လူ့မနော

Ma MaFebruary 15, 20121min34238

နာဂစ်ဆိုတာ လူ့အသက်ပေါင်းများစွာကို ခြွေဖျက်ယူသွားသလို
ဘဝပေါင်းများစွာကိုလည်း ကြေပျက်စေခဲ့ပါတယ်။

ကိုယ်နဲ့ နှစ်ပေါင်များစွာ အလုပ်လုပ်လာခဲ့တဲ့ မိသားစုတစ်စုဆိုရင် …….
နာဂစ်ကြောင် လုပ်ငန်းကိုင်ငန်းတွေရော၊ နေအိမ်ရော၊ မိသားစုဝင်တွေပါ ပျက်စီးဆုံးရှုံးမှုတွေနဲ့ အကြီးအကျယ် ကြုံတွေ့ခဲ့ရပါတယ်။

စီးပွားရေးပြန်လည်ထူထောင်ဖို့အတွက် ငွေရေးကြေးရေးအခက်အခဲရှိလို့
လာပြီးအကူအညီတောင်းတဲ့အခါမှာ ….
သူတို့ရဲ့ ယိုင်နဲ့နေတဲ့ လက်ရှိအခြေအနေအရ ငွေချေးငှားပေးဖို့ မသင့်တော်ပေမယ့် ……..

နှစ်ပေါင်းများစွာ အစွန်းအထင်းမရှိပဲ မိသားစုတွေလို ရင်းရင်းနှီးနှီး အလုပ်လုပ်လာခဲ့တဲ့သူတွေဖြစ်တာကြောင့်
အဲဒီငွေကို ဆုံးရင်လည်း ဆုံးပါစေလို့ သဘောထားပြီး ကူညီတဲ့အနေနဲ့ ချေးငှားပေးလိုက်ပါတယ်။

သူတို့လည်း ငွေရတာနဲ့ စီးပွားရေးကို ပြန်လည်ထူထောင်ဖို့ ကြိုးစားပေမယ့်
အားနည်းတဲ့အချိန်မှာ ပြဿနာတွေ၊ ဒုက္ခတွေက နည်းအမျိုးမျိုးနဲ့ ဝင်လာခဲ့ပါတယ်။

ချွေးမဖြစ်သူက ကလေးမမွေးနိုင်ပဲ အသက်ဆုံးပါးသွားရသလို
အမေနဲ့လက်ရည်တပြင်တည်း လုပ်ကိုင်စားသောက်နေတဲ့ သားဖြစ်သူကလည်း
နာတာရှည်ရောဂါလိုလို စွဲကပ်ရင်း……….

သူ့အိမ်သူ ဆုံးပါးသွားတဲ့စိတ်နဲ့ ဂယောင်ခြောက်ခြားဖြစ်ပြီး
ရူးတူးတူး ပေါတောတောနဲ့ ဘယ်နေရာမှာ အားကိုးအားထားပြုလို့မရပဲ
ကလေးတစ်ယောက်လို ဖြစ်သွားခဲ့ပါတယ်။

အမေမုဆိုးမခမျာ သားနဲ့ ချွေးမကရတဲ့ မြေးတွေကိုထိန်းသိမ်းစောင့်ရှောက်ရ၊
မိသားစု စားသောက်နေထိုင်ဖို့ ကြိုးစားရနဲ့
အတော်လေးကို ကသီလင်တ ဖြစ်ကြရပါတယ်။

မိသားစု စားဝတ်နေရေးတောင် အနိုင်နိုင်မို့
ယူသွားတဲ့ငွေကို ပြန်မဆပ်နိုင်ပဲ ဖြစ်ခဲ့ရပါတယ်။

သူ့အနေနဲ့ကလည်း ငွေကို ပြန်ဆပ်ချင်စိတ်ရှိပေမယ့် ပြန်မဆပ်နိုင်တဲ့ အခြေအနေမို့
လာတောင်မတွေ့ရဲပဲ အဆက်အသွယ် ပြတ်သွားခဲ့ကြရတယ်။

ကျမတို့အနေနဲ့လည်း သူတို့ရဲ့ အခက်အခဲတွေကို ကြားသိနေရလေတော့
ကြွေးတောင်းဖို့ မဆိုထားနဲ့ ကိုယ်စုံစမ်းမေးမြန်းနေရင်တောင်
သူတို့စိတ်ဆင်းရကြရမယ်ဆိုပြီး လူကြုံနဲ့တောင် မမေးမြန်းဖြစ်ခဲ့ပါဘူး။

ဒီလိုနဲ့ နေလာလိုက်တာ –
အခုလဖွင့်တဲ့ အောင်ဘာလေသိန်းထီဖွင့်ပွဲမှာ သိန်း ၁၀ဝ ကျော် ပေါက်တယ်ဆိုတဲ့ သတင်းကို သူတို့အိမ်နီးချင်းတွေကနေ တဆင့်သိခဲ့ရပါတယ်။

သူတို့ကလည်း ရှိစဉ်အခါတုန်းက မှန်မှန်ကန်ကန်နဲ့ စိတ်ရင်းကောင်းခဲ့တဲ့သူတွေမို့ နီးစပ်ရာပတ်ဝန်းကျင်ကလည်း ခင်မင်ကြပါတယ်။

