ကျွန်မရဲ့ ကျွန်သက် ခြောက်နှစ်တာ

etoneFebruary 22, 20121min34240

လူတိုင်းမှာ အမှတ်တရ နေ့ရက်လေးတွေ ….ရှိကြစမြဲပါ … ။ တစ်ချို့နေ့ရက်တွေက .. နှစ်ကာလရှည်ကြာတာနဲ့ … မေ့သွားတတ်ကြပြီး …တချို့ နေ့ရက်လေးတွေကတော့ .. တစ်သက်နဲ့ တစ်ကိုယ် မှတ်မှတ်ရရရှိနေတတ်ပါတယ် … ။ ထိုအမှတ်တရ နေ့ဆိုတာကတော့ …ပျော်စရာကောင်းတဲ့ နေ့လည်းဖြစ်နိုင်သလို ၊ ဝမ်းသာတဲ့နေ့ .. ဝမ်းနည်းတဲ့နေ့ … ကြီးမားစွာ ဆုံးရှုံးရတဲ့နေ .. ယူကျုံးမရ ဖြစ်ရတဲ့နေ့ … စသဖြင့် … အမျိုးမျိုးဖြစ်နိုင်ပေမယ့်… နေ့ရက်များရဲ့ နောက်ကွယ်မှာတော့ .. အကြောင်းပြချက်တစ်ခုစီ ရှိစမြဲပေ့ါ … ။

ဒီနေ့က ကျွန်မဘဝမှာ … ထူးခြားအမှတ်ရတဲ့ နေ့တွေထဲက တစ်နေ့ပါပဲ …. ။ နှစ်ပတ်လည်နေ့ရောက်တိုင်း … ဝမ်းလည်း မသာ ၊ ဝမ်းလည်း တဲ့ … ဖီလင်မျိုးခံစားရလို့ .. အီလည်လည်နေ့တစ်နေ့လို့ပဲ .. သတ်မှတ်ချင်ပါတယ် … ။ ဒီနေ့က ခြောက်နှစ်တိတိပြည့်တဲ့နေ့ပါ …. ။ အသက်ခြောက်နှစ်ပြည့်တာလည်း မဖြစ်နိုင်သလို .. အိမ်ထောင်သက်ခြောက်နှစ်ပြည့်တာလည်း မဟုတ်ပါဘူး .. ဒါ့ပြင် ချစ်သူသက်တမ်း ခြောက်နှစ်လည်းမဟုတ်ဘူးလေ .. ။

ခြောက်နှစ်တိတိပြည့်တာကတော့ ….  ကျွန်မရဲ့ … ကျွန်သက်ကို ရေတွက်လိုက်တာပါပဲ … ။ ဟုတ်ပါတယ် …. သူတပါး အကျိုးစီးပွားဖြစ်ထွန်းအောင် .. သူများပေးတဲ့ အခကြေးငွေယူပြီး … ကိုယ်စွမ်း ၊ ဉာဏ်စွမ်းရှိသရွေ့ အလုပ်လုပ်ရတဲ့ ….  ခိုင်းလာလျှင်လည်း ငြင်းခွင့်မရှိပဲ .. အလုပ်လုပ်ပေးရတဲ့ … သူများ လက်အောက်ခံ ဘဝရောက်ခဲ့တာ .. ခြောက်နှစ်ပြည့်ပါပြီ ။ မိမိရဲ့ စိတ်ဆန္ဒမပါပဲ … မိသားစု ဖိအားပေး တိုက်တွန်းခြင်းကြောင့် ကျွန်မ ဒီအလုပ်ထဲကို .. ယောင်လည်လည်နဲ့ရောက်ခဲ့တယ်ပေါ့ … ။ တစ်သက်နဲ့ တစ်ကိုယ် .. ဒီလို အလုပ်မှာ ဝင်လုပ်ဖို့ဆိုတာ အိပ်မက်တောင် မမက်ဖူးခဲ့တာပါ … ။ ပျင်းရိစရာကောင်းပြီး … လစာကလည်း .. မက်လောက်စရာမရှိဘူးလို့ တွေးထားခဲ့လို့ပါပဲ … ။ ဘဝရပ်တည်ရေးအတွက် လူတိုင်း ဝင်ငွေရအောင် ကိုယ်စီ ကိုယ်စီ အလုပ်ရှိသင့်တယ်လို့ … လက်ခံထားခဲ့ပေမယ့် … ဒီလို အလုပ်မျိုးတော့ ဝင်မလုပ်ချင်ခဲ့ဘူး … ။ တစ်နေ့ကို လေးဆယ့်ငါးမိနစ်လောက် ရုံးကား စီးရပြီး … ၊ သူများ အိပ်လို့ကောင်းတဲ့အချိန် ရုံးကားမှီဖို့ မျက်လုံးနှစ်လုံး အတင်းဖြဲဖွင့်ပြီး … တစ်နေတာကို ဇောနဲ့ ထရတယ် … ။ ရုံးရောက်တော့လည်း .. မမျှော်လင့်ပဲ တက်လာတဲ့ ပြသနာပေါင်းသောင်းခြောက်ထောင်ကို ကွန်ပျူတာကြီး ပြူးပြဲကြည့်ပြီး … ရှင်းပေးရပြန်တယ် … ။ စက်ရုံဘက်ကိုလည်း .. လိုအပ်တဲ့ သတင်းတွေပေး .. ၊ စာရင်းတွေ ပြန်စစ် ၊ တခြားစက်ရုံတွေနဲ့ ဆက်သွယ် … supplier တွေဆီကွန်ပလိန်းတင် …ကွန်ဖမ်း လုပ်စရာရှိတာတွေလုပ်နဲ့ .. ဒေါသတွေ ၊ စိတ်လောမှုတွေနဲ့ .. တစ်နေ့တာ ကုန်ဆုံးခဲ့ပြန်တယ် …. ။ စရောက်ခါစက … အလုပ်ကျွမ်းကျင်မှု မရှိသေးတာရယ် ၊ ဝါသနာ မပါ စိတ်မဝင်စားတဲ့ အလုပ်ဖြစ်တာရယ်ကြောင့် … အချိန်တွေကုန်ခဲလိုက်တာ … နာရီလက်တန်တွေ အမြန်ဆုံးနှုန်းနဲ့ လည်ပါစေလို့ ဆုတောင်းရတာ အမောပါပဲ … ။ သူများ လခစားလုပ်ပြီး သူများ မျက်နှာကိုကြည့်ကာ အလုပ်လုပ်ရတဲ့ ပြန်လည် ချေပဖြေရှင်းခွင့်မရှိပဲ ခေါင်းငုံ့ခံရတဲ့ …… လခစား ဝန်ထမ်းဘဝကို မနှစ်မြို့ မရွေးချယ်ခဲ့ပေမယ့် …. ကံဆိုးမိုးမှောင်ကျစွာနဲ့ …. သူများ လခစားဖြစ်ခဲ့ရတယ် … ။

