တိုက်ဂါးဝုဒ်၊ ထွန်းဝင်းလတ်၊ ဘုန်းသျှံ၊ ဟဲလေး

ကျနော်အင်တာနက်သုံးလာတာ သုံးနှစ်ကျော်လာခဲ့ပါပြီ…. ဒီသုံးနှစ်အတွင်း

မိတ်ဆွေသူငယ်ချင်းများစွာကိုလည်း ရရှိခဲ့သလို ..သူငယ်ချင်းတွေရဲ့ အကူအညီ

တွေနဲ့  အများအကျိုးဖြစ်တဲ့ ပရဟိတလုပ်ငန်းတွေကိုလည်း တတ်နိုင်သလောက်

လုပ်နိုင်ခဲ့ပါတယ်…. ကျနော့်ကို ကူညီကြတဲ့ အားပေးကြတဲ့ မိတ်ဆွေသူငယ်ချင်း

တွေနဲ့ ကျနော် အပြင်မှာ မတွေ့ဘူးခဲ့ပါဘူးးး သူတို့နဲ့တွေ့ဘို့ ကျနော်ကြိုးစားခဲ့ပေမယ့်

ခုချိန်ထိတော့ ကျနော်ကြိုးစားမှု အရာမထင်နိုင်သေးပါ …

ကဲ..ခုတော့ ကျနော့် အင်တာနက်ကသူငယ်ချင်းတစ်ယောက်နဲ့ အပြင်မှာ အရှင်လတ်လတ်

တွေ့ဆုံလိုက်ရပါပြီ…. သူကတော့ တိုက်ဂါးဝုဒ် ပါပဲ ….

ဘာလဲ ခင်ဗျားတို့ အံ့သြသွားကြပါသလားးးးး တိုက်ဂါးဝုဒ်ဆိုလို့လေ….

ဒီတိုက်ဂါးဝုဒ်က ဂေါက်တီးမရိုက်ဘူးဗျ…. သီချင်းတွေရေးတယ်…. ဒါရိုက်တာလုပ်တယ်…

ကျနော်အရင်တုန်းကပြောခဲ့ဘူးပါတယ်… ကျနော့်ရွာသားတွေက နာမည်ပေးကောင်းတယ်

လို့လေ… ခုလည်း ကျနော့်သူငယ်ချင်း ရွာကိုရောက်လာတော့ နာမည်အသစ်ရသွားတာပါပဲ..

ဖြစ်ပုံက ဒီလိုဗျ… သူကျနော်တို့ရွာကို နာမည်ကျော်အဆိုတော် တစ်ယောက်နဲ့ လာခဲ့တယ်…

အကြောင်းကတော့ ကျနော်တို့ ရွာဘုရားပွဲမှာ စတိတ်ရှိုးဆိုဖို့အတွက်ပေါ့ …

မလာခင် သူ ကျနော့်ဆီဖုန်းဆက်တယ်…. မော်လူးမှာ အေးချမ်းသလား ဘာလား ညာလားပေါ့..

ဟဲ..ဟဲ.. ကျနော်ကလည်း အေးဆေးပါပေါ့… သူ တကယ်လာလိမ့်မယ် မထင်ဘူးဗျ..

အကြောင်းက ရွာလယ်ကြော်ငြာ ဆိုင်းဘုတ်မှာ သူနဲ့အတူလာမယ်ဆိုတဲ့ နာမည်ကြီး

အဆိုတော်မှ မပါတာ… ဒီလူနောက်နေတာပဲ ထင်တာပေါ့….နောက်တစ်ခုက

သူကျနော့်ကို ဖုန်းထပ်ဆက်တဲ့ မနက်မှာ ရွာဘုရားပွဲမှာ သီဆိုကြမယ့် …

အဆိုတော်တွေ ရွာကိုရောက်နေကြပြီ…. ဒါပေမယ့် သူကတော့ ရန်ကုန်ကနေ

လေယာဉ်ပျံကြီးစီးပြီး မန်းလေးကိုလာနေပြီတဲ့ခင်ဗျ….

ကျနော်နည်းနည်းတော့ စိတ်ထဲထင့်သွားတယ်… တကယ်များလားပေါ့ ….

ညနေပိုင်းကျတော့ ကျနော်ကြားလိုက်ရတဲ့ သတင်းက အိုးဆားဗစ်ကြီး ကျနော်တို့

ရွာပွဲကို ဖျော်ဖြေဖို့လာလိမ့်မယ်တဲ့ … ဟာ…ဒါဆို…သူ တကယ်ပါလာတော့မှာပေါ့…

အိုးဆားဗစ်ဆိုလို့ တခြားမတွေးပါနဲ့ဗျာ… အဆိုတော် ဟဲလေးကိုပြောတာပါ ….

