“Hack ချင်ရင် Disk ထဲမှာရှိတဲ့ Data တွေကိုလည်းကြည့်” ဟု ရွှေညဝါ ဆရာတော်မိန့်

Wai PhyoeFebruary 17, 20121min590

ချင်းမိုင် (မဇ္ဈိမ) ။        ။ သံဃာအပါး ၉၀ဝ ကျော်ရှိသည့် ရန်ကုန်တိုင်း ကြည့်မြင်တိုင် သာဓုပရိယတ္တိ စာသင်တိုက်၏ တိုက်ကြပ်ဆရာတော်ဖြစ်သည့် ရွှေညဝါ ဆရာတော် (ခေါ်) အရှင်ပညာသီဟက မိမိကို
ကျောင်းတိုက်မှ ဖယ်ရှားခိုင်းခြင်းသည် စာသင်သား သံဃာများနှင့် သာသနာပြုလုပ်ငန်းများအတွက် အခက်တွေ့စေနိုင်ကြောင်း ကွန်ပျူတာ အသုံးအနှုန်းဖြင့် “ကျုပ်ကို Hack (ကွန်ပျူတာ ထဲသို့ဝင်ရောက် အချက်အလက်များ ခိုးယူ၊ ဖျက်ဆီးပစ်ခြင်း) ချင်ရင် ကျုပ် Disk ထဲမှာရှိတဲ့ Data တွေကိုလည်း ကြည့်ဖို့လိုပါတယ်ဗျ။ Data တွေက ဘယ်လောက်ရှိနေသလဲ၊ ဘယ်လောက် ကြီးသလဲဆိုတာလဲ နည်းနည်းကြည့်ကြဦးပေါ့ဗျ။” ဟု ပြောဆို တုန့်ပြန်လိုက်သည်။

ရွှေညဝါ ဆရာတော်သည် ဗုဒ္ဓဘာသာနှင့် မသက်ဆိုင်သော အသုံးအနှုန်းများကို တရားပွဲများအတွင်း ထည့်သွင်း
ဟောပြောသည်ဟူသည့် အကြောင်းပြချက်ဖြင့် ၂ဝ၁ဝ ဖေဖေါ်ဝါရီလမှစ၍ တရားပွဲ တနှစ်ပိတ်ခံခဲ့ရသည်။ သို့သော် ၂ဝ၁ဝ စက်တင်ဘာလ အတွင်းက မန္တလေးတိုင်း NLD ရုံးတွင် တရားဟောသည်ဟု စွပ်စွဲချက်ဖြင့် ကြည့်မြင်တိုင်ရှိ သာဓု ပရိယတ္တိ ကျောင်းတိုက်မှ ဖယ်ရှားရန်နှင့် ကျောင်းတိုက်တွင်း မည်သည့်သင်တန်းမှ မပြုလုပ်ရန် မဟန မှ ဒီဇင်ဘာလ ၁၂ ရက်နေ့က စာပေးပို့ ညွှန်ကြားခဲ့သည်။

ထိုညွှန်ကြားစာအရ ရွှေညဝါ ဆရာတော်မှ ကျောင်းတိုက်အတွင်း ဆက်လက် သီတင်းသုံးခွင့်ပြုရန်နှင့် သာသနာရေး ဆက်လက်လုပ်ခွင့်ပြုရန် မဟန သို့ အသနားခံစာ တင်ပြလျှောက်ထားခဲ့ရာ ထိုလျှောက်ထားစာကို သံဃာ့မဟာ နာယကအဖွဲ့မှ ပယ်ချလိုက်ကြောင်း ယခုလ ၃ ရက်နေ့ နေ့စွဲပါ ပြန်လည်အကြောင်းကြားစာအား ၁၃.၁.၂ဝ၁၂ တွင် ပေးပို့ခဲ့သည်။

