ကုန်သည်ပညာ-အပိုင်း(၁)

aye.kkFebruary 17, 20121min12313

ကုန်သည်ပညာဟုဆိုရာတွင်၊ ရောင်းဝယ်ဖောက်ကား ဈေးရောင်းစားသည့်ပညာဟုလည်း ဆိုချင်ပါသည်။
အဖေပင်စင်ယူပြီးသည့်နောက်ပိုင်း ကျမတို့မောင်နှများအား ကုန်ခြောက်ရောင်းစားသည့်
ပညာအားတတ်မြောက် စေချင်သည့်ဆန္ဒအမှန် ရှိသဖြင့်သင်ပေးခဲ့ပါသည်။

အဖေတို့ခေတ်က အသက်စွန့်ရင်းပြီး နိုင်ငံရပ်ခြားများထိ သွားရောက်၍ကုန်ကူးခါ မြတ်မည့်ပစ္စည်းများအား ရောင်းဝယ်ဖောက်ကါး ဈေးရောင်းစားခဲ့ခြင်းပင်ဖြစ်ပါသည် ။
အဖေကုန်သည်မှန်းလည်း ကျမတို့မြို ့ကလူ များအားလုံး အသိပင်ဖြစ်ပါသည်။ အဖေသည်အရောင်းအဝယ် ပညာအားတတ်စေချင် သဖြင့်ကုန်ခြောက်ဆိုင်ကြီးအား ဖွင့်လှစ်ခါ ကျမတို ့မောင်နှမများအား ဈေးရောင်းစားသည့်ပညာ အားသင်ပေးပါသည်။
အဖေကမျက်စေ့ မကောင်းပါ၊ ပါဝါဒီကရီ(၈၀၀)ခန့်မျှရှိပါသည်။ မျက်မှန်အားတပ်ဆင်ထားရသူ ဖြစ်၍ကုန်ပစ္စည်းများမှာယူခြင်း ၊ မှာယူသည့်ပစ္စည်းတို့အား ကားပေါ်မှချရာတွင် မိမိမှာယူထားသည့် ပစ္စည်းများကိုက်မကိုက် ၊အမျိုးစားမှန်မမှန်၊ ပစ္စည်းလာချပေးရသည့် ကားပေါ်တွင်ကျန်မကျန်က အစစစ်ဆေးရခြင်း တို့နှင့်ပတ်သက်၍ ကျမအားတာဝန်ပေးထားပါသည်။

အစ်ကိုနှင့်အစ်မက ကျောင်းပိတ်ရက်များတွင် ။ အလုပ်သမားလူငှား များနှင့်ဝိုင်းရောင်းကူကြရပါသည်။
အဖေက ကျမအားပေးထားသည့် တာဝန်တို့အပြင် အစစအရာရာ အားလုံးပင် အဖေခိုင်းတာမှန်သမျှ(သင်ပေးတာ) တွေအားလုံးကိုနာယူမှတ်သားရပါသည်။

အဖေသည် ပဲခူးမြို ့ရှိပွဲရုံအားလုံးတို့အား ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာမှု တို့အားပြုလုပ်ပြီးမှသာ ကုန်ခြောက်များအား ဝယ်ယူခါရောင်းချင်ပါသော်လည်း အမေနှင့်ကျမတို့မောင်နှမများ အားလုံးကဝိုင်းဝန်းကန့်ကွက်ခဲ့ကြသဖြင့် လေ့လာမှုမပြုခဲ့ရပါ။ ထိုကြောင့်သာ(အဖေ့အားပေးမသွားခဲ့သဖြင့်) အဖေကမည်သည့်ပွဲရုံက မည်သို့ရှိသည်ကိုမသိရှိခဲ့ရသဖြင့်
စမ်းတဝါးဝါးနှင့်မှာယူခဲ့ရပါသည်။ အဖေ့အားပေးမသွားခဲ့ရခြင်းမှာလည်း အဖေ့မျက်လုံးအား စိတ်မချခဲ့ကြ၍ဖြစ်ပါသည်။
ထိုကိစ္စနှင့်ပတ်သက်၍ ကျမတို့လည်းလွန်စွာပင်ပန်းခဲ့ရပါသည်။ အဖေသည်ပဲခူးပွဲရုံများအား ပွဲရုံတခုခြင်းအလိုက်မှာယူကာ အနေအထားအားစမ်းသပ်ခြင်းပင်ဖြစ်ပါသည်။