ဟဲလေးနဲ့ ပါလာမယ်ဆိုတဲ့ ကျနော့်သူငယ်ချင်းကတော့ တိုက်ဂါးဝုဒ်ပေါ့ …

နာမည်အရင်းတော့မပြောတော့ပါဘူးးး ရွာကပေးလိုက်တဲ့ နာမည်နဲ့ပဲ ရေးတော့မယ်ဗျို့..

သူက ရှက်တတ်တယ်ဆိုပဲဗျ..ပြီးတော့ ကျနော့်ကိုလည်း အတန်တန်မှာသွားတယ်…

ကျနော့်အကြောင်းတွေ မရေးနဲ့နော်တဲ့ … တွေးကြည့်ကြစမ်းပါဗျာ… ဒီအတိုင်းပြောရုံနဲ့

ရပါ့မလားးး ဟဲ..ဟဲ….. ထားကြပါစို့ရဲ့ ….

ဒါနဲ့ ..သူ မန်းလေးရောက်တော့ ရထားမမှီလို့ ရွာထောင်ဘူတာကနေ ရထားစောင့်နေတုန်း

ကျနော့်ဆီဖုန်းဆက်တယ်… တကယ်သေချာသွားပြီပေါ့ဗျာ…

ကျနော်လည်း ပထမတော့ ပုန်းနေဘို့ရာ ကြံစည်မိသေးတယ်…. ဟီးးးးးးးးးးးးးးး

ဒါပေမယ့် ဒီလူက မရဘူးဗျ… စိတ်မချလို့ဆိုပြီး ကောလင်းဘူတာက ရထားထွက်လာတော့

ည ၁၂ နာရီကျော်ကြီးကို ဖုန်းထပ်ဆက်တယ်…. ပြီးတော့  ပြောသေးတယ်ဗျ…

ဆရာလေး အားကိုးနဲ့ ကျနော်လိုက်လာတာပါတဲ့လေ… ကဲဗျာ…. ရန်ကုန်သားတွေများ

စကားတတ်လိုက်တာနော်… ချည်ပြီးသား တုပ်ပြီးသားပြောလိုက်တာ…

(ဟဲ.. အလကားစတာနော်… တိုက်ဂါးဝုဒ်ရေ…. )

ကောလင်းဘူတာကနေ ည ၁၂ နာရီထွက်လာတာဆိုရင် ကျနော်တို့ရွာကို မနက်လေးနာရီ

ရထားဆိုက်လိမ့်မယ်ပေါ့ … တိုက်ဂါးဝုဒ်ကတော့ အိပ်ရေးပျက်နေလိမ့်မယ်…

လာမကြိုပါနဲ့ ပြောပေမယ့် … ကိုယ့်ဆီလာတဲ့ ဧည်သည့် ကိုယ့်သူငယ်ချင်းကို ဒီလို

လက်လွယ်စပယ်ပစ်ထားလို့ ဘယ်ရပါ့မလဲ … ဒါနဲ့ နာရီကို ၃နာရီခွဲ နှိုးစက်ပေးပြီး

အိပ်လိုက်တယ်… ကျနော်အိပ်ပျော်သွားတော့ ည ၁နာရီကျော်နေပြီဗျို့ …

မနက်သုံးနာရီခွဲတော့ နှိုးစက်ကမြည်လာတယ်… ကျနော် မထသေးပဲ မြုံနေလိုက်တယ်..

ဆောင်းမနက်ခင်းက အေးလိုက်တာဗျာ… ရထားသံနားထောင်နေလိုက်တယ်…

အဲ..ရထားဘူတာနဲ့ ကျနော့်အိမ်က မဝေးဘူးလေ… ရထားဝင်လာရင်လည်း အသံကြား

နေရတာကိုး… ဒါနဲ့ မနက် ငါးနာရီကျော်တော့ ရထားသံကြားရလို့ ကမန်းကတန်းထပြီး

တိုက်ဂါးဝုဒ်ဆီဖုန်းခေါ်လိုက်တယ်… ဒါပေမယ့် ရထားက သူတို့ပါလာတဲ့ ရထားမဟုတ်ဘူး..

သူတို့ ကျနော်တို့ရွာကို မနက် ၇ နာရီကျော်မှရောက်တယ်… ကျနော်ဘူတာကိုရောက်တော့

သူနဲ့ ကျနော်က တစ်ခါမှ မတွေ့ဘူးဘူးလေ… တော်သေးတာပေါ… အဆိုတော် ဟဲလေးကို

တီဗီထဲမှာ မြင်ဘူးထားလို့ … ဘူတားအဆင်းမှာ သူကလည်း ပုန်းနေသေးတာဗျ….