သူများ လခစား မလုပ်ချင်လို့ .. ဘာလုပ်ချင်သလဲမေးလျှင် … ကိုယ်ကဆရာ၊ကိုယ်က ဗိသုကာ လုပ်လို့ရတဲ့ … ကိုယ်ပိုင်အလုပ်လုပ်ချင်တယ်လို့ ဖြေမိမှာပါ … ။ ဒါက အလုပ်ထဲရောက်ပြီးမှ .. ဖြစ်ပေါ်လာတဲ့ … စိတ်ကူးပေါ့လေ … ။ အလုပ်မဝင်ခင်က … ကျွန်မ အိပ်မက်တွေ ရှိခဲ့ဖူးတယ် … ။ မိဘတွေရဲ့ …ကန့်ကွက်မှုနဲ့ မျက်လုံးစိမ်းများအောက်မှာ ကျွန်မရည်ရွယ်ချက်တွေ အခိုးငွေ့ဖြစ်ခဲ့ရတာ အရာတောင် ထင်မကျန်ခဲ့ဘူးလေ … ။ ကျွန်မအိပ်မက်က ဘာလဲလို့ပြောလျှင် ..ဝိုင်းတော့ ရယ်ခံရတော့မှာပါပဲ … ။  😛  ရယ်စရာလည်း ..ရယ်စရာဖြစ်ခဲ့တာကိုး .. ဒီအသက်ရွယ်မှာ .. အဲ့ဒီအိပ်မက်တွေအကောင်းထည်ဖော်ပေးမယ့်လူ .. ပံ့ပိုးပေးမယ့် လူတွေ ရှိနေလျှင်တောင် … ကျွန်မ ရူးရူးနှမ်းနှမ်း .. လုပ်ဖြစ်မှာ မဟုတ်တော့ဘူးလေ …. ။ အိပ်မက်ဆိုတာ … ဖြစ်ချင်တာ သက်သက်ကို.. အကျိုးကြောင်းမတွေးပဲ လုပ်ချင်ကိုင်ချင်စိတ်ပြင်းပြတဲ့အချိန် ပေါ်ထွက်လာတတ်တယ်လို့တော့ ထင်ပါရဲ့ …. ။ ကျွန်မ အရင်က အရမ်းရူးခဲ့တယ် … အသံမကောင်းပဲ သီချင်းဆိုတာလည်း ဝါသနာပါခဲ့သလို ၊ ရုပ်ရှင်ဇာတ်ကားတွေထဲက အလွမ်း အကြမ်း အစုံပိုင်တဲ့.. ငိုတလှည့်ပြုံးတလှည့် … မာယာရှင် မင်းသမီးမျိုးလည်း ဖြစ်ချင်ခဲ့မိတယ် … ။ အဲ့ဒီအချိန်က … မော်ဒယ်လောက ခေတ်စထလာတဲ့ အချိန်ပေါ့ …. ။ လူအများကိုယ့်အမူရာ အပြောဆိုကြောင့် စိတ်ခံစားမှု တစ်ခုခုပေးနိုင်ဖို့ … သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့အရေးထက် …  မော်ဒယ်လောကထဲ နာမည်ကြီးဖို့ …  အရင်စလုပ်ရမယ်လို့ နားလည်မိတာကြောင့် … ကျောင်းမပြီးခင်ကပဲ … မစ္စတာ ဘရိုင်ယန်ဦးစီးတဲ့ …Plan B မှာ မော်ဒယ်သင်တန်း စတတ်ဖြစ်တယ် … ။ အိမ်ကတော့ … ထည့်ပေးလိုက်တဲ့ ထမင်းဗူး ၊ အိမ်ကထွက်ကတည်းက ဝတ်သွားတဲ့ ယူနီဖောင်းကိုကြည့်ပြီး … ငါ့သမီးလေးတော်လှချည်ရဲ့တွေးကောင်းတွေးနေပေမယ့် ….  ကျွန်မကတော့ ယုံကြည်မှုတွေကို ဓါးစာခံလုပ်ကာ .. ကိုယ့်သဘောနဲ့ကိုယ် သင်တန်းသွားတက်နေလေရဲ့ …. ။ကျောင်းပြီးလို့ ဘွဲ့ မယူခင် စပ်ကြား အလုပ်မလုပ်ချင်သေးဘူးလို့ အကြောင်းပြပြီး .. လတ်လျားလတ်လျား… သင်တန်းသွားနေလေရဲ့ … ။ရိုးရိုးသားသား၊ ကြွကြွရွရွလေးနေရပြီး … ဝင်ငွေဖြောင့်တဲ့ အလုပ်ကအတော်ကောင်းတယ်လို ့ခံယူထားမိပြီး … အဲ့ဒီအချိန်က … နာမည်ကြီးမော်ဒယ်တွေ မွေးထုတ်ပေးနေတဲ့ …… ဂျွန်လွင်တို့ စတားအေဂျင်စီချိတ်ဆက်သင်တန်းတက်ဖြစ်တယ်။ … စာချုပ်သုံးနှစ် ချုပ်ပြီး … ရာခိုင်နှုန်းငွေကြေးအကျိုးခံစားခွင့်သဘောတူကာ ….. အေဂျင်စီက ချိတ်ဆက်ပေးတဲ့ .. ကုန်ပစ္စည်းမိတ်ဆက်ပွဲတို့ ၊ အမ်တီဗွီရိုက်ကူးခြင်းတို့ …  ဧည့်သည်သရုပ်ဆောင်ဖြစ်တို့ .. လုပ်ခဲ့ပါတယ် …. ။ အိမ်မှာပြောဖြစ်တဲ့ အပြင်ထွက်တဲ့အကြောင်းကတော့ ခေတ်စားနေတဲ့ ကွန်ပျူတာတို့ ၊ စပီကင်တို့ တက်တယ်ပေါ့လေ …  😛

ကျွန်ဖြစ်ဖို့ရာကံပါလာတော့ … ကံဆိုးချင်တဲ့ တစ်နေ့ … ဒဂုံစင်တာမှာ ကုန်ပစ္စည်းမိတ်ဆက်ပွဲရှိတယ် .. က ျွန်မအပါဝင် ငါးယောက်က ကုန်ပစ္စည်းတွေအကြောင်းပြောပြ ရှင်းပြပေးရတဲ့ … ။ ကျွန်မရှင်းပြနေတဲ့အချိန် ၊ မိတ်ဆက်ပြနေတဲ့အချိန် … ဈေးလာဝယ်တဲ့ အမေနဲ့ အဒေါ်ဖြစ်သူကလည်း .. ဝါသနာမပါတဲ့ ပွဲကို … လူအုပ်ကြားက တိုးကြည့်တာနဲ့ ကြုံလို့ .. အလိမ်တွေပေါ်သွားခဲ့တယ် … ။ အဲ့ဒီနေ့က ခေါင်းကို မိုးကြိုးဆယ်စင်း အပြစ်ခံရသလိုပဲ .. လူပုံအလယ်မှာ … နှလုံးခုန်ရပ်ကာ ခဏတာ အေးစက်တောင့်တင်းသွားတယ်လို့တောင် ထင်မိတယ် … ။ ပွဲမပျက်အောင် အခြေနေကြည့်ထိန်းပြီး .. အဲ့ဒီနေ့က အိမ်အပြန် မုန့်ဟင်းခါး အကြော်စုံနဲ့စားခဲ့ရတာလေး အမှတ်ရမိတယ် … ။ ဒါနဲ့ပဲ ကျွန်မကို  မိဘတွေက … စည်းကမ်းကောင်းပြီး သမီးတွေချည်းမွေးကာ ပိပိရိရိ ဆုံးမတတ်တဲ့ … စမ်းချောင်း ဗားကရာလမ်းက အဖွားဆီပို့ထားပါတယ် … ။ ဘာလုပ်လုပ် မျက်စိဒေါက်ထောက်ကြည့်ပြီး .. အချိုးမပြေလို့ ပြောခံရတာများတဲ့အခါ .. ခြောက်လွှာကနေ .. နောက်ဖေး အရေးပေါ် လှေခါးက … အိမ်အောက် ခိုးဆင်းခဲ့ရတဲ့ အဖြစ်ပါပဲ … ။  😛 ပြန်လာလျှင်တော့ အဆဲခံရတာပေါ့ … ။ နောက်ပိုင်းပြောခံရပါများလို့ .. အရေထုံလာသလိုပါပဲ … ပြောတဲ့ လူသာ မောတာကြောင့် ကျွန်မကို … အလုပ်ထဲအတင်းပို့ခဲ့ကြတယ် … ။ ကော်ပီမဆွဲတတ် ၊ double tape တောင် ဖြောင့်အောင် မကပ်တတ်တဲ့ အသုံးမကျတဲ့ ကျွန်မကို ….  ပိုက်ဆံနည်းလည်း …  လုပ်သက်ရအောင် သူများတွေနဲ့ ပေါင်းသင်းဆက်ဆံတောင်အောင် လုပ်ရမယ်ဆိုပြီး .. ဦးလေးရဲ့ အကူညီနဲ့ .. အဖွားရဲ့ တချက်လွတ်အမိန့်တွေကြား …  စိတ်တိုင်းကျ ထုဆစ်ပုံဖော်ခဲ့ကြတယ် … ။ဒါနဲ့ပဲ ဒီအလုပ်ကို ရောက်ခဲ့ပါတယ် … ။

အလုပ်ရောက်ပြီး တနှစ်လောက်အထိ … ခြေမငြိမ်သေးပါဘူး … အေဂျင်စီက ပွဲရှိတိုင်း ၊ ရိုက်ကွင်းရှိတိုင်း ရုံးမတတ်ပဲ လစ်ခဲ့တဲ့အတွက် ရုံးက ခဏခဏ ပြန်တိုင်ခံရပါတယ် … ။ နောက်ပိုင်း ရုပ်ရှင်လောကဆိုတာကလည်း …. ကိုယ်ကောင်းလျှင်ခေါင်းမရွှေ့ဘူး ဘယ်လိုပဲ ဟစ်ဟစ် ၊ ဟန်ဆောင်မှုတွေကြား စပွန်ဆာ ရှာထားပါမှ ..  နာမည်ကြီးတတ်တာကို ကိုယ်တိုင် မြင်ပြီး လက်ခံလာတော့မှ .. အတော်လေး အော်ဂလီဆန်သွားခဲ့ပြီး… အဲ့ဒီအလုပ်တွေကို သံယောဇဉ်ပြတ်သွားတော့တယ် … ။ တစ်ချိန်တည်းမှာ .. အလုပ်ကို အတွေ့ကြုံတစ်ရပ်အနေနဲ့ သင်ချင်စိတ်ဖြစ်လာပြီး … သူတပါးနဲ့ ဆက်ဆံပြောဆိုရတာတွေကိုပါ … စိတ်ဝင်စားလာတယ် ။ အလုပ်သမားတွေနဲ့ .. ထိတွေ့ဆက်ဆံခွင့်ရတာတွေ ၊ သူတို့ ဘဝအကြောင်းတွေကိုလည်း မသိမသာ လေ့လာချင်စိတ်ဖြစ်ခဲ့မိတယ် .. ဒါ့ပြင် … အလုပ်သဘောသဘာဝကို နားလည်လာတဲ့အခါ .. ဆန်းစစ်တစ်ဗ် ဖြစ်တဲ့ အလုပ်မှန်း သိပြီး ….ရှိရင်းစွဲအနေထားကနေ … ကြိုးစားလေ့လာခဲ့မိတယ် … ။