အဖေသည်မှာလိုသည့်ကုန်ပစ္စည်း များအားတခုခြင်းအလိုက် ပြောပြကာ ကျမအားပြေစာရေးသည့် ဘောက်ချာစာအုပ်တွင်မှင်ခံ(ကာဘွန်)ခံခါ ရေးခိုင်းပါသည်။
ပြီးလျှင်ကျမရေးထားသည်များအား အဖေကပြန်စစ်ပါသည်။ပြီးပြီမှန်ပြီဆိုလျှင်တော့ အပေါ်စာရွက်တစ်ရွက်အား ညီညာစွာဆုတ်ဖြဲရပါသည်။အဖြဲအဆုတ်မတော်ပါက မိမိရေးထားသည့် စာများတလုံးနှစ်လုံးဆုတ်သည့်ထဲတွင် ပါရှိသွားပါက အဓိပါယ်ကောက်ယူလွှဲမှားသွားနိုင်သည်။ လွန်စွာသတိထားရမည်ဟုပြောပြပါသည်။
ငပိဖုတ်တာကအစ ဆရာမပါလျှင်နည်းမကျစုဆိုစကားရှိသဖြင့် အစစအရာရာလုပ်ကိုင်ရာတွင် သတိရှိရမည်စနစ်တကျဖြစ်ရမည်ဟုပြောပြပါသည်။ ကျမဖြဲထားသောစာရွက်လေးအား
အဖေကသေချာစွာစစ်ဆေးပြီး စာအိပ်ထဲတွင်ထဲ့ခိုင်းပါသည်။ မှာလိုသည့်ပွဲရုံနာမည်လိပ်စာအား တပ်၍
ကျမမှာကားဂိတ်သို့ စက်ဘီးစီးနင်းကာ သွားပေးရပါသည်။

ကုန်တင်မည့် အလှည့်ကျထွက်ရသည့်ကားအား မေးမြန်းပြီးမှာယူရခြင်းပင်ဖြစ်ပါသည်။ ယနေ့ မည်သည့်ကားကထွက်သည် ကားအုံနာ ပိုင်ရှင်ကမည်သူဖြစ်သည် ကားမောင်းသူ(ကားဒရိုင်ဘာ)၏နာမည်တို့အား ရေးမှတ်ယူခဲ့ရပြီး၊ အဖေ့အားပြန်ပြောပြရပါသည်။ မှာယူသည့်ပစ္စည်းများအားလည်း မှာယူသည့်ကားဆရာအား တိတိကျကျပြောပြရပြီး မှာယူသည့်ကုန်ပစ္စည်းများမကျန်ရှိစေရန် အသေအချာပါလာစေရန် မှာလိုက်ရပါသည်။ ပွဲရုံအလိုက်မှာယူသည့် ပစ္စည်းများ ရောက်ရှိလာပါက မှာထားသည့်ကားဆရာ(ကားမောင်းသူ)များမှ အိမ်တိုင်ရာရောက်ပို့ပေးကြရပါသည်။ (မှာယူသည့်ပစ္စည်းတို့အမျိုးအစားများပြားခြင်း ကြောင့်ဖြစ်ပါသည်) ကျမတို့အိမ်ရှေ့သို့အရောက် ကုန်ပစ္စည်းလာချပြီဆိုပါက

မှာထားသည်ပစ္စည်းစာရင်းအား လက်ခံပြေစာဖြတ်ပိုင်းနှင့်တိုက်ဆိုင်ခါ သေချာစွာကြည့်ရှူစစ်ဆေးပြီး ကားပေါ်တွင်လည်းပစ္စည်းမေ့ကျန်နေမှုမရှိစေရန် လက်ခံစစ်ဆေးပြီးယူရခြင်းပင်ဖြစ်ပါသည်။ မလိမ္မာလျှင်တော့ နှစ်ခါမောမည် ကားပေါ်ကျန်ကပြန်မရပါ၊ကားဆရာများနှင့် အငြင်းပွားကြရက၊အချိန်ကုန်ခံပြီးစကားများတာ သာအဖတ်တင်မည်ဟု အဖေကပြောပြထားပါသည်။

အဖေမှာထားသည့်အတိုင်း ကျမက ကားပေါ်တွင်တခုမျှ မကျန်ရှိစေရန်။ အသေအချာစီစစ်ပြီး လုပ်တတ်သည်ကို
ကားအုံနာက သိရှိထားသဖြင့် ကျမအားအလွန်တော်သည် ချွေးမတော်မည်ဟု ချစ်စနိုးဖြင့်စနောက်တတ်ပါသည် ။ (တစ်ခါတွင်တော့သူ့သားနှင့်ပေးစားပါရန်အမှန် တကယ်ပြောခြင်းဖြစ်သည်ဟုဆိုခါ အဖေ့ထံတွင်လာတောင်းဘူးပါသည်)
ကုန်ပစ္စည်းများရောက်လာပြီဆိုပါက မှာယူထားသည့် ပွဲရုံအလိုက် ကုန်ပစ္စည်းတခုချင်းအလိုက်အမျိုးအစားတို့အား သပ်သပ်စီခွဲခြားထားကါ အဖေက ပြန်လည်၍ကုန်အလေးချိန်တို့်အားတခုခြင်းအလိုက် ကတ္တားဖြင့်ချိန်တွယ်ယူကာအလေးချိန်မှန်မမှန်ပြန်စစ်ပါသည်။ (တစ်ခါတစ်ရံတွင်ကားမောင်းသူ၊ကားဒရိုင်ဘာတို့ကနှိုက်ယူထားတတ်၍လည်းဖြစ်ပါသည်)
ပွဲရုံတို့မှ မှာယူထားသည့် ပစ္စည်းအမျိုးအစား တူညီနေမှုတို့အားရွေးခါ စုပုံထားထားပေးရပါသည်။

