ဒီတစ်ခေါက်တော့ ကျောင်းသားဘ၀ထဲက၀ါသနာကြီး မြစ်ကူးချောင်းဖျားသွားသွားပီး ဗေဒင်တွေမေးလွန်းလို့ အိမ်က မုန့်ဖိုးဖြတ်ခံထိခဲ့သူပီပီ လေ့လာမှတ်သားထားတဲ့ ချစ်စရာကောင်းတဲ့ Magic Spell လေးများကို မျှဝေပေးလိုက်ပါတယ်.

ဆြာမဂျီး Wow ၏အစွမ်းထက်မြက်သော ဂါထာမန္တယားများ (ဟီ ဟီ့ ယုံလွယ်သူများ လုပ်ကြည့်ကြပေါ့ :D )

လိုတရအစီအရင်ဂါထာ

တစ်စုံတစ်ယောက်ရဲ့ ဆန္ဒတစ်စုံတစ်ရာဟာ လက်လှမ်းမမှီနိုင် မဖြစ်နိုင်ဘူးလို့ ခံစားနေရတဲ့အခါမှာ ဒီအစီအရင်လေးက အသုံးဝင်ပါလိမ့်မယ်.
ပြင်ဆင်ထားဖို့လိုမယ့် ပစ္စည်းလေးများကတော့…
-အပြာ (သို့) အဖြူရောင် ဖရောင်းတိုင်
-စာရွက်တစ်ရွက်
-ဘောပင်တစ်ချောင်း
-မိမိဆန္ဒဖြစ်လာရမယ်ဆိုတဲ့ယုံကြည်မျှော်လင့်ချက်တစ်ခုရယ်ပါ။

ဒါတွေပြင်ဆင်ပြီးရင်တော့ မိမိဖြစ်ချင်တဲ့ဆန္ဒကို စာရွက်ပေါ်မှာရေးပါ။ အောက်မှာ မိမိအမည်၊ မွေးသက္ကရာဇ်ကိုရေးပြီး အောက်ပါစာသားများကိုပါရေးပါ။

“မယုံကြည်မှုများ အဝေးသို့ လွင့်စင်သွားပြီးဖြစ်လို့ ကျွန်ုပ်၏လိုအင် ဖြစ်လာရမည်ကို အမြဲယုံကြည်ပါမည်ဟု ကတိပြုပါသည်။ ထို့ကြောင့် အကျွန်ုပ် ဆန္ဒပြင်းပြစွာတောင်းတအပ်သော လိုအင်ကို ပေးသနားပါ”

ထို့နောက်စာရွက်ကို ၃ခေါက်ခေါက်ပါ။ ဖရောင်းတိုင်မီးညှိပြီး အထက်ပါ Spell ကိုထပ်ခါ ထပ်ခါရွတ်ရင်း ၃ခေါက်ခေါက်ထားသောစာရွက်ကို မီးရှို့ပါ။ ဖရောင်းတိုင်ကုန်သွားတဲ့အထိ လောက်ကျွမ်းပါစေ။

မှတ်ချက်
မိမိဆန္ဒမှာ တစ်ပါးသူကိုမထိခိုက်သော white wish magic မဟုတ်လျှင်သော်လည်းကောင်း၊ ၀ိဥာဉ်များမှ ထိုအရာမှာ မိမိအတွက် အမှန်တကယ်လိုအပ်သောအရာမဟုတ်ဟု ယူဆခဲ့လျှင်သော်လည်းကောင်း တစ်ခါတစ်ရံ မိမိဆန္ဒပြည့်ဝရန် အချိန်အတော်ကြာစောင့်ရလိမ့်မည်။

ငွေရဂါထာနှင့်အစီအရင်

ပြင်ဆင်ထားရမယ့်ပစ္စည်းလေးတွေကတော့ အောက်ပါအတိုင်း…

ကမ္ဘာကြီးက မီး၊ရေ၊လေ၊မြေ ဓာတ်ကြီးလေးပါးနဲ့ဖွဲ့စည်းထားတာမို့ အဲဒီ့ဓာတ်ကြီးလေးပါး ကိုယ်စားပြု ဖရောင်းတိုင်များလိုပါလိမ့်မယ်.

