော့မှ စိုးရိမ်မိတာပါ ဘုရား”
“အေးကွာ … ဘာပဲဖြစ်ဖြစ်ပါကွယ်၊ မနက်ဖြန် မနက်ကျရင် ငါ လာခဲ့မယ်၊ အိမ်ကစောင့်နေ ကြားလား မောင်လူကြီး”
“မှန်ပါ့ ဘုရား၊ တပည့်တော် ပြန်ပါဦးမယ် ဘုရား”

x x x x x x x x x x

နောက်တစ်နေ့ မိုးသောက် မနက်ခင်း ရောက်သောအခါတွင် ရွာဦးကျောင်း ဆရာတော်မှာ ဦးဇင်းတစ်ပါးနှင့်အတူ ကိုလူကြီး၏ အိမ်သို့ ကြွလာခဲ့ပါသည်။ ဆရာတော် အိမ်ပေါ်သို့ ရောက်သောအခါ ဒေါ်စိန်ထွားမှာ မျက်ထောင့်နီကြီးဖြင့် ဆရာတော်အား စူးစူးကြည့်၍ “ဟေ့ … ဘယ်က ကတုံးက ငါ့အိမ်ပေါ် ရောက်လာတာတုံး၊ သွား … အခုချက်ချင်း ဆင်းသွား” ဟူ၍ အော်ဟစ် ပြောဆိုပါတော့သည်။ ထိုအခါ ကိုလူကြီးမှာ အိမ်ထရံတွင် ထိုးထားသော ဓားအား ဆွဲယူလိုက်ပြီး “ခွေးမသား ဖုတ်ကောင် …၊ ဓားနဲ့ ပိုင်းလိုက်လို့ အမျိုးပါ ပြုတ်သွားမယ်၊ ငြိမ်ငြိမ်နေစမ်း” ဟူ၍ ပြောဆိုလိုက်လေသည်။

“နေပါစေ မောင်လူကြီးရယ် …။ အဲဒီကောင်ကို ဓားဆွဲစရာ မလိုပါဘူး၊ ထားလိုက်စမ်းပါ” ဟု ဆရာတော်က မိန့်ကြားလိုက်သည့် အခါတွင် ကိုလူကြီးမှာ ပြန်၍ ငြိမ်နေလိုက်ရသည်။ ကိုလူကြီး ငြိမ်သွားသည်နှင့် ဖုတ်ကောင် ဝင်ပူးနေသော ဒေါ်စိန်ထွားမှာ အိမ်ယာထက်က ဆင်းရုံတင်မက ဆရာတော် ရှေ့တွင်ပါ မတ်တပ်ရပ်ပြီး ခါးထောက်လျက် “ဒီကတုံးက ဘာမို့တုန်း၊ သေသွားချင်လို့လား … ဟင်း … ဟင်း .. ဟင်း၊ အခုချက်ချင်း ငါ့အိမ်ပေါ်က ဆင်း” ဟူ၍ ရွာဦးကျောင်း ဆရာတော်အား ရိုင်းရိုင်းစိုင်းစိုင်း မောင်းထုတ်ပါတော့သည်။ ထိုအခါ ဆရာတော်မှာ မိမိရှေ့တွင် ရောက်နေသော ဖုတ်ကောင် ဒေါ်စိန်ထွားအား အနီးတွင် ရှိသော ရေခွက်ဖြင့် ဖြန်းခနဲ ပက်လိုက်လေ၏။

“အမလေး … ပူတယ် … ပူတယ် … အား ” ဟု မည်တမ်းကာ ဖုတ်ကောင် ဒေါ်စိန်ထွား မှာ မတ်တပ်ရပ်နေရာမှ ကြမ်းပြင်ပေါ် လှိမ့်နေရပါတော့သည်။ ဆရာတော်က အနီးမှ ဦးဇင်းအား အသင့်ပါလာသော ပရိတ်ကြိုးဖြင့် ချည်ထားရန် စေခိုင်းလေသည်။ ပရိတ်ကြိုး ချည်ပြီးသောအခါ ဖုတ်ကောင်မှာ “ကြောက်ပါပြီ ၊ အမလေး … အမလေး .. ပူတယ် .. ပူတယ် .. ကြောက်ပါပြီ ဘုရား ” ဟူ၍ အော်ဟစ်နေပါတော့သည်။ ထိုအခါ ဆရာတော်မှ ဒေါ်စိန်ထွားတွင် ပူးဝင်နေသော ဖုတ်ကောင် သရဲအား …