ထိုအကြောင်းကြားစာနှင့် ပတ်သက်၍ မည်သို့ သဘောထားသည့် အကြောင်း၊ အကြောင်းကြားစာ အပေါ်အမြင်၊ အကြောင်းကြားစာ ပေးပို့သည့် သံဃာ့မဟာ နာယကအဖွဲ့အပေါ်အမြင်၊ မည်သို့ ဆက်လက် လုပ်ဆောင်ရန် ရှိသည်တို့ကို မဇ္ဈိမ သတင်းထောက် မျိုးသန့် က မေးမြန်းလျှောက်ထားခြင်းဖြစ်သည်။

ဦးဇင်းကို မဟန က စာထပ်ပြီးတော့ ထုတ်တယ်ပေါ့။ ဒီစာဟာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်တဲ့ရက်နဲ့ တိုက်ဆိုင်နေတယ်လို့ ပြောကြပါတယ်။ ဒီအပေါ်မှာ ဘာထင်မြင်ချက် ပေးလိုပါလဲဘုရား။

“သူတို့စာထွက်လာတာကတော့ အံ့ဩစရာတခုလို့ ထင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဘုန်းကြီးကို ၃ ရက်နေ့က စာထုတ်တယ်။ ၁၃ ရက်နေ့မှ စာရောက်တယ်။ အဲဒီအချိန်မှာလည်း ကျုပ်က ဘန်ကောက်မှာပဲ ရှိသေးတယ်။ စာက ကျောင်းရောက်နေတယ်။ နောက်တခုက နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတဲ့အချိန်ကျမှ ကျုပ်ဆီကို စာပို့တယ်ဆိုတော့ ဒီစာ ထွက်လာတဲ့အပေါ်မှာ သတင်း တိုးမပေါက်အောင် တမင်ရည်ရွယ်ပြီးတော့ အကွက်ချ လုပ်တယ်လို့ ထင်တယ်။ ဒါကတော့ ကျုပ်အဆပါ။ တရုတ်ကားထဲကလိုမျိုး မထင်မှတ်ဘဲ မျှားနဲ့ပစ်ပြီးတော့ စာလာပို့သွားတာပဲ။”

စာထဲက အရဆိုရင်တော့ ဘယ်နေ့ ဘယ်ရက် နောက်ဆုံး ထွက်ပေးပါဆိုတာမျိုး မပါဘူးပေါ့။ တကယ်လို့ ဘယ်နေ့ နောက်ဆုံး ထွက်ပေးပါဆိုရင် ဆရာတော့်အနေနဲ့ ဘာဆက်လုပ်ဖို့ စဉ်းစားထားပါလဲဘုရား။

“အခုလောလောဆယ်ကတော့ အသိပေးစာပေါ့။ အမိန့်ကြေညာစာမဟုတ်ဘူး။ အမိန့်ကြေညာစာမျိုး ထုတ်မယ် ဆိုရင်လည်း ထေရဝါဒ သာသနာတော်အတွက် တကယ်အကျိုးနည်းစရာတွေ၊ ထေကြီးဝါကြီး ဆရာတော်တွေနဲ့
ထေငယ်ဝါငယ် ဆရာတော်တွေ ကျုပ်လိုပုဂ္ဂိုလ်တွေနဲ့ အချင်းချင်း မညီမညွတ်နဲ့ ပဋိပက္ခဖြစ်ရတဲ့ အခြေအနေမျိုး
တွေကို ကျုပ်မလိုလားဘူး။ အမိန့်ကတော့ မနက်ဖြန် ထွက်လာလို့ ထွက်ပေးပါဆိုရင် ကျုပ်ထွက်ပေးလိုက်မယ်။
ထေရဝါဒ သာသနာတော်ကြီးအတွက် ဘယ်သူမငဲ့ငဲ့ ကျုပ်ငဲ့မယ်။ ဘယ်သူ ထည့်မတွက်တွက် ကျုပ်ထည့်တွက်မယ်လေ။ နောက်ထပ် ကျုပ်ရန်ဖြစ်ဦးမယ်ဆိုရင် ကျုပ်အတွက် ဂုဏ်တက်သည်ဖြစ်စေ ဂုဏ်မတက်သည်ဖြစ်စေ ကျုပ် မလုပ်ချင်တော့ဘူးဗျာ။”

