ပဒုမ္မာဆေးခဲ့သော အိမ်သာများအဆုံး(၄)

padonmarFebruary 25, 20121min65321

အဲဒီကနေ တရားရိပ်သာတွေမှာ တရားအားထုတ်ဖြစ်လာတော့

ရိပ်သာထဲနေစဉ်ရော ရိပ်သာက အပြန်မှာပါ

ကိုယ်နေတဲ့ နေရာပတ်ဝန်းကျင်သာမက ကိုယ်တက်ခဲ့တဲ့ အိမ်သာတွေကိုပါ

သန့်ရှင်းရေးလုပ်တဲ့ အကျင့်လေးကျင့်သုံးခဲ့ပါတယ်။

သံသရာကြွေး မပါစေချင်လို့ပါ။

ဘာသာရေးသင်တန်းတွေ တက်ဖြစ်တဲ့အခါမှာလည်း

သင်တန်းဖော်တွေနဲ့ အတူ သင်တန်းရဲ့ အိမ်သာတွေ

အပတ်စဉ်ကုသိုလ်ယူ ဆေးဖြစ်ကြပါတယ်။

ဆေးသာဆေးရတယ် ဒီအိမ်သာတွေဟာ သုံးသူတွေကလည်း စည်းကမ်းရှိကြတော့

ဖုံတင်တာ ဖိနပ်ရာထင်တာတွေလောက်ကိုသာ သန့်အောင်

ကြွေရောင်တောက်အောင် ဆေးပေးရတာမျိုးပါ။အရမ်းညစ်ပတ်နေတာမျိုးမရှိပါဘူး။

(ဒီနေရာမှာ စကားအတင်းစပ်ရရင် သဂျီးပြောပြောနေတဲ့ ဘာသာရေးကြောင့်

ဒီတိုင်းပြည်ကလူတွေ စိတ်ဓာတ်ပျော့ညံ့လာတယ်ဆိုတဲ့ သဘောမမှန်ကြောင်း ပြချင်ပါတယ်

၊ရိပ်သာတွေ ၊ဘာသာရေးသင်တန်းကျောင်းတွေကို ရောက်လာတဲ့သူတွေ အားလုံးနီးပါးဟာ

အလိုလို စည်းကမ်းလိုက်နာတတ်သူများဖြစ်လာတယ်ဆိုတာ

အခြား အများသုံးအိမ်သာတွေနဲ့ ယှဉ်ကြည့်ရင် သိသာပါတယ်

၊နောက်ပြီး ရိပ်သာမှာ ဘာသာရေးသင်တန်းမှာ အာဟာရဒါနကြွေးတဲ့အခါ

လုယက်ယူတာမရှိပါဘူး၊တစ်ယောက်နဲ့တစ်ယောက် ညှာတာကြတာတွေ မျက်မြင်ကိုယ်တွေ့ပါ။

နှိုင်းယှဉ်ပြစရာ ကိုယ်တွေ့လေး ၂ခု ပြောပြချင်ပါသေးတယ်။

Australia သံရုံးကို visa ဝင်တဲ့သူနဲ့ အဖော်လိုက်သွားပေးမိတုံးက တစ်ခါ

၊အင်းယားလိပ်ဟော်တယ်မှာ ဖွင့်ထားတဲ့ SOS ဆေးခန်းမှာ တစ်ခါ

အိမ်သာအဝင်မှာ ရှေ့လူ က Flush မလုပ်တတ်လို့ ထင်ပါရဲ့

ဘိုထိုင်အိမ်သာမှာ မသန့်တာတွေနဲ့ တိုးပြန်ရော။

ကျွန်မကျမှပဲ ဒါမျိုးတွေချည်းတွေ့နေမိသလားတော့မသိပါဘူး 😀

၊ဒီနေရာကို လာတဲ့သူတွေဟာ အနည်းဆုံးတော့ ဆွေမျိုးသားချင်းဖြစ်စေ

နိုင်ငံခြားရောက်မယ့် ရောက်ဖူးမယ့် သူတွေပါပဲ။

ဒီလို နေရာမျိုးတွေမှာတောင် တွေ့ရတဲ့ မသန့်မရှင်းကိစ္စတွေကို

ရိပ်သာနဲ့ ဘာသာရေးသင်တန်းတွေမှာ မတွေ့ရတာ သက်သေပါလို့ပြောချင်ပါတယ်။)