သူတို့ အခုလို များများစားစား ထီပေါက်တဲ့ သတင်းကို
ဝမ်းသာအားရ လာပြောကြတဲ့အခါ စိတ်ထဲကနေ…….
အော်-သူတိုု့တော့ ထူထူထောင်ထောင် ပြန်ဖြစ်သွားမှာပဲဆိုပြီး
သူတို့အတွက်တွေးလို့ ဝမ်းသာရပါတယ်။

နောက်ပြီး သူ့မှာမရှိလို့ ကိုယ့်အကြွေးတွေကို ပြန်မဆပ်ခဲ့ပေမယ့်
အခုလို ပြန်ဆပ်နိုင်တဲ့ အခြေအနေဆိုရင်တော့ နေမှာမဟုတ်ဘူးဆိုပြီး
အဆုံးတွက်ထားတဲ့ ငွေလေးလည်း ပြန်ရတော့မယ်ဆိုပြီး ပျော်နေမိတာပေ့ါ။

စပြီးပေးလိုက်ကတည်းက အဆုံးလို့ သဘောထားတဲ့ငွေကို ပြန်ရတော့မယ်ဆိုတော့
ငွေတိုးလည်း ယူမနေတော့ပဲ ငွေအရင်းအတိုင်းပဲ ပြန်ယူမယ်လို့လည်း စိတ်ကူးထားပါတယ်။

ပေါက်တဲ့ထီကို ဆုငွေထုတ်ယူတဲ့အခါမှာ
သူတို့ရဲ့ မသိနားမလည်မှု့ကို အမြတ်ထုတ်ပြီး
ကြားထဲက အဆင့်ဆင့်တွေက ဖြတ်တောက်ပြီးယူမှာကိုလည်း စိုးရိမ်မိလို့
ရင်းနှီးနေသူတွေကတဆင့်
ထီထုတ်ချင်ရင် ကူညီပေးမယ်လို့ ပြောခိုင်းလိုက်ပါတယ်။

သူတို့လည်း တစ်ခါမှ ထီမပေါက်ဖူးလို့ ဘယ်လိုထုတ်ရမယ်ဆိုတာလည်း မသိပါဘူး ဆိုပြီး
ဆုမဲလက်မှတ်နဲ့အတူ ကျမတို့ဆီရောက်လာပါတယ်။

ဆုငွေရပြီဆိုတာနဲ့ –
သူပေးစရာရှိတဲ့အကြွေးထဲက အချို့အဝက်ကို ဖြတ်ယူထားဖို့ ပြောလာပါတယ်။
အဲဒီစကားကို ကြားရတဲ့အခါ ကျမစိတ်ထဲမှာ ထင့်ကနဲ ဖြစ်သွားပါတယ်။

ကျမဆီက ငွေကို သူယူသွားတာ ၄နှစ်နီးပါးရှိပါပြီ။

ဒီကြားထဲ သူ့ကိုစာနာတဲ့အနေနဲ့ ဘယ်လိုမှ အနှောင့်အယှက်မပေးပဲ နေလာခဲ့တာ။

အခုလို ပြန်ပေးနိုင်တဲ့အခြေအနေမှာတောင်
ကျမဘက်က ငွေကို အရင်းအတိုင်းပဲ ယူမယ်လို့ သက်ညှာတဲ့အနေနဲ့ စဉ်းစားပေးထားပါတယ်။

အဲဒါကိုတောင် သူကငွေအရင်းတောင် ပြည့်အောင်မပေးပဲ
အချို့အဝက်ကိုပဲ ပေးမယ်ဆိုတော့ …

သူထီပေါက်တုန်းက သူ့ကိုယ်စားဝမ်းသာပေးခဲ့တဲ့
အဖြူရောင်စိတ်ကလေးလည်း ဘယ်ရောက်သွားမှန်း မသိတော့ပါဘူး။

ကိုယ့်ကိုကိုယ ်မထိန်းလိုက်နိုင်ပဲ
ကျမရဲ့စိတ်ဟာ အမဲရောင်လို့ မပြောနိုင်တောင်
ညိုညစ်ညစ် ဖြစ်သွားခဲ့ပါတယ်။

ခဏနေမှ စိတ်ကိုထိန်းပြီး ရှိနေတဲ့အကြွေးပမာဏကို ပြောပြပြီး
ဘယ်လောက်ပေးသွားမလဲလို့ မေးလိုက်ပါတယ်။
ကျမတို့နှစ်ယောက်စလုံးနဲ့ ခင်နေတဲ့သူတွေလည်း ရှိနေလို့လားတော့ မသိပါဘူး……
`ဒါဆိုလည်း အကုန်သာ ယူထားပါလို့´ သူက ပြောပါတယ်။

စာရင်းချုပ်တော့ နောက်ဆုံးမှာ ကျမရစရာရှိတာအကုန်ရသွားပါတယ်။

ကိုယ်က အဆုံးလို့တောင် တွက်ထားတဲ့ငွေကို ပြန်ရတာတောင်
(အချို့အဝက်ပဲ ပေးမယ်လို့ဆိုတဲ့) တဒင်္ဂလေးအတွင်းမှာ ဖြစ်သွားခဲ့တဲ့………

ကိုယ့်စိတ်ကလေး (ကိုယ့်လောဘ) ကို ပြန်ဝေဖန်ကြည့်မိပြီး …….