ဒါနဲ့ ကိုဟဲလေးကို မေးရတာပေါ့ … ကိုဟဲလေးရေ “ကို…….” ရောဆိုတော့ …

ဒီမှာပါဗျာ..ဒီမှာပါတဲ့ …

ဒီလိုနဲ့ အင်တာနက်မှာ ခင်တဲ့ သူငယ်ချင်းတစ်ယောက် အပြင်မှာ အရှင်လတ်လတ်တွေ့ရတော့

တာပါပဲ …. အဲ့မနက်မှာတော့ သူနဲ့ ကျနော် ဘာမှသိပ်မပြောလိုက်ရဘူး …

သူတို့ကိုလာကြိုလာတဲ့သူတွေနဲ့ ပါသွားရော….

သူတို့တည်းတဲ့နေရာကိုလည်း မမေးထားလိုက်မိဘူးးးး ဒါနဲ့ ကျနော်လည်းလုပ်စရာရှိတာတွေ

လုပ်နေမိတယ်… နေ့လည်ရောက်တော့ သူဖုန်းဆက်လာလို့ သူတည်းတဲ့နေရာကို မေးပြီး

ကျနော်သွားလိုက်တယ်…. ဒီတော့မှ သူနဲ့ကျနော် အေးအေးဆေးဆေး စကားပြောရတယ်…

ဒါနဲ့ သူ့ကို ကျနော် ရွာမှာ နာမည်ကြီးတဲ့ နေရာလေးတွေကို လိုက်ပြပေးခဲ့ပါတယ်….

ပြီးတော့ ကျနော်နဲ့ အင်တာနက်က သူငယ်ချင်းတွေစုပေါင်းလှူဒါန်းမှုလေးတွေနဲ့

ပြုပြင်နေတဲ့ ကျောင်းလေးကိုလည်း လိုက်ပြပေးလိုက်တယ်ခင်ဗျ….

အဲ့ကနေ ဝေဘူဝေဘာတောကျောင်းလေးနဲ့ ရေတံခွန်လေးရှိတဲ့နေရာလေးကို

ဆက်သွားတယ်…. ကင်မရာပါမလာလို့ သူဖုန်းနဲ့ ပုံလေးတွေရိုက်တယ်….

( အဲ့..ပုံတွေ ဖေ့ဘုတ်မှာ တင်ထားတယ်လို့ သတင်းရတယ်ဗျ…

မော်ဒယ်လုပ်ခမပေးပဲ တင်ထားတဲ့ အတွက် ရန်ကုန်ရောက်ရင် အကြွေးတောင်း

ရမယ်….)

ပြန်လာပြီး သူတည်းတဲ့ အိမ်ကိုပို့ထားလိုက်တယ်….

သူတို့ ကျနော်တို့ရွာဘုရားပွဲမှာ လေးညဖျော်ဖြေရတယ်လေ…. ကျနော်ကတော့

ညဘက်မအားတဲ့ အတွက် တစ်ညပဲ လိုက်သွားရတယ်ခင်ဗျ… အဲ့ညမှာပဲ

သူနာမည်အသစ်ရသွားတာပါပဲ … စင်အောက်မှာ သူနဲ့ ကျနော် စကားစမြည်လေးပြောရင်း

အေဘီစီရွတ်ရင်းနဲ့ နေနေကြတာပေါ့…. သရုပ်ဆောင် မော်ဒယ် အဆိုတော် ဘုန်းသျှံ အလှည့်

ရောက်လာပါလေရော…. ဘုန်းသျှံက သူသီဆိုရမယ့် နောက်ဆုံးသီချင်းမှာ ပရိတ်သတ်ကြီး

ကိုပြောတယ်ဗျ.. “ ကျနော့်မှာ သူငယ်ချင်းတစ်ယောက်ရှိပါတယ်… သူက သီချင်းတွေရေးတယ်..

ဒါရိုက်တာလည်းလုပ်တယ်… အခု သူ့ကို ကျနော်နဲ့ အတူ သီချင်းတစ်ပုဒ်ဆိုဖို့ စင်ပေါ်ကို

ခေါ်ချင်ပါတယ်…. သူကတော့ “…..” ဖြစ်ပါတယ်” ဆိုပြီး စင်ပေါ်ကို ခေါ်ပါလေရော..

မထင်မှတ်ထားတဲ့ အကွက်မို့ ကျနော့်သူငယ်ချင်းခမျာ ပြေးချိန်ပုန်းချိန် ငြင်းချိန်မရလိုက်ပါဘူး..

