ကိုBlackchaw ရဲ့ ဗိုလ်ချုပ်ကို ဘာလို့ ချစ်ကြတာလဲ ပို့စ်နဲ့ အောက်က ကွန်မင့်တွေဖတ်ရတော့ ဗိုလ်ချုပ်အကြောင်း ရေးထားတဲ့ အချက်အလက်တွေ၊ စာအုပ်တွေ အများကြီးကို တထိုင်တည်း ဖတ်လိုက်ရသလိုပါပဲဗျာ.. ပွင့်ပွင့်လင်းလင်း ၀န်ခံရရင် လွတ်လပ်ရေးဖခင်တစ်ယောက်၊ ငယ်ငယ်ကတည်းက ကျွန်တော်တို့ရင်ထဲက သူရဲကောင်းတစ်ယောက်အဖြစ်နဲ့တင် ဗိုလ်ချုပ်ကို ချစ်ပြီးသား.. ဗိုလ်ချုပ် စိတ်ထား ဘယ်လောက် ရိုးတယ်၊ ဖြောင့်တယ်၊ ကြည်တယ်၊ လူသားဆန်တယ်၊ စာနာစိတ်ကြီးတယ်၊ ကရုဏာစိတ်ကြီးတယ်ဆိုတာ ဒီလိုစာတွေဖတ်မှသာ သိကြရမှာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်၊ အန်တီစု ပြောခဲ့တဲ့ထဲမှာပါတယ်။ အမှားနဲ့ အမှန်ကို ခွဲခြားပြီးတော့ သိရမယ်။ အမှန်ဘက်ကနေ ရပ်တည်ရဲတဲ့ သတ္တိရှိရမယ်။ လုပ်သင့်တာ မလုပ်သင့်တာကတော့ ဆင်ခြင်ပြီးတော့… ဖေဖေပြောခဲ့တဲ့ စကား တစ်ခွန်းရှိပါတယ်။ သူ့လိပ်ပြာရဲ့ ခုံရုံးရှေ့မှာ သူ မားမားမတ်မတ် ရပ်ပြီးတော့ အစစ်ခံရဲတယ်တဲ့။ အမှန်နဲ့အမှားကိုသိ၊ အမှန်ဘက်ကရပ်တည်ရဲပြီး လုပ်သင့်တာကိုပဲ လုပ်ခဲ့သူ ဗိုလ်ချုပ်ပါ။ (၀န်ခံချက်- အမှားတွေနဲ့ ရွာစားကျော် ကိုယ့်လိပ်ပြာရဲ့ ခုံရုံးရှေ့မှာ မားမားမရပ်ရဲပါ ခင်ဗျာ၊ ရွာသူရွာသားများရော ..?)

ကိုယ်ကျိုးမဖက် တိုင်းပြည်နဲ့လူမျိုးအတွက် ဘ၀နဲ့အသက်ရင်း အနစ်နာခံခဲ့တဲ့ ဗိုလ်ချုပ်ပါ။ အခွင့်ရေးယူတာကိုလည်း အလွန်မုန်းသူပါ။ အဲဒီအကြောင်း မေးထဲမှာ ရဖူးတာလေး ရွာထဲမှာ ပြန်ဝေမျှပါတယ်။

မြန်မာ့လွပ်လပ်ရေးတပ်မတော် (BIA) အားဖျက်သိမ်းပြီးမြန်မ့ကာကွယ်ရေးတပ်မတော် (BDA) ကိုပြောင်းလဲဖွဲ့စည်းခဲ့သည့် ၁၉၄၂ ခုနှစ်ကဖြစ်သည်။ …. …. …. ….