-အစိမ်းရောင်ဖရောင်းတိုင် ၁ တိုင် ( မြေ နှင့် ငွေ ကိုယ်စားပြု)
-အဖြူရောင်ဖရောင်းတိုင် ၁ တိုင် ( သန့်စင်မှု နှင့် ၀ိဥာဉ် ကိုယ်စားပြု)
-အနီရောင်ဖရောင်းတိုင် ၁ တိုင် ( မီး ဓာတ် ကိုယ်စားပြု)
-အပြာရောင်ဖရောင်းတိုင် ၁ တိုင် ( ရေ ဓာတ် ကိုယ်စားပြု)
– အ၀ါ(သို့)ရွေရောင်ဖရောင်းတိုင် ၁ တိုင် ( လေ ဓာတ် ကိုယ်စားပြု)
-မိမိဆံပင်ဖြတ်စအနဲငယ်
-ပိတ်စနှင့်ချုပ်ထားသော အ၀တ်အိပ်ငယ်တစ်ခု
-အခင်းတစ်ခု
-မိမိအစီအရင်အပေါ်ယုံကြည်သောစိတ်
-magic spell ကို အလွတ်ကျက်ထားရန်

အထက်ပါအချက်များပြည့်စုံလျှင် အခင်းကို သင့်တော်သောနေရာတစ်ခုတွင်ခင်းပြီး အဖြူရောင်ဖရောင်းတိုင်ကိုထိပ်ဆုံး နှင့် အခြား အရောင်ဖရောင်းတိုင်များကို ဆက်လက်ပြီး စက်ဝိုင်းပုံစံနေရာချပါ။ ထိုစက်ဝိုင်းအလယ်တွင် အ၀တ်အိပ်ငယ်ကို အောက်ကခံပြီး မိမိဆံပင်စကလေးများကို အပေါ်တင်၍ နေရာချပါ။ ဖရောင်းတိုင်များကို မီးညှိပါ။ ပြီးလျှင် မိမိဆံစလေးများကို ကောက်ကိုင်ပြီး အစိမ်းရောင်ဖရောင်းတိုင်ကို စူးစိုက်စွာအာရုံပြုပြီး အောက်ပါ Spell ကို ရွတ်ဆိုပါ။

“မျှတသောတောင်းဆိုချက်ကြောင့် ဤဆံချည်မျှင်ဖြင့် ကျွန်ုပ်သည် ချမ်းသာလာအံ့။ သိကြားသော ၀ိဥာဉ်များအား အလေးအနက်ပြောလိုခြင်းမှာ ကျွန်ုပ် ငွေလိုနေပါသည်။ အို အသင်တို့ ကျွန်ုပ် ယနေ့ပင် ငွေရလိုပါသည်။”

အစိမ်းရောင်ပြီးလျှင် အဖြူ၊အပြာ၊အနီ၊အ၀ါ(သို့)ရွေရောင် ဖရောင်းတိုင်များကို အစဉ်အတိုင်း စူးစိုက်အာရုံပြု ရွတ်ဆိုပါ။
အားလုံးပြီးသွားလျှင် ထိုဆံစလေးများကို အ၀တ်အိမ်ငယ်အတွင်းသို့ထဲ့ပြီး အောက်ပါအတိုင်း ရွတ်ဆိုပါ။

“ငါချမ်းသာလာတော့မည်။ ငါကျမ်းမာလာတော့မည်။ ဤဆံချည်မျှင်ဖြင့် ငါငွေတွေရလာတော့မည်။ ဤကား ငါ၏ မျှတသောတောင်းဆိုချက်ဖြစ်သည်။”
ထိုဆံချည်မျှင်အ၀တ်အိပ်ကို သင်သွားလေရာယူဆောင်သွားပါ။