အခုဆေးနေတဲ့ လေဆိပ်အိမ်သာ အပါအဝင်

ကျွန်မတစ်သက်တာ ကြုံလာဆေးလာခဲ့တဲ့ အိမ်သာတွေကို

ဘာစိတ်တွေနဲ့ ဘာကြောင့်ဆေးတာလဲလို့ ကိုယ့်ကိုကိုယ် ဆန်းစစ်မိပါတယ်။

ငယ်ငယ်က ညီအမတတွေ တွက်ကပ်ပြီး မဆေးချင်ဆေးချင်ဆေးခဲ့ရတဲ့ အိ်မ်သာက

အမေရဲ့ဗီတိုအာဏာကို ကြောက်လို့ဆေးခဲ့တာပါ။

လက်ခုပ်ကုန်းဘုန်းကြီးကျောင်းမှာ ဆေးခဲ့ရတဲ့ အိမ်သာကတော့

အဖွဲ့အစည်းတစ်ခုမှာ အကြီးနေရာမှာနေရတဲ့သူတွေရဲ့ တာဝန်ယူမှုအရ ဆေးခဲ့ရတာပါ။

ရိပ်သာနဲ့ ဘာသာရေးသင်တန်းတွေမှာ ဆေးခဲ့ရတဲ့ အိမ်သာကတော့

သံသရာမှ လွတ်မြောက်ရေးမှာ အထောက်အကူကောင်းလေးဖြစ်စေဖို့ပါ။

သံရုံးတို့ လေဆိပ်တို့မှာ ဆေးပေးခဲ့တဲ့ အိမ်သာကတော့

ကြီးကြီးကျယ်ကျယ်ပြောရရင် တိုင်းပြည်နဲ့ လူမျိုးမျက်နှာအတွက် ဆေးခဲ့တယ်လို့ ပြောချင်ပါရဲ့။

ဟုတ်ပါတယ်။ဒီလို နိုင်ငံခြားသားတွေ ဥဒဟို ဝင်ထွက်နေတဲ့နေရာမျိုးမှာ

ညစ်ပတ်နေရင် ကိုယ့်လူမျိုးအချင်းချင်းကတော့ နှာခေါင်းလေးရှုံ့သွားတာက လွဲလို့

ရိုးနေပြီလို့ ပြောပေမယ့် နိုင်ငံခြားသူားတွေ အမြင်မှာ

ဒီတိုင်းပြည်ကလူတွေ သိပ်ညစ်ပတ်တာပဲလို့ အထင်သေးသွားမှာ မခံချင်ပါဘူး။

နောက်ပြီး အိမ်သာဆိုတာ ရှေ့လူတွေ ညစ်ပတ်သွားတာပါ၊

ငါလုပ်တာမဟုတ်၊ ငါနဲ့ မဆိုင်ပါဘူးလို့ပြောလို့မရပါဘူး

။နောက်လူက မြင်ရမှာ ကိုယ့်မျက်နှာပါ။

ဒီမျက်ခွက်နဲ့ ကျန်ခဲ့တဲ့ အခန်းထဲက အရှုပ်တော်ပုံကြီးကို ဆက်စပ်ပြီး

အဲဒီခဏမှာပဲ ကိုယ့်ရဲ့ သိက္ခာပါ ကျသွားပါလိမ့်မယ်။

အထူးသဖြင့် အများပြည်သူဆိုင်တဲ့ နေရာတွေမှာ ဒီနေရာမှာရှိနေတဲ့သူ ဒီနေရာက ထွက်လာတဲ့သူဟာ