ရုံးဆင်းချိန်ကျမှပင်ပစ္စည်း (စစ်ဝတ်စုံ)သေတ္တာအပြည့်တင်ထားသော ထရပ်ကားကြီးများ ရောက်လာသဖြင့် စစ်ဌာနချုပ်ရဲဘော်များ၏ အကူအညီဖြင့် ကားပေါ်မှပစ္စည်းများကို သယ်ချနေကြသည်။ နာရီဝက်ခန့်အကြာ ဗိုလ်ချုပ်သည် ရုံးခန်းအတွင်းသို့ ဘယ်အချိန်က ၀င်ရောက်ပြီး အလုပ်လုပ်နေသည်ကို မသိလိုက်သော သူတို့နှစ်ယောက်(ရဲဘော်သုံးကျိပ်ဝင် ဗိုလ်တာရာ နှင့် အရာခံဗိုလ်ဗဟန်) က ဗိုလ်ချုပ်ကို လှမ်းမြင်လိုက်သည်။

ဗိုလ်ချုပ်သည် ဘယ်ကိုမှမကြည့်ဘဲ စားပွဲပေါ်တွင် စာရွက်တွေတထွေကြီးခင်းကာ စာကုန်းရေးနေသည်ကိုတွေ့လိုက်ကြသည်။ ဗိုလ်ချုပ်အောင်ဆန်း၏အ၀တ်အစားမှာ ဗိုလ်ချုပ်နှင့်ထိုက်သင့်သော စစ်ဝတ်စုံမဟုတ်ပေ။ အစိမ်းရင့်ရောင်ရှပ်လက်တိုကို ၀တ်ဆင်ကာ မြင်းစီးဘောင်းဘီရှည်နှင့် စစ်ဖိနပ်တစ်ရံကိုစီးထားပြီး ခါးတွင်ဂျပန်ခါးပတ်ပြားကြီးကို ပတ်ထားသည်။

စားပွဲထောင့်တစ်နေရာတွင် မြန်မာ့လွပ်လပ်ရေးတပ်မတော်ခေတ်တစ်လျှောက်လုံး ဆောင်းလာသည့် ဂျပန်အရာရှိများ ဆောင်းလေ့ရှိသည့် စစ်ဦးထုပ်တစ်လုံးကို တွေ့ရသည်။ အခန်းထောင့်တွင် ဂျပန်ဓားရှည်တစ်လက်ကို ထောင်ထားသည်။ ဗိုလ်ချုပ်၏ ဆံပင်မှာဆီနှင့် ကင်းဝေးနေပြီးဖြီး လိမ်းခြင်းမပြုသဖြင့် ဖရိုဖရဲဖြစ်နေ၏။ ဗိုလ်ချုပ်၏ စစ်ဝတ်စုံမှာလည်း ရာသီဥတုဓာတ်ကြောင့် အဖြူရောင် ရောနှောကာ ဟောင်းနွမ်းနေလေပြီ။ ဗိုလ်ချုပ်က စိတ်ပါလက်ပါ စာရေးနေသဖြင့် သူတို့နှစ်ဦးလည်း အနှောက်အယှက် မပေးလိုသဖြင့် ပြောလက်စ စကားကို ဆက်မပြောတော့ပေ။

သို့သော် အပြင်တွင်ပစ္စည်းသေတ္တာများသယ်ချနေသော ရုံးတာဝန်ခံ၊ ပစ္စည်းထိန်းဌာန အရာရှိများ၊ အကြပ်တပ်သားများသည် စည်းလွတ်ဝါးလွတ် ပြောချင်ရာစကားများကို ကျယ်ကျယ် လောင်လောင် ပြောနေကြသည်။ သူတို့လူစုသည် ဗိုလ်ချုပ်ရုံးပြန်တက်ပြီး သူ့အခန်းအတွင်း အလုပ်လုပ်နေသည်ကို လုံးဝသိပုံမရပေ။ သတိပြုမိပုံလဲမရပေ။

“ဒီလောက်ကြမ်းတဲ့အ၀တ်တွေ ၀တ်ရတာ ကျောယားလိုက်ပါဘီကွာ။ အိမ်မှာတုန်းက တစ်ခါမှတောင်စိတ်မကူးခဲ့တဲ့ ယူနီဖောင်းတွေ ၊ လက်တောင်မသုတ်ခဲ့တဲ့ အ၀တ်ကြမ်းတွေကွာ”

ရဲဘော်တစ်ယောက်က ကျယ်ကျယ်လောင်လောင်နှင့် ရယ်မောကာပြောလိုက်သည်။ ဗိုလ်ချုပ်သည်စာရေးနေရာမှ ရုတ်တရက်ရပ်လိုက်ပြီး မျက်တောင်မခတ်တမ်း တစ်ဖက်ခန်းမှ စစ်ဝတ်စုံအကြောင်းပြောဆိုနေကြသည်ကို နားစိုက်ထောင်နေသည်။

