“ဝတ္ထုတို အကြောင်း နည်းနည်းလောက် ဖောက်သည်ချမယ်”

ဟိုတလောက အွန်းလိုင်းက ကျွန်တော့ ခြေရာပျောက်ခဲ့ပါတယ်။ ခြေရာပျောက်ရတဲ့ အကြောင်းကတော့ ဖွတ်ကလိ ဒင်္ဂါးများ ပြတ်လပ်နေသောကြောင့် ဖြစ်ပါတယ်။ အဲ့တော့ ရှိသော ပိုက်ဆံလေးနဲ့ စာအုပ်အဟောင်းရောင်းတဲ့ဆိုင်ဘက် လမ်းသလားပြီး သကာလ ဝတ္ထုတိုပေါင်းချုပ်များကို ဝယ်ဖတ်မိပါတယ်။ ဖတ်ရင်းဖတ်ရင်းနဲ့ ဝတ္ထုတိုဆောင်းပါးလေး ရေးချင်စိတ်ပေါက်လာတယ်။
ဒါပေမဲ့ သိတဲ့အတိုင်း ခြူတစ်ပြားမှ မရှိတဲ့ ဤငမွဲ အွန်လိုင်းမှာ လက်ဆော့ရအောင် ဘယ်လိုကြံရမလဲ ခေါင်းအူအောင် စဉ်းစားနေရတယ်ပေါ့။ ဒါပေမဲ့ ကံတရားက ကျွန်တော့အတွက် ဖေးကူလာပါတယ်။ အဟဲ… စာအုပ်ရွေးရင်း ညနေစောင်း အိမ်ပြန်ချိန်ပေါ့။ ကျွန်တော့ ဦးလေးတော်သူ KTV ထဲ အဖော်အပေါင်းများနဲ့ တပျော်တပါး ဝင်သွားတာ တွေ့လိုက်ရပါတယ်။ စိတ်ထဲမှာလည်း အကွက်ဆိုက်ပြီလို့ ကြွေးကြော်လိုက်ပါတယ်။
အဟဲ…အဲ့အကွက်က ဦးလေး မိန်းမကြောက်ဆိုတော့ ဒီလမ်းကြောင်းနဲ့ အကျပ်ကိုင် ငွေညှစ်မလို့။ အဟီး…ဉာဏ်နီ ဉာဏ်နက် ဉာဏ်ပြာ ဉာဏ်စိမ်များ ထုတ်ပြီးသကာလ ဦးလေးဆီက ငွေများကို ချူလာခဲ့တာပေါ့။ ဒါကြောင့်မို့လည်း ဒီဆောင်းပါးလေး ဖြစ်ပေါ်လာရတာပါ။ စုစောင်းထားသော ဝတ္ထုတိုသဘော တရားများကို ဖြန့်ထုတ်ခင်းပြီး ယူကြလော့။ အားလုံးကြားကြားသမျှ အမျှ…အမျှ…အဲ အမျှဝေတာနဲ့ မှားကုန်ပြန်ပြီ။ စာအစပျိုးရင်း လျှာရှည်ရေးတာလည်း မနည်းလွန်သွားပြီ။ ကဲ… ဝတ္ထုတိုအကြောင်း ပြောကြတာပေါ့။
ဝတ္ထုတိုများသည် ၁၉ရာစုကတည်း ပေါ်ပေါက်လာခဲ့သည်ဟု သမိုင်းအရ သိရသည်။ ၁၈၃၅ ခုနှစ်လောက်စပြီး နသန်နီယယ် ဟော်သွန်း၊ အဂ္ဂါ အယ်လင်းပိုး စသည်တို့က ဦးဆောင်ရေးသားခဲ့သည်ဟု ဆိုကြသည်။ စံပြုစရာ ဝတ္ထုတို စာရေးဆရာများလည်း ပေါ်ပေါက်ခဲ့ဖူးသည်။ ထိုသူတို့မှာ..ပြစ်သစ်မှာ ဂီဒီမိုးပါဆွန်း၊ ရုရှားမှာ အန်တွန်ချက်ကော့၊ အမေရိကန်မှာ ဝါရှင်တန် အိုင်ဗန်၊ဟင်နရီဂျိမ်းစ်၊ ပြစ်သစ်မှာ ဘောလ်ဇက်၊ဖလာဖဲယား၊ ရုရှားမှာ ပူရှ်ကင်၊နစ်ကိုလေ ဂိုးဂိုးလ်၊ဒေါ့တိုယက်စကီး၊တော်လ်စတွိုင်း စသည်ဖြင့် ၁၉ ရာစုမှာ ဝတ္ထုတိုကို ဦးထောင်စေခဲ့သူများ ဖြစ်ကြသည်။
ထို့ပြင် မြန်မာပြည်မှာလည်း ဝတ္ထုတိုရေး စာရေးဆရာများ မြောက်များစွာ ပေါ်ပေါက်ခဲ့ဖူးသည်။ ဝတ္ထုတိုကို တစ်ကမ္ဘာလုံးက လူဖတ် အများဆုံး စာပေဟု သတ်မှတ်ထားကြသည်။ သတ်မှတ်ခဲ့ရသော အကြောင်းမှာ အချိန်တိုအတွင်း လွယ်လင့်တကူ အာရုံဝင်စားမှု ပိုကောင်းပြီး ဖတ်ရန်လွယ်ကူသောကြောင့် ဖြစ်သည်။ ထိုကြောင့် အချိန်မပေးနိုင်သူတော်တော်များများ ဝတ္ထုတိုတော့ အများအားဖြင့် ဖတ်ဖြစ်ကြသည်။
အမေရိကန် စာရေးဆရာ အဂ္ဂါအယ်လန်ပိုး၏ ဆိုလိုချက်ကို ကောက်နုတ်ရရင်ဖြင့်…
ဝတ္ထုတိုဆိုသည်မှာ အာရုံကျက်စားမှု တခုတည်း၊ ရည်ရွယ်ချက် အထီးတည်းသာ ဖြစ်ရမည်၊ တစ်ထိုင်တည်း ဖတ်နိုင်လောက်အောင်လည်း တိုရမည်ဟု ဆိုသည်။
“ဝတ္ထုတို အစ ပုံပြင်က” ဟုဆိုရင်လည်း သူငယ်ချင်းတို့ လက်ခံမည် ထင်ပါသည်။ ကျွန်တော်တို့သည်လည်း ငယ်စဉ်တည်းက ဝတ္ထုတိုများနဲ့ ရင်းနှီးခဲ့ကြသည်ဆိုရင်လည်း ငြင်းနိုင်မည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော်…ကျွန်တော်တို့သည် ကလေးဘဝတည်းက အိပ်ယာဝင်ပုံပြင်များနဲ့ ရင်းနှီးခဲ့ကြသည် မဟုတ်ပါလား။
ခုခတ်ရောက်တော့ ဝတ္ထုတိုနဲ့ ပတ်သက်ပြီး အသံမျိုးစုံနဲ့ ယူဆချက်များ စုံလင်လာပါသည်။ ထိုအချက်တို့မှာ…
ဝတ္ထုတိုဆိုသည်မှာ ဇာတ်လမ်းရှိစရာမလို၊အဖြစ်အပျက်ကို ရေးပြခြင်းမဟုတ်၊ အာရုံခံစားမှုကို ရေးပြခြင်း သဘောဟု ဆိုသူက ဆိုသလို
နောက်တစ်မျိုး…
ဇာတ်ဆောင်၊ဇာတ်လမ်း၊ဇာတ်ဆောင် သရုပ်ဖော်ပါမှ ဝတ္ထုတိုဟု ဆိုသူက
နောက်တစ်နည်းက
“ဝတ္ထုတိုသည် အချိန်ကာလ ကန့်သတ်ချက်ရှိသည်။ အကြောင်းတစ်ခုတည်းဟူသော ကန့်သတ်ချက် အောက်၌ ရေးရသည်။ သို့သော်လည်း လိပ်ပတ်လည်အောင် နောက်ကြောင်းပြန်ပြောသောအခါ သက်ဆိုင်သလောက် ကာလကို ဆန့်နိုင်သည်။ နေရာဒေသကို ဖြန့်နိုင်သည်ဟု ဆိုသလို
နောက်ပြီး
သရုပ်မှန်သဘောကို အခြေခံကာ ဒေသစရိုက် သဘာဝကို ယုတ္တိရှိအောင် အလေးထား ရေးဖွဲ့ခြင်း စသည်ဖြင့် ယူဆချက်များ စုံလင်လှပါသည်။
သို့သော် ကျွန်တော်ကတော့ တစ်ခုသော ဝတ္ထုတိုစာတန်းဖတ်ပွဲမှာ ဆရာဆင်ဖြူကျွန်းအောင်သိန်း၏ စကားကို ပိုနှစ်ခြိုက်မိပါသည်။
သူပြောတာက…
“ချောင်းဆိုးလိုခြင်း နှာချေ လိုခြင်းကို အောင်းအီးထားရလျှင် ပြင်းထန်သော ဆင်းရဲကို
ခံစားရသည့်နည်းတူ တင်ပြလိုသော အရာများကို ကြာမြင့်စွာ ဆိုင်းငံပထားရလျှင် နေမထိ ထိုင်မသာ ခံစားရမည်သာ။
ထိုအခက်အခဲများကို ဖြေရှင်းရန်အတွက် ဝတ္ထုတို အရေးအသား ပေါ်ပေါက်လာသည်ဟု ထင်ကြောင်း” ပြောဆိုခြင်းကို ပိုသဘောကျမိပါကြောင်း ဝန်ခံအပ်ပေသည်။
ဒီဘက် ခေတ်မှာတော့ ဝတ္ထုတိုများ ခေတ်စားလာပါသည်။ တိုနိုင်သလောက် တိုလာကြသည်ကိုလည်း တွေ့ရပါသည်။ ခုဆို သုံးကြောင်း ဝတ္တုတိုများ ရေးလာကြသည်ကို တွေ့လာကြပါသည်။ ဘာပဲပြောပြော ဝတ္ထုတိုလောက တိုးတက်လာသည်ဟု ခေါ်ဆိုနိုင်ပေသည်။
သင်တို့ရော ဝတ္ထုတိုများကို ဘယ်လို သဘောထားပါသလဲ။ ကျွန်တော်က သိသလောက်လေး မျှကြည့်တာပါ။ အမှားရှိခဲ့လည်း ပြင်ပေးလှည့်ပါလို့ ပြောကြားရင်း နိဂုံးနဲ့ ဘိုင့်ဘိုင် နှုတ်ဆက်လိုက်ပါသည်။
အားလုံး ကျေးဇူးတင်ပါသည်…
စေပိုင်ထွဋ်(ပုသိမ်)