မည်သည့်ပွဲရုံကဆက်ဆံရေးကောင်းသည် မကောင်းသည်ဆိုသည်ကိုသိရှိထားနိုင်ရန် ရှေးဦးစွာပြုလုပ်ရခြင်းပင်ဖြစ်ပါသည်။ အမျိုးအစားတူညီနေသော ပွဲရုံနှစ်ခုတို့မှငရုတ်သီးနှစ်အိပ်ဆို်ပါက ပွဲရုံတစ်ခုစီ၏ ကုန်ပစ္စည်း ။ အရည်သွေး ။
အလေးချိန်တို့အား အရင်သိရှိအောင် ပြုလုပ်ရပါသည်။ ဥပမာ…ပန်းလှိုင်ပွဲရုံကမှာသောပစ္စည်း ဖြစ်သည်ဆိုပါစို့…
ထိုပွဲရုံမှမှာယူသော ငရုတ်သီးအိပ်တအိပ်တွင် ဂုံနီအိပ်၏အထူအပါး အစေ့နှင့်ဖလံဖြူ၊အညှာစသည်တို့ပါဝင်မှုနှုံးနှင့် ငရုတ်သီး(အသား)စားသုံး၍ရသည့်အလေးချိန်တို့အား ခွဲခြားဖယ်ထုတ်ခါ ချိန်တွယ်၍ သိအောင်ပြုလုပ်ရခြင်းပင်ဖြစ်ပါသည်။
မပြုလုပ်ခင် ငရုတ်သီးမှထွက်သောမွန်ထူနေသည့်အနံ့အား ခံနိုင်ရန်အတွက် ပိတ်စထူအား နှာခေါင်းဝတွင်
စည်းနှောင်ထားရပါသည် ။

လက်မှာလည်းလက်အိပ်များစွပ်ထားရပါသည်။ ထိုပွဲရုံမှမှာယူသည့် ငရုတ်သီးအိပ်မှ ချည်ထားသောဂုံနီအိပ်ကြိုးစအား ဆွဲဖြည်၍တစ်အိပ်လုံးသွန်ပြီး မှောက်ချရပါသည်။နေရာကကုန်ပစ္စည်းများထားထားရှိသည့် ဂိုဒေါင်ထဲကျယ်ကြီးထဲတွင် ပြုလုပ်ကြခြင်းဖြစ်ပါသည်။ကြမ်းခင်းက သံမာန်တလင်း(အင်္ဂတေ)ဖြစ်ပါသည် ဖုံမှုန့်များ မရှိစေရန်တံမျက်စည်း(ငှက်မျှား)အချောဖြင့် အသေအချာလှဲကြောထားရပါသည်။အလုပ်
သမားထက် သားသ္မီးကိုသာအဖေသုံးပါသည်။
(သားသ္မီးအားပညာရရှိစေရန်အတွက်ပြုလုပ်ပြရ၍ဖြစ်ပါသည်)

ထိုမှောက်ချထားသည့် ငရုတ်သီးများအား အမြင်ဖြင့်ကြည့်၍ ဖလံဖြူ၊အစေ့၊အညှာတို့အားသပ်သပ် ရွေးထုတ်ကြရပါသည်၊အသားအား သပ်သပ်ဖယ်ထုတ်ထားပါသည် ။ ပထမဆုံးငရုတ်သီးထည့်ထားသည့် ဂုံနီအိပ်၏အထူအပါးအလေးချိန်အား သိရှိရန်အတွက် အရင်ဦးဆုံးချိန်တွယ်ပါသည် ။ ဘယ်ပွဲရုံကဂုံနီအိပ်အပါးနှင့်သုံးထားသည်။
ဘယ်ပွဲရုံကဖြင့်အထူစားသုံးထားသည်။စားသုံးသူအပေါ် စေတနာမည်၍မည်မျှထားရှိကြသနည်းဆိုသည်ကို ပွဲရုံအလိုက်စေနာထားရှိမှု၊ဆက်ဆံရေးမည်သူကသာသည်ကို သိလိုသဖြင့်ပြုလုပ်ခြင်းဖြစ်ပါသည်။ ၊ဂုံနီအိပ်အထူသုံးထားက စားသုံးသူသာနစ်နာရသည်။