အော်- ထူးဆန်းလှတဲ့ လူ့မနောပါလားလို့သာ…………..

38 comments

  • koaung

    February 15, 2012 at 6:32 pm

    ကျနော်သာမမနေရာမှာဆို တထပ်တည်းခံစားမိမှာပါ
    မြန်မာစကားပုံတွေထဲမှာသဘောကျတာလေးတွေမျှပေးလိုက်ပါတယ် ကြားဘူးမယ်လို့လဲထင်ပါတယ်

    ကြွေးယူပြုံးပြုံး တောင်းရင်မုန်း မဆုံးသော်လဲမိတ်ပျက်၏

    သူများအလိုက်ဆယ်ခါလိုက်လည်း မလိုက်တခါရှိခဲ့ပါမူ ကြီးစွာရန်သူစွဲမှတ်ယူ၏

    ဒီကဗျာလေးတွေက မမစာဖတ်လို့သတိရပြီးပွါးလိုက်တာပါ ကိုယ်တိုင်လဲတွေ့ဘူးတယ်

  • koaung

    February 15, 2012 at 6:35 pm

    သူများအကြိုက် ဆယ်ခါလိုက်လဲ မလိုက်တခါရှိခဲ့ပါမူ ကြီးစွာရန်သူစွဲမှတ်ယူ၏လို့ဖတ်ပါဗျိုး ( မွှားသွားလို့)

    • MaMa

      February 15, 2012 at 8:05 pm

      ကိုအောင်ရေ-
      ကျမလည်း ကျမပါပဲ။
      `သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ´ဆိုတဲ့ စာကိုဖတ်ပြီး
      `သင်ဆိုးလျှင် ကျွန်ုပ်မကောင်းပါ´ လို့ ပြန်ပြောလေ့ရှိပါတယ်။ 😛

  • windtalker

    February 15, 2012 at 6:50 pm

    ်ခဏလေး တွေ ့ကြတဲ့ အချိန်များမှာ ပေါ့ဗျာ ။
    အန်တီမမ ခဗျာမှာလည်း ၊ အတွေ ့အကြုံတွေ ကြုံရပေါင်းမနည်း ပါပေတကား ။

    • စိန်ပေါက်ပေါက်

      February 15, 2012 at 7:24 pm

      သူ ့ဘာသာ များချင်များ နည်းချင်နည်း နင့်အပူမပါဘူးဟဲ့

      • MaMa

        February 15, 2012 at 8:13 pm

        အင်းးးးးးးးးဒီနှစ်ယောက်ရဲ့ စာကိုဖတ်ပြီး ထရန်စလိတ် လုပ်လိုက်တာ ဒီအဖွားကြီး စကားများလှတယ်ပေ့ါ။ 🙁

        • စိန်ပေါက်ပေါက်

          February 15, 2012 at 8:15 pm

          စကား မများပါဘူး
          အတွေ ့အကြုံများတာကို ပြောတာပါဂျာ
          အကြွေးမဆပ်ပဲ နေလိုက်ဦးမယ်..
          ဟာဗျဲဟာဗျဲ

  • မမရေ …
    မနော ဆိုတော့ စိတ် ပေါ့နော့။
    လူ့စိတ်ဆိုတာ မျောက်စိတ်လိုပဲ ဆိုတဲ့ စကားတောင်မှ ရှိနေတာပါပဲလားဗျာ။
    အဲဒီမျောက်ကလေး ဘယ်အပင်၊ ဘယ်အကိုင်းကိုပဲ ကူးသန်း သွားလာနေပါစေ၊ နောက်ပြီး ဘယ်လို စတန့်ထွင်ပြီး ကူးသန်းပါစေ။
    သစ်ကိုင်း မလွတ်ဖို့ပဲ အဓိကပါဗျာ … ။
    သစ်ကိုင်း လွတ်သွားရင်တော့ အကျနာမှာပဲဗျို့ ….. ။

    • MaMa

      February 15, 2012 at 8:18 pm

      အယ်……. အံစာတုုံးနဲ့တွေ့မှပဲ လူစင်စစ်က မျောက်ဖြစ်ရတော့မယ် 😛

  • စိန်ပေါက်ပေါက်

    February 15, 2012 at 7:23 pm

    ဟုတ် အကို
    လူ ့မနောပြီးရင် မျောက်မနောလေးကိုလဲသုတေသန လုပ်ပေးပါဦး

      • Harumoto

        February 16, 2012 at 11:10 am

        ၎င်းပုံသေနည်းအရ
        လူ့စိတ် = မျောက်စိတ်
        စိတ်၂ ခုတူသောကြောင့် ချေ လျှင်
        လူ = မျောက်
        ုဖြစ်သည်။
        ဒါဝင် ၏ သီအိုရီ မှန်ကန် ကြောင်း သက်သေ ပြနိုင်၏။
        ပုံ
        သင်တိုင်းချာသော
        သင်ချာ ပြင်ညာရှင်..:ioi:

  • padonmar

    February 15, 2012 at 7:48 pm

    ကိုယ်ဆိုလည်း ဒီလိုဖြစ်မိမှာပါပဲ၊
    ပုပုလေးတွေ ထုလိုက်ရင် စင်တာကိုး မမရာ ၊
    ဒီလောက်တော့ရှိမှာပေါ့။

    • MaMa

      February 15, 2012 at 8:24 pm

      စင်တာတော့ မပြောနဲ့ ပဒုမ္မာရေ- ထစ်ကနဲရှိတာနဲ့ စိတ်က ထိန်းမနိုင်သိမ်းမရဖြစ်ပြီး အရောင်တွေ ပြောင်းပြောင်းသွားတာကို ပြန်စဉ်းစားရင်းနဲ့ စိတ်မကောင်းဖြစ်နေတာ။
      အမှန်ဆို ကိုယ်က ပြန်တောင်းဖို့တောင် မစဉ်းစားခဲ့တဲ့ကိစ္စကို
      ပြန်ရတော့လည်း အကုန်မရလို့ဆိုပြီး လောဘက ထွက်လာတယ်။

  • Khin Latt

    February 15, 2012 at 8:49 pm

    မမ ရေ့
    ကျွန်မ လဲ အဲဒီစာသား ကြိုက်ပါ၏။
    “`သင်ဆိုးလျှင် ကျွန်ုပ်မကောင်းပါ”

    မမအကြွေးပေးတာ သူတို့ မရှိလို့ ပေးခဲ့တာဘဲ။
    သူတို့ ရှိလာချိန် ပြန်ကို ဆပ်ကို ဆပ်ရမှာဘဲ။
    အမှန်က တွေးကြည့် ရင် သူများအကြွေး ကို သံသရာ အထိ မယူသင့်ဘူး မဟုတ်လား။
    တကယ်တော့ ပိုက်ဆံ နဲ့ တွေ့ရင် လူတစ်ချို့ ဟာ အဆင်အခြင် မဲ့ သွားတတ်တာ လဲ သဘာဝဘဲ။

    ဒီတော့ မမ ရေ – ကိုယ်လဲ အလကား ရထားတဲ့ ပိုက်ဆံမှ မဟုတ်တာ။ တောင်းသာတောင်း။
    အမှန်က အတိုးတောင် ပေးသင့်တာ။ သူတို့ မှာ ပေးနိုင်ပြီဘဲကိုးနော်။
    ဒါဟာသူတို့ကို မမက သံသရာကြွေး စင် အောင် လုပ်ပေးလိုက်တာလို့သာ တွေးလိုက်။
    ကျွန်မ ဆက်စဉ်းစားကြည့်တယ်။ သူတို့ အဲဒီလို သူများအကြွေး မပေးဘဲ အဲဒီငွေ တွေ နဲ့ အလှူ သွားလုပ်ရင်လဲ ကုသိုလ် ရမရ ဆိုတာ …………….. 🙄

    “တစ်လုတ်စားဘူး သူ့ကျေးဇူး ဆိုတဲ့ စကားကို”-
    ” ကျေးဇူး ဆိုတာ ရှိရင် မမေ့မလျော့ ကြိုးစားဆပ် ရ တာကို”
    လူတွေ အသိမရတော့ဘူး ထင်ပါရဲ့။

    • MaMa

      February 15, 2012 at 9:38 pm

      သချာင်္ကဝိ ပညာရှိုဘုရင်ကြီးရေ-
      ဆရာကဝိသင်တန်းကိုတက်ပြီး အောက်ပါအတိုင်း ကောက်ချက်ချလိုက်သည်။
      ကျီးကန်းသည် မဲ၏။
      ထို့ကြောင့် မဲသောအရာသည် ကျီးကန်းဖြစ်၏။ 😀
      မလတ်ရေ-
      (သူများအကြွေး မပေးဘဲ အဲဒီငွေ တွေ နဲ့ အလှူ သွားလုပ်ရင်လဲ ကုသိုလ် ရမရ ဆိုတာ )
      ဆိုတဲ့ ဆင့်ပွားအတွေးလေး ပေးလိုက်တာ ချာချာလည်သွားတယ်။
      အလှူပစ္စည်းနေရာမှာတော့ မစင်ကြယ်ဘူးဆိုတာသေချာတယ်။
      ကျန်တဲ့ အလှူခံပုဂ္ဂိုလ်နဲ့ အလှူပေးပုဂ္ဂိုလ်နေရာတွေက စင်ကြယ်ထက်သန်နေရင် အဲဒီအကျိုးတွေကိုတော့ ရနိုင်မယ် ထင်တာပဲ။

  • K@oru

    February 15, 2012 at 9:53 pm

    လုမနော …ဝမနော …

    ကိုစိတ်ဖွေးပိစိရေ ….ခင်ဗျားအကြောင်း ဒယ်ဒီမာ တူးသွားဘီချင့်…..။

    ဒက်ဂလောက် ဒက်ဂလောက်

    😀

    • MaMa

      February 15, 2012 at 10:08 pm

      အော်…….. ရယ်……..
      ရွာသားအချင်းချင်းတွေကို ရန်တိုက်ပေးပြီး ထွက်ပြေးရလားကွယ်……….