26 comments

  • kai

    February 16, 2012 at 5:26 am

    ဝတ္ထုတိုအကြောင်းတော့.. မသိ..။
    ဝတ္ထုတိုအကြောင်းရေးဖို့ ..ငွေဖန်တဲ့နည်းကတော့.. တိုပေမဲ့.. သင်းတယ်..။

    အဲ..
    ဝတ္ထုတိုအကြောင်းပြန်ပြောရအောင်..
    မြန်မာပြည်မှာ.. ဘယ်သူစရေးတာလည်းဟင်င်င်.. 😕

    • Khin Latt

      February 16, 2012 at 5:34 am

      ကျွန်မ တော့ ရေးတာ မဟုတ်တာ သေချာတယ် သူကြီးရေ။
      အသေချာဆုံး ကိုပြောတာ။ 😆

      • စိန်ပေါက်ပေါက်

        February 16, 2012 at 2:26 pm

        များလဲ မရေးပါဘူးနော်

        • MaMa

          February 17, 2012 at 7:51 am

          သဂျီးမေးတဲ့အထဲမှာ ထိပ်တုံးသံများ ပါနေလို့လား
          အပေါ်ကနှစ်ယောက်စလုံး အသဲအသန် ငြင်းနေကြလို့ 😆

        • MaMa

          February 17, 2012 at 8:06 am

          သဂျီးရေ- အရင်ဘဝက ရွာသူားတွေအပေါ်မှာ အကြွေးရှိလို့ အခု ရွာသူားတွေက ဖတ်ချင်တယ်ဆိုတာနဲ့ ရှာပြီး တင်ပေးနေရတာမို့ အရင်ဘဝက အကြွေးကို ပြန်ဆပ်တယ်လို့ပဲ သဘောထားလိုက်တယ်။
          ဒါဆို စာရင်းရှင်းပြီနော်။ နောက်ဘဝ ပြန်ဆပ်စရာမလိုတော့ဘူး။ 😆
          (သဂျီးစာရင်းမှတ်နေရမှာ စိုးလို့ပါ)

    • စေပိုင်ထွဋ် (ပုသိမ်)

      February 16, 2012 at 5:25 pm

      ပထမဆုံး မြန်မာ ဝတ္ထိုတိုက သိပ္ပံမောင်ဝလို့ ထင်မိတာပဲ
      သူက ကာလပေါ် ဝတ္ထုတိုကို စရေးတာကိုး
      ကျန်တဲ့သူလည်း ရေချင် ရေးကြမှာပေါ့
      ကျွန်တော် မမွေးသေးတော့ သိပ်မသိ
      ခန့်မှန်းမိသလောက် ပြောကြည့်တာ အဟီး

