မိဘများသည် မိမိတို့ရင်သွေးငယ်များ အနာဂတ်ဘဝလှပစေရန်၊ ပညာရေးအဆင့်မြင့်မားစေရန် ရည်ရွယ်ချက်ဖြင့် ငယ်စဉ်ကပင် မူကြိုကျောင်းများသို့ပို့ကြပါသည်။ မိဘအများစုသည် မိမိတို့နေထိုင်ကြီးပြင်းခဲ့ရသော စည်းကမ်းတင်းကျပ်သော အုပ်ထိန်းမှုများနှင့်၊ ညွှန်ကြားမှုအတိုင်းလုပ်ဆောင်ရသော ကျောင်းပတ်ဝန်းကျင်များကိုသာ  နှစ်ခြိုက်ကြပါသည်။ အဆော့သန်သောကလေးများက မိဘများကိုစိတ်ပျက်စေပါသည်။ အံ့ဩစရာကောင်းသောအချက်မှာ ကလေးစိတ်ပညာရှင်များ၏ ကစားခြင်းသည် အကျိုးမဲ့သက်သက်အချိန်ဖြုန်းခြင်းမဟုတ်ဟူသော အဆိုပင်ဖြစ်ပါသည်။ ပညာရှင်များ၏ သုတေသနပြုချက်များအရ ကစားခြင်းသည် ကလေးများအတွက် သင်ယူရာတွင် အထိရောက်ဆုံးနှင့် အစွမ်းထက်ဆုံးနည်းလမ်းဖြစ်သည်ဟုဆိုပါသည်။ကလေးများသည်ကစားနည်းများမှ သူတို့ကိုယ်တိုင်အကြောင်း၊ အခြားသူများနှင့် ပတ်ဝန်းကျင် ကမာ္ဘလောက အကြောင်းကို အခြေခံအကျဆုံးသင်ယူနိုင်ပါသည်။ ကစားခြင်းက ကလေးများ၏ဦးနှောက်ကို ပုံသွင်းတည်ဆောက်ပေး ပါသည်။ အာရုံကြောများ၏ ဆက်နွယ်ဖွဲ့စည်းမှုများကိုလည်း ပို၍သိပ်သည်းအားကောင်းစေပါသည်။ ဦးနှောက်ဆဲလ်များသည် လေ့လာသင်ယူနေသည်နှင့်အမျှ ပို၍သန်မာကြီးထွား ဖွံ့ဖြိုးလာမည်ဖြစ်ပါသည်။

ကစားခြင်းသည် ကလေးများအတွက် သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုပင်ဖြစ်ပါသည်။ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ဓလေ့ထုံးတမ်းအစဉ်အလာပေါင်းစုံမှကလေးတိုင်း ကစားကြပါသည်။ ကစားနည်းအမျိုးမျိုးရှိကြသလို ကလေးများအား လွတ်လပ်စွာကစားစေခြင်းက ၎င်းတို့၏သင်ယူမှုနှင့် ဖွံ့ဖြိုးမှုကို ထိရောက်စွာတိုးတက်စေပါသည်။ လွတ်လပ်စွာ ကစားစေခြင်းဆိုရာဝယ် – ပျော်ရွှင်မှုကိုရစေခြင်း၊ ကလေးများနှစ်သက်ရာကို လွတ်လပ်စွာရွေးချယ် ကစားနိုင်ခြင်း၊ ကစားခြင်း၏အဆုံးတွင် ရရှိမည့်ရလဒ်ကိုဦးစားမပေးပဲ ကစားခြင်း၏ဖြစ်စဉ်နှင့် နည်းစနစ်ကိုသာဦးစားပေးခြင်း၊ ရည်မှန်းချက်ဖြင့်ကစားခြင်းမဟုတ်ပဲ စိတ်ကူးတည့်ရာကစားစေခြင်းဖြစ်ပါသည်။ ကစားနည်းအမျိုးမျိုးကလည်း ကလေးများကို လူမှုပေါင်းသင်းဆက်ဆံရေး၊ စိတ်ခံစားမှု၊ ကာယဉာဏဖွံ့ဖြိုးမှု စသည်တို့ကို ဘက်စုံတိုးတက်အောင် ပံ့ပိုးပေးပါသည်။ (ဥပမာအားဖြင့် – ပဟေဠိကစားနည်းများမှ ပြဿနာဖြေရှင်းခြင်း၊ ကျိုးကြောင်းဆက်စပ်တွေးခေါ် တင်ပြတတ်ခြင်း၊ ရောင်စုံဆေးချယ်ကစားနည်းမှ ကြွက်သားငယ်များသန်မာစေခြင်း၊ ဖန်တီးနိုင်မှုစွမ်းအားတိုးတက်ခြင်း၊ စိတ်ခံစားမှုများအား သင်္ကေတဖြင့်ဖော်ပြနိုင်ခြင်း၊ အုပ်စုဖွဲ့ကစားနည်းများမှ အများနှင့်လိုက်လျောညီထွေနေတတ်ခြင်း၊ အပေးအယူမျှခြင်း၊ ပူးပေါင်းဆောင်ရွက်တတ်ခြင်း စသည်ဖြင့် အကျိုးကျေးဇူးများစွာရရှိစေပါသည်)

