သံဃာများအား မျက်လုံးတု အခမဲ့တပ်ပေးမည်…

lu ta loneJune 5, 20101min650
News Pic
ပါမောက္ခ ဒေါက်တာ ဌေးဆောင်က သံဃာတော်တစ်ပါးအား မျက်စိတုစမ်းသပ်တပ်ဆင်ပေးနေစဉ်။

ဇီဝိတဒါနသံဃာ့ဆေးရုံ၏ နှစ်(၇၀) ပြည့် အထိမ်းအမှတ်အဖြစ် ယခုလမှ စတင်ခါ မျက်လုံးအတုတပ်ရန်လိုအပ်သော သံဃာတော်များနှင့် သီလရှင်များအား အခမဲ့တပ်ပေးသွားမည်ဖြစ်ကြောင်း ဆေးရုံမှ သိရသည်။

မျက်လုံးအတု တပ်ဆင်ခြင်းကို ဆေးရုံ၏ မျက်စိကုသရေးဌာနနှင့် သွားတု တပ်ဆင်ရေးဌာနတို့က ပူးပေါင်းဆောင် ရွက်ပေးသွားမည် ဖြစ်ကြောင်း သွားနှင့်ခံတွင်းဆိုင်ရာ အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ဦးဌေးဆောင်က  ပြောသည်။

မျက်လုံးခွဲထုတ်ရာတွင် မျက်လုံးအိမ် အခေါင်းထဲရှိ အခြား အစိတ် အပိုင်းများ (ကြွက်သားများ) ချန်ထားခဲ့ခြင်း (Enucleation) နှင့် မျက်စိအတွင်းသားများ ခြစ်ထုတ်၍ မျက်လုံးအိမ်ခွံ ချန်ထားခဲ့ခြင်း (Evisceration) ဟူ၍ နှစ်မျိုးခွဲ နိုင်သည်။

“ထိခိုက်လို့ပဲဖြစ်ဖြစ်၊ ရောဂါကြောင့် ပဲဖြစ်ဖြစ် ကိုယ်လက်အင်္ဂါတွေဖြတ်ပစ် ရရင် ဒီဖြတ်ပစ်တဲ့နေရာမှာ ပြန်အစား ထိုးကြတယ်။ အထူးသဖြင့် မျက်နှာမှာ အမာရွတ်ကြီးဖြစ်သွားတာ၊ မျက်လုံး ထုတ်ပစ်လိုက်ရတာ၊ ရှေ့သွားကျိုးသွားတာဆိုရင် လူတော်တော် များများက မဖြစ်မနေ အစားထိုးကြတယ်။ ကိုယ့်မျက်နှာကို မှန်ထဲပြန်ကြည့်ရင် မျက်လုံးက ဟောက်ပတ်ကြီးဖြစ်နေရင် ဘယ်လို စိတ်ချမ်းသာမလဲ”ဟု ပါမောက္ခ ဒေါက်တာဌေးဆောင်က ပြောသည်။

မျက်လုံးအတုပြုလုပ်နည်းနှင့် နမူနာများကိုပါ စိတ်ဝင်စားသော ဇီဝိတဒါန သံဃာ့ဆေးရုံမှ သွားဆရာဝန်များနှင့် မျက်စိ ဆရာဝန် များအား ဆက်လက် ပညာဖြန့်ဝေပေးမည်ဖြစ်သည်။

သံဃာ့ဆေးရုံတွင် ခွဲစိတ်ခ မတတ်နိုင်သည့် မျက်စိခွဲစိတ်ရန်လိုအပ်သော ဝေဒနာရှင်များကို မျက်ကပ်မှန်ရန်ပုံငွေ ဖြင့် အခမဲ့ မျက်စိခွဲစိတ်ကုသပေးလျက်ရှိကြောင်း ဆေးရုံဥက္ကဋ္ဌ ဦးမောင်မောင် က ပြောသည်။

“ခွဲစိတ်ခမတတ်နိုင်တဲ့ မျက်စိ ဝေဒနာရှင်တွေအတွက် အခမဲ့ မျက်စိခွဲပေးဖို့ မျက်ကပ်မှန်ရန်ပုံငွေ (IOL -Intra Ocular Lens) ရှိတယ်။ ဒီအထဲက အလှူငွေနဲ့ ဆင်းရဲတဲ့ မျက်စိဝေဒနာရှင်တွေကို ရပ်ကွက်ထောက်ခံစာ ယူလာပေးခိုင်းပြီး မျက်စိ အခမဲ့ခွဲပေးတယ်။ ပြီးတော့ မျက်ကပ်မှန်ပါ တပ်ပေးတယ်။ ဆေးရုံကိုလာလှူတဲ့ အလှူရှင်တွေက သူတို့လှူချင်တဲ့အလှူနဲ့ ဆေးရုံလိုအပ်ချက်ကိုကြည့်ပြီး လှူကြတာ ဆိုတော့ သီးသန့်ရန်ပုံငွေတွေ ဖြစ်လာတယ်။ ဒီရန်ပုံငွေရှိလို့ အမှန်တကယ် မတတ်နိုင်တဲ့ မျက်စိခွဲဖို့လိုအပ်တဲ့သူတွေကို အခမဲ့ခွဲပေး နိုင်လို့ ဝေဒနာရှင်တွေကို ဆေးရုံက ဖိတ်ခေါ်ပါတယ်”ဟု ဦးမောင်မောင်က ပြောသည်။

ဆေးရုံ၏ မျက်စိဌာနတွင် မျက်စိ အထူးကုလုပ်အားပေး ဆရာဝန် ၂၂ ဦး ရှိပြီး ပိတ်ရက်မရှိ နေ့စဉ် အလှည့်ကျ ဆရာဝန်များက မျက်စိစမ်းသပ်ပေးနေရာ နေ့စဉ် ပြင်ပလူနာ ၈ဝ မှ ၁၀ဝ အတွင်းရှိသည်။

ဆေးရုံတွင် ခွဲစိတ်ခန်း လေးခုရှိပြီး အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး နှင့် စနေနေ့များတွင် အလှည့်ကျဆရာဝန်များက မျက်စိခွဲစိတ်ကုသ ပေးနေသည်။ ထို့ပြင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ကျပ် ၅၀ဝ နှုန်းဖြင့် မျက်မှန်စမ်းပေးလျက်ရှိသည်။

သံဃာနှင့် သီလရှင်များအတွက် မျက်စိဝေဒနာများကို အခမဲ့ကုသ ခွဲစိတ်ပေးသော်လည်း လူပုဂ္ဂိုလ်များအတွက်မူ ကျပ် ၈,၀၀ဝ ဖြင့် မျက်စိ ခွဲစိတ်ကုသပေးသည်။

သံဃာ့ဆေးရုံမှ ၂၀၀၉ ခုနှစ်အတွင်း သံဃာ ၅၀၁ ပါး၊ သီလရှင် ၁၄၉ ပါးနှင့် လူပုဂ္ဂိုလ် ၁,၅၀၃ ဦးတို့အား မျက်စိခွဲ စိတ်ပေးခဲ့ပြီး မျက်ကပ်မှန် ရန်ပုံငွေဖြင့် လူပုဂ္ဂိုလ် ၆၄ ဦးတို့အား အခမဲ့ မျက်စိ ခွဲစိတ်ပေးခဲ့သည်။