အတူအလုပ်လုပ်တဲ့ ဆရာတွေရဲ့ ယုံကြည်မှုကို ရရှိခဲ့ပြီး ၊ သက်သက်မှတ်မှတ် တာဝန်ပေးခြင်း ခံရတဲ့အခါ …ပိုလို့တော် ကြိုးစားမိပါသေးတယ် … ။ ဝါသနာမပါတဲ့ အလုပ်တစ်ခု … ထပ်ခါ ထပ်ခါ မြင်နေ ၊ ကြုံနေ ၊ လုပ်ကိုင်ဖြေရှင်းနေရတာတွေကြောင့် .. နောက်ပိုင်း အလုပ်ပေါ် သံယောဇဉ်ဖြစ်လာပြီး .. အရင်က ရုံးမသွားချင်လို့ ပေကပ်ကာ အချိန်လွန်တဲ့အထိ အိပ်ချင်ယောင်ဆောင်နေတတ်တဲ့ ကျွန်မက … အလုပ်မသွားရလျှင်ကို မနေနိုင်သလိုဖြစ်လာခဲ့တယ် … ။ တာဝန်ယူမှု အပိုင်းအပေါ် အကျိုးခံစားခွင့်ပေးတဲ့အခါ … အလုပ်မြဲလာတယ်လို့ ဆိုရမယ် … ။ လူတစ်ယောက်အတွက် တသီးတသန့် အလုပ်လေးရှိရမယ်ဆိုတဲ့ ခံစားချက်ဖြစ်လာပြီး ….  အလုပ်ထွက်ဖို့ မတွေးဖြစ်တော့ဘူးလေ … ။

ဒါပေမယ့်လည်း … သူများ အလုပ်ဆိုတာမျိုးက … ကိုယ်လုပ်သမျှ ၊ ကြိုးပမ်းသမျှ ၊ အသီးပွင့်တွေ ဖြစ်ထွန်းတဲ့အခါ …ပိုင်ရှင်က ခံစားရတာမျိုးပါ …  ကိုယ့်အနေနဲ့ကတော့ ဒုံရင်းကဒုံရင်းပေါ့ … ။ ဘယ်လိုပဲဖြစ်ပါစေ … စေတနာထားပြီး အလုပ်လုပ်ခဲ့ပါတယ် သိတတ်တာ မသိတတ်တာကတော့ .. ကိုယ့်ကံလို့ပဲ မှတ်ယူရင်းပေါ့လေ … ။ အလုပ်ရှင်ဆိုတာမျိုးကလည်း … ထင်ပေါ်ချင်စိတ်မရှိဘူး ဆိုသည့်တိုင်အောင် .. တစ်ချက် တစ်ချက် … ငါက သူဌေးပဲ ၊ ငါလုပ်ချင်တာလုပ်မယ် … မှန်မှန်မှားမှား ထောက်ပြခွင့်မရှိဘူးဆိုတဲ့ ငါစွဲလေးတော့ ကိုင်ထားတတ်ကြတာချည်းပါပဲ …. ။ တစ်ခုခုဆို အမြင်မတူလျှင် အချက်နဲ့ လက်နဲ့ ပြန်ပြောတတ်တဲ့ ကျွန်မကို … အလုပ်ရှင်တွေ မျက်မုန်းကျိုးခဲ့တယ် …. ။ သူများအလုပ်ကိုသာ လုပ်တာ …. ငွေဝယ်ကျွန်လို့ ထားရာနေ ၊ စေရာသွားရမယ့် .. ဘဝမျိုးမဟုတ်ဘူးလို့ .. ကိုယ့်ကိုယ်ကို ခံယူထားတဲ့အတွက် …. ကိုယ်မှန်တယ်ထင်လျှင် ပြောထွက်တာမျိုး ထောက်ပြတာမျိုးဖြစ်တဲ့အခါ … လူ့ချဉ်ဖတ်ဖြစ်ရပြန်တယ် … ဒါပေမယ့် … အတူအလုပ်လုပ်တဲ့ GM ရဲ့ စိတ်ခွန်အားရော ၊ အတွေ့ကြုံ အလေ့ကျင့် လုပ်ငန်းသဘာဝ လေ့ကျင့် ပေးမှုအောက်မှာ … ယဉ်ပါးစွာအလုပ်လုပ်နိုင်ခဲ့ပြီး … နေပျော်ခဲ့တယ်လေ …. ။

တစ်နေ့က တစ်လ ၊ တစ်လက တစ်နှစ်နဲ့ … အခုဆို တစ်နှစ်ကနေ .. ခြောက်နှစ်ဖြစ်ခဲ့ပြီလေ … ။ စိတ်မဝင်စား၊ ဝါသနာမပါခဲ့တဲ့ အလုပ်မှာ ခြောက်နှစ်မပြောနဲ့ .. ခြောက်ရက်တောင် မလုပ်ချင်ခဲ့တာပါ … သို့သော် အရာရာ ပြောင်းလဲခဲ့ပြီ ။ ပတ်သတ်ရာ လုပ်ငန်းရဲ့ အတွေ့ကြုံ အလေ့ကျင့်ကလွဲလို့ … တခြားပြင်ပ ဗဟုသုတ ၊ အသိပညာ ၊ အတတ်ပညာတွေ သင်ယူလေ့လာစရာရှိပေမယ့်လည်း ….  သူများအကျိုးပြုပေးပြီး ရုန်းနေရတဲ့ …. လခစား ကျွန်သာသာ ဘဝမို့ …  ဘယ်တော့များမှ ကျွတ်လွတ်နိုင်ပါ့မလဲလို့ တွေးကာ …..  ကိုယ်ပိုင်အလုပ်လုပ်ချင်စိတ်ပဲ ပြင်းပြမိပါတော့တယ် … ။ 🙄

 

 

 

 

 

 

 

(ဘာရယ်မဟုတ်ဘူး … . စိတ်ထဲ ပြင်းပြင်းပျပျဖြစ်လာတော့လည်း …. ချရေးမိလိုက်ပြန်တယ်လေ … )

 

40 comments

  • water-melon

    February 22, 2012 at 5:01 pm

    ကိုယ်ပိုင်ဆိုင်ဖွင့်မလို့လား အစ်မ
    ဒါဆို အကြံတူတယ်
    ရန်ကုန်တက်လာပြီး စိန်ပေါက်ပေါက်နဲ့ ဗြူတီပလာတာ ဖွင့်မလို့
    အစ်မ ရှယ်ရာထည့်ပါလား
    လခစားဘဝက မလွယ်ပါလား။

  • snow white

    February 22, 2012 at 6:55 pm

    အမတကယ်လားညီမကခုမှကျောင်းပြီးလို့လခစားသမားလုပ်မလို့အမလုပ်တာနဲ့မလုပ်ရတော့မလိုတောင်ဖြစ်နေပြီအမရယ်အမကလောဘတက်နေတာနေမယ်လစာကများနေပြီလေအမဘာတွေလုပ်နေလဲမှန်မှန်ပြောနော်အမ

  • memeseku

    February 22, 2012 at 6:58 pm

    အင်း…ဒီခံစားချက်လေးကိုတော့မနောက်တော့ပါဘူး ….ကျနော်လဲအဲ.လိုဖြစ်နေတယ်… ကိုယ့်ဟာကိုယ်ရပ်တည်ဖို့ကျတော့လဲ..ဘယ်ကစရမှန်းမသိ… အဲ့လိုသူများအလုပ်လဲမလုပ်ချင်…. လခစားဆိုတာကတကယ်တော့အမည်ခံသက်သက်ပါ… ကားခလေးတောင်မကျေပါဘူး… ဘဝရပ်တည်ဖို့ဆိုဝေရော….ပိုက်ဆံတွေအများ………….များးးးးးးးးးးးးးးးးးးးးးးး ကြီးလိုချင်နေတယ်မလား.. မ တုန် တနေ.တော့ရမှာပါ….. အဲ.ခါကျရင်များကိုလဲမေ.နဲ.နော်….. 🙂 🙂 KFC လေးတော.ဝယ်ကျွေး အဝ အဟီး …ပြေးပြီ ဝှစ်………..

  • မအိတုံရေ …
    မအိတုံရဲ့ ဇာတ်လမ်းလေးနဲ့ စိတ်ခံစားချက်လေးတွေကိုလည်း ကျနော်လည်း ဖတ်သွားပါတယ် ခင်ဗျ … ။
    မအိတုံ ပြောသလိုဆို ကျနော်လည်း ကျွန်သက် ၂ နှစ်ကျော်ခဲ့ပြီပေါ့ဗျာ … ။
    လူကတော့ ဒုံရင်းက ဒုံရင်း ပါပဲ … 😀
    သို့ပေသိ ကိုယ်ပိုင် အလုပ်လုပ်လေးတစ်ခုခု လုပ်နိုင်အောင်တော့ အဲဒီအလုပ်က ရလာတဲ့ ပိုက်ပိုက်ကို စုပြီး လုပ်ရမယ်ဗျို့ …. ။
    ဟေ့ … ဗြဲသီး … နာလည်း ရှယ်ယာထည့်မယ်နော် … 😀

  • weiwei

    February 22, 2012 at 7:38 pm

    ကိုယ်ပိုင်အလုပ်လုပ်တာ အကောင်းဆုံးပါပဲ …
    အမကျောင်းပြီးခါစက ကိုယ်ပိုင်အလုပ်သေးသေးလေးတစ်ခု လုပ်ခဲ့ဖူးတယ် … လွတ်လပ်တယ် .. ပိုက်ဆံလဲရတယ် .. ဒါပေမယ့် လုပ်ငန်းလေးကို သေးလွန်းတယ်လို့ထင်ခဲ့တယ် … ပညာလဲ သိပ်မသုံးရလို့ စိတ်ကျေနပ်မှုမရှိပဲ လုပ်ငန်းကြီးကြီးတစ်ခုရဲ့ဝန်ထမ်းဘဝကို ရွေးချယ်ခဲ့မိတယ် … အလုပ်တွေက ကြီးကျယ်ပေမယ့် လွတ်လပ်မှုလဲမရှိ စိတ်ဖိစီးမှုလဲများ ပိုက်ဆံလဲသိပ်မရပေမယ့် တစ်နှစ်ပြီးတစ်နှစ် သီးခံရင်းနဲ့ ၁၂ နှစ်တောင်ဖြစ်သွားပြီ … အခုအချိန်ကျမှ လုပ်ငန်းသေးသေးလဲပြန်မလုပ်ချင် ဝန်ထမ်းလဲမလုပ်ချင်ဖြစ်ပြီး ပင်စင်ပဲယူချင်နေမိတော့တယ် ….