ဒီမှာတွေ့နေရတဲ့ ကောင်းခြင်းမကောင်းခြင်းတွေနဲ့ တိုက်ရိုက်ပတ်သက်နေပါတယ်။

ကိုယ့်ရှေ့ကလူတွေ ကောင်းတာမကောင်းတာ သူ့ကိစ္စပါ။

ကိုယ်ကနေ နောင်လာမယ့်သူတွေကိုတော့

ကောင်းတဲ့ သန့်ရှင်းတဲ့ အမွေလေးဆက်ပေးဖို့

အနစ်နာခံသင့်ရင်လည်း ခံကြဖို့ လိုပါတယ်လို့

ကျွန်မအမြင်လေး ပြောချင်ပါတယ်။

ကျွန်မကတော့ နောင်ကိုလည်း တွေ့တဲ့အိမ်သာတွေ

စိတ်ပါလက်ပါ ဆက်ဆေးသွားအုံးမှာပါ။

ကျွန်မရဲ့ မိတ်ဆွေတွေကော ဘယ်လိုသဘောရပါသလဲ သိချင်ပါတယ်ရှင်။

21 comments

  • windtalker

    February 25, 2012 at 8:31 pm

    သာဓု သာဓု သာဓု ပါ ခင်ဗျား ။
    အန်တီပုဒ္ဒမာ လို စိတ်ထားမျိုး ထားနိုင်ဖို ့အများကြီး ကြိုးစားရပါဦးမည် ။

  • MaMa

    February 25, 2012 at 8:54 pm

    ဆေးခဲ့တဲ့ အိမ်သာတွေက ပတ်ဝန်းကျင်အစုံမှာ ဖြစ်သလို
    ဆေးခဲ့တဲ့ ရည်ရွယ်ချက်ကလေးတွေကလည်း အမျိုးမျိုးပါလား။
    ကိုယ့်ကိုကိုယ် ပြန်စစ်တမ်းထုတ်ကြည့်တော့…….
    သတင်းဆိုလည်း မထောက်တထောက် လုပ်ချင်တယ်။
    အိမ်သာဆိုလည်း မဆေး တဆေး (အချို့အိမ်သာများဆေးပြီး၊ အချို့အိမ်သာများ မဆေးခဲ့ပါ) လုပ်ခဲ့တယ်။
    အင်းးးးးးးး အကျိုးပေးတော့ ကောင်းဦးမှာပဲ။
    (အဲ – ရေးတော့ ရေးမိပြီ၊ သဂျီးဆင်ဆာနဲ့များ လွတ်ပါ့မလားမသိ)

  • ခပ် KING ကင်း

    February 25, 2012 at 9:03 pm

    အိမ်သာလား
    ညစ်ပတ်ရင် စိတ်မရှင်းဘူး
    သန့်အောင်လုပ်လိုက်တယ် …..
    ဒါပေမယ့် တမင်သက်သက်တော့ မလုပ်မိဘူး
    ကြုံမှ လုပ်တယ်
    အဲဒီတော့လည်း ………………….

  • aye.kk

    February 25, 2012 at 10:00 pm

    ပဒုမ္မာကြာပန်းသကဲ့သို့…
    ဘဝအဆက်တိုင်းမှာပင်…
    အစဉ်ထာဝရလန်းဆန်းကာလှပါစေဟု…
    မပဒုမ္မာအားဆုတောင်းပေးမိပါသည်။

  • ကြုံလဲကြုံမယ်ရေလဲအဆင်သင့်ရှိမယ်ဆိုရင်တော့လုပ်ပေးမိပါလိမ့်မယ်။
    တကူးတကဆိုရင်တော့ မပဒုမ္မာလောက် စိတ်မြတ်စိတ်ကောင်းမထားနိုင်တဲ့အတွက်လုပ်ဖြစ်မိမယ်မထင်ဘူးဗျာ။