  • pooch

    February 15, 2012 at 11:31 pm

    မမရေ တခါတခါကျပြန်တော့လည်း လူတွေက လည်း ခက်လှပါတယ်လေ။ အိမ်က ကြုံဖူးတာများ ပြန်ပြောရင် တထောင့်တည ဖြစ်ရုံမက အကုသိုလ်တွေပါတိုးလာမှာစိုးလို့ မပြောချင်တော့ပါဘူး။ ရှိပါစေတော့။ 🙁

  • aye.kk

    February 16, 2012 at 5:42 am

    စိတ်(၄)မျိုုးသာရှိပါသည်။
    ၁။ကုသိုလ်စိတ်
    ၂။အကုသိုလ်စိတ်
    ၃။ဝိပတ်စိတ်
    ၄။ကြိယာစိတ်
    ထိုစိတ်လေးမျိုးအနက်၊(၃)နဲ့(၄)ကတော့ချုပ်ထိန်းနိုင်စွမ်းမရှိပါဘူး။
    ကုသိုလ်စိတ်နဲ့အကုသိုလ်စိတ်ကတော့ချုပ်ထိန်းနိုင်စွမ်းရှိကြပါတယ်။
    မနောနဲ့ပတ်သက်တဲ့သိထားမိတဲ့ဘာသာရေးသဘောတရားပါ။

  • MaMa

    February 16, 2012 at 7:35 am

    မယ်ပုရေ- လူ့စိတ်ရဲ့ ဆန်းကြယ်ပုံကို စဉ်းစားမိလိုက်လို့ပါ။
    အာရုံတစ်ခုခုနဲ့ တွေ့ထိလိုက်တာနဲ့ ချက်ခြင်းကို ခံစားလိုက်တာ လိုက်လို့တောင်မမှီဘူး။
    ဒေါသထွက်တယ်လို့ မပြောနိုင်ပေမယ့် ငြိုငြင်စိတ်ကလေးတော့ ဖြစ်သွားမိတယ်။
    နောက်မှ ပြန်စဉ်းစားရင်းနဲ့ ငါ့နှယ် မရတုန်းကတော့ ဘာမှ မဖြစ်ပဲ ရမယ်ဆိုမှပဲ…….
    မအေးရဲ့ ဖြည့်စွက်အားပေးမှုလေးကို ကျေးဇူးတင်ပါတယ်။
    ခုလို ဘာသာရေး သဘောတရားတွေကို အချက်အလက်တွေနဲ့ ပြောနိုင်ပြီး
    ဘာသာရေးအသိ ခိုင်ခိုင်မာမာရှိတဲ့
    အသိပညာများတဲ့ မအေးကို အားကျမိပါတယ်။

  • Moe Z

    February 16, 2012 at 8:16 am

    မမရေ ဖုန်းနံပါတ်နဲ့ လိပ်စာလေးပါ ပို့စ်တင်ပေးပါလား
    ပိုက်ဆံလာချေးချင်လို့ 😀 😀

  • ဦးဦးပါလေရာ

    February 16, 2012 at 9:29 am

    ကျုပ်ကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် မမ တို့လို စိတ်နေမရင့်ကျက်ပါဘူး။
    ဒါကြောင့် စိတ်ဆိုးစရာရှိရင် ချက်ချင်းအလွယ်တကူစိတ်ဆိုးပါတယ်။

    ဒီပိုစ့်ထဲကဖြစ်ရပ်ကိုရည်ညွှန်းရရင်- လိုအပ်နေသူကို ကိုယ်က ပိုက်ဆံချေးပေးလိုက်တယ်ဆိုရင် ကိုယ့်ကိစ္စ(ကိုယ့်သဒ္ဒါအလျှောက်ပြုသင့်တဲ့ကောင်းမှု့) လုပ်ပြီးပါပြီ။

    ချေးယူထားသူက ပြန်ဆပ်ရမယ့်အချိန်မှာ ပြန်ဆပ်နိုင်လျှက်နဲ့
    အပြည့်အဝပြန်မဆပ်လိုသေးတဲ့သဘောပြောလာရင်-
    ၁-စိတ်ဆိုးမှာပါ
    ၂-သူ့ကိုလဲ များစွာအထင်သေးသွားမှာပါ၊ သူ့အပေါ်ကိုယ့်အမြင်သဘောထားတွေ ပြောင်းသွားမှာပါ။
    ၃-အပေါ်ကနှစ်ချက်ကိုအခြေခံပြီး (ဆုံးကာမှဆုံးစေတော့)ပြောဆိုလိုက်မိမှာပါ။
    ၄-အဲဒီအတွက်လဲနောင်တရမိမယ်မထင်ဘူး…။

    မမ ပြောတဲ့-
    “…ထစ်ကနဲရှိတာနဲ့ စိတ်က ထိန်းမနိုင်သိမ်းမရဖြစ်ပြီး
    အရောင်တွေ ပြောင်းပြောင်းသွားတာကို ပြန်စဉ်းစားရင်းနဲ့ စိတ်မကောင်းဖြစ်နေတာ။
    အမှန်ဆို ကိုယ်က ပြန်တောင်းဖို့တောင် မစဉ်းစားခဲ့တဲ့ကိစ္စကို
    ပြန်ရတော့လည်း အကုန်မရလို့ဆိုပြီး လောဘက ထွက်လာတယ်။”
    …ဆိုတာကိုဖတ်မိရင်း ကိုယ့်ကိုယ်ကိုသုံးသပ်ကြည့်တော့မှ
    ကိုယ်ဘယ်လောက်သဘောထားနုသေးတယ်ဆိုတာ ထင်ရှားလာတယ်။ 🙁