အသနားခံစာ တင်ထားလျက်နဲ့ ဒီလို စာထွက်လာတဲ့အပေါ်မှာကော ဘယ်လို သုံးသပ်မိပါလဲဘုရား။

“ဒီကိစ္စ၊ ဒီဇယားတွေက ဘယ်လိုချတယ်ဆိုတာ ကျုပ်နားလည်ပါတယ်။ မဟာနာယက ဆရာတော်ကြီးတွေ အပေါ်မှာ ကျုပ် ကိုယ်၏ စိတ်၏၊ ရိုင်းပြ စော်ကားခြင်းနဲ့ ပစ်မှား ရှုတ်ချခြင်း စိုးစဉ်းမျှ မရှိပါဘူး။ ဒါထေရဝါဒ အဆုံးအမပဲ။ ဒီအဆုံးအမအတိုင်း ကျုပ်နေတာပဲ။ ဒီအသနားခံစာတင်တဲ့ ကိစ္စမှာ ဘာများအပြစ်ရှိလို့လဲ။ အပြစ်ရှိတောင်မှ သားဆိုးသမီးဆိုးတွေကို မိဘတွေက အကြိမ်အကြိမ်အခါခါ ဆုံးမရတာပဲ။ ကျုပ်တို့လည်း ဒီလိုပဲပေါ့ဗျ။ ကျုပ်တို့က ဥပဒေ ချိုးဖေါက်တာလည်း မဟုတ်ဘူး။ တိုင်းပြည်ပုန်ကန်တာလည်း မဟုတ်ဘူး။ ရာဇဝတ်သားလည်း မဟုတ်ဘူး။ ဒါကို ဘာဖြစ်လို့များ အငြိုးအတေးကြီးကြီးနဲ့ တစိုက်မတ်မတ်ကြီးကျုပ်ကို ပစ်မှတ်ထားပြီးတော့ အလုံးစုံပျက်သုဉ်းရေးကို ဘာဖြစ်လို့ ရှေ့ရှုတာလဲ။ ဒါက သံသယဖြစ်စရာလေ။ တစုံတခု လွဲနေပြီနဲ့တူတယ်။ ဆရာတော် ဘုရားကြီးတွေလည်း သုံးသပ် ဆင်ခြင်သင့်ပါတယ်။ ဒါဟာ နောက်က အရိပ်တွေများ တော်တော်များများ ဖိအားပေးနေသလားလို့ ဘုန်းကြီးဘက်က ပြောင်ပြောင်တင်းတင်းကို ယူဆပါတယ်။”

မဟန ရဲ့ နောက်ကွယ်က ပုဂ္ဂိုလ်တွေက ဒီလိုဖြစ်အောင် ဘာ့ကြောင့်ရည်ရွယ်တယ်လို့ ထင်ပါသလဲ။

“အဲဒါတော့ ကျုပ်မသိဘူး။ ကျုပ်ကိုယ်တိုင် အပြစ်မဖြစ်အောင် ရှောင်နေတယ်။ ကျုပ်ကိုယ်တိုင် တပည့်ပေါင်းများစွာ ရဲ့ အနာဂတ်တွေကို ပုံဖေါ်နေတဲ့ ခေါင်းဆောင်တပါးဖြစ်ပါတယ်။ ကျုပ်ရဲ့ ဥယျာဉ်ထဲက ပန်းတွေ အကုန်လုံး ပျက်စီး ခြောက်သွေ့သွားမှာ ကျုပ်မလိုလားဘူး။ အဲဒါတွေကို ဘာဖြစ်လို့ သေကြေ ပျက်စီးစေချင်ကြတာလဲ။ ကျုပ်ရဲ့ တပည့်သံဃာတွေရဲ့ အနာဂတ်တွေ ပျက်စီးသွားမှာကို ဘာဖြစ်လို့ရည်ရွယ်တာလဲ။ ကျုပ်ကကော လူရိုင်းလား လူမိုက်လား၊ ဘုန်းကြီးရိုင်းလား ဘုန်းကြီးမိုက်လား။ ဘယ်ဆရာတော်ကြီးများကို ဘယ်တရားပွဲမှာ ဘယ်လို စကားလုံးမျိုးနဲ့ ကျုပ်ထိပါး ပုတ်ခတ်ပြီးစော်ကားဖူးသလဲ။ အဲဒီဆရာတော်ကြီးတွေရဲ့ နောက်မှာရှိနေတဲ့ ဆိုင်ရာ ဆိုင်ရာ လူပုဂ္ဂိုလ်တွေနဲ့ စကားစမြည် ရန်ဖြစ်ပြီးတော့ ပြောဆိုခဲ့ဖူးလို့လဲ။ ဘာအငြိုးအတေးများ ရှိခဲ့ဖူးလို့လဲ။”

