ရှင်ဥာဏ၊ ရှင်ဂုဏမထေရ်တို့၏
သာသနာတော်ရေး လျှောက်ထားတောင်းဆိုလွှာ
နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့၏ ဆောင်ရွက်ချက်နှင့် စပ်လျှင်း၍ လျှောက်ထားခြင်း။

ရှင်ဥာဏ၊ ရှင်ဂုဏ
ရွှေမြင်တင်တောင်
မင်းကွန်း၊ စစ်ကိုင်း။
မိတ္တူကို
(၁) တိုင်းသံဃာ့နာယက စစ်ကိုင်း
(၂) မြို့နယ်သံဃာ့နာယက စစ်ကိုင်း
(၃) ကျေးရွာသံဃာ့နာယက မင်းကွန်း
(၄) ပါတီသုတေသန ရန်ကုန်
(၅) ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန ရန်ကုန်
(၆) နိုင်ငံတော်ကောင်စီဥက္ကဋ္ဌ ရန်ကုန်
(၇) တိုင်းကောင်စီဥက္ကဋ္ဌ ရန်ကုန်
(၈) မြို့နယ်ပါတီယူနစ်ဥက္ကဋ္ဌ စစ်ကိုင်း
(၉) မြို့နယ်ကောင်စီဥက္ကဋ္ဌ စစ်ကိုင်းသို့ ပေးပို့ပါသည်

သို့
ဥက္ကဋ္ဌ
နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့
ကမ္ဘာအေးကုန်းမြေ
ရန်ကုန်မြို့

နေ့စွဲ…. ၁၃၄၄-ခု ကဆုန်လဆန်း(၂)ရက်နေ့

အကြောင်းအရာ။ ။ သာသနာတော်ရေးလျှောက်ထားတောင်းဆိုလွှာအတွက် ဆရာတော်တို့၏ ဆောင်ရွက်ချက်နှင့် စပ်လျှင်း၍ လျှောက်ထားခြင်း။

            လျှောက်ထားပါသည်။ နိုင်ငံတော်သံဃာ့မဟာနာယက ဆရာတော်များ ဘုရား တပည့်တော်သည် လွန်ခဲ့သော တနှစ်အချိန်က ဆရာတော်တို့ထံ သာသနာတော်ရေးလျှောက်ထားတောင်းဆိုလွှာ စာတမ်းတစ်ဆောင်ကို ဆက်ကပ်ခဲ့ကြပါသည်။
ဆရာတော်တို့သည် ဤတောင်းဆိုလွှာမှ ဆောင်ရွက်ရမည်များကို ရှောင်လွှဲနိုင်ရန် လမ်းလွှဲပေးခဲ့ကြပါသည်။ သာသနာတော်အတွက် ဤမျှ မရိုးသားသော အပြုအမူများကို ရုပ်သိမ်း၍ အမှန်ဆောရွက်ရမည်ကို အချိန် မှီဆောင်ရွက်ကြပါရန် လျှောက်ထားတောင်ဆိုအပ်ပါသည်ဘုရား။
ဆရာတော်တို့သည် တပည့်တော်တို့၏ သာသနာတော်ရေး လျှောက် ထားတောင်းဆိုလွှာပါ နိဒါန်းမှ ပဋိဝေဒကျေးဇူးလျှောက်ထားချက်အရ စတု တ္ထပါရဇိကဖြင့် တပည့်တော်တို့ကို ဆုံးဖြတ်စေခဲ့ပါသည်။ အောက်ရုံးအဆင့် ဆင့်မှ အရှုံးပေးခံရပြီး ဆရာတော်တို့ထံ အယူခံခဲ့ရသည်အထိ ရောက်ခဲ့ပြီ ဖြစ်ပါသည်။