” ချီးမှပဲ တို့မျှော်လင့်ခဲ့သလိုစမတ်ကျကျမဟုတ်ဘဲ လူရယ်စရာအ၀တ်ကြမ်း ၊ ဖျင်ကြမ်းကြီးတွေနဲ့ လာတိုးနေပြီ။ ကောင်းတယ်ကွာ သိပ်ကောင်း ။ ကူလီဝတ်တဲ့အ၀တ်မျိုးတွေကွ” တစ်ယောက်က ၀င်ပြီးပြောလိုက်သည်။ ဗိုလ်ချုပ်မျက်နှာသည် ရုတ်တရက်တင်းမာခက်ထန်သွားလေသည်။ မျက်လုံးနှစ်လုံး ကလည်းအရောင်တွေ ၀င်းဝင်းတောက်ဒေါသထွက်နေသည်။

“ဟေ့ကောင်တွေ အခုထုတ်ပေးတဲ့စစ်ဝတ်စုံဝတ်ပြီးမြို့ထဲသွားရင် ဂျပန်တပ်ကခိုင်းတဲ့ ဟေးတိုးတပ်သားတွေထင်ပြီး ဂျပန် တပ်ကတန်းခိုင်းမှာသေချာတယ်။ မင်းတို့သာ ကြည့်ပြောပြပေတော့။ ဘယ်လိုအ၀တ်အစားတွေမှန်း မသိပါဘူးကွာ။” တစ်ဖက်ခန်းမှ အသံများကလဲ မလျှော့တမ်းဟာသစွက်ကာ ပြက်လုံးထုတ်လိုက်ပြန်သေးသည်။

ဗိုလ်ချုပ်သည် တွေဝေပြီးမျက်လုံး စုံမှိတ်ကာစဉ်းစားနေသည်။ ဒေါသဖြစ်နေရာမှ ဗြုန်းခနဲလှမ်းပြီး

“ဟေ့တာရာ…..ဟိုဘက်ကစကားပြောနေတဲ့အကောင်တွေအားလုံးငါ့ဆီအမြန်ဆုံးခေါ်ခဲ့စမ်း၊သွားစမ်း။ မြန်မြန်ကွ” အော်ငေါက်ကာ ဗိုလ်တာရာအား လှမ်းပြီးအမိန့်ပေးသည်။ ပါးစပ်သရမ်းနေကြသော ရဲဘော်များသည် သူတို့ခေါင်း မီးလောင်တော့မည့် အခြေအနေကို လုံးဝမရိပ်မိဘဲ စစ်ဝတ်စုံများ၏ အခြေအနေကိုဝေဖန်ရင်း ပြက်လုံးထုတ်နေကြသည်။

ဗိုလ်တာရာလဲ တစ်ချိုးထဲသွားရောက်ကာ အခန်းတွင်းသေတ္တာကြီးများကိုဖွင့်ကာ ၀တ်စုံများကို ကိုင်တွယ်ပြီး စာရင်းယူနေကြသည့် ဗိုလ်၊အကြပ်တပ်သား အားလုံးကို ဗိုလ်ချုပ်၏ အမိန့်အရ ဗိုလ်ချုပ်၏အခန်းထဲသို့ တစုတစ်ရုံးတည်းခေါ်ခဲ့ရသည်။ ဗိုလ်တာရာလည်း စစ်ထုံးစံအတိုင်း ဗိုလ်ချုပ်ကိုအလေးပြုကာ အမိန့်အတိုင်းခေါ်ဆောင်လာပြီဖြစ်ကြောင်း သတင်းပို့ကာ အလေးပြုနေစဉ်ပင်

“မင်းတို့ဘာကောင်တွေတုန်းကွ ၊ ဟေ့ငါမေးနေတာမကြားဘူးလား”  စူးစူးဝါးဝါး မေးမြန်းလိုက်သည်။ ဗိုလ်ချုပ်၏အသံသည် စစ်ဌာနချုပ်တစ်ခုလုံးလွှမ်းမိုးသွားသည်။