စားသုံးသူနစ်နာရသည်ဟုဆိုလိုရင်းအဓိပါယ်မှာ ဂုံနီအိပ်မှာကါး တန်ဘိုးမရှိပါ ငရုတ်သီးအသားဈေးပေးထားရသဖြင့် စားသုံးသည့်သူနစ်နာရခြင်းဖြစ်သည်။ ဂုံနီအိပ်ကတန်ဘိုးမည်မျှမှပင်မရှိသော်လည်း ပွဲရုံလုပ်ငန်းလုပ်ကိုင်နေသူများအဖို့က အရေအတွက်များလာပါက ထိလာပါသည် ဒါကြောင့်ပင် မည်သည့်ပွဲရုံကမျှမှ ဂုံနှီအိပ်၏အလေးချိန်အား အလုပ်ရှုတ်ခံပြီးထည့်မနှုတ်ပါ။ သူတို့အတွက်ကတော့ တွက်ချေအလွန်ပင်ကိုက်ပါသည်။ ငါတို့မှာက စားသုံးသူနှင့် တိုက်ရိုက်ဆက်ဆံရသဖြင့် စားသုံးသူကတော့ ဈေးသက်သာသည့်နေရာသာ ရှာဝယ်မည်ဖြစ်သည်။ ငါတို့ကအပင်ပန်းခံပြီး စေ့စပ်မသေချာပါက ကြာလာပါကရောင်းအား ကျဆင်းခါအရောင်းအဝယ်ထိခိုက်၍ ဈေးရောင်းပါးလာနိုင်ပါသည်။ အလုပ်လုပ်စားတာမှန်လျှင်တော့ အပင်ပန်းခံနိုင်ရမည် အပင်ပန်းခံမှပိုက်ဆံရမည်။ လက်ကြောမတင်းက ထမင်းငတ်မည် ရေရှည်ကိုသာကြည့်တတ်ရမည်ဟု ပြောဆိုခါဆုံးမရင်းနှင့် သင်ပါသည်။

ငရုတ်သီးတအိပ်တွင် ဖလံဖြူ၊အစေ့၊အညှာတို့က မည်၍မည်မျှပါရှိသည်ကိုမသိ၍မရ။ သိရအောင်ချိန်တွယ်ရခြင်းဖြစ်သည်ဟုအဖေကရှင်းပြပါသည်။ ဂုံနီအိပ်အထူသုံးကါ၊ဖလံဖြူထည်၊အစ့အညှာများစွာသုံးထားသည့် ထိုပွဲရုံ၏နာမည်အားမှတ်သားထားခိုင်းပါသည်။ထိုပွဲရုံအားလည်း တစ်ခါဆက်ဆံ၊ဆယ်ခါလန်ဟုပြောဆိုပီး နောင်ဘယ်သောခါမျှ ထိုပွဲရုံမှပစ္စည်းများ အား အဖေက မမှာခိုင်းတော့ပါ၊မှာယူခြင်းလည်း အလျှင်းလုံးဝမရှိတော့ခြင်းပင်ဖြစ်ပါသည်။ တချို ့ကအမြတ်ရရေးအတွက်သာရှေးရှူ ့ကြသည်၊စားသုံးမရသည့်ဖလံဖြူ၊အစေ့၊အညှာများအား မတရားသဖြင့်ထဲ့ထားကြသည်။

သ္မီးတို့ခေတ်ဘန်းစကားဖြင့် ပြောရလျင်တော့ ဂျင်းထဲ့တာပေါ့(အချဉ်ဖမ်းခြင်းခံရတာပေါ့) တချို ့ပွဲရုံများကတော့ရေရှည်ကို ထဲ့မတွက်ဘူး ဘာလို့လည်းဆိုတော့၊ပေါ်ပင်မြတ်မည့်၊ကိုက်မည့် ဟာများကိုသာပြောင်း၍လုပ်စားကြတာများသည်။ ပဲခူးဆိုတာကအထက် ဗမာပြည်နှင့်အောက်ဗမာပြည်ဆက်သွယ်ပေါင်းဆုံသည့် နေရာဒေသကြီးဖြစ်၍အနယ်နယ် အရပ်ရပ်ကလာလုပ်စားကြသည့် သူပေါများသည်။ တစ်ရာသီနဲ့တစ်ရာသီ ထွက်သည့်ရာသီသီးနှံများကလည်းမတူကြ ၊ကုန်ခြောက်ဖြစ်အောင်ထားကါလှောင်ကြရသည်။ (ငွေအရင်းအနှီးမြုပ်နှံထားကြရသည်) ဒါတွေကိုကိုယ်က မသိထားလျှင်ကိုယ်သာခံရမည်ဟု ပြောဆိုပြီးလျှင်သန့်ထားပြီးသည့် ငရုတ်သီး(အသား)များအားဂုံနီအိပ်တွင်ပြန်ထည့်ခါနှစ်ခုလုံးအား ပြန်ချိန်ပါသည်။ထိုအပေါ်တွင်သာအမြတ်အစွန်းအား သင်တင့့်မျှတစွာတင်ပြီးပြန်ရောင်းချခြင်းဘဲ ဖြစ်ပါသည် ၊ စနစ်တကျမတွက်ချက်တတ်ပါက ရှုံးနိုင်သည်ဟုပြောဆိုပြပါသည်။