ဤအဖြစ်၌ ဆရာတော်တို့ များစွာလွဲမှားပြီး သာသနာတော်အတွက် မဟာနစ်နာမူ ပြုမိခြင်းမျိုး မဖြစ်ပွားစေရန် ရည်သန်၍ တပည်တော်တို့ လျှောက်ထားရမည်ဖြစ်ပါသည်။ တပည့်တော်တို့သည် အမှန်ပင် ပဋိဝေဒ သာသနာတော်ကို ဆောင်ကြသူများဖြစ်ကြပါသည်။ သာသနာတော်၏ မည်မျှနက်နဲသော ပြဿနာ၌ဖြစ်စေ တပည့်တော်တို့အနေနှင့် လင်းချင်းပြီး ဖြစ်ကြပါသည်။
တပည့်တော်တို့၏ အစစ်အမှန်အင်အားကို သိသာတော်မူကြစေရန် ဆရာတော်တို့ကို ပြဿနာတစ်ချို့တစ်လေ ထုတ်နှုတ်၍ တင်ပြပါဦးမည်။
(၁) ဤထေရ၀ါဒသာသနာတော်၌ ကုသိုလ် အကုသိုလ်ကို အကုန်အစင် ကိုယ်တိုင်သိမြင်သည်ဟု ဝန်ခံနိုင်သူ ရှိပါသလော။
(၂) ဤထေရ၀ါဒသာသနာတော်၌ ဈာန် မဂ်ဖိုလ်နှင့် နိဗ္ဗာန်ကို ကိုယ်တိုင်ရပြီဟု ဝန်ခံနိုင်သူ ရှိပါသလော။
(၃) ဤထေရ၀ါဒသာသနာတော်၌ အနုသယကိလေသာကို ကိုယ်တိုင်သိသည်ဟု ဝန်ခံနိုင်သူ ရှိပါသလော။
(၄) ဤထေရ၀ါဒသာသနာတော်၌ ကံနှင့် ၀ိပါက်တို့၏ ဆက်သွယ်မူကို ကိုယ်တိုင်သိသည်ဟု ဝန်ခံနိုင်သူ ရှိပါသလော။
(၅) ဤထေရ၀ါဒသာသနာတော်၌ ရာဂ၊ ဒေါသ ပယ်ပြီးပြီဟု ဝန်ခံနိုင်သူ ရှိပါသလော။
(၆) ဤထေရ၀ါဒသာသနာတော်၌ ရှေ့ နောက် ဘ၀ ဖြစ်-မဖြစ် (သဿတ-ဥစ္ဆေဒ) အယူမှ လွတ်မြောက်ပြီဟု ဝန်ခံနိုင်သူ
ရှိပါသလော။

(၇) ဤထေရ၀ါဒသာသနာတော်၌ ဥဒယ ဗ္ဗယရှုသောအခါ သမုတိပရမတ်၊ အရိယာ ဘယ်သစ္စာ၏ ဥဒယဗ္ဗယရှုရမည်ဖြစ်ကြောင်း
ခွဲခြားပြနိုင်သည်ဟု ဝန်ခံနိုင်သူ ရှိပါသလော။
(၈) ဤထေရ၀ါဒသာသနာတော်၌ “သဗ္ဗေသင်္ခါရာ ဒုက္ခာ”၏ အရကောက်တွင် ဒုက္ခဖြစ်သော သင်္ခါရကို ကံ၊ စိတ်၊ ဥတု၊ အာဟာရ
ဟူသော အကြောင်းများထဲမှ ဘယ်အကြောင်းကြောင့် ဖြစ်လာရကြောင်း ခွဲခြားညွှန်ပြနိုင်သည်ဟု ဝန်ခံနိုင်သူ ရှိပါသလော။