ဒီ မဟန ဆရာတော်ကြီးတွေရဲ့ နောက်ကွယ်မှာ တစုံတခု ရှိနေတယ်ဆိုတော့ ဒီဆရာတော်ကြီးတွေရဲ့ အခန်းကဏ္ဍကကော သူတို့အလိုကျ လိုက်လုပ်ပေးနေရတဲ့ အနေအထားလား။

“ခင်ဗျားဗျာ… လူလူချင်းဆိုရင် စိန်ခေါ်ပစ်တာကြာလှပြီ။ သီလ သမာဓိနဲ့ သိက္ခာနဲ့ ပြည့်စုံတဲ့ ဆရာတော်ကြီးတွေလည်း ဖြစ်နေလို့။ အခုကျုပ်ပြောတာ ခင်ဗျား ရှင်းပါတယ်နော်။ ကျုပ်က တုတ်တုတ်ချင်း ဓါးဓါးချင်းဆိုရင် အချိန် မရွေးဘူး။ ကြောက်တယ်ဆိုတဲ့ ရာဇဝင်လည်း ကျုပ်ဘဝမှာ တခါမှ မပြောဖူးဘူး။ ဘာသာသနာ တိုင်းပြည် လူမျိုးအတွက် ကျုပ် မာနတွေ ခဝါချပြီးတော့ ကျုပ် တော်တော် သည်းခံနေတာဗျ။ ခင်ဗျားကို ကျုပ် အပွင့်လင်းဆုံး ပြောနေတာနော် ဒီစကားလုံးတွေကို ခင်ဗျား တလုံးမှ မချန်နဲ့ အကုန်ထုတ်လွှတ်လိုက်။”

တရားဟောခွင့် ပိတ်ထားလျက်နဲ့ တရားဟောတာကြောင့်လို့လည်း စွဲချက်တင်ထားတာကို ဖတ်ရပါတယ် အဲဒီအပေါ်မှာကောဘုရာ့။

“ကျုပ်ကို စွဲချက်တင်တဲ့ NLD ရဲ့ မန္တလေးရုံးချုပ်မှာ ကျုပ်သွားပြောတာ၊ ကျုပ်ဝန်ခံကတည်းကိုက ဩဝါဒ စကား
ပြောတာပါလို့ ကျုပ်ပြောတယ်လေ။ သေသေချာချာ နားထောင်ကြည့်ရင် ဘယ်သူ့ကို စော်ကားသလဲ၊ နိုင်ငံတော် အကြီးအကဲကို စော်ကားသလား၊ မဟာနာယက ဆရာတော်ကြီးတွေကို စော်ကားသလား။ မဟာနာယက ဆရာတော်ကြီးတွေရဲ့ နောက်က ရှိနေတဲ့ အရိပ်လို ပုဂ္ဂိုလ်တွေကို စော်ကားသလား။ ကျုပ်လုပ်ရပ်က တိုင်းပြည်ကို ပျက်စီးစေသလား၊ တိုင်းပြည်ကို တိုးတက်စေသလား၊ တိုင်းပြည်ကို ဆုတ်ယုတ်စေသလား။ နိုင်ငံသူ နိုင်ငံသားနဲ့ တိုင်းပြည်ကို ကျုပ်လုပ်နေတာတွေက ဆုတ်ယုတ်ပျက်စီး စေလို့လား။ စဉ်းစားကြဖို့ ကောင်းတယ်ဗျာ။”