  • aye.kk

    February 16, 2012 at 5:54 am

    ဆရာဇော်ဂျီကဤသို့ညွန်ဖူးသည်…
    စာကောင်းပေကောင်းသည်၊သက်ရှိသက်မဲ့ဝန်းကျင်ဘဝ၌
    မြင်နေကြရသော၊ကြားနေကြရသော၊ကြုံတွေ့နေကြရသော
    ဘဝအာရုံတို့ပေါ်၌စာရေးဆရာ၏စေတနာသက်ရောက်၍
    သူ ့အမြင်၊သူ ့အကြား၊သူ ့အတွေ ့အကြုံတို့ကိုသူ ့စေတနာအလိုက်
    သရုပ်ဖော်ဖွဲ ့ဆိုထားသောစာမျိုးဖြစ်သည်ဟုယူဆပါသည်။
    ထိုသို့စာကောင်းပေကောင်းများကိုတွေ ့အောင်ရှာ၍ဖတ်ရှူကြပါကုန်။(ဆရာဇော်ဂျီညွန်ကြားသည်)

  • ရင်ထဲမှာဖြစ်ပေါ်လာတဲ့ခံစားမူ့တွေကို ပုံစံအမျိုးမျုးိနဲ့ထုတ်ပြကြတာပါဘဲ။
    ဘယ်ပုံစံနဲ့ရေးရေး ခံစားမူ့စစ်ဘို့ စေတနာမှန်ဘို့က အဓိကလို့မြင်ပါတယ်။

  • blackchaw

    February 16, 2012 at 1:05 pm

    သုံးကြောင်း ဝတ္ထု ဆိုတာ ဘယ်လိုမှ
    မဖြစ်နိုင်သော စတန့်ထွင်မှု တစ်ခုပါလို့ ပြောချင်ပါတယ်။
    သုံးကြောင်းကဗျာကိုပဲ ရအောင် ရေးကြည့်ကြပါဦးဗျာ။
    ဝတ္ထုတိုအကြောင်း ဆိုလို့
    အခုရက်ပိုင်း ကျွန်တော် အရမ်းဖတ်ချင်နေတဲ့
    မြန်မာဝတ္ထုတိုလေးတွေ အကြောင်း ပြောပြချင်ပါတယ်ဗျာ။
    မနေ့က မမ က
    ဘာတွေဖြစ်ကုန်ကြပြီလဲ http://myanmargazette.net/101352/creative-writing
    ဆိုတဲ့ ပို့စ်လေးတင်ပါတယ်။ အဲဒီအထဲမှာ ကျေးဇူး အကြောင်းလေးပါပါတယ်။
    ကျေးဇူးနဲ့ ပတ်သက်လို့ ရေးခဲ့ဘူးတဲ့ ဝတ္ထုတိုလေးတစ်ပုဒ်ကို
    အရမ်းပြန်ဖတ်ချင်လာတယ်ဗျာ။ ဆရာဝင်းဖေ (မီမီဝင်းဖေ တို့ အဖေ) ရေးခဲ့တဲ့
    မျက်မှန် ဆိုတဲ့ ဝတ္ထုလေးဗျာ။ နောက် ဆရာဝင်းဖေ ပဲ ရေးခဲ့တဲ့
    ချက်ကြီးအတွက် အရက် တို့ ဦးနှောက်ထဲရောက် ပုရွက်ဆိတ်တို့
    ပြန်ဖတ်ချင်လာမိပါတယ်။ အဲဒါနဲ့ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ကို
    ရောက်ရပြန်တယ်ပေါ့ဗျာ။ သို့သော် အခုထိ ရှာလို့ မတွေ့သေးပါဘူး။
    ခင်ဗျား အဲဒီ ဝတ္ထုလေးတွေ ဖတ်ဘူးမလားမသိဘူး။
    ဝတ္ထုတိုကောင်းကောင်းတစ်ပုဒ်ကို ဖတ်လိုက်ရတဲ့ အရသာက
    ဘာနဲ့တူသလဲ ဆိုတော့
    ဗိုက်အရမ်းဆာနေတဲ့အချိန် ကျိတ်လိုက်ရတဲ့
    ဝက်သားဟင်းနဲ့ ထမင်းလိုပါပဲ။
    ပြောရင်းနဲ့ တော်တော် တောင် ရှည်သွားပြီ။
    ဆရာဝင်းဖေ ဝတ္ထုတွေ ပြန်တွေ့ရင် ခင်ဗျားကိုလည်း ပေးဖတ်ဦးမယ်။
    ဝတ္ထုတိုထဲမှာတော့ ဝင်းဖေရယ်၊ နေဝင်းမြင့်ရယ်ကို အကြိုက်ဆုံးပဲဗျာ။ 😆 😆 😆

    • Moe Z

      February 16, 2012 at 1:15 pm

      ဘဘဘလက်ရေ သုံးကြောင်းကဗျာရှိတယ်
      ဂျပန်ကစတာထင်တယ် “ဟိုက်ကူး” လို့ အသံထွက်မယ်ထင်တယ်

      • K@oru

        February 16, 2012 at 1:46 pm

        ဟုက္ကူ လုပ်ပါအေ …ညည်းကလည်း…
        အင်း … ဘောဂျာနယ် က ကဗျာဆြာ
        သများကို စည်းစပ်ဘော ပတ်ချာလည်က မြေခွေးအိုဂျီး
        ဆိုတဲ့ နာမည်စုတ်စုတ်ကြီးခေါ်ပီး
        အကြွေးလာတောင်းတော့မယ်…

        😀

        ကိုယ့်ဆြာ ကျေနပ်အောင် ဟုက္ကူလေး မရေးတတ်ရေးတတ်ရေးဦးမှ
        …..ဇက်ကျိုးပြန်သော်
        ……….လက်ထိုးအန်၍
        …..(အို ဘာတဲ့ )ခွက်ထိုးခံအံ့နည်း ….

