ရွှေတိဂုံဘုရားပေါ်ကို အခေါက်ခေါက်ရောက်နေပေမဲ့ သမိုင်းထဲက မှတ်တမ်းတချို့ကို မသိခဲ့တာအမှန်ပါ.။ ဒီနှစ် ရဲ့အစပိုင်းတုန်းက ကိုပေါက်တင်ဖူးတဲ့ “မြန်မာပြည်၏.. ” ဆိုတဲ့ပို့စ်မှာ ရွှေတိဂုံဘုရားပေါ်ကိုဧည့်သည်တယောက်လိုက်ပို့တော့ ဘုရားပေါ်မှာဘာရှိမှန်းမသိလို့ ဒုက္ခရောက်ရတယ်လို့ကွန်မန့်ပေးပြီးဒီလိုလေးညည်းမိတော့ကာ..

amatmin says:
နှစ် ၂၆၀၀ ပြည့်ပွဲမကြာခင်ကျင်းပမယ်ဆိုတာဘုရားရင်ပြင်မှာရေးထားတာ တွေ့မိတယ်..အဲဒါနဲ့ ဆက်စပ်ပြီး တလောလေးကအမေးခံလိုက်ရတာလေး ပြောပြချင်သား..
ဧည့်သည်တယောက်လာ လို့ ရွှေတိဂုံလိုက်ပို့ပေးတော့ ဘုရားဖူးရင်းသူကသိချင်တာလေးတွေမေးတော့ ကြားဖူးသလောက်လေးရှင်းပြရင်း
ဘုရားပေါ်က နှစ်၂၆၀၀ပြည့်ပွဲတော် ဆိုတာတွေ့မိတော့ သူ့ကိုရှင်းလည်းပြလိုက်ရော.
အဲဒီ နှစ်၂၆၀၀ ထိ ထိန်းသိမ်းလာတဲ့ တစုံတရာ(ဘုရားပုံ)ကိုမြင်ဖူးချင်ပါတယ်တဲ့.. အပြင်မှာတော့ မရှိဘူး ဆံတော်ကိုအထဲမှာမြုပ်နှံလှူထားတာလို့
(ကိုယ်သိသလိုပဲ) ပြောလိုက်ရတယ်.ဒါနဲ့ဘုရားဓါတ်ပုံမှတ်တမ်းတွေမှာတော့ နှစ်ပေါင်းရာကျော်
ပုံတော့ရှိမှာဘဲဆိုပြီးပြခန်းကိုခေါ်သွားလိုက်တာ ၁၉၀၀ ကျော်က ပုံမှတ်တမ်းကအစောဆုံးတဲ့..
ဘုရားပတ်လည်ကကြားဖူးနားဝရှိတဲ့ တန်ဆောင်းတွေ ကိုပတ်ရှာတော့လည်း မထူးခြားနား.
အဲဒီအချိန်အတောအတွင်းမှာခေါင်းထဲရောက်နေတာကအထောက်အထားရဲ့ အရေးပါပုံပဲ..
ကိုယ့်ယုံကြည်မှုအရတော့ ဆံတော်နှစ်ပေါင်း ၂၆၀၀ကိုလက်ခံနိုင်ပေမဲ့ သူတို့ဘယ်လိုများတွေးမလဲ စဉ်းစားကြည့်တော့လည်း တမျိုးကြီးဗျ..
နောက်ဆုံးတော့ တမျိုးကြီးခံစားရင်းနဲ့ပဲပါးစပ်လေးအသာပိတ်ထားလိုက်တော့တယ်.
့်သိတဲ့လူများ ပြောပြရင်တော့ ကောင်းတာပေါ့ဗျာ..။
………..။………………….။………………….

ဒါနဲ့ဆက်စပ်ပြီး သဂျီးကဘုရားပေါ်မှာရှိတဲ့ သက်တမ်းအရှည်ဆုံးလို့ ထင်မြင်စရာရှိတဲ့.အထောက်အထားလည်းခိုင်လုံတဲ့
ကျောက်စာမှတ်တမ်းတခုဖြစ်တဲ့ဓမ္မစေတီကျောက်စာရှိတာကိုပြန်
ညွှန်ပြပေး ခဲ့ပါတယ်။ဒီလိုပေါ့..