သူတို့သည်ကြောင်နေကြပြီး မှင်သက်မိသူများပမာ တစ်စုံတစ်ရာကိုမပြောဝံ့ကြပေ။ သတိအနေ ဖြင့်ငြိမ်သက်စွာရပ်နေကြသည်။

“ပြောကြစမ်း၊ မင်းတို့ဘာကောင်တွေတုန်း။ ငါမေးနေတာ မင်းတို့မကြားဘူးလား။ ခုတင်က မင်းတို့ရယ်လားမောလားနဲ့ ပြောနေကြတာတွေလေ” ဗိုလ်ချုပ်သည် နောက်တစ်ကြိမ် စူးစူးဝါးဝါးအော်ဟစ်ကာ မေးလိုက်ပြန်သည်။ အမေးခံရသူအားလုံးမှာ မျက်နှာသေလေးတွေ နှင့်အနည်းငယ်တုန်လှုပ်နေကြသည်။

“ကျွန်တော်တို့ စစ်ဝတ်စုံတွေညံ့တာနဲ့ ဝေဖန်မိပါတယ်ဗိုလ်ချုပ်” ဗိုလ်အဆင့်ရှိသူတစ်ဦးက အရဲစွန့်ပြီးဖြေကြားလိုက်သည်။

“ဘာကွ။ စစ်ဝတ်စုံတွေညံ့တယ် ကြမ်းတယ်။ လက်တောင်မသုတ်ချင်ဘူးဟုတ်လား ငါအကုန်ကြားတယ် မင်းတို့ဝေဖန်နေတာတွေ” ဗိုလ်ချုပ်သည် ကျယ်လောင်စွာပြောလိုက်ပြီး ကုလားထိုင်မှဗြုန်းခနဲထလိုက်ပြီး တန်းစီထားသူများရှေ့သို့  တက်လာရင်း……

“မင်းတို့ ငါအုပ်ချုပ်နေတဲ့ ထပ်ထဲကအခုထွက်၊ အလကားကောင်တွေ မင်းတို့ကို ငါနဲနဲမှ အထင်မကြီးတော့ဘူး၊ နွားတွေ တို့ရဲဘော်တွေ ယိုးဒယားက ဒီအထိ ရန်သူတွေကို ရင်ဆိုင်တိုက်ခိုက်လာရတာ မှတ်မှတ်ရရ ဘယ်စစ်ဝတ်စုံတွေဝတ်ပြီး တိုက်ပွဲဝင်ခဲ့ကြသလဲ ဟင် ပြောစမ်း” စိတ်ပါလက်ပါ လက်သီးလက်မောင်းတန်းပြီး မေးလိုက်သည်။

“မင်းတို့ကအခုမှယူနီဖောင်းလေး ဘာလေး စစ်ဝတ်စုံလေးနဲ့ ကြီးကြီးကျယ်ကျယ် လုပ်လို့ကွာ။ ဟေ့တိုင်းပြည်နဲ့လူထုအတွက်ဆိုရင် စစ်ဝတ်စုံမရှိလို့ ခါးတောင်းကြိုက်ပြီးပဲတိုက်ရတော့ရော ဘာဖြစ်လဲ။ စစ်တိုက်နိုင်ဖို့သာ အဓိကကွ။ အခုတော့မင်းတို့က ကြီးကြီးကျယ်ကျယ် စကားတွေပြောလို့” ဗိုလ်ချုပ်က ခဏရပ်ပြီးဆက်ပြောပြန်သည်။

“အခုတော့ တိုက်ပွဲမှကျဆုံးခဲ့တဲ့ ရဲဘော်ရဲဘက်အချင်းချင်းတောင် မင်းတို့ပြောပုံ သဘောထားတွေက သစ္စာဖောက်နေတဲ့ အကောင်တွေ၊ မင်းတို့ကို ငါ့တပ်ထဲက ထုတ်ပစ်မယ်၊ ထုတ်ရမယ်”   ကြိမ်းဝါးလိုက်ပြန်သည်။