တစ်နေ့တာ(၂၄နာရီ)ကံကောင်းစေသောဂါထာ

သင့်မျက်လုံးကိုမှိတ်လိုက်ပါ။ စိတ်အာရုံတွေကိုစုစည်းပြီး တည်ငြိမ်လာသည်အထိစောင့်ပါ။ ပြီးလျှင်အောက်ပါအတိုင်း ထပ်ခါထပ်ခါရွတ်ဆိုပါ…
“အို သန့်ရှင်းသောဝိဥာဉ်များ၊ မြေကမ္ဘာကြီး၊ လေဓာတ်၊ ရေဓာတ် နှင့် မီးဓာတ် စွမ်းအားများ ကျွန်ုပ်ထံသို့လာလော့… ကျွန်ုပ်လိုအင်များအား ဖြည့်ဆည်းလော့… ကံကောင်းချင်းများအား ကျွန်ုပ်ထံသယ်ဆောင် လာကြလော့… ကျွန်ုပ်လိုအင်များအား အခက်အခဲမရှိပြည့်စုံစွာ ဖြည့်ဆည်းလော့… ဤတန်ခိုးစွမ်းအားသည် ကျွန်ုပ်၏တစ်ကိုယ်လုံးအား တစ်နေ့တာလွမ်းခြုံစေ၍ သန်းခေါင်လွန်မြောက်မှ အဝေးသို့ထွက်ခွာစေသတည်း… ကျွန်ုပ်၏ ကံကောင်းခြင်းများ ယခုမှစတင် သက်ဝင်စေသတည်း…”

ပြီးရင်တော့ တစ်နေ့တာ ၂၄နာရီ ကံကောင်းပြီလုပ်ချင်တာလုပ်တော့။

ဟီး ဟီး မြှောက်တော့ပေးလိုက်ပီ။ အကြောင်းဆိုးရင်တော့ အပြစ်တင်ရ၀ူးနော်…. :D

အချစ်ဂါထာ

ဒီ Spell ဟာ လပြည့်နေ့များမှာပိုမိုထိရောက်တတ်ပါတယ်။ သင်နှင့်သင့်ချစ်သူတို့၏ပုံများကို မျက်နှာချင်းဆိုင်ထပ်၍ စက္ကူကလစ်ဖြင့် တွဲညှပ်ပါ။
အနီရောင်ဖရောင်းတိုင် တစ်တိုင်ကိုထွန်းညှိပြီး သင်နှင့်သင့်ချစ်သူပုံတွဲချုပ်ထားသော ပုံလေးကို ဖန်တုံးတစ်တုံးဖြင့် ဖိပြီးချထားပါ။ ပြီးလျှင်အောက်ပါ Spell ကို ကိုးခေါက်တိတိ ရွတ်ဆိုပါ။

“ကျွန်ုပ်ထက်မြင့်မားသော တန်ခိုးစွမ်းအားများအား ပန်ကြားပါ၏
ကျွန်ုပ်၏ရင်တွင်းလွမ်းမိုးချုပ်ကိုင်ထားသော အိမ်မက်များအားနိုးထပါရန်
အဆိုပါဆက်သွယ်မှုသည် ကျွန်ုပ်လိုအင်ကိုသိပါသော်လည်း
ပြုစားသောအချစ်ကို အမြန်ဆုံးကျွန်ုပ်ထံရောက်ရှိရန် တောင်းဆိုပါ၏
ကျွန်ုပ်ယနေ့လိုအပ်နေသော အချစ်အတွက် အကောင်းမွန်ဆုံးနည်းအားဖြင့် ဆွဲဆောင်ခြင်းဖြစ်ပါစေသတည်း…
ကျွန်ုပ်အတွက် ပြည့်စုံသော အချစ်နှင့်ယုံကြည်မှုကို ပို့ဆောင်ပေးရန် တောင်းဆိုပါ၏
ကျွန်ုပ်၏မှန်ကန်သောတောင်းဆိုမှုကြောင့် နစ်နာခြင်းတစ်စုံတစ်ယောက်မှာမှ မရှိဘဲ အားလုံးကူညီထောက်မ ကြစေသတည်း”

အထက်ပါ Spell ကို ပြုလုပ်ပြီး မကြာခင် မိမိချစ်သူမှ မိမိကို စာရေးသားခြင်း၊ ဖုန်းခေါ်ခြင်း အားဖြင့် ပြန်လည် ဆက်သွယ်လာလိမ့်မည်ဖြစ်ကြောင်း ဂါထာရှင်မှ ပြောဆိုထားပါသည်။ (နာတော့ပြောဝူးနော် :D )

စိတ်ဝင်စားသူများစမ်းကြည့်ပြီး ဖြစ်ရင်လဲပြောပေါ့နော်…

About Wow

has written 62 post in this Website..