        ဒက်ဂလောက် ..ဒက်ဂလောက်

    • စေပိုင်ထွဋ် (ပုသိမ်)

      February 16, 2012 at 5:34 pm

      ကျွန်တော်လည်း အဲ့ ဆရာကြီးတွေကို ကြိုက်သလို
      တခြားသူတွေလည်း ကြိုက်ပါတယ်ဗျ
      ခံစားလို့ရရင် အကုန်ကြိုက်တာပဲ
      လူမရွေးဘူး
      စာပဲ ရွေးဖတ်တယ်
      မကောင်းရင်တော့ နာမည်ကြီးလည်း ဆော်ရီးပဲ
      ခင်လျှက်….စေပိုင်ထွဋ်(ပုသိမ်)

  • blackchaw

    February 16, 2012 at 1:30 pm

    အော် သုံးကြောင်း ဝတ္ထုဆိုတာ လည်း မြန်မာ မဂ္ဂဇင်းတချို့မှာ
    ဖေါ်ပြနေကြပါပြီကွယ်။
    ဖတ်ကြည့်လိုက်တော့ ဘယ်လိုမှ အရသာ မရှိဘူးလေ။
    တစ်ခုတော့ ရှိတာပေါ့။
    ဘဘဘလက်က ခံစားမှု အိုင်ကျူနိမ့်ပြီး သူတို့ရေးတဲ့ သုံးကြောင်းဝတ္ထုဆိုတာက
    အရမ်းမြင့်နေတာမျိုးလည်း ဖြစ်နိုင်တာပေါ့ဗျာ။
    သုံးကြောင်းကဗျာကတော့ နဂိုကတည်း က မြန်မာပြည်မှာ ရှိနေတာပဲဗျာ။
    ဆရာတင်မိုး ရဲ့

    ဆေးလိပ်လည်းတို
    နေလည်းညိုပြီ
    ငါ့ကိုပြန်ပို့ကြပါလေ

    တို့
    ဆရာကြီး မောင်ပေါက်စည် (မန်းတက္ကသိုလ်)ရဲ့

    လာရောက်ခိုနား
    သူပျံသွားသော်
    ကိုင်းဖျား ဆတ်ဆတ် ခါသတည်း။

    တို့က ထင်ရှားတဲ့ မြန်မာ သုံးကြောင်း ကဗျာတွေပဲလေဗျာ။

    • စေပိုင်ထွဋ် (ပုသိမ်)

      February 16, 2012 at 5:43 pm

      ကျွန်တော်လည်း သုံးကြောင်း ကဗျာကို သရော်စာ ရေးမလားလို့
      မရေးဖြစ်တော့ပါဘူး
      ဒီကနေ အတိုဆုံးကဗျာတစ်ပုဒ် ရေးပေးလိုက်မယ်
      ဟိဟိ
      “အီးပေါက်သံ”
      ဘူ
      (အဲ့ဒါ အတိုဆုံးကဗျာပဲ) မြည်သံစွဲလည်း မြောက်တယ်နော်
      အဟီး

  • အတိုဆုံးဝတ္တိုတိုပါတဲ့။

    နေရာ………စစ်မြေပြင်ရှေ့တန်းတစ်နေရာ
    “မောင် ……. မောင့်ကိုမစောင့်နိုင်တာနဲ့ မောင့်အဖေကိုဘဲယူလိုက်ပြီ”

    ငယ်ဆရာတစ်ယောက်က ပြောပြလို့ကြားဘူးတာလေးကို ပြန်ဝေငှတာပါ။

  • nozomi

    February 16, 2012 at 2:01 pm

    တစ်ခါဖတ်ဖူးတာတော့
    ဦးသုမောင်ကြီး ရေးတာထင်ပါ့
    ဝတ္ထုတို ဆိုတာ ခဏလေးနဲ့ ရေပါတဲ့ ဝုန်းကနဲဒိုင်းကနဲ ရွာတဲ့မိုးလို ဖြစ်ပြီး
    ဝတ္ထုရှည်ကနေတော့ စွေတဲ့မိုးနဲ့ တူ ဆိုပဲ
    မိုး နဲ့ နှိုင်းသွားတာလေး တော့ သဘောကျမိရဲ့

    • K@oru

      February 16, 2012 at 2:08 pm

      မိုးနဲ့ မနှိုင်းကြပါနဲ့ဂျာ …
      မိစိန်ပေါက် မီးဒုတ်ဝင် ရှို့ မှာ စိုးထှာ …
      ဒါတောင် မိစည်စည် မရှိလို့ တရန်အေးတာ ..အာဟိ…

      ဝတ္ထု တိုကတော့ ဗိုက်နာတာနဲ့ အားရပါးရ သွားလိုက်ရတဲ့ဝမ်းနဲ့ တူပီး
      ဝတ္ထုရှည် ကတော့ တနေကုန် ဝမ်းလျှောတာနဲ့ တူပါကြောင်း …။
      မထင်မှတ်ဘဲ ထွက်ကျသွားတာ ကိုတော့ တမျက်နှာ ဝတ္ထု အဖြစ်သတ်မှတ်သင့်ပီး
      အခန်းဆက်ဝတ္ထုရှည်ကတော့ ဝမ်းကိုက်ပိုး အသည်းနားရောက်နေဘီ လို့….

      ခင်တဲ့ ….
      တော်လှန်ရေးစာရေးဆြာ …
      ခါအိုလူ။

      • စိန်ပေါက်ပေါက်

        February 16, 2012 at 2:25 pm

        အင်း..
        ဒါဆို ဝတ္ထုတို တစ်ပုဒ် သွားရေးလိုက်ဦးမယ်
        ဗျစ်..ဘစ်.ဗစ်စ်..

  • kyeemite

    February 16, 2012 at 2:26 pm

    ဆရာဝင်းဖေ ရဲ့ မျက်မှန်ဆိုတဲ့ ဝတ္ထုကိုမျာ်းလဲသိပ်ကြိုက်ပါတယ် ဒေါ်ဘလက်ရေ..စါအုပ်တော့
    လက်ဝယ်မရှိတော့ပါ…
    blackchaw says:

    အော် သုံးကြောင်း ဝတ္ထုဆိုတာ လည်း မြန်မာ မဂ္ဂဇင်းတချို့မှာ
    ဖေါ်ပြနေကြပါပြီကွယ်။
    ဖတ်ကြည့်လိုက်တော့ ဘယ်လိုမှ အရသာ မရှိဘူးလေ။
    ဒါဆိုရင် ပို့လေးတစ်ခုတင်ပေးပါရစေ
    ကမ္ဘာ့အတိုဆုံးဝတ္ထုလေးပေါ့…ဖတ်ဖူးသွားအောင်…မကြာမီလာမည်…..မျှော်…ဒန် တန့် တန်

  • kai

    February 16, 2012 at 2:55 pm

    မျက်မှန် (ဝင်းဖေ)

    မျက်မှန်
    “ဟော … အတော်ပဲ၊ မောင်ချူး .. လာ၊ တို့ ဒီမှာ ဘယ်နှယောက်လဲ။ မောင်သန်း ပါနဲ့၊ နေပါဦး၊ အင်း … အားလုံး ခြောက်ယောက်။ ပေးလိုက် ပိုက်ဆံ၊ လက်ဖက်ရည်ဖိုး။ မောင်ရင်မှာလိုက်တဲ့ မျက်မှန် ဝယ်ခဲ့ပြီ”