  • htet way

    February 22, 2012 at 8:05 pm

    ခေါင်းစဉ်လေးကို သဘောမကျပါ
    နိမ့်ချလွန်းပါတယ်
    မဟုတ်မခံစိတ် မှန်ရာကိုပြောရဲတဲ့ စိတ်က စွမ်းအင်တစ်ခုပါ
    လခစားလုပ်တယ်ဆိုပေမယ့် အရည်အချင်းတစ်ခုကြောင့်လုပ်နိုင်တာပါ
    လုပ်ချင်တိုင်းလည်း အလုပ်မရပါဘူး
    ကိုယ်ပိုင်အလုပ် လည်း ဖြစ်လာမှာပဲ ကံစီမံရာကို လျှောက်နေရတာပဲလေ
    မျှဝေမူကို ထပ်တူ ခံစားလိုက်ပါတယ် ဆရာမ

  • mg mg

    February 22, 2012 at 8:07 pm

    ဖြစ်ချင်တာလည်း မဖြစ်ရပါ၊ မဖြစ်ချင်တာတွေလည်း ဖြစ်ရမှာ၊ 31-ဘုံဝဋ်အတွင်းနှောက်တော့ ကရွတ်ကင်းလျှောက်တဲ့ တေဘုမ်မာ အဲဒါ—အဲဒါ—ဘဝသံသရာ။
    ဆရာကြီးဦးသုခ ရဲ့ တေဘုမ်မာ သီချင်းလေးပါ။

  • mg mg

    February 22, 2012 at 8:12 pm

    မှားသွားလို့ဗျို့ ဘဝသံသရာသီချင်းပါ။

    • etone

      February 23, 2012 at 10:56 am

      ဖြဲသီးလေးရေ … အခုအချိန်မှာ အလှပြင် ပစ္စည်းအရောင်းဆိုင်တွေနဲ့ ..ဗြူတီပါလာတွေက အရမ်းကို အလုပ်ဖြစ်နေတယ် … မိန်းကလေးတင်မကဘူး ..ယောကျာ်းလေးတွေပါ ပေါင်းတင်တဲ့ခေတ်ဆိုတော့လည်း … သူတို့အလုပ်ဖြစ်ကြပြီပေါ့ …

      snow whiteရေ … အလုပ်ခွင်အတွင်းက အတွေ့ကြုံက … အလုပ်ဝင်ဖူးမှပဲ နားလည်လာမှာပါ .. ပါးစပ်နဲ့ ပြောတာထက်ကို အများကြီးပိုတဲ့ အတွေ့ကြုံတွေရှိတယ် … သူများ အလုပ်မလုပ်ပဲ … ကိုယ်ပိုင်အလုပ်ချက်ချင်းလုပ်မယ်ဆိုလျှင်တော့ … အထက်အောက်ဝန်ထမ်း ပြသနာတွေကို ထိရောက်စွာ ကိုင်တွယ်နိုင်မယ် မထင်ဘူး… ဒါ့ပြင် လုပ်ငန်းတွင်း သဘောတရားနဲ့ ပေါင်းသင်းဆက်ဆံရေးတွေပါ … ထဲထဲဝင်ဝင် သိနိုင်မယ်မထင်ဘူး… ဒီတော့ .. အလုပ်တော့ လုပ်ကြည့်ပါ …
      တစ်ခုမှာချင်တာက … သူများတွေ … အလုပ်ခုန်ကြတယ် .. အကြောင်းပြချက်မျိုးစုံနဲ့ အလုပ်တွေ ရွှေ့လုပ်တယ် … ဒါပေမယ့် .. အသက်သာ ကြီးသွားတယ် ..ပိုင်ပိုင်နိုင်နိုင်တစ်နေရာမရှိတဲ့ အခြေနေမျိုးလည်း ကြုံတွေ့နိုင်ပါတယ် … ။

      memesekuရေ … ကျွန်မမှာ အကွက်ကျကျ ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ တွေးထားတာရှိပါတယ် .. က ိုယ်တိုင် ပိုင်နိုင်စွာ စီမံလုပ်ကိုင်နိုင်မယ့် အလုပ်မျိုးကိုတွေးထားပေမယ့် ….. အခုထိ မစွန့်စားရဲသေးဘူး … ။ ကိုယ်ပိုင်အလုပ်ဆိုတာက လခစားနဲ့မတူဘူးလေ .. အရှုံးအမြတ်ရဲ့ သက်ရောက်မှုကြောင့် …ကိုယ့်ပိုက်ဆံလယ်ဗယ်အတက်အကျရှိတယ် .. အတက်ကျလည်း ကြမ်းနိုင်သလို …. စီးပွားရေးလှည့်စားမှုတွေလည်း ကြုံနိုင်သေးတယ် … ။ သတိ္တရှိရှိ ရင်းရဲလားဆိုပြီး ကိုယ့်ဘာသာကိုယ် ပြန်မေးရင်း … အချိန်တွေ ကြာသွားခဲ့တာပေါ့လေ … မဖြစ်မနေ …. လခစားအလုပ်က နားရပြီဆိုမှသာ … ကိုယ်ပိုင်အလုပ်ထလုပ်ဖြစ်မလားပဲ … ကျွန်မတွေးထားတဲ့အတွေးတွေတောင် … သူများ အကြံဦးကုန်ကြတယ် … ။
      လွန်ခဲ့တဲ့ နှစ်နှစ်လောက်တုန်းကတော့ …မြန်မာ အစားစာ မုန့်တွေချည်းကိုပဲ … အစုံရတဲ့ ဆိုင်လိုမျိုးဖွင့်ချင်မိတယ် ….မြန်မာ အစားသောက်ကြိုက်ပြီးရှာဝယ်၊ လုပ်စားဖို့ မလွယ်ကူတဲ့ လူတွေနဲ့ …မြန်မာနိုင်ငံကို စိတ်ဝင်စားလို့ မြန်မာအကြောင်းလေ့လာနေတဲ့ နိုင်ငံခြားသားတွေအတွက် … များပြားလှတဲ့ မြန်မာမုန့်တွေကို ထိတွေ့ခွင့်ပေးချင်တဲ့ စိတ်ကူးပါ … ဒါပေမယ့် မုန့်ဆိုတာမျိုးက အထားမခံတာရယ် … တခြား အခက်ခဲတွေရယ်ရှိတာကြောင့် .. စိတ်ကူး အကောင်ထည်မဖော်ခဲ့မိဘူး … ။ နောက်တစ်ခါ စိတ်ကူးကတော့ …မြန်မာဝတ်ဆုံ ရင်ဖုံး ၊ ရင်စေ့တွေကို …လက်နဲ့ပုံဖော်ထားတဲ့ အပွင့်ခက်ဒီဇိုင်းတွေဆင်ယင်ပြီး .. လိုကယ်ကလူတွေအတွက်ရော ၊ မြန်မာ့ဝတ်စုံ သဘောကျတဲ့ နိုင်ငံခြားသားတွေအတွက်ပါ … ရည်ရွယ်ပြီး ထုတ်ဖို့ စဉ်းစားခဲ့ပေမယ့် … သတိ္တရှိဧ။် မရှိဧ။် တွေးနေတုန်း .. အချိန်တွေကြာသွားခဲ့ပြန်တယ် .. ဒါနဲ့ .. အခုလည်း ..အကြံတူပြီး လုပ်ရဲသူတွေကြောင့် ..မြန်မာဝတ်စုံလေးတွေ …ပြန်ခေတ်စားလာခဲ့တယ်…. ။ 🙄 လေထဲ တိုက်အိမ်ဆောက်နေရတဲ့ အဖြစ်ပါပဲ … ။

      မဟာရာဇာ အံစာတုံးရေ …ပြောမယ်ဆို …ဒီခေတ်အနေနဲ့ ကျွန်မရတဲ့ လစာမဆိုးဘူးလို့တော့.. ဆိုရမယ် .. ဒါပေမယ့် .. ကျွန်မစိတ်ထဲ ထိုက်တန်တယ် မထင်သေးဘူး … ။ ကိုယ့်ဘက်က စေတနာရော လူရော စိတ်ပါ နှစ်ပြီး … ကိုယ့် ကိုယ်ပိုင်လို လုပ်ခဲ့ဖူးပါတယ် …… ။ တစ်ခါတစ်လေ …စေတနာကို ပေတရာချနင်းခံရတဲ့အခါ … လုပ်ပေးသမျှ ..စေတနာပျက်သလို ခံစားလာရတယ် … အခုတော့ .. တာဝန်ကျေ ၊ တာဝန်သိပြီးတော့ အလုပ်လုပ်ပေမယ့် … အရင်ကလို …..နေရာတိုင်း လိုက်စိတ်ပူပြီး ….. အခြေထိ လိုက်ကြည့်ပေမယ့် … အခုတော့ … handleတော့လုပ်သေးတယ် .. သို့သော် အဲ့လောက်ကြီး အပင်ပန်းမခံတော့ဘူး …. ။