(၉) ဤထေရ၀ါဒသာသနာတော်၌ “သဗ္ဗေဓမ္မာ အနတ္တာ”၏ အရ ကောက်တွင် အဘယ်သဗ္ဗေဓမ္မသာ အနတ္တထိုက်ကြောင်း ကွဲကွဲ
ပြားပြား ညွှန်ကြားပြသနိုင်သည်ဟု ဝန်ခံနိုင်သူ ရှိပါသလော။
(၁၀) ဤထေရ၀ါဒသာသနာတော်၌ သစ္စာလေးပါး ယန္တယားကို တစ်လံမျှလူ၌ တပြိုင်နက်လည်အောင် ကိုယ်တိုင်နှိုးပြနိုင်သည်ဟုဝန်ခံနိုင်သူ ရှိပါသလော။
(၁၁) ဤထေရ၀ါဒသာသနာတော်၌ ဘုရာ၏တရားတော်တိုင်းကို တရားတော်၏ ဂုဏ်အင်္ဂါခြောက်ပါးနှင့် ညီကြောင်း ရှင်းပြနိုင်သည်ဟု ဝန်ခံနိုင်သူ ရှိပါသလော။
(၁၂) ဤထေရ၀ါဒသာသနာတော်၌ မြတ်စွာဘုရား ကောင်းစွာဟောကြားအပ်သော တရားအားလုံးကို သစ္စာအထွဋ်တပ်ပြနိုင်သည်
ဟု ဝန်ခံနိုင်သူ ရှိပါသလော။
(၁၃) ဤထေရ၀ါဒသာသနာတော်၌ ဗုဒ္ဓတရားတော်မျာနှင့် လူသားငြိမ်းချမ်းရေး၏ ကွင်းဆက်ကို ဖေါ်ထုတ်နိုင်သည်ဟု ဝန်ခံနိုင်သူရှိပါသလော။
(၁၄) ဤထေရ၀ါဒသာသနာတော်၌ သုံးဆယ့်တစ်ဘုံကို အလုံးစုံကိုယ်တိုင်သိမြင်သည်ဟု ဝန်ခံနိုင်သူ ရှိပါသလော။
(၁၅) ဤထေရ၀ါဒသာသနာတော်၌ အနုပါဒိသေသနိဗ္ဗာန်ကို မျက်မှောက်၌ ရရှိသည်ဟု ဝန်ခံနိုင်သူ ရှိပါသလော။
(၁၆) ဤထေရ၀ါဒသာသနာတော်၌ ပဋိစ္စသမုပ္ပါဒ်တရားကို တစ်လံမျှလူ၌ လည်ပြနိုင်သည်ဟု ဝန်ခံနိုင်သူ ရှိပါသလော။
(၁၇) ဤထေရ၀ါဒသာသနာတော်၌ ဥပါဒါနက္ခန္ဓာကို တစ်လံမျှလူ၌ကွဲပြားအောင် ခွဲခြားပြနိုင်သည်ဟု ဝန်ခံနိုင်သူ ရှိပါသလော။
(၁၈) ဤထေရ၀ါဒသာသနာတော်၌ ရတနာသုံးပါး၏ ဂုဏ်အရည်အချင်းကို အတိအလင်း သိသည်ဟု ဝန်ခံနိုင်သူ ရှိပါသလော။
(၁၉) ဤထေရ၀ါဒသာသနာတော်၌ ငါးပါးသီလကို နိယတဖြစ်အောင်လုံပြီဟု ဝန်ခံနိုင်သူ ရှိပါသလော။
(၂၀) ဤထေရ၀ါဒသာသနာတော်၌ လောကီ အာရမ္မဏူပနိဇ္ဈာနဈာန်နှင့် လောကုတ္တရာ လက္ခဏူပနိဇ္ဈာနဈာန်ကို ကွဲပြားအောင် ရှုနိုင်
သည်ဟု ဝန်ခံနိုင်သူ ရှိပါသလော။