အဖေက ဖလံအစေ့အညှာများက လိုသည့်နေရာများတွင် ပြန်သုံးပါသည် လွှင့်တော့မပြစ်ပါ အစေ့များဆိုပါက အဖေကဆပ်ပြာထည့်သည့်ပုံးအလွတ်များတွင် မြေဆွေးဩဇာများထည့်၍ အစေ့များအားပြန်ပျိုးထားပါသည်။ ဝယ်သူရှိကရောင်းပြီး စိုက်ပျိုးရေးကဝန်ထမ်းအချို့လာ တောင်းတတ်သဖြင့် အဖေကပေးပါသည်။ အိမ်မှာလည်းစိုက်ပါသည်။အစပ်အရသာရှိနေသဖြင့် ငရုတ်စိမ်းမှုန့်(အရောင်တင်မှုန့်) ပြုလုပ်ရာတွင်အနည်းအကျဉ်းတော့ ထဲ့ကါသုံးပါသည်။ များလျှင်အရောင်မလှဘဲဖြူသွားတတ်၍ဖြစ်ပါသည်။ငရုတ်စိမ်းမှုန့်ကတော့ အမှုန့်ကြိတ်စက်တွင် သာသွားကြိတ်ရပါသည်။
ကုန်ခြောက်ပစ္စည်းများရောင်းချရာတွင်လည်း အစိုးရကအသိ အမှတ်ပြုသည့် တံဆိပ်အမှတ်အသားခပ်နှိပ်ထားသည့် အလေးတင်းတောင်းများ၊ချိန်တွယ်ခွက်များသာချိန်တွယ် အသုံးပြုပါသည်။ ဥပမာပြရလျှင်ကျားတံဆိပ်ခပ်နှိပ်ထားသောအလေးများ၊ စိန်တံဆိပ်ခပ်နှိပ်လားသည့်ပြည်တောင်းများ၊ချိန်တွယ် ခွက်များဖြစ်ကြပါသည်။

ချိန်တွယ်ရာတွင်လည်း ပညာပါသည်ဟုပြောဆိုကါသင်ပြပါသည်။
မြေပဲဆီနှမ်းဆီ၊အုန်းဆီတို့ကသခင်ချစ်သည်။ရက်စက်လျှင်လည်းသခင့်မျက်နှာ မကြည့်ဟုပြောပါသည်။ဘာလို့လဲဆိုရင် ချိန်တွယ်တတ်ကကိုယ်ဘက်ပါ၍၊အချိန်အတွယ် မတတ်လျှင်ကတော့ ကိုယ်သာပင်ရှုံးမည်၊ကိုယ့်ထဲကပင်ပါသွားမည်ဟုပြောပါသည်။ မတတ်ထားကဈေးရောင်းစား၍ မရဟုအဖေကပြောပါသည်။ တပိဿာခွက်အား အချိန်တွယ်မတတ်က တစ်ကျပ်သားတိတိရှုံးပါသည်။အဖေပြတာကြည့်ထားပါဟုပြောပြီးပိဿာခွက်အားယူ၍ မြေပဲဆီထည့်ထားသည့် ပုန်းထဲသို့ ခွက်နှင့်လက်အားတည့်မတ်စွာ(၉၀)ဒီကရီကိုင်ပြီး ပုံးအလည်တည့်တည့်နှစ်ချပြလိုက်ပါသည် ပြီးလျှင်တည့်တည့်ယူကာဆွဲတင်ပြီး သ္မီးကြည့်ထားနော်ဟုပြောခါ