      မဝေရေ…. ကိုယ်ပိုင်အလုပ်ကတော့ … အကောင်းဆုံးပဲဆိုတာ လက်ခံပါတယ် … ။ ကိုယ်ပိုင်အလုပ်လုပ်ဖို့ဆိုတာကလည်း … အလုပ်သေးသေး ကြီးကြီး တော်ရုံသတိ္တနဲ့တော့ မရဘူးနော် … ။ လုပ်ငန်းသေးလေးပေမယ့်.. ကိုယ်ပိုင်လုပ်ရဲတဲ့ မဝေရဲ့ သတိ္တကိုလည်း လေးစားမိပါတယ် … ။ လူတိုင်းကတော့ … အကောင်းဆုံး လမ်းလို့ ထင်တဲ့နေရာကို … အခြေနေအဖက်ဖက်စဉ်းစားချင့်ချိန်ပြီးမှ …ရွေးချယ်ခဲ့ကြတယ်နော် …တစ်ခါတစ်လေ .. လမ်းစပျောက်နေတဲ့အချိန် .. ကိုယ့်ရွေးချယ်မှုနဲ့ကိုယ် …..နောင်တရမိလည်း … တစ်ယောက်တည်း ကြိတ်ခံရတာပါပဲလေ … ။

      ဆရာထက်ရေ …ခေါင်းစဉ်ကိုတော့ … တမင်ကို နိမ့်ချပြီးတော့ သုံးနှုံးလိုက်တာပါ …. ။ မဟုတ်မခံမှန်တာကို ပြောတတ်တဲ့စိတ်နဲ့…..မြန်မာအလုပ်ရှင်တွေကြား … ကီးမကိုက်တာကတော့အမှန်ပါပဲ … ။ စက်ရုံပိုင်ရှင်နဲ့ အတူအလုပ်လုပ်ရတဲ့ ဂျီအမ်က ကိုရီးယားတွေပါ … အမည်ခံစက်ရုံပိုင်ရှင်နဲ့ … ဒါရိုက်တာတွေက မြန်မာတွေပါ …. ။ ကီးမကိုက်တာ မြန်မာတွေနဲ့ပါ …. ။ သူများ လူမျိုးတွေ …..တစ်ခုခုဆို အမိန် ့ပေးတာမျိုးထက် …ဆွေးနွေးညှိနှိုင်းရလွယ်တယ် ၊ ပြောခွင့်ဆိုခွင့် ပြန်လည် ဆွေးနွေးခွင့်ပေးတတ်တယ် ။ ငါကတော့ သူဌေးမို့ ငါကတော့ ပိုင်ရှင်မို့ဆိုပြီး ကမာ္ဘလုံးကို လက်ညှိုးထိုးကာ ၊ ကမာ္ဘပြားဆိုတာ ဒါဟေ့လို့လည်း မပြောတတ်သလို ကိုယ်ပြောပြတဲ့အပေါ် သင့်ဧ။် မသင့်ဧ။် အကျိုးကြောင်း ဆက်စပ်ပြီး ပြန်ဆွေးနွေးတတ်ပေမယ့် ၊ မြန်မာတွေကတော့ ဒီလိုမဟုတ်ဘူး … စိတ်ကြီးဝင်တယ်ခေါ်မလား ၊ ဘဝင်မြင့်တယ်ခေါ်မလားပဲ …. ငါပြောတာကမှ အမှန် ၊ ငါပြောသလိုပဲ လုပ် ၊ ငါ့စိတ်တိုင်းကျလုပ်ဆိုတာမျိုးတွေ ဖြစ်လာတယ် …။ သူတို့ပြောတဲ့အတိုင်း တစ်ခုခုအဆင်မပြေတာမျိုးရှိကြည့် …ကိုယ်အသုံးမကျလို့ … အဆင်မပြေသလိုတွေလာလာပြောတယ် …ပြန်လည်ဆွေးနွေးတဲ့ လူဆိုလျှင် အာခံတယ် ၊ ဂျစ်ကန်ကန်လုပ်တယ်ဆိုပြီး .. မျက်နှာသာမပေးပဲ ၊လစ်လျှင် လစ်သလို နှိပ်ကွပ်ဖို့ချည်းချောင်းနေတာ … ကိုယ်တွေကလည်း သူများအလုပ်မှာသာလုပ်နေတာ …. မတရားဘူးဆိုတဲ့အရာဆိုလျှင်တော့ ခေါင်းငုံ့မခံတတ်ဘူးလေ … ။ အတိုက်ခံပြောလို့ အလုပ်ထွက်ရမယ်ဆိုလျှင်တောင် လက်ခုတ်လက်ဝါးတီးပြီး .. လစ်သွားဦးမယ်လို့လည်း တွေးထားတယ် … ။ အတိုက်ခံပြောလို့ အလုပ်ထုတ်ခွင့်ရှိမရှိကတော့ .. နောက်ပိုင်း ဥပဒေအရတော့ … ရင်ဆိုင်ရုံပေါ့လေ …. ။ 👿 အဓိကကတော့ … လုပ်ငန်းအတွက်ကို မကြည့်တတ်ကြပဲ ..ပါဆယ်နယ်ခံစားချက်တွေကိုရှေ့တန်းတင်နေလို့ ဒီလို အဖြစ်တွေကြုံရတာပါ … ။

      mg mg ရေ …ဖြစ်ချင်တာတွေကို ဖြစ်အောင်ရော ၊ မဖြစ်အောင်ရော လုပ်နေတာက မိမိကိုယ်တိုင်ပါပဲ …. ။အရာရာတိုင်းမှာ ပါးနပ်စွာ ကိုင်တွယ်တတ်ဖို့တော့ အရေးကြီးတာပေါ့နော် … တစ်ခါတစ်လေ .. အဲ့ဒါကို သိသိကြီးနဲ့ … ကမောက်ကမအခြေနေဖြစ်အောင် လုပ်တတ်တဲ့ ကိုယ့်စိတ်ကိုယ်လည်း .. ပုံမှန်မှ ဟုတ်ရဲ့လားလို့ ….ပြန်သုံးသပ်ရတဲ့အထိပါပဲ .. ။

  • pooch

    February 22, 2012 at 8:20 pm

    ငယ်တုန်းက အိမ်မက်လှလှလေးမက်ဖူးတာကိုး။ အိမ်မက်ဆိုတာကလည်း ငယ်တုန်းပဲ မက်လို့ကောင်းတယ်ထင်ပါတယ် တုန်တုန်ရယ်။ အမလည်း မက်ခဲ့ဖူးတယ်။ သို့သော်……

    အရွယ်တခုရောက်လာတဲ့ အခါ လုပ်သင့်တာဘက်ကို( အဓိကကတော့ ငွေရှာဖို့) ဦးတည်သွားရတော့ ကိုယ်မက်ဖူးတာတောင် ဝါးတားတားပါ။ လုပ်ချင်တာကို လုပ်ခွင့်ရခဲ့တဲ့သူတွေကို မြင်ရင် အားကျတယ်။ နောက်တော့ မသိဘူး တုန်တုန်ရေ ခုထက်ထိတော့ ကိုယ့်မင်းကိုယ့်ချင်း ငါ့မြင်းငါစိုင်း ဘယ်ရောက်ရောက်ဆိုပြီး လုပ်ချင်တာတွေ လုပ်ပြီး နေချင်သလိုနေခဲ့တာပါ။

    အိမ်မက်ဆိုတာ ဝါးနေသလို လိုချင်တဲ့ပန်းတိုင်ကလည်း အဝေးကြီး မှာပဲ ရှိနေပါသေးတယ်။ ဒီလိုနေသင့်လို့ သာ အခုလက်ရှိအနေအထားမှာနေနေတာပါ။ ဒါပေမဲ့နေတတ်အောင် ပျော်အောင်နေရင်းနဲ့ ဒီဘဝမှာ ပဲ အသားကျနေသလိုပါပဲ။

  • MaMa

    February 22, 2012 at 9:13 pm

    ဖတ်ဖူးတဲ့ စာတစ်ပုဒ်မှာ ရေးထားတာက-
    အလုပ်နဲ့ဝါသနာ ကိုက်ညီရင် အကောင်းဆုံးပေ့ါ။
    ဒါပေမယ့် အဲဒီလို ကိုက်ညီတဲ့လူက ဘယ်နှစ်ရာခိုင်နှုံးလောက် ရှိနိုင်မှာလဲ။
    အကယ်၍များ ပထမ ကိုယ်ဝါသနာအပါဆုံး မဟုတ်တောင် ဒုတိယ၊ တတိယ ဝါသနာပါတာကို ရွေးနိုင်ပါတယ်။
    အကယ်၍များ ကိုယ်လုံးဝ ဝါသနာမပါတဲ့အလုပ် ဖြစ်နေခဲ့ရင်တောင်
    ကိုယ့်တာဝန်ကို ကျေပွန်အောင် ကြိုးစားခြင်းဖြင့် အောင်မြင်နိုင်ပါတယ်တဲ့။

    အီတုံးလည်း ဝါသနာမပါဘူးလို့ ပြောပေမယ့်
    ၆နှစ်တောင် စွဲစွဲမြဲမြဲ လုပ်ခဲ့တာ
    ကိုယ့်အလုပ်မှာ အောင်မြင်မှုတစ်ခုတော့ ရလာတယ် မဟုတ်လား။
    🙂