    ဝမ်းသာလိုက်တာ။ ကျုပ် မျက်စိ အဝေးမှုန် မှုန်နေတာ ကြာပြီ။ ဒီတုန်းက မိုးညှင်းမှာ မျက်မှန် ဝယ်မရလို့ မန္တလေးက ဝယ်ခဲ့ဖို့ ဘကြီးသိန်းဆီ မှာလိုက်တာလေ။ ကျုပ် ဘကြီးသိန်းဆီက မျက်မှန်ကို ယူပြီး ကပ်ကြည့်လိုက်တော့ ဆိုက်က အတော်ပဲ။ အံကိုကျလို့။ အိမ်ပြင် ခပ်ဝေးဝေးကို လှမ်းကြည့်လိုက်တော့လည်း အလျင်က ဝါးဝါးနေတဲ့အမြင်ဟာ တခါတည်းကို ကြည်လင်သွားတာပဲ။

    “ဘကြီးသိန်း ကျနော်ပေးလိုက်တဲ့ ငွေတရာနဲ့ လောက်ရဲ့လား၊ စိုက်ခဲ့ရသေးလား၊ မျက်မှန်ကတော့ သိပ်ကောင်းတာပဲဗျာ၊ ဘကြီးသိန်းကို ကျေးဇူးတင်လိုက်တာ”

    “သိတယ်၊ သိတယ်၊ မင်းပေးလိုက်တဲ့ ဒီဂရီနဲ့ မလွဲရအောင် ငါ သေသေချာချာ ဂရုစိုက်ပါတယ်ကွာ။ ငါကိုယ်တိုင် မျက်မှန်ဘုရင် ကိုချစ်ဆီမှာ အခေါက်ခေါက် အခါခါ သွားပြီး စိတ်ကြိုက်ရွေး၊ စိတ်ကြိုက်ဆစ်ပြီး လုပ်ခဲ့တာကွ၊ ရှစ်ဆယ်ပဲ ကျပါတယ်၊ အေး ကျန်တဲ့ ငွေ နှစ်ဆယ်တော့ မေ့လိုက်တော့၊ ငါသုံးပစ်လိုက်ပြီ”

    “ရပါတယ် ဘကြီးသိန်းရာ။ ဟေ့ မောင်သန်း၊ ရော့ပိုက်ဆံ၊ လက်ဖက်ရည်သွား ဝယ်ကွာ”

    ကျုပ် ဘကြီးသိန်းကို တကယ် ကျေးဇူးတင်တယ်ဗျာ။ မျက်မှန်နဲ့ ကျနော့် မျက်လုံးနဲ့က တကယ့် ကွက်တိပဲ။ ပတ်ဝန်းကျင်ကို ကြည့်ရတာ၊ တကယ့်ကို ခုမှ အားရပါးရ ပြန်ဖြစ်လာတယ်။ အဲ့ဒီအချိန်မှာ ဘကြီးသိန်းကတော့ တဖွဲ့လုံးကို ဒီမျက်မှန် ရအောင် သူ ဘယ်လို ဘယ်လို အပင်ပန်းခံပြီး သွားခဲ့လာခဲ့၊ ပြောခဲ့ဆိုခဲ့ရတဲ့ အကြောင်း အကြီးအကျယ် ရှင်းပြနေပါတယ်။ ကျုပ်လည်း ဘကြီးသိန်းကို ကျေးဇူးတင်ကြောင်း၊ သိပ်ကျေးဇူးတင်ကြောင်း၊ အများကြီး ကျေးဇူးတင်ကြောင်း၊ အလွန်လည်း အားနာပါကြောင်း ပြောပြပါတယ်ဗျာ။

    အဲ့ဒါက ဘကြီးသိန်း ရောက်တဲ့နေ့က အဖြစ်။

    နောက်နေ့ကျတော့ ဒေါ်လှမယ်တို့ အလှူမှာ ဘကြီးသိန်းနဲ့ ပြန်ဆုံတယ်။ ကျုပ်ကလည်း သူဝယ်လာတဲ့ မျက်မှန်နဲ့ စတိုင်ကို ကျလို့ပေါ့။ အလှူလာတဲ့ ဧည့်သည်တွေကလည်း အတော်ကို စည်သဗျ။

    ဘကြီးသိန်းက ကျုပ်ကိုလည်း မြင်ရော ဝမ်းသာအားရ လှမ်းခေါ်ပြီး မျက်မှန်ကို ခဏ ချွတ်ခိုင်းပြီး သူ့ဘေးမှာ ဝိုင်းထိုင်နေတဲ့သူတွေကို ပြတယ်။ အားလုံးကလည်း မျက်မှန် ကောင်းကြောင်း၊ ပုံသွက်ကြောင်း၊ မှန်သားလည်း အကောင်းစားဖြစ်ကြောင်း ပြောကြတယ်။

    ဘကြီးသိန်း ကလည်း ကျုပ်အတွက်မို့ သူ ဘယ်လို ကြိုးစားပမ်းစား အပင်ပန်းခံ၊ အချိန်ကုန်ခံပြီး ဝယ်ခဲ့ရကြောင်း ပြောပြတယ်။ ကျုပ်မှာလည်း ကျေးဇူးတင်ကြောင်း အထပ်ထပ် ပြောရပြန်တာပေါ့ဗျာ။ ဟုတ်လည်း ဟုတ်ပေတာပဲ။ ကျုပ်အတွက် သူလုပ်ခဲ့ကိုင်ခဲ့တာက သေသေသပ်သပ်နဲ့ ကွက်တိ၊ စိတ်တိုင်းကျ ဖြစ်နေခဲ့တာ မဟုတ်လား။ ဒါကို ဘကြီးသိန်းကလည်း ဂုဏ်ယူလို့ မဆုံးပဲ ခင်ဗျ။

    အဲဒီညနေက မန္တလေးက ဧည့်သည် နှစ်ယောက်နဲ့အတူ ဘကြီးသိန်း ကျုပ်အိမ်ရောက်လာတယ်။ ညနေစာ ကျုပ်ဆီမှာ စားမယ်တဲ့။ ဒါလေးများ အဆန်းလား။ ရတယ်။ သိပ်ရတယ်ပေါ့။ ချက်ချင်းပဲ ကျုပ် ဆိုင်ဟင်း ဆိုင်ထမင်းတွေ မှာပြီး စီစဉ်လိုက်ပါတယ်။ ဒါပေမယ့် အချိန်ကိုက်ကလေး ဖြစ်နေလို့ “ရမ်” တပုလင်းလောက်ရရင် သိပ်ကောင်းမယ်လို့ ဘကြီးသိန်းက ပြောတယ်။ ရတယ်။ ရပါတယ်။ အားလုံး ပျော်ပျော်ပါးပါးပေါ့။ ကျုပ် ချက်ခြင်းပဲ ပြေးအဝယ်ခုင်းလိုက်ပါတယ်။ အမြည်းတောင် ထပ်ဝယ်လိုက်သေး။ ရေခဲ၊ ဆော်ဒါလည်း အပြည့်အစုံ။ ဒါပေမယ့် သောက်ခါနီးကျမှ ကျုပ်စိတ်ထဲမှာ တခု အောင့်သွားတယ်။