ဆရာတော် တကယ်လို့ ကျောင်းတိုက်က ထွက်ခွာသွားမယ်ဆိုရင်ကော စာသင်သား ဆရာတော်တွေ အတွက် အခက်အခဲ ဖြစ်လာနိုင်သလား။

“အခုအချိန်မှာ ကျုပ်တပါးတည်းရဲ့ ကိစ္စ မဟုတ်တော့ဘူး။ ကျုပ်ကို Hack ချင်ရင် ကျုပ် Disk ထဲမှာရှိတဲ့ Data
တွေကိုလည်း ကြည့်ဖို့ လိုပါတယ်ဗျ။ ကျုပ်က ငါးစာ၊ အဲဒီငါးစာကြီးက ဖွယ်ဖွယ်ရာရာ ဖြစ်နေတာကိုပဲ မကြည့်နဲ့လေ။ ကျုပ်အထဲမှာရှိနေတဲ့ Data တွေက ဘယ်လောက်ရှိနေသလဲ၊ ဘယ်လောက်ကြီးသလဲဆိုတာလဲ နည်းနည်း
ကြည့်ကြဦးပေါ့ဗျ။ ထိုးကျွေးဖို့ ဝန်မလေးပါဘူး မရင်းသင့်သေးလို့ တိုင်းပြည်နဲ့လူမျိုး ဘာသာ၊ သာသနာအတွက် ကျုပ်မလုပ်ချင်ဆုံး အလုပ်ကို ကျုပ်လုပ်ခဲ့ရတာ။ ကျုပ်သာသနာပြုလုပ်ငန်းနဲ့ ကျုပ်ဘဝတခုလုံးကို ပျက်ပြားရာ ပျက်ပြားကြောင်း လုပ်လာမယ်ဆိုရင် မူရင်းစိတ်အတိုင်း ပြောရမယ်ဆိုရင် စိတ်လိုက်မာန်ပါ လုပ်ကြစတမ်းဆိုရင် ကျုပ်ဘာမှ ကြောက်တတ်တာမဟုတ်ဘူး။ အခုဟာက ကျုပ်က ကျုပ် လုပ်သင့်တာတွေ ဘာသာသာသနာအတွက် ကျုပ်ရွေးနေတာ။ အကောင်းဆုံး ရွေးနေတာ အကောင်းဆုံး သည်းခံနေတာ။ ဘာ့ကြောင့်များ ကျုပ်ကို အငြိုးအတေးကြီးကြီးနဲ့ နှိပ်ကွပ်ချင်တာလဲ။”

ဆရာတော့်ကို ဒီကျောင်းတိုက်က ထွက်ပေးဖို့ ထပ်ပြီး ဖိအားပေးတဲ့သဘောမျိုး အမိန့်စာ ထွက်လာရင်
ကောဘုရား။