    • Khin Latt

      February 25, 2012 at 11:02 pm

      ကိုပေါက် …. မြ ရော …. မြ ….
      နေ့တိုင်း မျှော်နေရတာပါ ခင်ဗျား။ 😉

  • pooch

    February 25, 2012 at 10:34 pm

    ကြိုးစားကြည့်ပါ့မယ် ဒေါ်ဒေါ်။

  • Harumoto

    February 25, 2012 at 10:40 pm

    သန့်အောင်မသုံးတဲ့သူတွေကြောင့်
    သန့်ရှင်းရေး လုပ်ပေးရတယ်..
    ဒီလိုဘဲ ကောင်းတာမလုပ်တဲ့လူတွေကြောင့်
    ကောင်းအောင် လုပ်ပေးတဲ့ သူတွေ ပေါ်လာတယ်။
    ကောင်းတာမလုပ်တဲ့ သူတွေကို ရှုံ့ချ ကြပြီး
    ကောင်းတာလုပ်တဲ့သူတွေကို ချီးမြှောက်ကြတယ်.
    ဒီတော့ ရှုံ့ချ မခံရအောင်..ချီးမြှောက် ခံရအောင်.
    ကောင်းတာတွေကို လုပ်ဖို့ လိုပါတယ်။
    ဒါကြောင့် ဘယ်ကိစ္စ တွေက ကောင်းတဲ့ကိစ္စ ကောင်းတဲ့အလုပ်..
    လုပ်သင့်တဲ့ အလုပ် ဆိုတာတွေကိုလဲ သိဘို့ လိုပါတယ်။
    အခု ဒေါ်ပဒုမ္မာ က သူ့ အတွေ့ အကြုံနဲ့ ညွှန်ပြသွားတာကို
    လေးလေးစားစားနဲ့ လက်ခံ လိုက်နာ ကျင့်သုံးကြမဲ့ သူတွေ အများကြီး
    တွေ့ရတော့ ဒေါ်ပဒုမ္မာ ကိုယ်စား ကြားကနေ ဝမ်းသာပီတိ ဖြစ်ရပါတယ်။
    နောင်ကိုလဲ ဒီလို အမှုမဲ့ အမှတ်မဲ့ မသိခဲ့ရတာလေးတွေကိုလဲ
    ကြုံရင်ကြုံ သလို တင်ပြ ပြောဆို သတိပေးမယ်ဆို..
    မကောင်းတဲ့ အကျင့်တွေ ပြင်လို့ရသွားမှာပါ။
    ကျေးဇူးတင်ပါတယ်ခင်ဗျာ။
    လေးစားလျှက်…
    Harumoto….

  • Khin Latt

    February 25, 2012 at 11:00 pm

    ္မအစ်မ ပဒုမ္မာ
    လုပ်တဲ့ အလုပ်တိုင်းမှာ Reason လေးတွေပြထားတာ ကို အလွန်ဘဲ သဘောတွေ့ နှစ်ခြိုက် လိုက်မိပါတယ်။
    အိမ်သာတွေ မှာ ညစ်ပတ် ရတာ ကတော့ လူတစ်ဦးချင်း ဆီ ရဲ့ စိတ်သဘောထား အကျင့် ပေါ်မှာ အများစု တည် မယ်ထင်ပါတယ်။
    (၁) ကိုယ့် လုပ်တဲ့ တာဝန် ကို ကိုယ်ကောင်းကောင်း မယူချင် ဘဲ ဘာဘဲ ဖြစ်ခဲ့၊ ဖြစ်ခဲ့ လှည့်မကြည့် ဘဲ ငါ့လက်ကလွတ် ပြီးရော ဆိုတဲ့ စိတ်ဓာတ်ရှိ လူမျိုး တွေ ကြောင့်
    (၂) နောက်တစ်ချက်ကတော့ လုပ်ချင်ရင်တောင် အလွယ် ရေတို့ ဘာတို့ အနီး မရှိရင် အလုပ်ရှုပ်ခံ စဉ်းစား မနေဘဲ လစ်လျှူရှု နိုင်တဲ့ စိတ်ဓာတ်ရှိ လူမျိုးတွေ ကြောင့်
    တကယ်တော့ ကျွန်မ လဲ နံပါတ်(၂) မှာ ပါပါတယ်။
    အစ်မလို စိတ်ဓာတ်ရှိတဲ့ လူကတော့ ရှိတော့ရှိတယ်။ ရှားတယ်။
    ဒါကြောင့် လဲ အများသုံး အိမ်သာတွေ ညစ်ပါတ်နေတာပေါ့လေ။