kai says:
နိုင်ငံတပါးကလာတဲ့ ဘာသာခြားတွေကို သိသလောက်အမှန်ပြောပြခြင်းကသာ မြန်မာတွေအပေါ်… ယုံကြည်ခြင်းနဲ့…လေးစားခြင်းဖြစ်စေနိုင်မှာပါ..။
ဆိုတော့..
ရွေတိဂုံစေတီသက်တန်းက လွန်ရောကျွံရော နှစ် ၇၀၀ မကျော်နိုင်ပါဘူး..။
ဘုရင်မကြီးရှင်စောပု (၁၄၅၃-၁၄၆၀)က တည်ခဲ့တယ်ယူဆမိပါတယ်..။ သမိုင်းသက်သေအထောက်အထားလည်း ရှိတယ်..။ပြလို့ရနိုင်ပါလိမ့်မယ်..။ အောက်မှာ ကုဒ်ထားပေးတယ်..။
ရွှေတိဂုံဘုရားကြီး၏ အရှေ့ဘက်စောင်းတန်း အလယ်ပစ္စယာတွင် သက္ကရာဇ် ၁၂၄၁ခုနှစ် (ခရစ်နှစ် ၁၈၈ဝ) တွင် ကျောက်စာဌာနမှ တူးဖော်တွေ့ရှိသော ပါဠိဘာသာ၊ မွန်ဘာသာ မြန်မာဘာသာတို့ဖြင့် ရေးထိုးထားသည့် ကျောက်စာတိုင် သုံးတိုင်ရှိသည်။ ထိုကျောက်စာများတွင် ဘုရင်မကြီး ရှင်စောပုနှင့် သမက်တော်တို့သည် ဒဂုန်ဆံတော်ရှင် စေတီအား မည်ကဲ့သို ဉာဏ်တော်မြှင့်တင်၍ မည်ကဲ့သို့ ပြုပြင်မွမ်းမံခဲ့ပုံများကို အကျယ်တဝင့် ဖော်ပြထားသည်။
ပိုတိတိကျကျကတော့ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းစာတွေထဲမှာ ပါပါတယ်..။
…………..။………………………။……………………..

အဲဒီ ပို့စ်ထဲမှာပဲ ကိုကြောင်ကြီးကလည်းဒီလိုမျိုးဝင်အားဖြည့်ပေးထားတယ်ဗျ..

ကြောင်ကြီး says:
သိသလောက် မူလစေတီအမှတ်အသားကို နှောင်းလူများ အဆက်ဆက် ပိုမိုကြီးမားတဲ့ စေတီပုထိုးတော်များနဲ့ ငုံပြီးတည်ထား ဘွဲ့တော်အသစ်များ ဆပ်ကပ်လှူဒါန်းကြတာပါ။ အစဉ်အဆက် ယုံကြည်မှုအရ ဘုရားစေတီများ မဖျက်ကောင်းဆိုတဲ့ အယူအရလည်းကောင်း၊ စစ်မှန်တန်ခိုးကြီးတယ် အောင်မြေဖြစ်တယ်ဆိုတဲ့ ယုံကြည်မှုအရ လည်းကောင်း ခေတ်အဆက်ဆက် ထိန်းသိမ်းစောင့်ရှောက်လာခဲ့ပါတယ်။ ဒီတော့ နှစ်၂၆၀၀ ဆိုတာ မှားတယ်ပြောလို့ မရဘူး၊ သို့သော် ဖြစ်စဉ်အဆင့်ဆင့်ကိုတော့ ပြောပြသင့်တယ်။
…………………။……………………..။………………….

ကျနော်အမြင်အရတော့ ရွှေတိဂုံစေတီကိုရှေးကျပြီးနှစ်ပေါင်း ၂၆၀၀ တိုင်ရှိနေပြီလို့ ပြောပြရတာကို ပိုသဘောကျတာအမှန်ပါ။ ပြီးတော့.. ကျနော်တို့ လက်ခံထားသလို သူတို့လက်မခံနိုင်တောင်မှ ကိုယ်တွေဘာသာဂုဏ်ယူနေတတ်ဖို့ သမိုင်းအထောက်အထားတွေ ရနိုင်သလောက် မှန်ကန်နိုင်သလောက်
ရှိလာဖို့ကလည်းအင်မတန်မှကို အရေးကြီးပါတယ်..။