  • htoosan

    February 22, 2012 at 10:19 pm

    အိတုန်ရေ. ကျွန်သက်မဟုတ်ပါဘူး ။ သူများပိုက်ဆံနဲ့ လေ့လာ သင်ယူတယ်လို့မှတ်လိုက်ပါ.. ပိုက်ဆံလည်းရသေး ပညာလည်းရသေးလို့ မှတ်လို်က်ရင် ကိုယ်ပိုင် အလုပ်တစ်ခု မလုပ်ဖြစ်ခင်မှာ လုပ်ပျော်လာမှာပါ ။ အကောင်းဆုံးလုပ်ပေးရင် ကိုယ် အကောင်းဆုံးပညာတွေ ရတာပါ ။ ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့ အချိန်ကျရင် ဝမ်းစာတွေဖြစ်လာမှာပါ ။

  • winterko

    February 22, 2012 at 10:31 pm

    Good, I feel some kind of sympathy and relief that u aldy left the myawlywood society… It’s a dog-eat-dog world…

  • mandalarthu

    February 22, 2012 at 10:47 pm

    အိတုံေ၇..
    ခံစားချက်အပြည ့်နဲ ့ရေးသွားတာလေးက ကောင်းလိုက်တာ။
    ဒါပေမယ် ့အမက ခေါင်းစဉ်ကို သိပ်မကြိုက်ချင်ဘူး။ “ကျွန်မရဲ့ ကျွန်သက် ခြောက်နှစ်တာ”ဆိုတာက
    အလုပ်ပေါ်မှာထားတဲ ့သဘောထားကို အတိအလင်းဖော်ပြနေတယ်။ ကျွန်သက်လို ့ပြောမည် ့အစား “ကျွန်မဘဝရဲ ့(၆)နှစ်ကြာ အလုပ်မှ ရသော အတွေ ့အကြုံများ”ဆိုရင်ကော ဘယ်လို လဲ??????
    အိတုံေ၇.. ..အစ်မ ဆွေးနွေးကြည ့်မယ်နော်.။
    (၁)အိတုံ ကိုယ်တိုင် .စိတ်မဝင်စား၊ ဝါသနာမပါခဲ့တဲ့ အလုပ်မှာ ခြောက်နှစ်ကြာအောင်လုပ်နိုင်ခဲ ့တယ် ဆို ကတည်းက အိတုံ မှာ ကိုယ်ပိုင် အရည်အချင်းရှိလု ိ့ဘဲ။
    (၂)အိတုံ က( “အတူအလုပ်လုပ်တဲ့ ဆရာတွေရဲ့ ယုံကြည်မှုကို ရရှိခဲ့ပြီး ၊ သက်သက်မှတ်မှတ် တာဝန်ပေးခြင်း ခံရတဲ့အခါ …ပိုလို့တောင် ် ကြိုးစားမိပါသေးတယ် …”လို) ့ပြောထားတာကို ကြည် ့ရင်
    လူကြီးတွေရဲ ့ယုံကြည်မှုကို ခံရတဲ ့ဝန်ထမ်ုးတိုင်းက ထိုက်တန်တဲ ့တာဝန်ပေးခြင်းကို ခံရတတ်ပါတယ်။
    (၃)အိတုန်ရဲ ့…(“”အလုပ်သဘောသဘာဝကို နားလည်လာတဲ့အခါ .. ဆန်းစစ်တစ်ဗ် ဖြစ်တဲ့ အလုပ်မှန်း သိပြီး ….ရှိရင်းစွဲအနေထားကနေ … ကြိုးစားလေ့လာခဲ့မိတယ် … ။”)အလုပ်ကို စိတ်ဝင်တစား နဲ ့ ကြိုးစားအားထုတ်မှုကြောင် ့အောင်မြင်မှု အကျိုးတွေကို အိတုံ ကိုယ်တိုင် ခံစားရပါတယ်။ငွေကြေး အနေနဲ ့တော ့ဟုတ်ချင်မှ ဟုတ်မှာပေါ ့…..အိတုံရေ ..လုပ်ငန်းတခုကို လုပ်ကိုင်တဲ ့အခါမှာ ရရှိလာတဲ ့အတွေ ့အကြူံက ငွေနဲ ့တန်ဖို းဖြတ်လို ့မရနိုင်ပါဘူး…အဲဒါကို တဖြည်းဖြည်းနဲ ့သိလာပါလိမ် ့မယ်။
    အခုတောင် …အိတုံ က တဖြည်းဖြည်းနဲ ့
    အလုပ်မသွားရလျှင်ကို မနေနိုင်သလိုဖြစ်လာခဲ့တယ် ။အိတုန်ကိုယ်တိုင်လဲ အခု အလုပ်မှာ
    ကျွမ်းကျင်လာပြီး ယဉ်ပါးစွာအလုပ်လုပ်နိုင်ခဲ့ပြီး … နေပျော်ခဲ့တယ်လေ …. ။
    အဲဒါ ကို က အလုပ်ရဲ ့ဂုဏ်ဘဲလေ။
    နောက် တခုက ………………………………
    (၄)ဘယ်လုပ်ငန်းရှင် ကမှ အောက်ခြေက စလို ့သူများဆီမှာ အခစား ၊လခစား မလုပ်ခဲ ့ဘူးဘဲ
    အောင်မြင်တဲ ့ကိုယ်ပိုင် ုလပ်ငန်းရှင် ဖြစ်မလာပါဘူး။ အမဆို လဲ သူများဆီမှာ လခစား လုပ်ခဲ ့ပြီးမှ ကိုယ်ပိုင် အလုပ်ကို ဆယ်နှစ်လောက် ကြိုးစားထူထောင်ခဲ ့ရတာမု ိ့အိတုန်ကို ပြောပြတာပါ။ကိုယ်ပိုင် အလုပ်က လခစားထက် ကောင်းတာ မှန်ပါတယ်။ ဒါပေမယ် ့သူ ့ဆီက လခယူထားတာမှန်ရင်
    အဲဒီလခထက် ပိုတဲ ့စိတ်စေတနာ ရင်ထဲမှာထည် ့ပြီး အလုပ်မှာ အာရုံစိုက် ပြီး လုပ်ပေးတာနဲ ့
    အဲဒီစေတနာ အကျိုးကို ကိုယ်တနေ ့ကိုယ်ပိုင် လုပ်ငန်းတည်ထောင်နိုင်တဲ ့အခါမှာ အသေအချာ ခံစားရမှာပါဘဲ။အမက ကိုယ်တွေ ့ပါ။
    (၅)အဓိကက တော ့……
    ကိုယ် ့ကိုကိုယ် လခစားကျွန်စိတ် မမွေး ဘဲ
    ကိုယ် ့ရဲ ့ဘဝအတွက် တန်ဖိုးရှိတဲ ့ အတွေ ့အကြုံတွေကို နေ ့စဉ် အလုပ်ခွင် ကနေ သင်ယူနေတာလို ့ ့သခင်စိတ်မွေးပြီး…..ယခုထက် ပို ပြီး ပျော်ပျော်ရွှင်ရွှင်နဲ ့
    သင်ယူလေ ့လာ ..ကြိုးစားလုပ်ကိုင်မယ်ဆိုရင်…
    တနေ ့မှာ …..အဲဒီ အကျိုးကို အိတုံ ကိုယ်တိုုင် အသေအချာ ခံစားရမှာပါ။
    အဲဒီ အခါကျမှ……….ယခုလုပ်နေတဲ ့ အလုပ်ရဲ ့တန်ဖို းးကို ပို ပြီး သိလာမှာပါ။
    ပို ပြီးတန်ဖိုးထားတတ်လာမှာပါ။……
    ခုရေတွင်းတူးပြီး ..ခုရေကြည်သောက်ဖို ့ဆိုတာကတော ့…….
    လောက မှာ ဘယ်အလုပ်မှ အချိန်ယူ မလုပ်ဆောင်ဘဲ အောင်မြင်တာ မရှိပါ။အိတုံ သေချာ စဉ်းစားကြည ့်ပါ။ အရေးကြီးတာကတော ့…………….
    အလုပ်အပေါ်မှာ ထားတဲ ့ သဘောထားလေး ပြောင်းလိုက ်ရုံပါဘဲ။
    သဘောထားလေးပါ…….။ဒီတခုပါဘဲ။
    ဒီတခု ကို ပြောင်းလိုက်တာနဲ ့ အမြင်ပါပြောင်းသွားပါလိမ် ့မယ်။
    ***(အိတုန်ကို မျှဝေခံစား၍ စေတနာ အရင်းခံကာ ကိုယ်တွေ ့နဲ ့ယှဉ်ကာအကြံပေးခြင်းသာဖြစ်ပါကြောင်း။
    ဆရာကြီးလုပ်၍ ပြောခြင်းမဟုတ်ပါ။)

    • Khin Latt

      February 23, 2012 at 2:42 am

      I like your comment. So… +1. 🙂

  • surmi

    February 23, 2012 at 12:18 am

    သဘောတူတယ် ၊ထောက်ခံတယ် ။ကိုယ်ပိုင်ဘဝကတော.အကောင်းဆုံးပဲ ။ကျွန်တော်ကတော.
    သုံးထပ်ကျောင်းမှာ ခန်းနေဦဇင်းတော.မလုပ်ဘူး ၊လေးတိုင်စင်နဲ.ဘဲကျောင်းထိုင်လုပ်မယ်လို.
    အမြဲ ခံယူထားတယ်။ဒီတော. သံစဉ်တွေကနဲနဲကြမ်းတာပေါ. …………။

  • Swal Taw Ywet

    February 23, 2012 at 1:29 am

    Dear Sister, Ei Tone,
    I don’t know how to say.( same feeling with you as a worker ).
    Now I am nearly 5 years at oversea Job ( far away from mother land and my loved ones ).
    Please try to create a home with your special one.
    Don’t forget that- ” House by Hand , Home by Heart “.
    Brighter your corner.
    Wishing for you to be in good health, good wealth and happy life.

