ကွမ်းခြံကုန်းဓားပြမှု လူ ၄ ဦးကို ရဲက ဖမ်းဆီး

kyawgyiJune 5, 20101min640

လူ ၃ ဦးသေဆုံးခဲ့သော ကွမ်းခြံကုန်း ဒရယ်လူးကျေးရွာ ဓားပြမှုကျူးလွန်သူဟု သံသယဖြင့် လူ ၄ ဦးကို ဖမ်းဆီးထားကြောင်း ရဲက ပြောသည်။ ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့မှ ၁၄ မိုင်ဝေးသော ဒရယ်လူးကျေးရွာ ဒေါ်သိန်းမြင့် နေအိမ်တွင် မေလ ၁၆ ရက်နေ့က ဓားပြတိုက်မှုဖြင့် ကော့မှူးမြို့နယ် ထန်းတပင်ရွာနေ ဦးဆန်း (အသက် ၅၉ နှစ်)၊ သထုံမြို့ ညောင်ကုန်းလေးရွာဇာတိသား ဦးသောင်းလွင် (ခ) ဦးဆေးလုံး၊ ဦးအေးလွင် (ခ) ဦးမြင့်ကျော်နှင့် ဦးခင်မောင်ဝင်း (ခ) ဦးမောင်ဝင်းတို့ကို ဖမ်းမိထားသည်ဟု သောကြာနေ့က ရန်ကုန်ရဲချုပ်ရုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက ပြောသည်။ ရွာသားများကို လက်ပစ်ဗုံး၊ သေနတ်တို့ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သော ဦးအေးသန်းကတော့ လွတ်မြောက်နေဆဲဖြစ်သည်ဟု ဆိုသည်။ ဓားပြများက တပ်မ ၇ရ ခြေမြန်တပ်ရင်းတံဆိပ်ပါ စစ်ဝတ်စုံများ ဝတ်ဆင်ထားခဲ့သည်ဟု ရဲက ပြောသည်။ သတင်းစာရှင်းလင်းပွဲတွင် သိမ်းဆည်းရမိသော အေကေ ၄ရ သေနတ်ကိုလည်း ပြသထားသည်။ ”ဒိလို စစ်ယူနီဖောင်းဝတ်လုပ်ရင် တပ်မတော်ဘက်ကို လမ်းကြောင်းပြောင်းသွားပြီး သူတို့လုပ်ရပ်ကို ခြေရာခံဖို့ ခက်မယ်လို့ ယူဆပြီး ဝတ်ကြတာ” ဟု ရဲချုပ်က ပြောသည်။ အခင်းဖြစ်ပွားအပြီး ၃ ရက်အကြာ ယခင်က ဓားပြမှုတခုဖြင့် ထောင်ကျဖူးသူ ဥိီးဆန်းကို ဖမ်းမိရာက ဆက်လက်ဖမ်းနိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။ ဦးသောင်းလွင်၊ ဦးအေးလွင်တို့မှာ ယခင်က ဓားပြမှုနှင့် လူသတ်မှုတို့ အသီးသီး ကျူးလွန်ဖူး၍ နှစ်ရှည်ထောင်ကျဖူးသူများလည်း ဖြစ်သည်။ ညအချိန် ဓားပြမှုတိုက်မှုတွင် လူ ၂ ဦးပွဲချင်းပြီး သေဆုံးပြီး၊ ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်။ နောက်ပိုင်းတွင် ဒဏ်ရာရရှိသူများအနက် ၁ ဦး ထပ်မံသေဆုံးခဲ့သည်။ ဓားပြ ၅ ဦးက စစ်သားများ စစ်ဆေးရန် ဟန်ဆောင်ပြီး အိမ်ခြံတွင်း ဝင်ရောက်ကာ စာရင်းငှား ကိုသာကျော်နှင့် ကိုဖိုးထူးကို ကြိုးတုတ်ကာ အိမ်ရှင်ဒေါ်သိန်းမြင့်ထံမှ ငွေတောင်းစဉ် ကိုဖိုးထူး လွတ်မြောက်ထွက်ပြေးသွားပြီး ”ဓားပြ၊ ဓားပြ” ဟု အော်ဟစ်၍ ရွာသား ၃ဝ ခန့် အခင်းဖြစ်အိမ်နားသို့ ရောက်လာပြီး ခဲများ၊ လေးခွများဖြင့် ဝိုင်းဝန်းပတ်ခတ်ရာ ဓားပြများက သေနတ်ဖြင့် ပြန်လည်ပစ်သည်ဟု ရဲက ပြောသည်။ ဓားပြများက အိမ်နောက်ဘက် ခြံစည်းရိုးမှတဆင့် ဖောက်ထွက်ပြီး ရွာလယ်လမ်းမအရောက် ရွာသားများက လိုက်ပါလာပြန်သည်ကိုတွေ့ရာ လက်ပစ်ဗုံးဖြင့် ပစ်ခတ်ထွက်ပြေးသွားရာ သေဆုံးဒဏ်ရာရမှု ဖြစ်သွားခဲ့သည်။