ဆီကခွက်အပြည့်ပါလာသည့်အပြင်အလယ်၌ မောက်လျှက်ပါရှိလာပါသည်။အဖေကိုင်ထားသောပိဿာခွက်၏ အောက်ဖင်နားထိကပ်၍ တစ်ကျပ်သားခွက်အားသ္မီးသေချာစွာကိုင်ထားပါဟုပြောပါသည်။ ပြီးလျှင်အဖေက အဖေကိုင်ထားသည့်ပိဿာခွက်အား အသာအယာကိုင်ထားပြီးမောက်နေသောဆီအား အတိဖြစ်ရန်အတွက် ကိုင်ထားသည့်လက်ဖြင့်ဆီခွက်မှဆီအား တစက်ခြင်းချယူပါသည်။ တစ်ကျပ်သားခွက်အားကျမကကိုင်ထားရပါသည် အဖေ့လက်မှကိုင်ထားသည့်ပိဿာဆီခွက်မှပိုလျှံကာ မောက်နေသည့်ဆီများကို ကျမကိုင်ထားသည့်တစ်ကျပ်သားခွက်ထဲသို့ ဆီတစက်ခြင်းကျနေမှုအား အဖေက စိ်တ်ရှည်စွာနှင့်လုပ်ပြပါသည်။တစ်ကျပ်သားတိတိပြည့်လျှင်တော့အဖေကိုင်ထားသည့် ဆီပိဿာခွက်ကအပြည့်ကွက်တိဖြစ်သွားခြင်းပင်ဖြစ်ပါသည်။

ကျမအားအဖေလက်တွေ ့ပြခြင်းဖြစ်ရကါး ကျမမှလွန်စွာပင် သဘောကျသွားခဲ့ပါသည်။ အဖေကဆီချိန်တွယ်သည့်အခါ မိမိကိုင်ထားသည့်ဆီခွက်နှင့်မိမိ၏လက်အား (၄၅)ဒီကရီစောင်းလျှက်
ကိုင်တွယ်ပြီး ဆီပုန်းထဲရှိဆီများအားခွက်နှစ်လျှက် အပြည့်ခပ်ယူကာဆွဲတင်ပါလျှင်ဆီမှာမိမိလက်ဖြင့်ကိုင်ထားသည့် ခွက်ထဲသို့ အပြည့်ပါရှိပြီးပိုလည်းမပို လိုလည်းမလိုအနေတော် ကွက်တိပင်ဖြစ်သည်ဟု အဖေကပြောပြပါသည်။
ဆီကသခင်ချစ်သည်ဆိုခြင်းမှာ ဈေးဝယ်သူက အမြန်လိုချင်သည့် သူသာများပါသည် ။ ကိုယ်ကိုယ်တိုင်ကိုင်ရောင်းထားသည့်
ဆီခွက်အား ပုံးငယ်အသန့်အလွတ်တစ်ခုထဲတွင် ။ မှောက်ထားပြီးစစ်ထားရမည် ။

ဝယ်သူလာကပြန်ခပ်၍ပြန်ရောင်း ပြီးလျှင်စစ်ထားပါ။ တစ်နေကုန်ရောင်းပြီးစစ်ထားသည ့်ဆီခွက်မှဆီတို့သည် ရောင်းအားပေါ်မူတည်ပြီး (၅)ကျပ်သားမျှအပိုထွက်လာတတ်ပါသည်။ ဒါ့ကြောင့်ဆီကိုသခင်ချစ်သည်ဟု မြေပဲဆီ၊နှမ်းဆီ၊ အုန်းဆီရောင်းစားသည့် ဈေးသည်များကပြောစမှတ်တွင်ရခြင်းဖြစ်သည်ဟုအဖေကပြောပြခဲ့ပါသည်။
ဈေးသည်ကား ဥပမာထားဆိုပြရပါလျှင် အိုရောင်းသည့်သူအိုကောင်းမသုံးသကဲ့သို့ စကားပုံပမာရှိပါသည်။ ထိုပိုထွက်လာသည့်ဆီကို ကိုယ်စားပါကဈေးဘိုးတော့အနည်းဆုံးခုမိကါသည်။ ခိုးယူခြင်းလည်းမဖြစ်သဖြင့် အပြစ်မရှိပါ။ သိမ်ငယ်သည်ဟုလည်းတွက်၍မရ။ ဈေးရာင်းစားတာ အကျင့်ကြံမှန်ဘို့ကသာ အရေးကြီးပါသည်ဟုအဖေပြောပြခဲ့ပါသည်။
(ဝေဖန်ထင်ထင်မြင်ချက်များတောင်းခံအပ်ပါသည်)

13 comments

  • sealion

    February 17, 2012 at 7:42 pm

    သဘောကျတယ် အစ်မ အဖေ က အတော်ကိုသင်ပေးတာပဲ ဆီခပ်တာကို သဘော အကျဆုံးပဲ တခြား အတွေ အကြံတွေ လဲ အဆင်ပြေရင် ရှယ်ပါအုံး ဗျာ ကျေးဇူးတင်ပါတယ်ဗျာ