    အစ်မရဲ့ ရှေ့က Post တစ်ခု ရဲ့ မှတ်ချက်ထဲမှာ တစ်ယောက်မေးထားတာရှိတယ်။
    ရန်ကုန်မြို့လည်မှာ ဘယ်မှာ အိမ်သာ ရှိလဲ ဆိုတာ။
    မဟုတ်သော အကြံပြုရရင်တော့ –
    နီးရာဟော်တယ် ကြီး တစ်ခု ကို ဝင်ပြီး ဟိုဟာဒီဟာ မေးပြီးစုံစမ်း သလို လုပ်ပါ။
    ပြီးတော့ ပြုံးပြုံးလေးနဲ့ အိမ်သာလေး တက်ပါရစေ ခွင့်တောင်းပါ။
    ဟိုတယ်ကြီး တွေ အများစုမှာ အောက်ဆုံး မှာ လဲ အိမ်သာ တွေ ထားပါတယ်။
    ကိစ္စပြီးရင် ပြုံးပြုံးလေးနဲ့ ကျေးဇူးတင်ကြောင်း ပြောနှုတ်ဆက်ပြီး ထွက်လာပါ။
    နေ့တိုင်းတော့ မလုပ်နဲ့ပေါ့။ 😀

    PS –
    ~~ နိုင်ငံခြားသူားတွေ အမြင်မှာ ဒီတိုင်းပြည်ကလူတွေ သိပ်ညစ်ပတ်တာပဲလို့ အထင်သေးသွားမှာ မခံချင်ပါဘူး။ ~~
    ဦးညွတ်သွားပါတယ် အစ်မရေ။
    ကျွန်မလဲ အတတ်နိုင်ဆုံး အဲဒီစိတ် ဖြစ်အောင် တကဲ့ကို ကြိုးစားပါ့မယ်။

  • ဦးဦးပါလေရာ

    February 25, 2012 at 11:23 pm

    “…..ကိုယ့်ရှေ့ကလူတွေ ကောင်းတာမကောင်းတာ သူ့ကိစ္စပါ။
    ကိုယ်ကနေ နောင်လာမယ့်သူတွေကိုတော့
    ကောင်းတဲ့ သန့်ရှင်းတဲ့ အမွေလေးဆက်ပေးဖို့
    အနစ်နာခံသင့်ရင်လည်း ခံကြဖို့ လိုပါတယ်လို့ ….”

    စိတ်ထဲ ရင်ထဲကို ထိပါတယ် မပဒုမ္မာရေ…..
    ကျွန်တော်လဲ ကိုယ့်လူမျိုးဂုဏ်သိက္ခာနဲ့ပါတ်သက်ရင် နေနိုင်လှတာမဟုတ်ပေမယ့်
    မပဒုမ္မာနဲ့ယှဉ်လိုက်တော့ အလကားကြီးကိုဖြစ်သွားတာ ရှက်ရှက်နဲ့ဝန်ခံပါတယ်။
    ဒီပိုစ့်လေး ပြီးတဲ့အထိဖတ်မိပြီးတော့
    နောက်နောင်ကို အခုထက် “ကောင်း” အောင်ကြိုးစားဘို့ စိတ်ဆုံးဖြတ်မိပါတယ်။

  • surmi

    February 26, 2012 at 12:14 am

    ထီပေါက်ရင် ရွာထဲကလူတွေကို လက်ရာကောင်းတဲ.ဆိုင်မှာဖိတ်ကြွေးမလို. စဉ်းစားနေတာ ….။
    ခုတော. ဒီပို.စ်တွေဖတ်ပြီး အိမ်သာကောင်းမကောင်းပါရွေးရတော.မယ်ထင်တယ် …..။
    ဒါမျိုးတွေကြုံလာရင်တော. အစ်မကိုသတိယပြီး ဆေးဖြစ်အောင်ကြိုးစားတော.မယ် ….။