(၂၁) ဤထေရ၀ါဒသာသနာတော်၌ အရင်းရှင်၊ ကွန်မြူနစ် စသော နိုင်ငံရေးတရား၊ ဟိန္ဒူ၊ ခရစ်ယာန် စသော နောင်ဘ၀နှင့် ထာဝရတ
ရား၊ ကာမတရား၊ ရူပတရား၊ အရူပတရားနှင့် လောကုတ္တရား တရား ဤတရားအားလုံးသော တရားများသည် “တရားသား” တစ်ခုထဲသာဖြစ်ကြောင်း သိမြင်ဟောပြနိုင်သည်ဟု ဝန်ခံနိုင်သူ ရှိပါလား။
ဤကဲ့သို့သော ပြဿနာများကို ပြေလည်အောင်ဖြေပြနိုင်သည်ဟု ဝန်ခံနိုင်သူများသည် ဤထေရ၀ါဒသာသနာတော်၌ အကွယ်အပြောက်ခံရပြီ ကဲ့သို့ဖြစ်ပါသည်။ အကယ်၍ ရှိသေးသည်ဆိုလျှင် ထုတ်ဆောင်၍ ပေးတော် မူကြစေလိုပါသည်။ အစစ်အမှန်သာ မဟုတ်ပါက ထိုသူတို့ကို ဆရာတော်တို့ ရှေ့မှောက်၌ပင် စကားပြောစရာမရှိတော့ပဲ ဆွံ့အသွားသည်အထိ တပည့်တော်များ လုပ်ပြလိုကြပါသည်။ အင်္ဂလိပ်၊ လက်တင်၊ သက္ကဋ၊ ပြင်သစ်၊ ပါဠိ ဆိုင်ရာ ဘယ်ဘာသန္တရ ပညာရှင်မဆို လူ၊ ရှင် ရဟန်းမရွေး အမျိုးဘာသာမရွေး တပည့်တော်များ ရင်ဆိုင်ရန် အသင့်ရှိပါသည်။
တပည့်တော်တို့သည် ထိုပညာရှင်များကဲ့သို့ ဘာသန္တရပညာ ဗဟုသုတ အရာ၌ မကျွမ်းကျင် မယဉ်ပါးသော်လည်း ဤကဲ့သို့သော ပြဿနာများ၏ အဖြေကို သိယောင်ကားလုပ်၍ ပြောလာသူအား စကားပြောစရာမရှိအောင် လုပ်နိုင်ကာမျှမဟုတ်ပါ။ ဤကဲ့သို့သော ပြဿနာများကို ပြေလည်အောင် ဖြေဆိုနိုင်သည်ဟု ဝန်ခံနိုင်ယုံမျှမက တပည့်တော်တို့၏ဝန်ခံချက်ကို ကန့်ကွက်ဟန့်တားသူဟူ၍ တစ်စုံတစ်ယောက်မျှ (မြန်မာ၌ရော၊ ကမ္ဘာ၌ပါ) ပေါ်ပေါက်၍ မလာနိုင်အောင် ပြနိုင်စွမ်းရှိကြပြီဖြစ်ပါသည်။

ကုသိုလ်၊ အကုသိုလ်၌ အကုန်အစင် ကိုယ်တိုင်သိမြင်ပြီဟု တပည့်တော်တို့၏ဝန်ခံချက်။
ဈာန်၊ မဂ်ဖိုလ်နှင့် နိဗ္ဗာန်ကို ကိုယ်တိုင်ရရှိပြီးဖြစ်သည်ဟု တပည့်တော်တို့၏ဝန်ခံမှု စသော
အထက်၌ တပည့်တော်တို့တင်ပြခဲ့သည့် ဝန်ခံစရာအားလုံး၌ တပည့် တော်တို့၏ ဝန်ခံမှုအားလုံးသည် တစ်ဦးတစ်ယောက် ချေဖျက်၍ ကျေပျက်နိုင်သော ဝန်ခံမှုများမဟုတ်ကြပါ။