  • ဦးဦးပါလေရာ

    February 17, 2012 at 9:47 pm

    လက်တွေ့ထဲက ပညာတွေပဲ။
    အရင်တုန်းကတော့ ဒီလို ကိုယ့်ဆိုင်ရာနယ်ပယ်မှာ စေ့စပ်ကျွမ်းကျင်ပညာစုံကြတော့ ရိုးရိုးသားသား သမ္မာအာဇီဝနဲ့ကို ကြီးပွားချမ်းသာနိုင်ကြတယ်…။

  • Khin Latt

    February 17, 2012 at 9:53 pm

    အစ်မအေးရေ – ရှေးတုန်းက ကုန်သည်တွေ က နာမည် ကို တန်ဖိုးထားကြတာ။
    ဟိုတုန်းက ချမ်းသာတယ်ဆိုတာ သူများ မျက်ခုန်းမွှေးပေါ် စင်္ကြန် လျှောက်ပြီး ချမ်းသာ တာမဟုတ် ဘဲ တကဲ့ကို ရိုးသားကြိုးစား ပြီး သမာအာဇီဝ ချမ်းသာကြတာ။
    ဒီခေတ်မှာလဲ မရှိတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အရမ်းရှားနေလောက်ပြီ ထင်ရဲ့။
    ဒီလို အမှတ်ထားစရာ ဗဟုသုတ ရစေတဲ့ လေးတွေအတွက် ကျေးဇူးပါ အစ်မရေ။
    ဆက်ပြီးမျှပါဦး။ အားပေးနေပါတယ်။

  • weiwei

    February 17, 2012 at 10:10 pm

    အမအေးရဲ့အတွေ့အကြုံတွေက ကျွန်မတို့ မိသားစုနဲ့ ခပ်ဆင်ဆင်တူနေပါတယ် … ဒါပေမယ့် ကျွန်မတို့မောင်နှမတွေက အခုခေတ်ထဲမှာ လူဖြစ်လာလို့ အဖေတို့လောက် ဈေးရောင်းတဲ့ပညာ (အထူးသဖြင့် ကုန်ခြောက်ရောင်းတဲ့ပညာ) ကို မတတ်ခဲ့ကြဘူး … အဖေက တကူးတက သင်မပေးခဲ့ပေမယ့် ပစ္စည်းတွေကို အကောင်း အဆိုးခွဲခြားတတ်အောင်တော့ ဗဟုသုတရအောင် သင်ကြားထားပေးခဲ့ပါတယ် … ကုန်ခြောက်ရောင်းတဲ့အလုပ်နဲ့ သမာအာဇီဝကျကျ ဈေးရောင်းစားလာခဲ့တဲ့ အဖိုးနဲ့ အဖေခေတ်တစ်ခေတ်ပြီးတော့ ကျွန်မတို့ခေတ်မှာ အဲဒီအလုပ်ကို စွန့်လွှတ်လိုက်ကြတယ် … အခုခေတ်က နည်းမျိုးစုံ အလုပ်မျိုးစုံပြောင်းပြီး လုပ်ကိုင်စားသောက်နေရာတာမို့ အနိစ္စ … ဒုက္ခ … အနတ္တ …….

  • aye.kk

    February 18, 2012 at 6:21 am

    မောင်လေးသန်းထွဋ်ဦး,..
    မောင်လေးပြောတာမှန်ပါတယ်…
    ရေရှည်အတွက်က…
    အကျင့်မှန်တာအကောင်းဆုံးဆိုတာပါ။
    sealion,…ရှယ်ပါ့မယ်။
    မလတ်ရေ,…
    အားပေးတာကျေးဇူးပါ…
    ကုန်သည်ဘဝလုပ်ပြီးဈေးရောင်းပညာသင်ပေးတဲ့..
    အဖေ့ရဲ ့ကျေးဇူးကျွေးတွေကများပြားလွန်းလှပါတယ်..
    ကျမတို ့အပေါ်တင်နေတာတွေပြန်မဆပ်နိုင်ခဲ့ရလို့ဝမ်းနည်းမိပါတယ်။
    wei wei ,…
    ကျေးဇူးပါနော်၊တရားသဘောပါဘဲညီမရယ်။

  • MaMa

    February 18, 2012 at 6:28 am

    မအေးရဲ့အဖေက အလုပ်ကို တိတိကျကျ သေသေချာချာ လုပ်တတ်တဲ့သူပါပဲ။
    အဖေဆီက အကျင့်စရိုက်တွေက အမွေရလိုက်တာ တော်တော်တန်ဖိုးရှိပါတယ်။
    နောက်မျိုးဆက်ကို လက်ဆင့်ကမ်းနိုင်ရင် အကျိုးများမယ်ထင်တယ်။
    ဒါပေမယ့် ကျမကိုယ်တွေ့ပြောရရင်- ကျမတို့ငယ်ငယ်က မိဘအလုပ်ကို ကျောင်းအားတာနဲ့ ကျောင်းပိတ်တာနဲ့ ဝိုင်းလုပ်ရလို့ မိဘလုပ်ငန်းတွေကို အတူတွဲပြီးလိုက်နိုင်ပေမယ့်
    ခုခေတ်မှာတော့ ကလေးတွေက ကျောင်းပြီးရင်း ကျောင်းနေကြတာနဲ့ ကိုယ့်မိသားစုရဲ့ လုပ်ငန်းအကြောင်းကို ဘာမှမသိကြတော့ဘူး။
    စိတ်ဝင်းစားမှုလည်း မရှိကြဘူး။
    လုပ်ငန်းခါးဆက်ပြတ်မှာတောင် ကြောက်ရတယ်။