  • htoosan

    February 26, 2012 at 8:00 am

    “ကိုယ့်ရှေ့ကလူတွေ ကောင်းတာမကောင်းတာ သူ့ကိစ္စပါ။
    ကိုယ်ကနေ နောင်လာမယ့်သူတွေကိုတော့
    ကောင်းတဲ့ သန့်ရှင်းတဲ့ အမွေလေးဆက်ပေးဖို့ ”

    ကျေးဇူးတင်ပါတယ် အန်တီရေ။

  • KoNyeinChan

    February 26, 2012 at 10:31 am

    အစ်မကြီး ပဒုမ္မာရေ.. ပြောစရာ စကားတစ်ခွန်းဘဲရှိပါတယ်
    “မြင့်မြတ်တဲ့စိတ်ထားနဲ ့မွန်မြတ်တဲ့လုပ်ရပ်အတွက် လေးစားပါတယ်”

  • ဆူး

    February 26, 2012 at 11:32 am

    ((((ဒီတိုင်းပြည်ကလူတွေ စိတ်ဓာတ်ပျော့ညံ့လာတယ်ဆိုတဲ့ သဘောမမှန်ကြောင်း ပြချင်ပါတယ်
    ၊ရိပ်သာတွေ ၊ဘာသာရေးသင်တန်းကျောင်းတွေကို ရောက်လာတဲ့သူတွေ အားလုံးနီးပါးဟာ
    အလိုလို စည်းကမ်း လိုက်နာတတ်သူများ ဖြစ်လာတယ်ဆိုတာ အခြား အများသုံးအိမ်သာတွေနဲ့ ယှဉ်ကြည့်ရင် သိသာပါတယ် ၊နောက်ပြီး ရိပ်သာမှာ ဘာသာရေးသင်တန်းမှာ အာဟာရဒါနကြွေးတဲ့အခါ
    လုယက်ယူတာမရှိပါဘူး၊ တစ်ယောက်နဲ့တစ်ယောက် ညှာတာကြတာတွေ မျက်မြင်ကိုယ်တွေ့ပါ။)))))

    ထောက်ခံသွားပါတယ်။

  • မဟာရာဇာ အံစာတုံး

    February 26, 2012 at 11:55 am

    အန်တီ ပဒုမ္မာရေ …
    လေးစားပါတယ် ..
    စိတ်ပါလက်ပါ သာဓု ခေါ်ပါတယ် လို့ပဲ ပြောပါရစေနော် …
    _________________________
    ရိပ်သာက အိမ်သာတွေအကြောင်းနဲ့ ပတ်သက်ပြီး ကျနော် ကြုံခဲ့ရတာလေးကို ပြောပြချင်ပါတယ် ခင်ဗျာ။ တစ်ခါတုန်းကပေါ့။ တရားရိပ်သာတစ်ခုကို ကျနော့် အန်တီနဲ့ လိုက်သွားတုန်းက ရိပ်သာထဲက အိမ်သာ (ကုဋီ) တံခါးကိုလည်း ဖွင့်လိုက်ရော အိမ်သာ တစ်ခုလုံးက သန့်ရှင်းလွန်း အားကြီးတာနဲ့ ကျနော်လည်း မဝင်ဝံ့ဘဲ လှည့်ပြန်လာခဲ့ရတယ် ခင်ဗျ။ ဒါကတော့ ကျနော့်ရဲ့ အတွေ့အကြုံလေး တစ်ခုပါပဲ ခင်ဗျာ … ။

    လေးစားစွာဖြင့်
    အံစာတုံး

  • water-melon

    February 26, 2012 at 1:07 pm

    စိန်ပေါက်ရေ နင်လည်း အီးလျှော့ပါဟေ့
    နင်ပါတိုင်း လိုက်ဆေးနေရရင် မလွယ်ဘူး
    ချီးအရမ်းပါနိုင်တဲ့ ကို
    သများတော့မဆေးနိုင်တော့ဘူး ကို

  • စိန်ပေါက်ပေါက်

    February 26, 2012 at 1:13 pm

    ဗျဲလရမ်းစိန် မပန်းမိအောင် ကြိုးစားပါ့မယ် ဒေါ်ဒေါ်

  • kyeemite

    February 27, 2012 at 11:17 am

    အင်း ဒေါ်ကြာနဲ့တွေ့မှဘဲ မိစိန်ပေါက်လိမ္မာသွားတော့တယ်..စောင့်ကြည့်နေမှာနော်..