“အဲဒီအမိန့်ထွက်လာလို့ ကျုပ်က ထွက်သွားပါပြီတဲ့ ဒီကိစ္စ ပြီးသွားမလား။ ဒါကို စဉ်းစားဖို့ လိုပါတယ်။ နောက်ကွယ် က ပုဂ္ဂိုလ်တွေ သိဖို့လိုပါတယ်။ ပေါ့ပါးတဲ့ ကိစ္စ မဟုတ်ဘူးနော်။ သာသနာတော်ကြီး တခုလုံးရဲ့ အပြောင်းအလဲကြီး
ဖြစ်သွားနိုင်တဲ့ ကိစ္စ။ နိုင်ငံအတွက် သိက္ခာလုံးဝ ကျသွားစေနိုင်တဲ့ ကိစ္စ။ ဒါကို မသိတာလား၊ မသိချင် ဟန်ဆောင် တာလား။ ကျုပ်ကို တိုက်ခိုက်ရုံနဲ့ ပြီးသွားရောလား၊ မပြီးနိုင်ဘူးနော်။ ကျုပ်ရန်မဖြစ်ချင်ဘူးဗျ၊ ထောင်ထဲသွားပြီးတော့ တန်းစီးခိုင်းတာကို ခေါင်းငုံ့ လက်နောက်ပစ်နေဖို့လည်း ဝန်မလေးဘူး။ ကျုပ်ဒီနေရာက စွန့်ခွာဖို့လည်း ကျုပ်ဝန်မလေးဘူး။ ဒါဆို ဘာကို လိုချင်တာလဲ။ ကျုပ်ဘဝ ပျက်သုဉ်းသွားဖို့ကို လိုချင်တာလား အဲဒီအတွက်တော့ မရည်ရွယ်နဲ့လေ။ တစင်ထောင်ပြီး တခြားနေရာမှာ ရှင်သန်ဖို့ အမြဲတမ်းရှိတယ်။”

ဆရာတော့်ကို ကျောင်းတိုက်က ဖယ်ရှားပေးဖို့ စာထုတ်ချိန်မှာ ဒါယကာ၊ ဒါယိကာမတွေဘက်ကလည်း စိုးရိမ်မှု ရှိနေပါတယ် သူတို့ကို ဘာများ မိန့်ကြားချင်ပါလဲဘုရား။

“သာသနာနဲ့ ကျုပ်တို့ တိုင်းပြည်လူမျိုးအတွက် ဗရုတ်သုက္ခ၊ ပဋိပက္ခ ရန်ပွဲတွေ ကျုပ်မဖြစ်ချင်ဘူး။ အဲဒီလိုမျိုး စာထွက်လာရင်လည်း သာသာလေး ထွက်သွားပေးလိုက်ပါမယ်။ အဲဒီလို ထွက်သွားပြီးတဲ့နောက်မှာ ကျုပ်အနေနဲ့
ခြောက်လုံး ခြိမ်းလုံးတွေလည်း မဟုတ်ဘူး ပြီးသွားမယ်လို့ မထင်ဘူး။ ကျုပ်ရင်ထဲက စကားကို ပြောတာပါ ခြိမ်းခြောက်တာ မဟုတ်ဘူး။ ကျုပ်က ထွက်သွားပြီးတော့ တနေရာရာမှာ တစင်ထောင်ပြီးတော့ ဇိမ်ကျကျနေနိုင်တယ်။ အခုလည်း နေနိုင်တယ် နောင်လည်း နေနိုင်တယ်။ ဒီနေရာကြီးကို ကျုပ် ခင်တွယ်လွန်းလို့ မက်တွယ် လွန်းလို့ ကျုပ်နေတာ မဟုတ်ဘူး။”

ဒီ အခြေအနေတွေမဖြစ်ခင် ဆရာတော့်ကို တရားဟောခွင့် ပိတ်လိုက်တာကကော ဘာအကြောင်းပြချက်နဲ့ ပိတ်လိုက်တာပါလဲဘုရား။

“အဲဒီ မတိုင်ခင်ကတော့ သူတို့ စွဲချက်တင်တာက ဗုဒ္ဓဘာသာနှင့် မသက်ဆိုင်သော စကားလုံး ဝေါဟာရများကို သုံးစွဲပြောဆိုနေမှုဆိုပြီးတော့ ကျုပ်ကို ပိတ်တယ်လေ။ ဒါကတော့ ဘာမှာ စောဒက မတက်ဘူး။ ပိတ်တယ်ဆို မဟောဘူးဗျာ တတိုင်းပြည်လုံး၊ မြန်မာတပြည်လုံး တနှစ် ၂ဝ၁၂- ၂- ၁ဝ ရက်နေ့အထိ ပိတ်လိုက်တယ်။ အခုထိ ကျုပ်ဘယ်မှ မဟောဘူးလေ။”