“ ဟေ့ နင်က ကျူးကျူးကျော်ကျော် ရွာထဲလာပြီး ပူးကပ် စားသောက်နေတာပေါ့ ဟုတ်လား … ။ ”
“ ငတ်လွန်းလို့ ပူးကပ် စားမိတာပါ … ခွင့်လွတ်ပါ၊ ခွင့်လွတ်ပါ … ”
“အေး … ဒီတစ်ခါတော့ ခွင့်လွတ်လိုက်မယ် … နောက်တစ်ခါ ဆိုရင်တော့ ခွင့်လွတ်မှာ မဟုတ်ဘူး ကြားလား ..”
“ဟုတ်ပါပြီ … ဟုတ်ပါပြီ … လွတ်ပါတော့ … လွတ်ပါတော့ … နောက်တစ်ခါ မလုပ်တော့ပါဘူး ..”
“အေး … အေး … နင်တို့ ဘဝနဲ့ ငါတို့ ဘဝက ခြားနေတယ် … ကြားလား … နောက်တစ်ခါ အဲဒီလို မှီခိုမစားနဲ့ … ဦးဇင်းလေး ပရိတ်ကြိုး ဖြည်ပေးလိုက်ပါတော့ ..”

ပရိတ်ကြိုး ဖြည်လိုက်သည်နှင့် တစ်ပြိုင်နက် ဒေါ်စိန်ထွားမှာ လွန်စွာ ရွံရှာ၊ စပ်ဆုပ်ဖွယ် ကောင်းသော အလောင်းကောင် အဖြစ်သို့ ရုပ်ချည်း ပြောင်းလဲ သွားလေတော့သည်။ ဤနေရာတွင် ရွာဦးကျောင်း ဆရာတော်၏ အကြောင်းကို ကျွန်ုပ် ရေးသားခဲ့သော “သိမ်ဝင် သပိတ်ကွဲနှင့် အသက်ဝင်လာသော ဘီလူးအင်း” ပို့စ်တွင် အနည်းငယ် ဖော်ပြ ခဲ့ပြီး ဖြစ်ပါသည်။

ယင်းနေ့ ယင်းအချိန်တွင်ပင် ကိုလူကြီးမှာ ၎င်း၏မိခင် အလောင်းကို ရွာအပြင် သချိုင်းတွင် သွားရောက်မြှုပ်နှံခဲ့ပြီး နောက်တစ်နေ့ တွင်မူ ရွာဦးကျောင်း ဆရာတော်နှင့်တကွ သံဃာ (၅) ပါးအား ဆွမ်းကပ်ကာ မိခင် ဒေါ်စိန်ထွားအတွက် အမျှအတမ်း ပေးဝေခဲ့ပါတော့သတည်း …… ။

အထက်ပါ အဖြစ်အပျက်မှာ လွန်ခဲ့သော နှစ် (၂၀) ကျော်ခန့်က စာရေးသူ၏ ဇာတိရပ်ရွာတွင် ဖြစ်ပျက်ခဲ့သော တကယ့် အဖြစ်အပျက်တစ်ခုပင် ဖြစ်ပါကြောင်း ….. ။

ခင်မင်စွာဖြင့် …
အံစာတုံး

About မဟာရာဇာ အံစာတုံး

has written 306 post in this Website..

အချို့သော အရာတွေဟာ "ပြောင်" ပြီးရင် ပြန်ကောင်းဖို့ မလွယ်ဘူး။ အချို့အရာတွေ ကျတော့ တစ်မျိုး။ "ပြောင်" ပြီးရင် ပိုပို ကောင်းလာတတ်တဲ့ အမျိုး။ နှုတ်ခမ်းမွေး ပြောင်အောင်လို့ ရိတ်တယ်။ ရိတ်လေ .. သန်လေပဲ။ ထိပ်ပြောင်လို့ ဆံပင် သန်အောင် လုပ်တယ်။ မလွယ်ပြန်ဘူး။ ဒီသဘော .. ဒီသဘော။