  • စိန်ပေါက်ပေါက်

    February 18, 2012 at 10:54 am

    ဆီခပ်နည်းလေး သဘောကျသဗျ
    တစ်ခါတလေမြင်ဖူးတာ ဆီခပ်တာတော့ အပြည့်လျှံအောင်ခပ်ပြီး တစ်ကယ်ထည့်တော့ ပတွတ်ဆို မှောက်ချထည့်ပြီး ပတွတ်ဆို
    ခွက်ကို ပြန်သိမ်းသွားကောဗျာ
    ပွဲရုံတွေမှာ သူခိုး အလွတ်ပေါတယ်…
    ပစ္စည်းဝယ်ပြီး ကားနောက်ခန်ည်းထဲ ထည့်ပြီး အနောက်မှာ လူမစောင့်ရင် ကားသွားနေတာတောင် ဘတ်ခနဲ နှိက်တတ်ကြတယ်..
    နောက်ထပ်ဗဟုသုတလေးတွေလဲ မျှော်နေလျက်
    ပုံ
    ကုန်သည်ကြီးအူးစိန်ပေါက်

  • nozomi

    February 18, 2012 at 11:21 am

    လွန်ခဲ့တဲ့ ၂ နှစ်လောက်ကထင်တယ်
    မြဝတီက လာတဲ့ ရတနာရွှေအိုး ဆိုတဲ့ တရုပ်ကားလေး
    ဇတ်လမ်းထဲမှာ ရောပြီး အရောင်းအဝယ် ပညာကို ပြသွားတာ တော်တော်ကြည့်ကောင်းတယ်
    ဒီပို့စ်လေးလဲ အဲဒီအတိုင်းပဲ ၊ နောက်ပို့စ်တွေကို စောင့်ဖတ်နေပါမယ် ခင်ဗျာ

  • water-melon

    February 18, 2012 at 11:24 am

    အူးစိန်ဘော့သား အူးစိန်ပေါက်
    ဟိုတစ်နေ့က ဝယ်သွားတဲ့ ပဲအကြွေးလေးလာပေးအုန်းတဲ့ မကြီးမိုက်က ပြောနေတယ်။
    အန်တီအေးရယ် ကျေးဇူးဘဲ
    ရွာပြန်ပြီးဆီကုန်သည်လုပ်အုံးမှ ကြက်ဆူဆီ 😀

  • aye.kk

    February 18, 2012 at 9:27 pm

    မမ,…
    စိုးရိမ်တာတကယ်မှန်ပါတယ်..
    သားတွေကဝါသနာမရှိတော့..
    သူတို့ရထားတဲ့ဘွဲ ့နဲ့လိုက်ဖက်မဲ့အလုပ်ကိုဘဲစိတ်ဝင်စားကြတော့တယ်။
    ကုန်သည်ကြီး….
    အူးစိန်ပေါက်ရေ..
    ဖတ်ပြီးအားပေးသွားတာ..
    ကျေးဇူးပါ၊သိထားတဲ့ဗဟုသုတလေးမျှပါ့မယ်နော။
    nozomi,…အားပေးသွားတာ၊ဝမ်းသာမိပါတယ်။
    water,..ရေ
    ကြက်ဆူဆီနည်း၊လေ့လာလိုက်ပါရစေနော။

  • အခုခေတ်ကတော့ ဒီလိုအရောင်းအဝယ်ပညာကို စိတ်မဝင်စားတော့
    စနစ်တကျတတ်သူနည်းကုန်ပါပြီ။

    • Mလုလင်

      February 25, 2012 at 11:00 pm

      ဟုတ်တယ်ဗျို ့ .. တစ်ချို ့လဲ .. အခြေခံစိတ်ဓာတ် အားနည်းတာကြောင့် ပညာပိုင်း မသုံး ပဲ … ဘယ်လို လိမ်ရောင်းရမလဲ စဉ်းစားနေကြတာတွေ့ဘူးတယ် ဗျို ့ .. (တစ်ချို ့)
      လေးစားစွာဖြင့်
      Mလုလင်

Leave a Reply