NLD နဲ့ ဆရာတော်နဲ့ ဆက်စပ်မှုကြောင့် ဒီအခြေအနေတွေ ဖြစ်လာတယ်လို့လည်း ဝေဖန်သူတွေ ရှိပါတယ် အဲဒီအပေါ်မှာကောဘုရာ့။

“စွဲချက်တင်မယ်ဆိုရင် ၁၂ လပိုင်း ၁ဝ ရက်နေ့ ဒေါ်စု ငြိမ်းချမ်းရေး နိုဗယ်ဆုရတာ နှစ် ၂ဝ ပြည့် အထိမ်းအမှတ် ဂုဏ်ပြုပွဲတွေ ကျုပ်လုပ်ပေးတယ်လေ။ ဘာ့ကြောင့်များ Back Date ကြီးကို သွားပြီး စွဲချက်တင်တာတုန်း။ ဒါ ရိုးသားသလား။ ဒါတွေကို မဟာနာယက ဆရာတော်ဘုရားကြီးတွေကို တင်ပြနေတဲ့ကောင်တွေရဲ့စိတ်က ရိုးသားသလား။”

ဒီ မဟန ဆရာတော်ကြီးတွေကို တင်ပြနေတဲ့ ပုဂ္ဂိုလ်တွေကကော ဘယ်လိုလူမျိုးတွေပါလဲဘုရား။

“အဲဒါကတော့ ခင်ဗျား သိပြီးဖြစ်ပါလိမ့်မယ်။ စစ်အစိုးရ လက်ထက်တုန်းက ဘယ်လိုကောင်တွေက လုပ်ခဲ့တယ် ဆိုတာ၊ ပြည်သူလူထုတွေ သံဃာတော်တွေကြားမှာ ဘယ်လိုနှိပ်ကွပ်နေတယ်ဆိုတာကို ခင်ဗျား သိပြီးဖြစ်ပါလိမ့်မယ်။ အခု ထုတ်မပြောရဲလို့ မပြောတာမဟုတ်ဘူး။ ဒီမေးခွန်းက ခင်ဗျား သိလျက်နဲ့ မေးတဲ့ မေးခွန်းမလို့ ကျုပ်မဖြေတာ။ ဘယ်ကောင်တွေဆိုတာ ကျုပ်သိတယ်၊ ကျုပ်က ပုလ္လင်ပေါ်မှာလည်း ပေါ်ပေါ်တင်တင် ပြောခဲ့တာပဲ။ ဘာမှ သွယ်ကာ ဝိုက်ကာ ပြောမနေဘူး။ တည့်ပဲ ထိုးခဲ့တာပဲ။”

အခု အစိုးရဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ်သွားနေပြီလို့ ပြောနေတာပါတယ်ဘုရား။ အခုလို လုပ်ရပ်မျိုးတွေ ဖြစ်လာတဲ့အပေါ်မှာကော ဘာများ မိန့်ချင်ပါသလဲဘုရာ့။

“ဒါတွေ မလုပ်သင့်တော့ဘူးဗျ။ ဒီမိုကရေစီကို ခြေလှမ်းနေပြီ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဦးတည်နေပြီ။ အခု အကျဉ်းသားတွေကို လွှတ်ပေးလိုက်ခြင်းဟာ အစိုးရဟာ တော်တော် လူကြီးလူကောင်းဆန်ပြီးတော့ စိတ်ကောင်း နှလုံးကောင်း ဝင်ပြီးတော့ တိုင်းပြည်နဲ့ လူမျိုးအတွက်ကို တကယ်လိုလားတဲ့ စိတ်စေတနာမျိုးနဲ့
ဆောင်ရွက်နေချိန်မှာ ဒီစာဘာ့ကြောင့် ဒီလိုထွက်လာတာလဲ။ ဒီစာဟာ နေရာ တခုတည်းမှာ ရေပွက်လေး တပွက် ပွက်သလို ပွက်ပြီးရင် ပျောက်သွားမယ်လို့ ထင်လို့လား။ အဲဒီလိုဆိုရင် သိပ်မှားသွားမယ်။”