ဆရာတော်တို့သည် တပည့်တော်တို့၏အင်အားကို မျက်ဝါးထင်ထင် တွေ့မြင်လိုကြသည်ဆိုလျှင် ဆရာတော်တို့၏ရှေ့မှောက်၌ ပညာရှင်ဆိုသူ များကို တပည့်တော်တို့အား တွေ့ဆုံ စောဒနာစေသင့်ပါသည်။ ထိုပညာရှင် များ တွေဝေငေးမော၍သော်လည်းကောင်း သွားရပါမည်။ ဒေါ်သထွက် ဟိန်း ဟောက်၍သော်လည်းကောင်း ပြရပါမည်။ သို့မဟုတ် စကားတစ်ခုဖြင့် စကားတစ်ခုသို့ လှီးလွှဲ၍သော်လည်းကောင်း ပြောဆိုရပါမည်။
တပည့်တော်တို့သည် ဤသို့ စိန်ခေါ်ဝန့်သည်အထိ အင်အားရှိသော သူများဖြစ်ကြပါသည်။ ဤအင်အားများသည် ပြင်ပပတ်ဝန်းကျင်နှင့် စာအုပ် စာတန်းများမှ ရရှိကြခြင်းမဟုတ်ပါ။ ပဋိဝေဒသာသနာတော်ကို ဆောင်စွမ်းရာမှ ရရှိကြသော အင်အားများဖြစ်ကြပါသည်။
ဆရာတော်တို့သည် တပည့်တော်တို့၏ အင်အားများကို မသိမမြင် မဆင်ချင်နိုင်အောင် ဖြစ်နေကြပါသည်။ ဆရာတော်တို့၏စိတ်၌ သာသနာ တော်သည် ပရိယတ်မျှသာ ကြွင်းတော့သည်ဟု မှတ်ယူလိုကြဟန်ရှိပါသည်။ ပရိယတ်သည် တပည့်တော်တို့အမြင်၌ သင်ပုန်းကြီးမျှသာဖြစ်၍ ပရိယတ် ပညာရှင်သည် ကလေးအရွယ် လူမမယ်များသာ ဖြစ်၍နေပါသည်။
ကလေးများသည် ကိုယ့်ကိုယ်ကိုမနိုင်ကြပဲရှိသေးသကဲ့သို့ ပရိယတ် ပညာရှင်များသည်လည်း ကိုယ့်စိတ်ကိုမနိုင်ပဲ လောဘဖြစ်လိုက်၊ ဒေါ်သဖြစ် လိုက် ဖြစ်နေကြပါသည်။ ကိုယ့်ကိုယ်ပင် ကိုယ်မနိုင်ဖြစ်နေကြသူများသည် သာသနာတော်အကျိုး လောကအကျိုးကို အဘယ်သို့ သယ်ပိုးနိုင်ပါမည် နည်း။ ကိုယ့်အကျိုးကိုပင် ကိုယ်မသယ်နိုင်ကြသူများ မဟုတ်ပါလား။
ထိုသူတို့သည် ကိုယ့်ကိုယ်ကိုလည်း ကုသိုလ်၊ အကုသိုလ် သိသည် ဟု ပြောကောင်း ပြောတန်ရာပါသည်။ ကုသိုလ် ဧကဝိသ်၊ အကုသိုလ် ဒွါဒ သ် စသည်ဖြင့် ကြက်တူရွေးပမာ ပီပီသသ ရွတ်ပြစရာရှိပါသည်။ အကယ် လောကဓံနှင့် ရင်ဆိုင်ရသောအခါတွင်ကား ကြက်တူရွေး ခွေးကိုက်သကဲ့သို့ “ဂိဂိ ဂဲဂဲ” အသံပြဲကြီးများသာ ထွက်လာမည်ဖြစ်ပါသည်။