  • etone

    February 16, 2012 at 9:34 am

    အန်တီမမရေ … ဘယ်သူမဆို ကိုယ့်ချွေးနည်းစာနဲ့ ရထားတဲ့ငွေ ၊ သမာအာဇီဝ အလုပ်နဲ့ ရတဲ့ငွေကို တန်ဖိုးထားတတ်ကြပါတယ် … ။ စာနာတဲ့စိတ်ကို အရင်းခံပြီး ချေးလိုက်တဲ့ငွေဖြစ်ပေမယ့်…. လွယ်လွယ်ရှာလို့ ရတဲ့ငွေမဟုတ်တော့ …ကိုယ့်ငွေလေးကိုပြန်လိုချင်တာ … အပြည့်ဝ ကိုယ်ချင်းစာမိပါတယ် … ။ တစ်ချို့ လူတွေကလေ .. စေတနာထားလို့ မကောင်းဘူး … မကောင်းဘူးလို့ပြောတာထက် … စေတနာထားလို့ မတန်ဘူးလို့ပဲ သုံးနှုန်းချင်ပါတယ် … ။ ပိုက်ဆံနဲ့ ပတ်သတ်လျှင် သရဲစီး ၊ ဘီလူးစီးပြီး … အချင်းချင်းထားခဲ့တဲ့ ရင်းနှီးခင်မင်မှုလေးတွေကိုပါ … အရောင်ပြောင်းတတ်ကြတယ် … ။ စေတနာနဲ့မတန်တဲ့ လူတွေနဲ့ ဆုံရတဲ့အခါ .. ကိုယ့်စေတနာက ကိုယ့်ကိုပြန်ပြီး .. ဝေဒနာပေးသွားတာပေါ့ …. ။ ကိုယ်တိုင်လည်း အလားတူ ဇာတ်လမ်းလေး ရှိခဲ့ဖူးတယ်လေ … 🙁

  • Rose Minn

    February 16, 2012 at 9:57 am

    မမ ရေကိုယ်ချင်းစာပါတယ်။ ပေးရတာက ကိုယ့်မှာ မြန်မြန်ဆန်ဆန် တကယ့်ကိုသဒ္ဒါစိတ်ကလေး အပြည့်နဲ့နော်။ ကိုယ်ပြန်ရဖို့စောင့်စားရတာက 4 နှစ်တောင်ကြာသွားတယ်။ rose ဆ ိုလေးနှစ် ဆို တဲ့အတိုင်းတာ ကိုတော်တော်သည်းမခံနိုင်စရာပဲ။ လူတိုင်းလူတိုင်းခံစားရတာ အဲလိုပဲလားဆိုတာ မပြောပြတက်အောင်ပဲ။ လောကကြီးမှာ အဲလိုပဲဖြစ်နေသလားမပြောပြတက်တော့ပါဘူးလေ……………

  • kyeemite

    February 16, 2012 at 10:24 am

    ပို့နဲ့တော့မဆိုင်ပါဘူး…ကွန်မင့်လေးနဲ့ပါတ်သက်ပီးပြောချင်လို့ပါ..

    Khin Latt says:

    မမ ရေ့
    ကျွန်မ လဲ အဲဒီစာသား ကြိုက်ပါ၏။
    “`သင်ဆိုးလျှင် ကျွန်ုပ်မကောင်းပါ”

    ကျွန်တော်မကြိုက်ဆုံးဆောင်ပုဒ်လေးဖြစ်နေလို့ပါ…အဲဒီဆောင်ပုဒ်ရဲ့သဘောက မိမိရဲ့ကိုယ်ကျင့်တရားဟာ
    မိမိပေါ်မှာမတည်ဘဲ..သူတပါးပေါ်မှီခိုနေသလိုဖြစ်နေတာပေါ့…ကျွန်တော်ကဒီဆောင်ပုဒ်အစား အောက်ပါဆောင်ပုဒ်ကလေးကိုဆောင်ထားပါတယ်..
    “ဘယ်သူကောင်းကောင်း မကောင်းကောင်း မိမိကောင်းမည်” လို့…တတ်နိုင်သလောက်ပေါ့…
    အရီးခင်လတ် နဲ့ အရီးမမ တို့ စတ်ဆိုးကြနဲ့ နော်..