ကျနော်ကလည်း သူငယ်ချင်းကောင်းပီသစွာနဲ့ စင်ပေါ်ကိုတွန်းတင်ပေးလိုက်တယ်လေ..

ဟဲ..ဟဲ.. စင်ပေါ်ရောက်ပြီး .. မင်္ဂလာပါ လို့ နှုတ်ဆက်လိုက်တော့ ပရိတ်သတ်ထဲက

အော်သံထွက်လာပါတယ်…. “တိုက်ဂါးဝုဒ်..တိုက်ဂါးဝုဒ်..တိုက်ဂါးဝုဒ်…”တဲ့လေ….

တူမတူတော့ ဒီစာနဲ့အတူတွဲပါတဲ့ သူငယ်ချင်းပုံကိုသာ ကြည့်ပြီးဆုံးဖြတ်ပေးကြပါ…

ကျနော့်ရွာသားတွေ နာမည်ပေးဘယ်လောက်တော်ကြောင်း စာရှု့သူများသိကြမှာပါ..

ဒီကြားထဲ သီချင်းဆိုရင်း ဘုန်းသျှံက “ကျနော်သူငယ်ချင်းက သီချင်းဆိုရမှာ ရှက်တတ်

တယ်ဗျ..” လို့ ပရိတ်သတ်ကြီးကိုလှမ်းအော်လိုက်ပါသေးတယ်….

သြော်..သူတို့နှစ်ယောက်ဆိုတဲ့ သီချင်းက လှတဲ့အချစ်နဲ့ ကျနော့်ရဲ့ ပြဇာတ်ပါ…

လူကြမ်းတွေလဲရင်ကြိုက်လား …လွမ်းခန်းတွေရောက်ရင် လူသားတွေ မျက်ရည်

ဝဲမယ်…..ဆိုတဲ့ စာသားတွေပါတဲ့ သီချင်း….

ဆင်းလာတော့ ကျနော့်သူငယ်ချင်းလေး တော်တော်ချွေးပြန်နေပါတယ်….

ဒီလိုနဲ့ ကျနော့်သူငယ်ချင်း သီချင်းရေးဆရာ ဒါရိုက်တာ ဟာ…

နာမည်အသစ်နဲ့ ဖြစ်သွားရတော့တာပေါ့ဗျာ….

ကျနော်သူနဲ့တွေ့ရတဲ့ အတွက် ပျော်ရွှင်ဝမ်းသာရပါတယ်…

သူတို့ပြန်မဲ့နေ့မှာ ကျနော်ဘူတာရုံကို လိုက်ပို့ ည (၇)နာရီထိုးမှ ရထားဝင်လာလို့

သူတို့ကို ရထားတင်ပေးပြီး ပြန်လာတော့..စိတ်ထဲမှာ ဟာတာတာနဲ့ တစ်ခုခု

လှစ်ဟာသွားသလို ခံစားရတယ်…. ဒါပေမယ့် ဘာဖြစ်ဖြစ် ကျနော်တို့ နှစ်ယောက်

ကိုတွေ့ခွင့်ပေးတဲ့ ကံတရားကို ကျေးဇူးတင်ပါတယ်…

သူကလည်းပြောပါတယ်… ဆရာလေးမင်္ဂလာဆောင်ရင် မော်လူးကို ပြန်လာမယ်တဲ့..

ဒီတော့ ကျနော် မင်္ဂလာဆောင်နိုင်အောင်ကြိုးစား အားထုတ်ရတော့မပေါ့…

ဟီးးးးးးးးးးးးးးးးးး) ) )

ကဲ..ဒါကတော့ တိုက်ဂါးဝုဒ်နဲ့ တွေ့ဆုံခြင်း အကျဉ်းချုပ်ပါ …

ရေးပြချင်တာတွေတော့ အများကြီးပါ..ဒါပေမယ့် စာဖတ်သူတွေ ပျင်းနေမှာစိုးလို့

ဒီလောက်လေးပဲ ရေးပြလိုက်တာပါ…. ကျနော့်သူငယ်ချင်းလိုပဲ … နာမည်အသစ်ရချင်

ဆိုရင် ကျနော့်ရွာလေးကို လာလည်ကြပါလို့ ဖိတ်ခေါ်ပါတယ်ဗျာ….

 

About kotun winlatt

ကို ထွန်းဝင်းလတ် has written 134 post in this Website..

ကမ္ဘာကြီးဟာ ပြားပြီး ရွာကြီးတစ်ရွာဆိုရင် ကျနော်ဟာ ရွာနဲ့ခပ်ဝေးဝေးက ဇနပုဒ်သားတစ်ယောက်ပါ......။