မဟန ဆရာတော်ကြီးတွေကို အင်တာနက် စာမျက်နှာတွေမှာ ကြိုးဆွဲရာ ကရတဲ့ ဆရာတော်ကြီးတွေလို့
ဝေဖန်ကြတာတွေရှိပါတယ်။ အဲဒါကိုရော ဘာများ မိန့်ချင်ပါလဲဘုရား။

“ဆရာတော်ဘုရားကြီးတွေ မျက်စိတွေ နားတွေ ဖွင့်ထားပြီးတော့ ကမ္ဘာကို ဖြန့်ကျက်ထားဖို့ လိုအပ်ပါတယ်။ ကမ္ဘာက ဘာတွေပြောနေသလဲဆိုတာ မကြားသိနိုင်တာကတော့ စိတ်မကောင်းပါဘူး။ အင်တာနက်တွေ ကွန်ပျူတာတွေဆိုတာ ဆရာတော်ဘုရားကြီးတွေနဲ့ တော်တော့်ကို စိမ်းပုံရပါတယ်။ ဒီနေ့ အဲဒါတွေကို မသုံးတတ်ဘူး မကိုင်တွယ်ဘူး၊ မဆင်ခြင်ဘူးဆိုရင်တော့၊ မသိဘူးဆိုရင်တော့ သူများကြိုးဆွဲရာ ကရမှာပဲလေ။”

တင်ပါ့ဘုရား နောက်ဆုံးအနေနဲ့ ဆရာတော့်ဆီ နောက်ဆုံးရောက်လာတဲ့ စာနဲ့ပတ်သက်ပြီးတော့ ဘာများ မိန့်ချင်ပါသေးလဲဘုရား။

“တစုံတရာတော့ လွဲမှားနေတယ်လို့ စာထုတ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျုပ်အနေနဲ့ ပြောချင်တယ်။ နောက် မဟာနယက ဆရာတော်ဘုရားကြီးတွေရဲ့ နောက်မှာ အရိပ်တခု ရှိနေတယ်လို့ ယူဆတယ်။ ဒီလို အခြေအနေ အချိန်အခါမျိုးမှာ သမ္မတ ဦးသိန်းစိန်နဲ့ သူရ ဦးရွှေမန်းတို့လို ပုဂ္ဂိုလ်မျိုးတွေဟာ ပွင့်လင်းရာသီကို ဦးတည်ပြီးတော့
လျှောက်လှမ်းနေတဲ့ အချိန်မျိုးမှာ အခု ကျုပ်နဲ့ပတ်သက်တဲ့ ကိစ္စကို ခုလိုကိုင်တွယ်တာဟာ မဖြစ်သင့်ဘူးလို့
မြင်ပါတယ်။ ကျုပ် နစ်နာမှာကို ကြောက်လို့ ပြောတာတော့ မဟုတ်ပါဘူး။ ကျုပ်အနေနဲ့ ဘာမှ ကြောက်စရာလည်း အကြောင်းမရှိပါဘူး။ စိတ်မကောင်းတာကတော့ သာသနာအတွက် မျိုးဆက်သစ်တွေကို မွေးထုတ်ပေးနေတဲ့ ဥယျာဉ်တခုကို ကျုပ်က ဖန်တီးပြီးတော့ စိုက်ပျိုးပေးနေတဲ့ ရေလောင်း၊ ပေါင်းသင် ဥယျာဉ်မှူးတယောက် အဲဒီဥယျာဉ်မှူးမရှိရင် ဒီပန်းခြံကြီးဟာ တော်တော်လေး ခြောက်သွေ့ပျက်စီးပြီးတော့ အနာဂတ် သီးမယ့် ပွင့်မယ့် ပန်းတွေဟာလည်း သီးခွင့် ပွင့်ခွင့်မရဘဲနဲ့ စောစောစီးစီးပဲ အညွှန့်အပေါက်တောင် မထွက်နိုင်လောက်တဲ့ အနေအထား ဖြစ်သွားမှာကိုတော့ စိတ်မကောင်းပါဘူး။”