ကလေးများမည်သည့်အရွယ်မှစကစားသနည်းဟုဆိုသော် မွေးကင်းစလသားအရွယ်မှပင်စသည်ဟု ဆိုနိုင်ပါသည်။ ထိုကလေးငယ်များကိုတစ်ချိန်လုံးချီပိုးထားခြင်း၊ ကျဉ်းကျုံ့သော်ပုခက်များတွင်ထည့်ထားခြင်းမှ ၎င်းတို့အတွက်ကစားချိန်ဟု သတ်မှတ်ကာ ကျယ်ပြန့်လွတ်လပ်သော ကြမ်းပြင်တစ်နေရာတွင်ချထားပေးရပါမည်။ ဤသို့ဖြင့် ကလေးငယ်များ ခြေလက်များလှုပ်ရှားကစားနိုင်ပြီး ကာယကြွက်သားများဖွံ့ဖြိုးလာမည့်အပြင် မိဘများကပါအတူတူကစားပြီး မိဘနှင့်ကလေးကြား သံယောဇဉ်လည်းပိုမိုခိုင်မြဲလာပါမည်။ ကလေးငယ်အား လွတ်လပ်စွာလှုပ်ရှားကစားနိုင်စေရန် ကစားစရာများချထားပေးရပါမည်။ ကစားစရာများမှာ သစ်သားတုံးလေးများ၊ မွေးပွရုပ်များစသည်ဖြင့် ကလေးများအတွက် အန္တရာယ်မရှိနိုင်မည့် ပစ္စည်းမျိုးဖြစ်ရပါမည်။ အဆိုပါကလေးငယ်များအတွက် ကစားချိန်သည် နေ့စဉ်ပုံမှန် မိနစ် ၃ဝ မှ ၆ဝ အထိရှိသင့်ပါသည်။ တစ်ချိန်လုံးဆက်တိုက်ကစားစေခြင်းမျိုးမဟုတ်ပဲ ၁၅ မိနစ် (သို့) မိနစ် ၂ဝ ခန့် ၃ကြိမ်လောက် ရှိစေခြင်းမျိုး ဖြစ်ပါသည်။

မတ်တပ်စမ်းကာစ၊ လမ်းလျှောက်ကာစအရွယ်ကလေးများသည် အလွန်အမင်းလှုပ်ရှားကစားကြပါသည်။ ထိုကာလများတွင် ကလေးများမထိခိုက်အောင် စိတ်ရှည်စွာ အနီးကပ်စောင့်ရှောက်ရန်လိုအပ်ပါသည်။ ပြေးလွှားဆော့ကစားနိုင်ချိန်တွင် ကလေးကိုစည်းကမ်းသတ်မှတ်ပေးပြီး အိမ်အပြင်တွင်ဆော့ခွင့်ပေးပါ။ ပန်းခြံ၊ ကစားကွင်းများတွင်လည်း အခြားကလေးများနှင့်ကစားနိုင်ရန် ခေါ်သွားသင့်ပါသည်။

ကလေးများကျောင်းစနေသောအရွယ်တွင်တော့ ကျောင်းမှသတ်မှတ်ထားသော ပုံမှန်ကာယလေ့ကျင့်ခန်းများနှင့် သူတို့နှစ်သက်သောအားကစား ၁ မျိုး (သို့) ၂ မျိုးကို အချိန်သတ်မှတ်ပေးပြီး ကစားခိုင်းရပါမည် (အသက်အရွယ် အလိုက်သင့်တော်မည့် – ရေကူး၊ တင်းနစ်၊ ဘောလုံး၊ ဘတ်စကတ်ဘော၊ ကြက်တောင် စသည်ဖြင့်)။ မိဘများအနေဖြင့် မိမိတို့ကလေး တွေဝေထုံထိုင်းမှုမရှိစေရန် နေ့စဉ်လုပ်ငန်းတာဝန်များတွင် လှုပ်ရှားမှုများထည့်သွင်းပေးသင့်ပါသည်။ ဥပမာ – ကျောင်းသို့လမ်းလျှောက်သွားစေခြင်း၊ အကယ်၍ ကျောင်းသည် လမ်းလျှောက်နိုင်မည့်အကွာအဝေးတွင် မရှိလျှင် ဈေးဝယ်ထွက်၍ လမ်းလျှောက်ခြင်း)။

ကလေးများကျန်းမာသွက်လက်အောင် မိဘများက ကစားနည်းများဖြင့်ကူညီပေးနိုင်ပါသည်။ ပုံမှန်အားဖြင့် ကလေးတိုင်းသွက်လက်ကြပါသည်။ သို့သော်တစ်ချို့ကလေးများသည် အသက်ပိုကြီးလာသောအခါတွင် သွက်လက်မှုနည်းသွားပြီး အချိန်ကိုငြိမ်သက်စွာ အသုံးချလိုကြပါသည်။ မိဘများအနေဖြင့် ကလေးများအတွက် အသက်အရွယ်အလိုက် ၎င်းတို့နှင့်သင့်တော်မည့် ကစားနည်းများကိုသိထားသင့်ပြီး ကလေးများစိတ်ပါဝင်စားအောင် လှုံ့ဆော်ပေးနိုင်ပါသည်။ ကလေးများ ကာယစွမ်းအား၊ ဉာဏစွမ်းအားဖွံ့ဖြိုးတိုးတက်လာစေရန် ကစားနည်းများက ပံ့ပိုးပေးနိုင်သည်။

 

Ref; childcarelounge.com

About Moe Z

has written 32 post in this Website..

Biography is nothing special but I'm special :P