    “ကဲ .. ကိုယ့်လူတို့ ချကြ။ ဘာမှ အားမနာနဲ့။ မောင်ချူးဆိုတာက ကျုပ်နဲ့ သိပ်ရင်းပါတယ်။ ပြီးတော့ ဒီတခေါက် သူ့အတွက် ကျုပ်က မျက်မှန်တလက် ဝယ်ခဲ့တာတယ်ဗျ။ ဒီမျက်မှန် မရှိရင် ဒီလူက အကန်းပဲ။ ဘာမှ ကောင်းကောင်းမြင်ရတာ မဟုတ်ဘူး။ တနေ့တတေ့ ကားတိုက်ခံရမလား၊ စက်ဘီးတိုက်ခံရမလားနဲ့ တထိတ်ထိတ် နေခဲ့ရတာ။ ဟုတ်တယ် မဟုတ်လား မောင်ချူး”
    ကဲကြည့်၊ လုပ်လာပြန်ပြီ။ ကျုပ်သူ့ကို ထမင်းကျွေးတယ်ဆိုတာက ကျုပ်တို့ မိုးညှင်းသားတွေရဲ့ စေတနာ စရိုက်ဗျ။ ဒီလိုပဲ ကျုပ်တို့ဆီက ဖော်ရွေကြပါတယ်။ သူလည်း အသိပါဗျာ။ ခုတော့ မျက်မှန်ဝယ်ပေးလို့ပဲ ကျွေးရသလိုလို၊ မှန်တာပြောရရင် ကျုပ်က နည်းနည်းတော့ အောင့်တယ်ဗျ။

    အဲ့ဒီနောက်မှာ အရက်သောက်ရင်းနဲ့ ဒီမျက်မှန်ကို သူဘယ်လို ခက်ခက်ခဲခဲ ဝယ်ခဲ့ရကြောင်း ပြောပြန်ရောဗျာ။ ဧည့်သည် နှစ်ယောက်ကလည်း မန္တလေး သားတွေပဲဗျ။ ဘကြီးသိန်းကို ထောက်ခံကြတယ်။ မန္တလေးမှာ ခုတလော မျက်မှန်ရှားကြောင်း၊ ဝယ်ရခက်ကြောင်း၊ ဈေးကြီးနေကြောင်း၊ ကျုပ်အနေနဲ့ အရတော်ကြောင်း၊ ကံကောင်းကြောင်းပေါ့ဗျာ။ လုပ်ကြတာလေ၊ ကျုပ်ကလည်း အိမ်သည် မဟုတ်လား။ ခေါင်းတညိတ်ညိတ်နဲ့ မပြုံးချင်ဘဲလည်း ပြုံးထားရ၊ ကျေးဇူးတင်ကြောင်း တွေလည်း ထပ်ပြောရနဲ့ စိတ်မပါဘဲ လုပ်နေရတယ်ဗျာ။ ကျုပ် ဒုက္ခကို ခင်ဗျားတို့ စဉ်းစားကြည့်ရင် သိပါတယ်။

    နောက်နေ့အဖြစ်ကတော့ ပိုဆိုးတယ်ဗျို့။ ကျုပ်က လက်စွက်ကလေး တကွင်း ရောင်းဖို့ ပွဲစားနဲ့ ထည့်လိုက်တာ။ ပေးတဲ့လူက ခုနှစ်ထောင် ပေးတယ်ဗျ။ အဲ့ဒါကို ဘကြီးသိန်းက သူကြိုက်တယ်ဆိုပြီး ခြောက်ထောင်နဲ့ ဖြတ်လိုက်သတဲ့။ ပွဲစားက ကျုပ်သဘောကို ပြန်မေးပါဦးမယ်ပြောတော့၊ ပြောနေစရာ မလိုပါဘူးတဲ့။ မောင်ချူးကို ပိုင်ပါတယ်တဲ့။ ဒီတခေါက် မောင်ချူးအတွက် မျက်မှန်ဝယ်ခဲ့လို့ မောင်ချူးက သူ့ကို ဘယ်လို ကျေးဇူးဆပ်ရမှန်းတောင် မသိအောင် ဖြစ်နေတာတဲ့။ ကဲ …။
    ထားတော့။ ကျုပ်က အဲ့ဒီလက်စွပ်ကို လေးထောင်နဲ့ ဝယ်ထားတာပါ။ ခြောက်ထောင်ဆိုလည်း သူကြိုက်တယ်ဆိုရင် သူ့အတွက်ဆိုရင် ဖြစ်ပါသေးတယ်။ ခုတော့ ပစ္စည်းကို မန္တလေး ရောက်အောင်တောင် မစောင့်ဘူး၊ မိုးညှင်းမှာတင် ရှစ်ထောင်နဲ့ ပြန်ရောက်လိုက်သတဲ့ဗျား။ ကဲ … ကောင်းကြရော။

    အဖိတ်နေ့ကတော့ ဈေးထိပ်က လက်ဖက်ရည်ဆိုင်မှာ ဘကြီးသိန်းနဲ့ ကျောက်ပွဲစားတသိုက် ထိုင်နေကြတာမြင်လို့ ကပျာကယာ ဈေးမြောက်ဘက်က ပတ်ပြီး လစ်ခဲ့ရတယ်။ ကျုပ်ကို မြင်သွားရင် သိတယ်မဟုတ်လား၊ ဘယ်လွယ်လိမ့်မလဲ။ ဒီမျက်မှန်အကြောင်း ပြောဦးမယ်။ ကျုပ်က ကျေးဇူးတင်ကြောင်း ပြောရဦးမယ်။ မပြောနဲ့ ကျုပ်ကိုယ်ကျုပ်တောင် နားကြားပြင်းကပ်တယ်ဗျာ။
    ကျုပ်ရှောင်ပါတယ်။ ဘကြီးသိန်းနဲ့ မတွေ့အောင် အလွန်သတိထားပါတယ်။ ကျောက်ပွဲစားပီပီ သူက တမြို့လုံး လျှောက်သွားနေတာဗျ။ ကျုပ်လည်း မြို့ပတ် ပြေးနေရတာပဲ။