အကြိမ်းခံရသူ ဗိုလ်၊ အကြပ်တပ်သားများမှာ မျက်ရည်ကျသူကျ၊ ဒူးချင်းရိုက်ခတ်သူခတ် အတော်စိတ်ထိခိုက်နေကြသည်။ ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်ရင်းတစ်ချက်တစ်ချက် ပါးစပ်သရမ်းသူတွေကို  ခေါင်းငဲ့ကာ စိတ်ဆိုးမာန်ဆိုးနှင့်ကြည့်လိုက် လုပ်နေကာ ဗိုလ်ချုပ်သည်

“ဘာလဲကွမင်းတို့က ဂျပန်တွေ ကားစီးပြီး အ၀တ်ကောင်းတွေဝတ်နေတာကို အားကျလို့လား။ အေး မင်းတို့မှတ်ထား။ ငါတို့တပ်မတော်ဟာ ပြည်သူလူထုရဲ့ သားသမီးတွေဆိုတာ ကြည့်လိုက်စမ်း။ တို့ပြည်သူလူထုတွေဟာ စစ်ဘေးဒဏ်သင့်ပြီး တစ်ဖက်က  ငပုတွေကတွေ့ကရာဆွဲယူ အနိုင်ကျင့်ချင်တိုင်း အနိုင်ကျင့်ခံနေရတဲ့ဘ၀မှာ မင်းတို့လို အကောင်တွေက ဇိမ်ခံချင်ကြတယ်။ ကားသစ် ကြီးတွေစီးချင်ကြတယ်။ ဒုက္ခရောက်နေတဲ့ ပြည်သူလူထုထက် အခွင့်အရေးပိုလိုချင်ကြတယ်။ လူထုက၀တ်စရာ အင်္ကျီ ပုဆိုးမရှိတဲ့အချိန် မှာ မင်းတို့လို အလိုက်ကန်းဆိုးမသိတဲ့ အကောင်မိုက်တွေက စစ်ဝတ်စုံအကောင်းတွေ ၀တ်ချင်ကြတယ်။ မှတ်ထားအခုလိုစိတ်မျိုး အမြင် မျိုးတွေရှိနေသမျှငါမျှော်မှန်းထားတဲ့ ပြည်သူ့တပ်မတော်နဲ့တော့ ဝေးပါသေးတယ်ကွာ။ သိပ်ရှက်စရာကောင်းတယ်။ မင်းတို့ ပြည်သူလူထုအတွက် စစ်တိုက်နေတယ်ဆိုတာ အလကားပဲ လုံးဝ အဓိပါယ်မရှိတော့ဘူး”

“မင်းတို့နားလည်လား။ စဉ်းစားမိလား မင်းတို့ ကိုယ်မင်းတို့ ဗိုလ်တွေ စစ်သားတွေ ရဲဘော်တွေဆိုပြီး တစ်ကယ်စစ်တိုက်ရတဲ့အခါမှာ စစ်ပညာ ကောင်းကောင်းတက်နေပြီလား။ ဘာတစ်ခုမှမတတ်သေးဘူး။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး ဘ၀င်မြင့်နေတဲ့ကောင်စားတွေ။ မင်းတို့ ဒီလိုပြည်သူလူထုနဲ့ ကြပ်ကြပ်သွေးခွဲတဲ့စိတ်တွေထားကြ။ ငပုတွေက မင်းတို့ကိုဆော်ဖို့ အသင့်ရှိနေတယ်ဆိုတာ မင်းတို့မြင်ရဲ့လား။ ခွေးကောင်တွေ ဘာမှအသုံးမကျတဲ့မင်းတို့ကို ငါ့တပ်ထဲက ထုတ်ရမယ်” ဆက်လက်ပြီးဒေါနဲ့မောနဲ့ကြိမ်းလိုက်ပြန်သည်။

“မှားပါပြီဗိုလ်ချုပ်၊နောင်တရပါပြီဗိုလ်ချုပ်” အရာရှိနှစ်ဦးက ကတုန်ကယင်ဖြစ်ကာ ငိုယိုသံများဖြင့် တောင်းပန်တိုးလျှိုလိုက်ကြသည်။”

” ငါဘယ်လိုဝတ်ထားလဲ။ ကြည့်ကြစမ်း။ မင်းတို့နဲ့ဘာခြားလို့လဲ။ မင်းတို့က ကြီးကြီးကျယ်ကျယ်လုပ်လို့ကွာ”။ ဗိုလ်ချုပ်သည် သူ၏ ဟောင်းနွမ်းနေသောဝတ်စုံကို လက်ဖြင့်ပုတ်ပြီးပြလိုက်သည်။