    • Moe Z

      February 16, 2012 at 10:50 am

      အဲဒီလိုလူမျိုးနဲ့ မိတ်ဆွေဖြစ်ချင်တာ
      ဘယ်မှာနေတာလဲဟင် 😀

    • jujuma

      February 16, 2012 at 11:18 am

      တတ်နိုင်သလောက်တော့လုပ်နဲ့နော်..ကောင်းမယ့်ကောင်းအကုန်ကောင်းပေးရမှာပေါ့..ဟိဟိ
      juma တို့ကတော့ ကောင်းနိုင်သေးဘူးဗျ..စိတ်မြန်လက်မြန်ပဲ .. ထစ်ခနဲဆို ပြောပီးသွားပီ..
      အဲဒါကြောင့်လဲ အိမ်မှာတောင် ” ငွေ ချေး ခြင်း သီး ခံ ပါ ” ဆိုပီး စာကပ်ထားတာ…
      လူ့ စိတ်ဆိုတာ ပြောရခက်တယ်ဗျ .. ကိုယ့်စိတ်ကိုယ်တောင် ခန့်မှန်း လို့ မရနိုင် တာ .. သူများရဲ့ မနောစိတ်ကို ဘယ်လို ကြည့်နိုင်မလဲ နော်..

  • htoosan

    February 16, 2012 at 10:36 am

    မိုးဇက်ရေ .. ဖုန်းနံပါတ်နဲ့ လိပ်စာတောင်းပြီး ပိုက်ဆံချေးရမှာ မမ တင် မက နောက်တစ်ယောက်တွေ့ပြီ..
    “ဘယ်သူကောင်းကောင်း မကောင်းကောင်း မိမိကောင်းမည်” …တဲ့ ။။။ 😀 😀

  • MaMa

    February 16, 2012 at 10:46 am

    မိုးစက်ရေ-
    လိပ်စာ ကန်စွန်းရွက်ပေးလိုက်ပါတယ်။
    ဖုံးထားတဲ့နံပါတ်ကတော့ မပေါ်ပါဘူး။ 😀
    ဦးပါလေရာရေ-
    အထင်တော့ မကြီးလိုက်ပါနဲ့။
    စိတ်မြန်လက်မြန်ဆိုတဲ့စကားမှာ
    လက်မြန်တဲ့အထဲမပါပေမယ့် စိတ်မြန်တဲ့အထဲတော့ ပါတယ်။
    အီတုံးရေ-
    အီတုံးတစ်ခါတင်ဖူးတဲ့ ပိုစ့်လေးကို သတိရသွားပြီ။
    အီတုံးဆီက ငွေချေးယူသွားပြီး (ဒါတောင် မေတ္တာနဲ့ ချေးပေးတာကို)
    မသိခြင်ထောင်ထောင်သွားတဲ့ အကြောင်းလေး 😆
    မနှင်းဆီလေးရေ- ဒါကတော့ လူတိုင်းကြုံတွေ့ဖူးကြတဲ့ မရိုးဆန်းတဲ့ ကိစ္စလေးပဲ ဖြစ်မှာပါ။

  • blackchaw

    February 16, 2012 at 11:03 am

    အော် မမရေ။
    လောဘလို့ ပြောလို့ မရပါဘူးဗျာ။
    ကိုယ့် ရပိုင်ခွင့်ကို ကိုယ်ပြန်လိုချင်တာ
    လူသားဆန်တယ်လို့တောင် ပြောလို့ ရပါတယ်။
    လူသားဆန်သော မမပေါ့ဗျာ။
    😀 😀 😀

  • Harumoto

    February 16, 2012 at 11:32 am

    ကိုယ့်စိတ်က အချိန်တိုလေးအတွင်းမှာ
    ဖြစ်ပျက် သွားတာလေးကို သိလိုက်တာ..
    “သူထီပေါက်တုန်းက သူ့ကိုယ်စားဝမ်းသာပေးခဲ့တဲ့
    အဖြူရောင်စိတ်ကလေးလည်း ဘယ်ရောက်သွားမှန်း မသိတော့ပါဘူး။
    ကိုယ့်ကိုကိုယ ်မထိန်းလိုက်နိုင်ပဲ
    ကျမရဲ့စိတ်ဟာ အမဲရောင်လို့ မပြောနိုင်တောင်
    ညိုညစ်ညစ် ဖြစ်သွားခဲ့ပါတယ်။”
    ဒါလေး ကို သဘောကျပါတယ်
    ကိုယ့်စိတ်ရဲ့ ဖြစ်နေပျက်နေတာကို သိတယ် သတိထားမိတယ်ဆို
    အင်မတန်ကောင်းတဲ့လက္ခဏာပါ။
    လူတိုင်းသတိမထားမိဘဲ ရပ်တန့်လို့ မရဘဲ
    စိတ်ညိုညစ်ညစ် နောက်ကိုလိုက်ပြီး မမှားသင့်ဘဲ မှားသွားကြတာတွေ
    အများကြီးပါ။
    ကိုယ်တိုင် သတိပြုနိုင်ရုံမက
    သူတပါးကိုလည်း သတိရှိစေအောင် မျှဝေပေးသွားတဲ့အတွက်
    ကျေးဇူးတင် လေးစားပါသည်။
    ခင်မင်လျှက်
    Harumoto.