    ဒါပေမယ့် သတင်းတွေက ကြားနေရတယ်ဗျာ။ ရောက်လေရာရာမှာ သူ ကျုပ်အတွက် မျက်မှန် ဝယ်လာလို့ ကျုပ်က သူ့ကို အလွန်ကျေးဇူးဆပ်နေတဲ့အကြောင်း၊ ဘယ်လို ကျေးဇူးဆပ်ရမလဲ စဉ်းစားနေတဲ့အကြောင်း။ တကယ်တမ်း တွေးကြည့်မယ်ဆိုရင် ကျုပ်အသက်ကို ကယ်ထားတယ်လို့တောင် ပြောနိုင်ကြောင်း၊ သူသာ မျက်မှန် ဝယ်မလာရင် ကျုပ်ဟာ တနေ့မဟုတ် တနေ့ ကားတိုက်ခံရမယ့် အကန်းဖြစ်ကြောင်း စုံလို့ ပါပဲဗျာ။

    ကျုပ်မျက်စိမှုန်တာ မှန်ပါတယ်။ ဒါပေမယ့် သူ့ကိုယ်သူ သိကြားမင်းလောက်ဖြစ်အောင် ပြောပြောနေတာကတော့ လွန်လာပြီဗျာ။
    နောက်ခံပြင်းတဲ့ ကိစ္စက ကျုပ်စောစောက ပြောခဲ့တယ် မဟုတ်လား။ သူပြောတဲ့ စကာေးလ။ သူ့ကို ကျုပ်က ဘယ်လို ကျေးဇူးဆပ်ရမလဲလို့ စဉ်းစားနေတယ်ဆိုတဲ့ ကိစ္စလေ။ ဘယ်လိုလဲဗျာ။ ဒီမျက်မှန် ဝယ်လာတဲ့ ကိစ္စကို ကျုပ်က စပယ်ရှယ် ကျေးဇးဆပ်နေရဥိးမတဲ့လား။ ကျုပ် သူပြောလို့ ကျွေးလည်း ကျွေးပြီးပါပြီ။ တိုက်လည်း တိုက်ပြီးပါပြီ။ ကျေးဇူးတင်ကြောင်းလည်း အထပ်ထပ် ပြောပြီးပါပြီ၊ ဒီမျက်မှန်အတွက်နဲ့ သူ့ကိုပဲ ကျုပ်က တသက်လုံး ကျေးဇူးဆပ်နေရတော့ မလိုလို၊ သူအလကား ဝယ်ခဲ့တာလည်း မဟုတ်ဘူးဗျ။ မျက်မှန်ဖိုးကို ကျုပ်က လုံလုံလောက်လောက် ပေးလိုက်တာပါ။ ပိုတဲ့ နှစ်ဆယ်တောင် သူသုံးပစ်လိုက်သေးတယ် မဟုတ်လား။ ကျုပ် သူတပါးကို ကျေးဇူးတင်ရမှာ မနှမောျပါဘူး။ မတွန့်တိုပါဘူး။ ဒါပေမယ့် ဒီကိစ္စမှာတော့ လွန်ပြီဗျာ။ ဟိုနေရာလည်း ဒီမျက်မှန်အကြောင်း၊ ဒီနေရာလည်း ဒီမျက်မှန်အကြောင်း၊ လူစုမိတိုင်း ဒီအကြောင်း ပြောပြောပြသတဲ့ဗျာ၊ နေရာတကာမှာ ကျုပ် ကြားကြားနေရတယ်။

    ကုန်ကုန်ပြောမယ်၊ ကျုပ်အိပ်မက်ထဲမှာတောင် အများရှေ့မှာ ကျုပ်မျက်မှန်ကို ချွတ်ခိုင်းပြီး သူဝယ်ခဲ့တဲ့ အကြောင်း ပြောတယ်ဗျာ၊ ကျုပ်အိပ်မက်က လန့်နိုးတယ်၊ ဇောချွေးတွေများတောင် ပြန်တယ်။

    အဲ့ … အဲ့ဒီနေ့ကတော့ ဘူတာရုံက ပြန်လာတဲ့ ကျုပ်တူ သောင်းရွှေက ကျုပ်ကို တကူးတက ဝင်ပြောတယ်။
    “လေးချူး၊ ဒီနေ့ ရထားနဲ့ ဘကြီးသိန်း မိတ်ဆွေ ခြောက်ယောက်ပါဘာတယ်၊ တလမ်းလုံးေ သာက်လာကြတယ်နဲ့ တူတယ်၊ ဘူတာရုံမှာ ဘကြီးသိန်း လာကြိုတော့ ဆူညံနေတာပဲ၊ အဲ့ဒါ ဘကြီးသိန်းက ပြောနေတယ်၊ တည်းခိုစရာ အခက်အခဲ ရှိနေရင်ပြောတဲ့၊ သူ့အဖွဲ့ မောင်ချူးဆိုတာ ရှိတယ်တဲ့။ အဲ့ဒီမှာ တည်းနိုင်အောင် လိုက်ပြောပေးမယ်တဲ့၊ သူလည်း အိမ်ပြောင်းပြီး လိုက်တည်းမယ်ဆိုပဲ၊ ဟိုလူတွေက အင်တင်တင်လုပ်နေတာကို ဘကြီးသိန်းက အားနာစရာ မဟုတ်ဘူးတဲ့၊ မောင်ချူးဆိုတာက သူ့ကျေးဇူး အများကြီး ရှိပါတယ်တဲ့”

    “အေး … ကိစ္စမရှိဘူး၊ လာကြပါစေကွာ”

    ကျုပ်အတွက် အန္တရာယ် ရှိလို့ လာပြောရှာတဲ့ သောင်းရွှေတောင် အတော်အံ့ဩသွားတယ်။ ပြီးတော့ နှုတ်ဆက်ပြီး ထွက်သွားတယ်၊ ရထားဆိုက်ပြီးလို့ နှစ်နာရီလောက်ကြယတ်၊ ဘကြီးသိန်းတို့ ပေါ်မလာကြဘူး။ နောက်မှ သိရတာပါ၊ အရက်ဆိုင်မှာ ဝင်သောက်နေကြတာတဲ့။ ဘယ်လောက်ကြည်ညိုစရာကောင်းတဲ့ လူတွေလဲ။

    ညနေ လေးနာရီလောက်ကျမှ ဘကြီးသိန်းနဲ့ ဧည့်သည် ခြောက်ယောက်က ကျုပ်အိမ်ရှေ့ကို ရောက်လာကြတယ်၊ အတော်မူးနေကြပြီ၊ ကျုပ်ကတော့ အိမ်ရှေ့က ထွက်စောင့်နေတာပါ။