  • padonmar

    February 29, 2012 at 1:21 am

    အားပေးသွားကြတဲ့ သူတွေအားလုံးကျေးဇူးပါ။
    ကျွန်မ အများကြီးညံ့ပါသေးတယ်။သူများရှင်းကနဲဖြစ်အောင် မရေးတတ်သေးပါ။
    ရေးတဲ့ ကလောင်က လျှာရှည်လွန်းသွားတော့ ဆေးပြီးရင်းဆေးနဲ့လိုရင်းမရောက်ဖူးဖြစ်သွားပါတယ်။
    ကျွန်မ ပေးချင်တဲ့ message ကို ဦးပါလေရာ နဲ့ ကိုထူးဆန်း နှစ်ယောက်ပဲ တွေ့သွားတယ်။
    အားလုံးက တကယ် အိမ်သာဆေးကြဖို့ပဲ ကတိတွေပေးသွားကြတယ်။
    ကိုပေါက်ကြီးက ရေရှိမှဆေးမယ်တဲ့။သူက လျှော့ဈေးနဲ့။:D
    ကျွန်မပြောချင်တာက အခုဆို ရှေ့မှာ အကြောင်းကြောင်းကြောင့် ရှုပ်ထွေးနေသော အရှုပ်ပုံကြီးတွေ နောက်လူတွေလက်ထဲ ရောက်နေ ရောက်ပါတော့မယ်။
    အဲဒီအခါ ကိုယ့်ရှေ့ကလူတွေ ကောင်းတာမကောင်းတာ သူ့ကိစ္စပါ။
    ကိုယ်ကနေ နောင်လာမယ့်သူတွေကိုတော့
    ကောင်းတဲ့ သန့်ရှင်းတဲ့ အမွေလေးဆက်ပေးဖို့
    အနစ်နာခံသင့်ရင်လည်း ခံကြဖို့ လိုပါတယ်လို့ …ထပ်ပြောပါရစေ။

  • Khin Latt

    February 29, 2012 at 5:53 am

    မနေ့ကတောင် ကျွန်မ ဝင်တဲ့ အိမ်သာ တစ်ရှူး တွေ အပြန့်လိုက် ပုံနေလို့ ရှင်းလိုက်သေးတယ်။
    အမှန် က ကိုယ်လုပ်ခဲ့တယ် ထင်မှာစိုးလို့။ 😀

  • Ma Ei

    February 29, 2012 at 11:28 am

    နောင်လာမယ့်သူတွေကို
    ကောင်းတဲ့ သန့်ရှင်းတဲ့ အမွေဆက်ပေးဖို့
    အနစ်နာခံခဲ့၊ အနစ်နာခံနေကြတဲ့ သူတွေရှိနေပါပြီ…
    ကျေးဇူးပါ..
    ကျွန်မငယ်ငယ်တုံးက အရိပ်အကဲနားမလည်လို့အမေကပြောဘူးတယ်…
    မျက်ရိပ်ပြလို့ ဘာမှန်းမသိ၊မျက်လုံးချွတ်ပေါက်လိုက်ရင်တောင်
    ဘာလေးလဲလို့ ကိုင်ကြည့်နေမှာ တဲ့လေ…
    ခုလဲ အဲ့လိုဖြစ်နေပြီလားမသိနော်…
    ကျွန်မလဲ ကောင်းတဲ့ သန့်ရှင်းတဲ့ အမွေတွေဆက်ပေးနိုင်ဘို့
    ကြိုစားပါ့မယ်…

Leave a Reply