ရွှေတိဂုံစေတီနဲ့ဆက်စပ်နေတဲ့ ဓမ္မစေတီကျောက်စာကိုထွင်းခဲ့တာ အေဒီ-၁၄၃၀ကျော်ကာလတွေဆိုတော့ကာ လက်ရှိအချိန်နဲ့တွက်ရင်နှစ်ပေါင်း၆၀၀နီးပါးလို့ ဆိုရမှာပေါ့.။
ကျောက်စာပါမှတ်တမ်းတွေအရဆိုရင် ဘုရင်မကြီးရှင်စောပုနဲ့သမက်ဓမ္မစေတီမင်းတို့က ဘုရားကိုတည်ခဲ့တာမဟုတ်ဘဲ
ညဏ်တော်ကိုမြှင့်တင်ခြင်းနဲ့ ပြန်လည်မွမ်းမံခြင်းကိုပြုလုပ်ကြောင်းများပါဝင်ခဲ့တယ်။
သေချာတာတော့ ရွှေတိဂုံဘုရားသက်တမ်းက အနိမ့်ဆုံးနှစ်ပေါင်း၆၀၀ တော့ရှိမှာပဲ။
နောက်ပြီးဒေါက်တာသန်းထွန်းတော့မဟုတ်ပေမဲ့ အင်္ဂလန်ကနေပဲ အရှေ့တိုင်းပညာနဲ့အမ်အေဘွဲ့ယူလာခဲ့တဲ့ ဒေါက်တာတင်လှသော်ရဲ့ စာတမ်းတစောင်မှာ ရွှေတိဂုံစေတီတော်ရဲ့သက်တမ်းကို ခန့်မှန်းရာမှာ နှစ်ပေါင်း၆၀၀ ထက်မပိုနိုင်လို့ပါခဲ့ဖူးတယ်။ သူခန့်မှန်းခဲ့တဲ့ အချက်တွေမှာ အဓိကအားဖြင့်စေတီတည်ဆောက်မှုကိုခေတ်ပြိုင်လက်ရာများ နဲ့ နှိုင်းယှဉ်ပြီးသတ်မှတ်ခဲ့တာပါ။ အဲဒီမှာ ထည့်သွင်းစဉ်းစားသင့်တာကတော့ ဘုရားစေတီများကိုပြန်လည်ပြုပြင်ရာမှာ မူလလက်ရာကိုငုံပြီးမှ အပေါ်ကပြန်လည်အုပ်ပြီးမွမ်းမံရတာဆိုရင်တော့ မူလလက်ရာက ပျောက်ကွယ်သွားမှာအသေချာပဲ.။
ပြီးတော့သူ့စာတမ်းကလည်းအငြင်းအခုန်တော့ များနေဆဲပါပဲ။ အထက်ပါအချက်နှစ်ချက်ကရွှေတိဂုံဘုရားရဲ့သက်တမ်း ကို နှစ်ပေါင်း၆၀၀ ခန့်လို့သတ်မှတ်သူတွေကိုးကားတဲ့အချက်တွေပေါ့။
နောက်ထပ်လည်းများစွာ ရှိအုံးမှာပါ..။ အောက်မှာ ကျောက်စာပုံတွေကို တင်ပေးထားပါတယ်..။

ဓမ္မစေတီကျောက်စာထားရှိရာ အဆောင် (နောင်တော်ကြီးဘုရားအနီး/တနလာင်္နံထောင့်)

ပြန်ဆက်ထားပုံရတဲ့လက်ရာ..

တခြမ်းပဲ့ကျောက်စာ..

မွန်စာရယ်လားမသိ ၀ါးတားတားမို့မသေချာ..

ဖတ်ဖို့မလွယ်တဲ့ နောက်တချပ်..