အမှန်၌ ပရိယတ်မျှသာ ကြွင်းတော့သော ထေရ၀ါဒသာသနာတော် သည် အသွင်မျှသာရှိတော့သောသာသနာ(၀ါ) လိင်္ဂသာသန်ဖြစ်နေပါပြီ။ အ သက်မရှိသောအသေကောင်သည် ကောင်းကျိုးပေးတော့မည်မဟုတ်ပဲ ဆိုးပြစ်သာပေးမည် အမှန်ဖြစ်ပါသည်။ ထို့ကြောင့် ပရိယတ်သာကြွင်းတော့ သော အသေကောင်သာသနာသည် မကြာမှီပင် သာသနာ့ဒါယိကာဆိုသူတို့ ၏ မြေမြှုပ်သင်္ဂြိုလ်မှုကို ခံရတော့မည်မလွဲ ဖြစ်ပါသည်။
သာသနာတော်သည် ပရိယတ်မျှဖြင့် အသုံးကျသည်မဟုတ်ပါ။ ပဋိ ပတ်အသွင်ပြောင်း၍မရသော ပရိယတ်သည် ပရိယတ်မဟုတ်သော ပရိယတ် (၀ါ) ပရိယတ်အတုဖြစ်ပါသည်။ ပဋိဝေဒသို့ မဆိုက်ရောက်နိုင် သော ပဋိပတ်သည်၊ ပဋိပတ်မဟုတ်သော ပဋိပတ်(၀ါ) ပဋိပတ်အတုဖြစ်ပါ သည်။ လူမှုပြဿနာကို ဖြေရှင်းမပေးနိုင်သော ပဋိဝေဒသည်လည်း ပဋိဝေဒ မဟုတ်သော ပဋိဝေဒ (၀ါ) ပဋိဝေဒအတုပင်။
ပရိယတ်သည် လူမှုဒုက္ခဖြေရှင်းပေးရေး သဘောတရားများဖြစ်ပါ သည်။ အကယ်အသုံးချ၍မရသော ပရိယတ်သည် ဂုဏ်မယူလောက်သော အရာမျှသာဖြစ်ပါသည်။ ဆရာတော်တို့သည် ပရိယတ်ဖြင့် ဂုဏ်ယူ၍ မာနတံ ခွန်ကို တလူလူလွှင့်ထူနေကြပါသည်။ ဤသို့ မာနတက်ကြွသော်လညး ဆရာတော်တို့ပရိယတ်လော၌ ကမ္ဘာလောက၏ လူမှုပြဿနာတစ်ခုကို ပီပီ သသ ဖြေရှင်းပြနိုင်သော စကားတစ်ခွန်းမျှ ရှိကြသည်မဟုတ်ပါ။
ထိုသို့ဖြစ်လျှက် ဆရာတော်တို့သာသနာအတွက် များစွာလွဲမှားသော မဟာနစ်နာမှုကြီးများကိုဖြစ်အောင် တပည့်တော်တို့တောင်းဆိုလွှာအတိုင်း ဆောင်ရွက်ရမည်များကို ရှောင်ရှား၍ မဆောင်ရွက်ရမည်များကို ဆောင်ပွား စေခဲ့ကြပါသည်။
ဤအမှားများကို ဆရာတောတို့ အချိန်မှီပြင်ဆင်တော်မူကြရန် ဤစာဖြင့် ထပ်မံ၍ လျှောက်ထားအပ်ပါသည်။ ပြင်ဆင်ရမည်များမှာ…..