    With respect,
    Swal Taw Ywet.

  • Khin Latt

    February 23, 2012 at 2:41 am

    တုံတုံရေ
    တုံတုံ ရေးထားတာလေးက အတော်လေးကို စွဲဆောင်မှုရှိတယ်။
    အရီး စိတ်အတိုင်း ပြောရရင်တော့ အခုရောက်နေတဲ့ လိုင်းကို ပိုပြီး သဘောကျပါတယ်။
    ချောက်နဲနဲတွန်းကြည့်ရရင်တော့ –
    အဝတ်အစား ဒီဇိုင်း လုပ်တာမျိုး ကို ကိုယ်တိုင် လုပ်ဖို့ စိတ်ကူး မရှိဘူးလား။
    အရီးတို့ ဆီက နိုင်ငံသား တွေ က အွန်လိုင်းက အဝတ်ချုပ် ဆိုင်တွေမှာ မှာကြတာ တွေ့ဘူးတယ်။
    အများစု က တရုတ် ကချုပ်တယ်။
    အဲဒီ Website ထဲမှာ ကိုယ့် ရဲ့ ကိုယ်တိုင်း တွေ ထဲ့၊ အစရွေး၊ ပုံစံရွေး ပြီးတော့ submit လုပ်ရုံဘဲ။
    ခက်တာက မြန်မာပြည်မှာ အွန်လိုင်း ဘဏ်စနစ် အားနည်း သေးတာဘဲ။
    အဲဒါသာ ကောင်းမယ်၊ အင်တာနက်ကောင်း မယ် ဆိုလို့ ကတော့ လုပ်စရာ တွေမှ အများကြီး ထွက်လာမယ်။
    သမီး က ကွန်ပျုတာ ဘက်မှာလဲ ကျွမ်းကျင်ပြီး၊ အလုပ်ထဲမှာလဲ order တွေ အကြောင်း ကျွမ်းကျင်ပြီး ကိုယ်ဝါသနာပါရာ ပေါင်းလိုက်ရင် အောင်မြင်မှာပေါ့။
    အိမ်မက် က တော့ ဖြစ်နိုင်သ၍ များများသာ မက် သမီးရေ။
    အခုအလုပ်မှာလဲ တတ်နိုင်သမျှ ပညာသာ ယူ။ သမီး အသက်ငယ်ငယ် လေးရှိသေးတယ်။
    အခွင့်သာတာနဲ့ ကိုယ်ပိုင်လုပ်ငန်း လုပ်နိုင်မှာလို့ အရီး အပြည့်အဝ ယုံကြည် ပါတယ်။
    တစ်နေ့ ဖြစ်လာမှာပါ။ 🙂

  • နွယ်ပင်

    February 23, 2012 at 9:37 am

    etone ရေ…
    ငယ်စဉ်ကတော့ အိမ်မက်လှလှလေးတွေ မက်ကြတာပါပဲ
    နွယ်ပင်မှာလည်း ငယ်ငယ်က မက်ခဲ့တဲ့ အိမ်မက်တွေ အများကြီးပေါ့
    အခုချိန်ထိတော့ သေသေချာချာ ရေရေရာရာ အကောင်အထည်မဖော်ဖြစ်သေးဘူး
    ဒါပင်မယ့် ကိုယ်အခုလျှောက်နေတဲ့ လမ်းကလည်း တော်တော်လေး
    ခရီးရောက်နေပြီဆိုတော့ ဆက်လျှောက်နေရတာပါပဲ ..
    တချိန်ချိန်မှာတော့ ကိုယ်စိတ်ကြိုက် ကိုယ်အဆင်ပြေမယ့် ကိုယ်ပိုင်လုပ်ငန်းလေး
    တစ်ခုကို လုပ်နိုင်မယ်လို့ မျှော်လင့်ရင်း အခုလက်ရှိအနေအထားမှာ အသားကျအောင်
    နေဖြစ်နေတယ် ………..

  • thet pying phyo

    February 23, 2012 at 9:59 am

    Ms. Etone, this is a usual for everyone, so, no need to be sad it. Buddhist said everything become depending on individual luck, do you accept it. Do you have been to work at a good employer and also a bad employer? Whatever, you will find so many bad employers at everywhere in Myanmar, mostly right. But i don’t mean, it included all business owners. So you should go and work to overseas.

    There has good disciplines in business.

  • amatmin

    February 23, 2012 at 10:13 am

    ဒေါ်အိတုန်ရေ..
    အလုပ်တခုမှာ ၆နှစ်အထိကြာအောင်(ရေးထားပုံအရ)စိတ်လူနှစ်ပြီးလုပ်နိုင်တဲ့အတွက် ချီးကျူးပါတယ်ဗျ..
    အများနဲ့ ဆက်ဆံရေးမှာလည်း ကောင်းမွန်ပြီး(အလှူလုပ်ရပ်အရ)..တာဝန်ယူမှုကို သိတဲ့.လူတယောက်အဖို့.
    ကိုယ်ပိုင်အလုပ်လုပ်ဖြစ်ခဲ့ရင်လည်း..အဆင်ပြေမှာအသေချာပဲဗျာ..
    ဒီတော့ အခြေအနေပေးတဲ့တနေ့..ကိုယ်ပိုင်လုပ်ငန်းကိုဖြစ်အောင်သာလုပ်ပါ..အားပေးပါတယ်ဗျ 💡

    • etone

      February 23, 2012 at 1:46 pm

      အစ်မပုချ်ရေ … အိပ်မက်ဆိုတာကတော့ ဖြစ်နိုင်တာရော မဖြစ်နိုင်တာပါ မက်ခွင့်ရှိခဲ့ပေမယ့် … မဖြစ်နိုင်တဲ့ အိပ်မက်ကို စွဲလန်းလွန်းလျှင်တော့ …ကိုယ့်ကိုယ်ကို ဒုက္ခပေးတာနဲ့ တူနေပါတယ် … ။ ရှင်သန်လာရတဲ့ အနေထားပေါ်မူတည်ပြီး.. အိပ်မက်တွေပြောင်းတာလည်း ရှိလာတယ် ..။ တစ်ခါတစ်လေ ကျောင်းအတူတက်တဲ့ သူငယ်ချင်းတွေနဲ့ ဆုံလျှင် … အားကျစရာကောင်းတဲ့ ဘဝတွေလည်း ရှိသလို …. ယောင်လည်လည်တွေလည်း တွေ့နေရတုန်းပါပဲ … ။ စင်္ကာပူက သူငယ်ချင်းတစ်ယောက် … နိုင်ငံခြားထွက်ပြီး အလုပ်လုပ်တယ် … ။ နှစ်ပြည့်လို့ ပြန်လာတော့လည်း… ဒီမှာ အလုပ်တစ်ခုရှာလုပ်တယ် … သူနဲ့ ဆုံတုန်း…လစာနဲ့ ပတ်သတ်လို့ သူမေးတဲ့ စကားလေး နားထဲကတောင် မထွက်ဘူး … ။ သူအတွေ့ကြုံမရှိပဲ ချက်ချင်း အလုပ်ဝင်လို့ရတဲ့ လစာလောက်သာ ရှိရဲ့လား လို့ ပြောမထွက်ရုံပဲ စကားတွေ ဝှေ့ဝိုက်ပြီး မေးခဲ့တာ … ။ သူ့ကိုယ်သူတော့ … ငါတယ်ဟုတ်ပါလားပေါ့နော် … ။ ကိုယ်ကတော့ အဖြေအတိကျမပေးခဲ့ပဲ .. ပြုံးတော့ပြုံးနေခဲ့တယ် … ။ သူ့စိတ်ထဲ … အလုပ်ထဲ ဂျွတ်တတ်အောင်သာလုပ်နေတာ … ငါ့လောက်တောင် မရဘူးပေါ့ဆိုပြီး .. ကျေနပ်တဲ့ အပြုံးတွေနဲ့ မျက်လုံးတွေ အရောင်တောက်လို့ပေါ ့ ….. ။ ဟီးဟီး … တကယ်ဆို … လစာချင်း သုံးဆလောက်ကွာနေတာ ပြောထွက်သွားလျှင် …. စိတ်ဓါတ်ကျသွားမှာ စိုးလို့ … အရှိန်လေးနဲ့ .. လွှတ်ထားပေးလိုက်တာ… သူကတော့ သူ့အတွေးနဲ့သူပျော်နေလေရဲ့ … … 😛

