မြန်မာမိုဘိုင်းတွေ ဖောရိန်းမှာ သုံးနိုင်တော့မည်။

chitkayJune 4, 20101min430

အရှေ့တောင် အာရှနိုင်ငံများ ဖြစ်သော မလေးရှား၊ ထိုင်းနှင့် စင်ကာပူ နိုင်ငံများထိ မြန်မာ ဂျီအက်စ်အမ် ဖုန်းများ ယူဆောင် အသုံးပြုနိုင်ရန် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ယခုနှစ် အတွင်း စီစဉ်နေကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မိုဘိုင်းဌာန (ရွှေဂုံတိုင်) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ မြန်မာနိုင်ငံ ပြင်ပမှာ သုံးနိုင်အောင် စမ်းသပ်နေတာ တော့ မှန်တယ်။ ဒီနှစ်ထဲမှာတော့ အကောင်အထည် ဖော်ဖို့ မလွယ်သေးဘူး။ အဲဒီ အစီအစဉ်က ကြာဦး မယ်ဟု ၎င်းကဆိုသည်။ လက်ရှိ ပြည်တွင်း၌ အသုံးပြုနေသော ဂျီအက်စ်အမ်ဖုန်းများကို မလေးရှား နိုင်ငံသို့ ယူဆောင်သုံးစွဲနိုင်ရန် စတင် စမ်းသပ်မှုများ ပြုလုပ်နေကြောင်း ဂျီအက်စ်အမ် ဖုန်းများသည် မြန်မာဆက်သွယ်ရေး လုပ်ငန်းမှ အရေအတွက် အများဆုံး ချထားပေးသောကြောင့် မြန်မာနိုင်ငံ ပြင်ပ တွင် အသုံးပြုနိုင်ရန် စီစဉ်နေကြောင်း မြန်မာ ဆက်သွယ်ရေး လုပ်ငန်းထံက သိရသည်။ အခုမိုဘိုင်းဖုန်း ဈေးကွက်မှာ ဂျီအက်စ်အမ် WCDMA၊ဆယ်လူလာ အခုဆို ငါးသိန်းတန်ဖုန်း၊ ကတ်ဖုန်းတွေ ရှိလာတယ်။ မိုဘိုင်းဖုန်းတွေ အပြိုင်ရှိလာတော့ ဈေးတွေလည်း ကျလာတယ်။ အဲဒီထဲမှာ ဂျီအက်စ်အမ် ဖုန်းတွေက တော့ ထင်သလောက်ဈေးမကျဘူး။ ပြည်ပထိ အသုံးပြုလို့ ရလာမယ် ဆိုရင်တော့ ဈေးပိုကောင်းလာနိုင် တယ်ဟု မိုဘိုင်းဖုန်း အကျိုးဆောင်များ အခြေစိုက်ရာ အနော်ရထာလမ်းနှင့် လမ်း ၄ဝ ထောင့်ရှိ ဖုန်း အကျိုးဆောင် တစ်ဦးက ပြောသည်။ ရန်ကုန်မြို့တွင် ဂျီအက်စ်အမ် ရေဒီယို စခန်းသစ် ၃၃ ခု တည် ဆောက်ပြီး လိုင်း ၈၀ဝ၀ဝ တိုးချဲ့မည်ဖြစ်ကြောင်း ၊ အဆိုပါ လိုင်းသစ်များ တိုးချဲခြင်းအပြင် ဂျီအက်စ် အမ် ဖုန်းလိုင်းဆွဲအားများ ကောင်းမွန်စေရေးအတွက် MCS ဆက်သွယ်ရေးပင်မ စခန်း ခံနိုင်ဝန်မြှင့်ခြင်း၊ BTS စခန်း ကိုးခု တပ်ဆင်ခြင်းနှင့် CU (Carrier Unit) ၉၂ခု တိုးမြှင်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံပိုင်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်မတိုင်မီ တယ်လီဖုန်း အိတ်ချိန်းပေါင်း ၂၄၅ ခု ရှိရာ ယခုတွင် အိတ်ချိန်းပေါင်း ၈၈ရ ခုရှိပြီး အော်တိုတယ်လီဖုန်း၊ လက်သံတယ်လီဖုန်းနှင့် မိုဘိုင်းဖုန်းအရေအတွက် ၇၃၄၂၁၉ လိုင်း ရှိနေပြီဖြစ်သည်။