(က) တပည့်တော်တို့အား စတုတ္ထပါရာဇိကဖြင့် စွဲဆိုစေမှု
(ခ) ဘ၀အမြင်မှားနှင့် လောကအမြင်မှား နှစ်ပါးကို မဖယ်
မှုများဖြစ်ပါသည်။
ဆရာတော်တို့သည် အမြင်မှားများကို မဖယ်ရှားလို၍ အမြင်မှားများ ဖယ်ရှားရန် တောင်းဆိုသော တပည့်တော်တို့ကိုသာ သာသနာတော်မှ အသေသတ်ရန် ကြိုးစားမှုကို လွန်ကြူးခဲ့ကြပါသည်။ ဤလွန်ကြူးမှုကို ပြင် ဆင်ရပါမည်။ ဤလွန်ကြူးမှုသည် မျာစွာကြီးလေးသော လွန်ကြူးမှုဖြစ်ပါ သည်။ ထေရ၀ါဒသာသနာတော်၏ရှေ့ရေးကို မတွေးဝန့်အောင် ဖြစ်စေပါသည်။ ဆရာတော်တို့၏ ဤအမှားကြောင့် နောင်လာ နောက်သား ထေရ၀ါဒရဟန်းတော်များ မနစ်နာရအောင် ကြိုးစားသင့်ကြပါသည်။
တပည့်တော်တို့သည် ပဋိဝေဒသာသနာတော်ကို အမှန်ပင် ဆောင်စွမ်းနေသူများဖြစ်ကြပါသည်။ သာသနာတော်မှ အမြင်မှားများ ဖယ်ရှားရန် တပည့်တော်တို့၏ တောင်းဆိုမှုသည်လည်း ပဋိဝေဒဆောင် ရဟန်းအနေဖြင့် သာသနာတော်ကို လမ်းညွှန်ပေးခြင်းပင်ဖြစ်ပါသည်။
ဤသို့ တာဝန်သိသိ လမ်းညွှန်ပေးခြင်းကို မနာခံယုံမျှမက ပြန်လှန်၍ ပင် အပြစ်ပြုကြဦးမည်ဆိုလျှင် ဆရာတော်တို့ ထေရ၀ါဒသံဃာကို “ဘုရားတ ရားတော်နှင့်အညီ ဘုရားနောက်မှလိုက်ကြသော သံဃာများမဟုတ်” ဟု အသိအမှတ်ပြုပြီး တပည့်တော်တို့၏ အရိယသစ္စာသာသနာတော်မှ စွန့်ပစ်ပ ထုတ်ရန်သာရှိတော့မည်ဖြစ်ပါသည်။
ဤလျှောက်ထားလွှာသည် နောက်ဆုံးလျှောက်ထားလွှာ ဖြစ်ရပါလိမ့်မည်။ ဆရာတော်တို့သည် တပည့်တော်တို့က ဤသို့ သတိရရန် စနစ်တကျလျှောက်ထားပါလျှက် တင်ပြခဲ့ပြီးသောအမှားများကို ဆက်လက် လွန်ကြူးနေကြဦးမည်ဆိုလျှင် ဆရာတော်တို့ မြန်မာ့ထေရ၀ါဒသံဃာကို အရိ ယသစ္စာသာသနာတော်မှ စွန့်ပစ်ပထုတ်ပြီးဖြစ်ပါသည်။
တပည့်တော်တို့၏ အရိယသစ္စာသာသနာတော်မှ ဆရာတော်တို့ ထေရ၀ါဒသံဃာကို စွန့်ပစ်ပထုတ်ချိန်ကို တပည့်တော်တို့ သတ်မှတ်လိုက်ပါ သည်။ ဆရာတော်တို့ ဖွဲ့ပေးသော နိုင်ငံတော်ဝိနည်းဓိုရ်များက တပည့်တော် တို့ကို အသုဒ္ဓဖြစ်ရန် ညှိနှိုင်းအောင်မြင်ပြီးချိန်သည် တပည့်တော်တို့၏ အရိသစ္စာသာသနာတော်မှ ထေရ၀ါဒသံဃာကို စွန့်ပစ်ပထုတ်ချိန်ဖြစ် ကြောင်း ဆရာတော်တို့ ရိုသေစွာ အသိပေးအပ်ပါသည်ဘုရား။

ရှင်ဥာဏ၊ ရှင်ဂုဏ
ရွှေမြင်တင်တောင်
မင်းကွန်း၊ စစ်ကိုင်း။

အကျယ်လေ့လာလိုပါက  www.ariyathitsa.org ရှိ   သီဟနာထစာတမ်း နှင့်  ဓမ္မ၀ိဟာရီနိဒါန်း စာအုပ်တို့တွင် လေ့လာနိုင်ပါသည်။

About မောင်မိုးပြာ

has written 14 post in this Website..