“ကျွန်တော်တို့မှားပါပြီဗိုလ်ချုပ်။ တောင်းပန်ပါတယ်။ ကျွန်တော်တို့အမှားကို ၀န်ချတောင်းပန်ပါရစေ။” မျက်ရည်ဖြိုင်ဖြိုင်ကျလျှက် အသနားခံလိုက်ကြပြန်သည်။ ဗိုလ်ချုပ်သည်သိမ်းကြုံးပြီး ဒေါသထွက်နေသော မျက်လုံးအစုံဖြင့် တောင်းပန်နေသူများကို ၀င့်ကြည့်လိုက်ပြီး

“မှတ်ထား၊ ငါ့တပ်ထဲမှာ အခွင့်အရေးယူချင်တဲ့အကောင် တစ်ကောင်မှမရှိရဘူး၊ မပါစေရဘူး။ လူထုငတ်ရင်အားလုံးငတ်မယ် လူထုဆင်းရဲရင် တို့ရဲဘော်အားလုံးဆင်းရဲမယ်။ ငါလဲဆင်းရဲရမယ်။ ငါတို့တွေတည်ထောင်ခဲ့တဲ့ တပ်မတော်ကြီးဟာ ဒီဝါဒနဲ့ချီတက်ဖို့ အရေးကြီးတယ်။  အခုတော့ မင်းတို့ကောင်တွေကွာ။ ငါလိုက်ပြီးကန်လိုက်ရရင်ကွာ။” ကြိမ်းဝါးလိုက်ပြန်သည်။

သူ့ရှေ့တွင်ရပ်နေကြသူများမှာ သူပြုသမျှ သူပေးသမျှအပြစ်ဒဏ်ကို ခံယူကြမည့်ရဲဘော်များ ဖြစ်နေကြသည်။ အခိုက်အတန့်အတွင်း အပြောမှား၊ အဆိုမှားခဲ့ရာ ယခုအခါ ဗိုလ်ချုပ်၏ ဆုံးမသြ၀ါဒများကြောင့် အမြင်မှန်ရခဲ့သည်။

“သွားကြစမ်း၊ မြန်မြန်ထွက်သွား၊ အကောင်ရှုပ်တွေ ကြာကြာနေရင် မင်းတို့ကို ငါ ဆော်ထည့်မိလိမ့်မယ်။”

ဗိုလ်ချုပ်က ကြိမ်းဝါးကာရုံးခန်းအတွင်းမှ နှင်ထုတ်ပစ်လိုက်သည်။ ပါးစပ်သရမ်းမိသူများလည်း အရေးတကြီး ဗိုလ်ချုပ်ကို အလေးပြုကာ သုတ်သီးသုတ်ပြာနှင့် ကြောက်ကြောက်ရွံ့ရွံ့ မျက်နှာငယ်လေးများဖြင့် ထွက်ခွာသွားကြလေတော့သတည်း…။

credit:  မူရင်းဆောင်းပါးရှင် – တက္ကသိုလ်ခင်မောင်ဇော်

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ပုံရိပ်တစ်ပိုင်းတစ်စ  စာအုပ်မှ

thweni  ( Facebook ) ဆီမှ ထပ်မံ  ကူးယူဖော်ပြပါသည် ။

 

About ရွာစားကျော် မင်းနန္ဓာ

ရွာစားကျော် မင်းနန္ဓာ has written 71 post in this Website..

နတ္ထိတွေ အစာသွပ်ထားတဲ့ ရင်ဘတ်ထဲ ၀မ်းစာကလည်း ရှားပါးလို့ ပစ္စုပ္ပန်မှာ ငူငေါင်ငေါင်ရပ်ရင်း လှမ်းမျှော်ပြီးကြည့်တော့ အနာဂတ်ဟာ မှုန်ဝါးလို့နေရဲ့.. မထူးဇာတ်ခင်းကာ အတိတ်က အိပ်မက်တွေကို ပြန်တူးကြည့်တော့ ပုပ်သင်ဥတွေပဲ ထွက်လာတယ်.... CJ # 7202011