တဖန်နှစ်ပေါင်း ၂၆၀၀ ဖြစ်ကြောင်းကွင်းဆက်ရှာဖို့အတွက်ဆို တခြားသောများပြားလှတဲ့အချက်တွေရှိကောင်းရှိပါမယ်.။
အကယ်လို့ထည့်သွင်းစဉ်းစားလို့ရနိုင်မဲ့အချက်တွေ လိုအပ်လာလို့် သမိုင်းတွေအရပြန်ကြည့်ရင်
ဗိုလ်တထောင်ဘုရားကဆံတော်နဲ့ဆက်စပ်နေတာကိုလည်း ယူလို့ရမယ်ထင်တယ်.။
ဆိုကြပါစို့..ကျနော်တို့သိထားတဲ့အထဲမှာ ကုန်သည်ညီနောင်ကို ဥက္ကလာပမင်းကြီးက ဗိုလ်တထောင်ဆိပ်ကမ်းမှာ လာရောက်ကြိုဆိုခဲ့ပြီး အဲဒီနေရာမှာပဲ စေတီတဆူတည်ထားခဲ့ပြီး စွယ်တော်တဆူကိုလည်းကို ဂ၀ံကျောက်အတွင်းမှာ ရွှေကြုတ်နဲ့ ထည့်ပြီးဌာပနာခဲ့တယ်ပြောကြတယ်။ ဒါကတော့ အစဉ်အဆက်လက်ဆင့်ကမ်းမှတ်ခဲ့တာပေါ့။ သို့သော် ဖြစ်နိုင်ခြေ အနေနဲ့ဒုတိယကမ္ဘာစစ်မှာ ဗုံးထိမှန်ခဲ့တဲ့ ဗိုလ်တထောင်စေတီကို ၁၉၄၉-၅၀ ပတ်သန်းကျင်မှာ ဦးနု၊ ဆာဦးသွင်တို့ဦးဆောင်ပြီး ပြန်ပြင်ဆင်ခဲ့ရာမှာ ဌာပနာကိုပြန်လည်ဖော်ထုတ်ခဲ့ပြီး အများပြည်သူဖူးဖို့အတွက်လုပ်ဆောင်ပေးခဲ့ရာမှာ ဆံတော်အစစ်ကို လူအများဖူးခဲ့ကြရပြီး မှတ်တမ်းတွေအတိုင်းပဲ ဂ၀ံကျောက်အတွင်းမှာ ရွှေကြုတ်နဲ့ ထည့်ထားတာလည်းအမှန်လို့ပြောကြတော့ကာ..ရွှေတိဂုံဘုရားမှာ ရှိတဲ့ ဌာပနာကိုဖွင့်လို့မရတောင်မှ ဗိုလ်တထောင်ကဆံတော်ကိုများလေ့လာလိုက်မယ်ဆို သမိုင်းဖြစ်ရပ်တွေက ပိုပြီးပြည့်စုံမယ်ထင်တယ်..။(ဗိုလ်တထောင်ဘုရားက ဆံတော်ကိုအခိုင်အခံ့ ပြန်လည်ဌာပနာခြင်းမပြုဘဲ လုံခြုံရေးခိုင်မာစွာဖြင့်ထားရှိသည်လို့ ကြားဖူးပါ၏)
နောက်ဆက်စပ်ပြီးဖြစ်နိုင်ခြေတခုအနေနဲ့တော့ ဥက္ကလာပမင်းကြီးက ဆံတော်တွေကိုစေတီမတည်ခင် ကုန်းတော်ရွေးချယ်ရာမှာ ကနဦး ၉၉ ကုန်းအထိရှိခဲ့ပြီး နောက်ဆုံးမှာစကာတင် ၂ ကုန်းအနက် ကမ္ဘာအေး(လက်ရှိစွယ်တော်နေရာ)ကုန်းနေရာကို ဂ၀ံသက်နုတာကြောင့် ပယ်ခဲ့တယ်လို့ အဆိုရှိခဲ့တယ်။ နောက်ပိုင်း တချို့သောလေ့လာသူတွေအပြောအရဆိုရင် အဲဒီမြေနေရာဟာ တကယ်လည်းဂ၀ံမြေနု
ဖြစ်နေပြီး ကုန်းမြေနှစ်ခုရဲ့သက်တမ်းကိုသာနှိုင်းယှဉ်လေ့လာနိုင်ခဲ့မယ်ဆိုရင် တစုံတခုတော့အကျိုးရှိမယ်ထင်တာပဲဗျာ..
အပေါ်က အချက်တွေက ရွှေတိဂုံစေတီတော် နှစ်ပေါင်း၂၆၀၀ပြည့်ပွဲတော်ဆိုတာနဲ့ ဆက်စပ်ပြီးကျနော်ညဏ်မှီသလောက်တွေးကြည့်တာပါ..။ အတွေးတိမ်တိမ်လေးနဲ့ပြောလိုက်မိတာ ဆိုပေမဲ့

တကယ့်လိုရင်းကတော့ ကဗ္ဘောဒီးယားတွေ အန်ကောဝပ်ကို ထိန်းသိမ်းထားနိုင်သလို ကျနော်တို့တွေ ရွှေတိဂုံကိုရှေးမူလက်ရာအတိုင်း မထိန်းသိမ်းထားနိုင်တော့ပေမဲ့ သမိုင်းကွင်းဆက်တွေကိုတော့ ရနိုင်သလောက် နေရာပေါင်းစုံကနေရှာဖွေကြည့်စေချင်တာပါ.။ လက်တွေ့စနစ်ကျမှန်ကန်တဲ့အထောက်အထားတွေများရှိလာခဲ့ရင် ကျနော်တို့ ရဲ့တည်တံ့နေဆဲသာသနာအတွက်ရော သမိုင်းအတွက်ရော ပိုလို့တောင် ဂုဏ်ယူနေရဦးမှာပါ..။

ps. ဆက်စပ် အတွေးများသာမို့ မှားတာများခဲ့ရင် ခွင့်လွှတ်ကြပါဗျာ..

About amatmin

amatmin has written 27 post in this Website..