    ကျုပ်နဲ့ ဘကြီးသိန်း မျက်နှာချင်းလဲ ဆိုင်မိရော ကျုပ် သူဝယ်လာတဲ့ မျက်မှန်ကို တပ်ထားရာက ချွတ်ပြီး၊ မြေကြီးပေါ်ချပြီး ဖနှောင့်နဲ့ လေးချက်လောက် ပေါက်ပစ်လိုက်တယ်။

    ဘကြီးသိန်းတို့အဖွဲ့ ကြက်သေသေနေကြတယ်။

    “ကဲ … ဘကြီးသိန်း တွေ့ပြီ မဟုတ်လား။ ခင်ဗျားကို မျက်မှန် ဝယ်ခိုင်းမိတဲ့အတွက် ကျုပ်တောင်းပန်ပါတယ်။ နောက်လည်း ဘယ်တော့မှ ဘာမှ အဝယ်မခိုင်းဝံ့တော့ပါဘူး။ ကျုပ်အိမ်လည်း ဘယ်တော့မှ မလာပါနဲ့တော့။ ဒါပါပဲ။”

    ကျုပ်စိတ်ကို ချုပ်ပြီး ဒီလောက်ပဲ ပြောပါတယ်။ စကားလည်း ဆုံးရော အိမ်ထဲဝင်ခဲ့ပြီး တံခါး ပိတ်ထားလိုက်ပါတယ်။
    ဘကြီးသိန်းတို့ တယောက်တပေါက် ဘာတွေ ပြောကြမသိဘူး။ ပြောကြပြီး ကျုပ်အိမ်ရှေ့က ထွက်သွားတယ်။

    အဲ့ဒါ ကျုပ်နဲ့ ဘကြီးသိန်းရဲ့ နောက်ဆုံး ဆက်ဆံရေးပါပဲ။ ဒါတောင် မန္တလေး ပြန်ရောက်တော့ ပြောနေသေးသတဲ့။

    “ဗျာ .. မိုးညှင်းက မောင်ချူးဆိုတဲ့သူ အတော်ဆိုးတယ်။ သူ့အတွက် စေတနာနဲ့ ဝယ်ပေးတဲ့ မျက်မှန်ကို သူနဲ့လည်း ကိုက်ရဲ့သားနဲ့ ဘာစိတ်ပေါက်သွားတယ် မသိပါဘူး။ ရိုက်ခွဲပလိုက်တယ်။ ဒီလူ ရူးသွားပြီ ထင်တယ်” တဲ့။

    တကယ် တရားရဖို့ ကောင်းပါတယ်ဗျာ။

    ဝင်းဖေ
    ၁၉၈၉၊ ဩဂုတ်၊ ရွှေအမြုတေ မဂ္ဂဇင်း။

    (တခါတခေါက်လေး မဆိုစလောက် ကူညီဖူးရုံနဲ့ ကျေးဇူးဆိုတာ တသက်လုံး ဆပ်ရမယ်လို့ အောင့်မေ့နေပြီး အနိုင်ကျင့် ဗိုလ်ကျချင်သူတွေနဲ့ ကြုံတွေ့နေရတဲ့ ဘဝတွေအတွက် ဝင်းဖေရဲ့ မျက်မှန် ဝတ္တုတိုလေးကို ဒိုင်ယာလော့နှင့် အခြားဝတ္တုတိုများ စာအုပ်ကနေ ပြန်လည် ကူးယူ ဖော်ပြပါတယ်။)

    အညာနွေတမာမြေမှကူးယူဖေါ်ပြပါသည်
    http://nldlanagoya.blogspot.com/2010/08/blog-post_14.html

    • စေပိုင်ထွဋ် (ပုသိမ်)

      February 16, 2012 at 5:48 pm

      ဖတ်ဖူးတဲ့ ဝတ္ထုတိုကို နှစ်ခါဖတ်ရတော့
      ပိုမှတ်မိတာပေါ့နော် ကျေးဇူးပဲ

  • blackchaw

    February 16, 2012 at 3:15 pm

    ဝတ္ထုလေးအတွက် ကျေးဇူးတင်ပါတယ် သူကြီးရေ။
    အဲဒီဝတ္ထုတိုလေးကို ဇာဂနာကလည်း ဗီဒီယို ရိုက်ခဲ့ဘူးတယ်ဗျ။
    ကျွန်တော်က မဟေသီတွေသွားလှန်နေတာ
    ရွှေအမြုတေ က ဝတ္ထုဖြစ်နေတာကိုး။
    မိုက်တယ်ဗျာ။ 😆

    • char too lan

      February 16, 2012 at 4:22 pm

      နက္ခတ္တရောင်ချည်ဖြစ်လဲ မဟေသီတွေပဲ သွားလှန်မှာ မဟုတ်လား ?? :mrgreen:

  • nozomi

    February 16, 2012 at 3:17 pm

    သူကြီးရေ အခုမှ ဖတ်ဖူးတယ်ဗျ
    ညွှန်းတဲ့ ဆရာချောရော တင်ပေးတဲ့ ဆရာခိုင်ရော လွှတ်ကျေးဇူးတင်ဗျာ
    ရေးထားတဲ့နှစ်တွေ ဘယ်လောက်ကြာကြာ ခေတ်နဲ့ အံဝင်တကျဖြစ်နေသေးတဲ့ ခေတ်မီတဲ့ ဝတ္ထုတို တစ်ပုဒ်ပါပဲ

    တော်သေးရဲ့ ဆရာချော နဲ့ ဆရာခိုင် မို့ ဘကြီးသိန်းသာဆို
    ငါ ညွှန်းလို့ ငါတင်ပေးလို့ ဒီကောင်ဖတ်ရတာပါကွာ ဆိုပြီး တသက်လုံးပြော ရင်း မရှိမဲ့ ရှိမဲ့ ပွိုင့်တွေ အနိုင်ကျင့်ယူချင် ယူနေမှာ

    • kai

      February 17, 2012 at 12:32 am

      ဆရာဦးဝင်းဖေက..ဒိုင်ယာလေ့ခ်တွေသိပ်ကောင်းပေါ့..။ သူ့..အင်တာဗျူးလုပ်ဖူးတယ်.. .အဲဒီထဲ.. အနုပညာဆိုတာ.. (တိုတိုခြုံပြေန်ပြောရရင်) အားထည့်ပြီးအတင်းကြီးမလုပ်ရဘူးလို့ပြောသွားခဲ့တာ…။ မှတ်သားဖွယ်သုတပါ..

      ကျေးဇူးတွေကျန်အောင်.. ရှာတင်ပေးဦးမယ်..။
      ရပါတယ်..အေးဆေးပေါ့.. နောင်ဘဝမှဆပ်.. 😆

Leave a Reply