လွန်ခဲ့တဲ့ ရက်တစ်ရက် (၁၀-၀၂-၂၀၁၂) က မန္တလေးမြို့ လမ်းတစ်နေရာမှာ ယာဉ်တိုက်မှု တစ်ခု ဖြစ်ပါတယ်။ လမ်းဘေးက ယာဉ်ရပ်နားရာ နေရာကနေ ထွက်လာတဲ့ မိန်းကလေးတစ်ယောက် စီးလာတဲ့ ဆိုင်ကယ်ကို လမ်းအတိုင်း မောင်းလာတဲ့ Light Track ကားတစ်စီးက ဝင်တိုက်မိတာပါ။ အတိုက်ခံရတဲ့ ဆိုင်ကယ်က ကျိုးပဲ့ပျက်စီးကာ စီးလာတဲ့ မိန်းကလေးက ခြေဖမိုးက အရေပြားလံကာ ခြေထောက်က သွေးသံ တရဲရဲ ဖြစ်နေပေမယ့် တိုက်တဲ့ကား ယာဉ်မောင်းသူက ဆေးရုံဆေးခန်း လိုက်ပို့ပေးဖို့ နေနေသာသာ “တိုင်ချင်ရာတိုင်” ဆိုပြီး မောင်းထွက်သွားလို့ ဘေးက လူတွေက ကားနံပါတ် လိုက်မှတ်ပေးကာ တိုက်သွားတဲ့ ကားနံပါတ်ကို မှတ်ထားလိုက် နိုင်ကြပါတယ်။ အဲဒါ သွေးသံတရဲရဲ ဖြစ်နေတဲ့ လူနာကို ဆေးရုံဝိုင်းပို့ပေးကြပြီး ယာဉ်ထိန်းတပ်ဖွဲ့ ကို ဖုံးဆက်တိုင်တော့ တပ်ကြပ်အဆင့်ရှိတဲ့ ယာဉ်ထိန်းတစ်ယောက် ကားတစ်စီးနဲ့ အခင်းဖြစ်နေရာကို ဦးဆောင် ရောက်လာပြီး ပတ်ဝန်းကျင်ကလူတွေကို နဲနဲ မေးမြန်း စစ်ချက်ယူကာ အတိုက်ခံရတဲ့ ဆိုင်ကယ်ကို ကားပေါ်တင်ယူသွားကာ သွားပါတယ်။ ကံကောင်းချင်တော့ တိုက်မောင်းထွက်သွားတဲ့ သူကို မြင်တွေ့ကာ ဘယ်မှာနေတယ်ဆိုတာ သိတဲ့သူက ယာဉ်တိုက်မှု ဖြစ်သွားတဲ့ ပတ်ဝန်းကျင်မှာ ရှိနေတော့ ရဲကို သတင်းပေးနိုင်ခဲ့ပါတယ်။ တွေ့လိုက်၇သူတွေကတော့ “တိုင်ချင်ရာတိုင်” ဆိုနိုင်မှတော့ အပိုင်တော့ ရှိမှာပေါ့လေတဲ့။ နောက်တစ်နေ့မှာ တိုက်သွားတဲ့ ယာဉ်မောင်းသူရဲ့ မိသားစုက အတိုက်ခံရတဲ့ မိသားစု ဆီဆက်သွယ်လာပြီး ဘာလုပ်ပေးရမလဲတဲ့လေ။ တိုက်တုန်းကလည်း သွေးသံတရဲရဲ လူနာကို ဒီအတိုင်းထားခဲ့ပြီး လက်ရှိမှာလည်း ဆေးရုံပေါ်က လူနာကို လုပ်ပေးနိုင်စရာ အများကြီး ရှိနေပေမဲ့၊ မိသားစုဆီလာပြီး ဘာလုပ်ပေးရမလဲ မေးလာတော့ မိသားစုနဲ့ သက်ဆိုင်သူတွေက လူနာအတွက် လုပ်စရာ ရှိတာလည်း လုပ်ပြီးပါပြီ။ ကျန်တာတော့ ဥပဒေ အတိုင်းပဲသွားပါလိမ့်မယ်ဆိုလိုက်တော့ ဒီလို ရုံးဘာညာမရောက်အောင် ညှိချင်တာပါတဲ့။ အဲဒါ ဒီဖက်က ရဲလည်း တိုင်ထားပြီးပါပြီ။ တိုက်ခံရတဲ့ ဆိုင်ကယ်ကိုလည်း ယာဉ်ထိန်းတပ်ဖွဲ့က အမှုအတွက် ယူသွားပါပြီ ပြောလိုက်တော့ …. ရတယ်၊ လောလောဆယ်မှာ ရဲကို တားထားတယ်တဲ့။ (သြော် …. ရဲလုပ်ငန်းကိုတောင် တားနိုင်တဲ့ စွမ်းသူတွေလေ။ ရဲက တိုက်တဲ့သူကော၊ တိုက်မောင်းသွားတဲ့ ကားကိုရော မဖမ်းပဲ တိုက်ခံရတဲ့ လူနာရဲ့ ဆိုင်ကယ်ပဲ ရဲစခန်းမှာ ထားထားတာဗျ။ ) အဲဒါနဲ့ လူနာဖက်က ဒါဆိုရင်တော့ ရဲစခန်းရောက်သွားပြီဖြစ်တဲ့ ဆိုင်ကယ်ကို အသစ်တစ်စီးပြန်ပေးရင်၊ လူနာလက်ရှိကုန်ကျထားတာလေးတွေ ပြန်ရရင်တော့ ဖြစ်တယ်လို့လည်းပြောလိုက်ရော မြန်မာ့ တပ်မတော်က ဗိုလ်ကြီးအဆင့်ရှိတဲ့ သူတစ်ယောက် (မန္တလေးနန်းတွင်းက တပ်တစ်ခုက) ချက်ချင်းရောက်လာပါလေရောဗျာ။ ဒီဗိုလ်ကြီးခဗျာ ရုံးချိန်ကြီးမှာ နိုင်ငံတော်နဲ့ တပ်မတော်အလုပ်တွေပဲ ထားခဲ့တာလား။ ခွင့်နဲ့ပဲ လိုက်လာတာလားမသိပေမယ့် IPaid ကြီးမှာ ယာဉ်ထိမ်းဆီက ယူလာတယ်ဆိုတဲ့ ဓါတ်ပုံတွေ ထည့်လာပြပြီး ဘယ်သူမှားလဲ လာလုပ်ပါတယ်။ လူနာဖက်က သူတွေက ဒါကတော့ ယာဉ်ထိန်းတပ်ဖွဲ့ကပဲ သိမှာမို့ အမှားအမှန်က ရဲစခန်းကျမှ သိရမှာပါ ပြောလိုက်ရပါတယ်။ လူနာရှင်ဖက်က ယာဉ်ထိန်းတပ်ဖွဲ့ဆီ အမှုကိစ္စ လိုက်မေးတော့ အမှုမဖွင့်သေးပါတဲ့ဗျာ။ တိုက်သွားတဲ့ ကားကလည်း အပြင်မှာ အေးအေးဆေးဆေး မောင်းလျှက်ပါပဲ။ ဒါနဲ့ ဒီဖက်က ရဲကို အမှုဖွင့်ပေးပါလို့ ပြောမှာ ရဲက အမှုဖွင့်ပေးလိုက်ပါတယ်။ ဒီအမှု ဘယ်လိုဖြစ်လာလေမလဲ ဆိုတာကတော့ တရားရုံးရောက်မှ သိရမှာ ဖြစ်ပေမဲ့ – – တိုက်မိပြီး သွေးသံတွေနဲ့ လူနာကို ထားကာ မောင်းထွက်သွားတာရယ် – ယာဉ်တိုက်မှုဖြစ်လို့ ရဲကိုအကြောင်းကြားလို့ ရဲက လာစစ်ကာ အတိုက်ခံရတဲ့ ဆိုင်ကယ်ကိုတောင် ယူသွားပေမယ့် တိုက်သွားတဲ့ ကားကလည်း အပြင်မှာ အေးအေးဆေးဆေး မောင်းလျှက်ရှိနေတာရယ်၊ – ရဲက တိုက်တဲ့သ၊ူ တိုက်တဲ့ကား တွေ့နေသိနေ၊ သတင်းပေးတာတောင် အမှုမဖွင့်တာရယ် – ယာဉ်တိုက်မှုတစ်ခုကို တပ်မတော်က ဗိုလ်ကြီးအဆင့်ရှိတဲ့ သူတစ်ယောက်က အမှုကိုကျေအေးအောင် ပါဝင် လိုက်လုပ်နေတာရယ် ………………… က သြော် ……………………………. ကျွန်တော်တို့ ဒီမိုကရေစီ နိုင်ငံကြီးမှာ တစ်ကယ်ဖြစ်နေလေရဲ့ဗျာ။

About Diamond Key

Sein Thort has written 64 post in this Website..

ပွင့်လင်းလွတ်လပ်စွာ ရေးသားဖေါ်ပြခွင့်ရခြင်း၊ ဖတ်ရှုခွင့် ရခြင်းများကို အလွန် နှစ်သက်သဘောကျသည်။ သို့သော် ထိုအခွင့်အရေးကို သုံးကာ သူတပါးအား နစ်နာရန် မမှန်မကန် ပြုမူခြင်းမျိုးကို မနှစ်သက်။ မိမိစာတစ်လုံးသည် အများသူငါ အတွက် တစ်စုံတရာ အကျိုးပြုနိုင်ပါစေ။