  • weiwei

    February 16, 2012 at 2:19 pm

    ဒီပို့စ်နဲ့မဆိုင်ပေမယ့် သတိရမိတာလေးတစ်ခု ပြောပြချင်သေးတယ် …
    ကျွန်မသူငယ်ချင်းရဲ့အမက သာကေတထဲမှာနေပြီး ရပ်ကွက်ထဲမှာ အကြွေးချပေးလေ့ရှိတယ် … အတိုးမျှော်ပြီးချေးတာဖြစ်ပေမယ့် တကယ်တမ်းကျတော့ သူရတာက အရင်းတောင်မရှိပဲ ဆုံးကုန်လေ့ရှိတယ်တဲ့ … နှစ်တွေလဲကြာလာတော့ အဲဒီရပ်ကွက်ထဲမှာ သူ့အကြွေးကင်းတဲ့သူ မရှိသလောက်ပဲတဲ့ … အဲဒီအမက စိတ်ဆိုးပေမယ့် မတတ်နိုင်ဘူးလေ …. နောင်ဘဝကျရင် သူ့ဆီမှာ ကျွန်လာခံကြမယ့်သူတွေလို့တွေးမိတယ်လို့ ပြောပြဖူးတယ် ….

    အခုလူတော်တော်များများက နောင်ဘဝဆိုတာကို မကြောက်ကြတော့လို့ ခပ်တည်တည်ပါပဲ ….

  • kokothandar

    February 16, 2012 at 3:46 pm

    ဆပ်မယ်ပြောတာလဲမဆိုးပါဘူး တစ်ချို့က ချေးပြီးရင်မေ့ရောလေ

  • ဆူး

    February 16, 2012 at 4:53 pm

    အန်တီ တို့လို စိတ်မျိုး ထားနိုင်ဖို့ တော်တော် ကြိုးစားရအုန်းမယ်။

  • မမရေ
    ကျနော်အလုပ်က သူများကို အကြွေးတာဝန်ခံပြီးရောင်းပေးနေရတဲ့အလုပ်။
    သူတို့မပေးနိုင်ရင် ပိုင်ရှင်ကိုကြားထဲကနေပြီး အကြောင်းပြလို့တောင်းပန်ပေးရ။
    ဟောသူတို့အဆင်ပြေလို့ အကြွေးပေးပါတော့လို့ပြောရင် ရူးချင်ယောင်ဆောင်နေတာမျိုးကြုံရတာ
    ခဏခဏ ကြာတော့လဲ အားမနာတတ်တော့ ဘူး။
    အလုပ်ကို အလုပ်နဲ့တူအောင်ပြတ်ပြတ်သားသားဘဲပြောတော့တယ်။

  • MaMa

    February 16, 2012 at 9:30 pm

    @ကြီးမိုက်ရေ- စိတ်မဆိုးပါဘူး။
    ကိုယ်တိုင်ကလည်း မကောင်းနိုင်တာဆိုတော့…..
    @ကိုထူးဆန်း၊ ဂျူဂျူးမ၊ မိုးစက်တို့ရေ-
    အခြေအနေကောင်းရင် လက်တို့လိုက်နော်။ နောက်ကလိုက်ရအောင် 😆
    @ကိုချော၊ ဝေဝေတို့ကိုလည်း စာနာပေးလု့ိ ကျေးဇူးတင်တယ်။ 🙂
    @ဟာရူမိုတို (မှန်းရမ်း ရေးလိုက်တယ်။ မှားရင်လည်း ပြင်ပေးနော်။)-
    နားလည်မှုပေးလို့ ကျေးဇူးတင်ပါတယ်။
    မိမိကိုယ်ကို ကောင်းအောင်ကြိုးစားမည် (ကြိုးစားပါမည်။) 🙂
    @ကိုကိုသန်ဒါရေ- သူ့ဘက်ကတွက်ရင်လည်း
    ပြန်ပေးတာ (တစိတ်တပိုင်းပဲဖြစ်ဖြစ်) တာဝန်ကျေတယ်လို့ ယူဆချင်လည်း ယူဆနေမှာပါ။
    @ဆူးရေ- အန်တီလည်း ကြိုးစားနေတုန်းပါပဲ။
    @ကိုပေါက်ရေ- ပေးနိုင်ရဲ့သားနဲ့ မပေးချင်တဲ့လူဆိုရင်တော့ ကျမလည်း အလွတ်မပေးတတ်ပါဘူး။
    ဒါ့ကြောင့်ပဲ ရုံးရောက်၊ ဂတ်ရောက်ဖြစ်ရ၊ ရုံးတွေ၊ ဂတ်တွေ သွားပြီးမှလည်း နောင်တရ။ 🙁

  • tree

    March 8, 2012 at 8:27 am

    လူ့စိတ်ဆိုတာ ထူးဆန်းတယ်နော် ဘာပဲဖြစ်ဖြစ် ကိုယ့်စိတ်ကိုမြင်နိုင်တဲ့ သတိရှိတဲ့ မမက တော်တာပဲ သူငယ်ချင်းတစ်ယောက်ပြောဖူးတယ် ကိုယ့်စိတ်ကိုပြန်မြင်ပြီးထိန်းနိုင်တဲ့လူက သူတော်ကောင်းတဲ့ ဘာဖြစ်လို့လဲဆိုတော့ စိတ်ထဲမှာမဖြစ်အောင်တော့မထိန်းနိုင်ဘူး ဖြစ်တဲ့စိတ်ကို ပြန်ထိန်းနိုင်ရင် သူတော်ကောင်းစာရင်းဝင်တယ်တဲ့

Leave a Reply