      အန်တီမမရေ .. ဟုတ်ပါတယ် ..အလုပ်နဲ့ဝါသနာ ကိုက်ညီလျှင်တော့ အကောင်းဆုံးပေါ့နော် .. ဒါပေမယ့်လည်း .. လုပ်ရင်းကိုင်ရင်းမှ ဝါသနာပါသွားရတဲ့ အဖြစ်တွေလည်း ရှိခဲ့ဖူးတော့ … ကိုယ့်ဘက်ကကြိုးစားမှုကသာ အဓိက ကျတယ်လို့ မြင်မိပါတယ် …. ။ ကျန်တာကတော့ …. အလုပ်ရှင်မျက်စိကျလျှင် ကျသလို … အခွင့်ရေးတွေရောက်လာမယ်လို့ပဲ ယုံကြည်ထားမိပါတယ် ။ မျှော်လင့်ပြီး လုပ်တာမဟုတ်ပေမယ့် … လုပ်သမျှကိုတော့ …အကောင်းဆုံးမျှော်လင့်ထားပါတယ် … ။

      ကိုထူးဆန်းရေ … ဖြည့်တွေးပုံလေးကို သဘောကျမိပါတယ် …. ။ ရှေ့တစ်လှမ်းတိုးဖို့ …နောက်နှစ်လမ်းဆုတ် အားယူနေတယ်လို့ပဲသဘောထားပါတယ် ။ လုပ်ငန်းကြောင့်ရတဲ့ .. အသိပညာ၊ဗဟုသတို့အပြင် …. ပြည်တွင်းပြည်ပ ဆက်ဆံရေးလေးပါရထားတော့ … ကိုယ့်အလုပ်လုပ်တဲ့အခါ အထောက်ကူဖြစ်မယ်လို့တော့ ယုံကြည်ပါတယ် ….။ ကိုယ်ပိုင်အလုပ်ကိုလည်း .. ဒီအလုပ်ထဲကနေ .. လှမ်းပြီး control လုပ်နိုင်တဲ့ဟာမျိုးတွေးထားပါတယ် … ။ ကိုယ်ပိုင်အလုပ် အတည်တကျနဲ့ .. အတော်လေး လည်ပတ်နိုင်တော့မှပဲ … ခြေစုံပစ်ပြီး … လစ်တော့မယ် စိတ်ကူးတယ် … ။ အလုပ်နဲ့ပတ်သတ်လို့… အသိကျွမ်း အချိတ်ဆက်တွေလည်း.. အများကြီးရခဲ့ပါတယ် …. ။ 🙂

      winterko ရေ… ကော့မန့်လေးဖတ်ပြီး .. ပြုံးမိတယ် … It’s a dog-eat-dog world… ဆိုတာလေး မြင်မိလို့ပါပဲ …။

      အစ်မ မန္တလာသူရေ .. ကော့မန့် အရှည်ကြီး စေတနာအပြည့်နဲ့ ရေးပေးတဲ့အတွက်ရြော.. မျှဝေခံစားပေးတဲ့အတွက်ပါ …ကျေးဇူးတင်ပါတယ် … ။ အစ်မပြောတဲ့ အချက်တွေလည်း ကိုက်ညီမှုရှိပါတယ် … ။ အရိပ်လိုချင်လို့ နေပူကစောင့်ရတာ သဘာဝကျပါတယ် …. ။ အခက်ခဲတွေက ကိုယ့်ရဲ့ ခံနိုင်ရည်အားကို ဆန်းစစ်နေသလိုပဲ တွေးထားပါတယ် … ။ နိုင်ငံခြားသားတွေကတောင် … ကိုယ့်အပေါ် ကောင်းနိုင်ပါလျှက် …. မြန်မာတစ်ချို့တလေတွေ ဘာလို့ ပုပ်သိုးနေသလဲ … ထင်သာ မြင်သာ ရှိချင်တာပါ … ။ အလုပ်သမားဘဝနဲ့ အရောတဝင်မရှိတဲ့ … လူကြီးလုပ်သူတွေကို သိစေချင်တာလည်း ပါတော့ … ခပ်ပြင်းပြင်းလေး ရေးချမိသွားတယ် … 😛

      ကိုဆာမိရေ … သူရဲဘောကြောင်နေတာနဲ့ .. ဖြစ်ဖြစ် မြောက်မြောက်မလုပ်ဖြစ်သေးဘူး … မဖြစ်မနေ လုပ်ရမယ်ဆိုတဲ့အချိန်မှ … ထလုပ်ဖြစ်မလားပဲ …. ။ သူများအလုပ်ဆိုတာက … အလုပ်မြဲတာ မမြဲတာ အာမခံချက်မရှိဘူး … ခေါင်းမပါတဲ့ ဦးနှောက်မရှိသူတွေ ခေါင်းဆောင်ပိုင်းနေရာရလာလို့ကတော့ .. သေပြီဆရာပဲ … ။ 😎

      စွယ်တော်ရွက်ရေ … အလုပ်သမားဘဝကို အလုပ်လုပ်ဖူးတဲ့ လူမှ …နားလည်တယ်ဆိုတာ အဟုတ်ပဲ .. ။
      သာယာတဲ့ ဘဝတစ်ခုတည်ဆောက်ဖို့က .. အာမခံချက်အပြည့်ရှိတဲ့ … အလုပ်ကိုင်တစ်ခု ရှိသင့်တယ်လေ … ။ တော်ကြာကောင်းလိုက် ၊ တော်ကြာမကောင်းလိုက်နဲ့ … စိတ်အမျိုးမျိုးဖြစ်နေတဲ့ကြားမှာ … ကိုယ့်ကိုယ်ကို ယိုင်မလဲဖို့ လက်ရှိအခြေနေလေးကိုပဲ ..မြဲအောင်ဖက်တွယ်ထားမိနေတုန်းပဲ … ။

      အရီးလတ်ရေ .. ကိုယ်တိုင်ကလည်း .. အဝတ်စားနဲ့ ပတ်သတ်တဲ့ အလုပ်ပဲ ကျွမ်းကျင်လို့ … အဲ့ဒီ field ထဲမှာပဲ ကိုယ်ပိုင်အလုပ်လုပ်ချင်တာပါ … ။ ဒီနိုင်ငံမှာတော့ … အင်တာနက်ကနေ ဈေးဝယ်လို့ရတာမျိုး အားနည်းနေသေးတော့ … ထိုင်လျှက်နဲ့ … လှမ်းထိန်းချုပ်နိုင်မယ့်နည်း ..နည်းနည်း ခက်နေတယ် … ။ မြန်မာ့ပိုးထည်ကို … ကော်လံပါတဲ့ အကျီ င်္လေးတွေ ချုပ်ပြီး … စတိုင်လေးမျိုးလုပ်ခဲ့ဖူးတယ် .. အတူလုပ်တဲ့ ပါတနာက ဇွဲသိပ်မရှိတာကြောင့် … sample လောက်သာ ထုတ်ဖြစ်ခဲ့ပြီး … အကောင်ထည် မဖော်ဖြစ်တော့ဘူးလေ … ။ အခုတော့ … အလုပ်ထဲကနေ ကိုယ်မသိတာလေးတွေ ၊ မမျှော်လင့်တဲ့အခြေနေမှာ ဖြစ်ပေါ်လာတဲ့ ဟာကွက်လေးတွေ ၊ ဖြစ်လေ့ဖြစ်ထရှိတာလေးတွေကို အတွေ့ကြုံအနေနဲ့ … သင်ယူနေပါတယ် … ။

      အစ်မနွယ်ပင်ရေ … တစ်ချိန်ချိန်ကိုစောင့်ရင်းနဲ့ … အသက်တွေကြီးလာပြီး ..ဘာမှ မလုပ်လိုက်ရမှာလည်း စိုးတယ် … အခုစလုပ်မယ်ဆိုတော့လည်း … လိုအပ်ချက်တွေရှိသေးတယ်လို ့တွေးမိပြီး မပြတ်မသားဖြစ်မိတယ် … ဟိုးတလောကတောင် … အစ်မနွယ်ပင်နဲ့.. စကားစပ်မိရင်းပြောဖြစ်တယ်လေ ..မှတ်မိတယ်ဟုတ် …

      thet pying phyo ကျွန်မ ဝမ်းနည်းတော့ မနေပါဘူး … အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် … ။တစ်ခါတစ်လေ .. စိတ်ကသိကအောက်ဖြစ်တာလွဲလျှင် အားလုံး ပုံမှန်ပါပဲ .. နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ဖို့ အစီစဉ်တော့ မရှိပါဘူး… လစာအနေထားအရ ဒီမှာ လုပ်တာထက် သာချင်သာပေမယ့် .. မိသားစုနွေးထွေးမှုနဲ့ …သူငယ်ချင်း အပေါင်းသင်းတွေဆက်ဆံမှုကတော့ … ဒီမှာလောက်ကောင်းမှာ မဟုတ်ဘူး … ။ တစ်ခါတစ်လေ .. ပိုက်ဆံထက် အဲ့ဒီအရာတွေက ပိုအရေးကြီးတယ်လို့ လက်ခံထားလို့ပါပဲ .. ။

      ကိုအမတ်မင်းရေ … တာဝန်သိတတ်မှုကို အနုနည်းနဲ့ ..ခေါင်းထဲ ရိုက်သွင်းပေးခဲ့လို့ပဲ .. ဒီအချိန်ထိမြဲနေတာလို့ ထင်ပါရဲ့ … ။ အဲ့ဒီစိတ်ကြီးဝင်ပြီးကတည်းက … လူတင်မကဘူး.. စိတ်ပါပင်ပန်းခဲ့ပါတယ် … ။

  • Diamond Key

    February 23, 2012 at 10:17 am

    အိတုန်ရေ၊ ရောက်တဲ့ အရပ်မှာ ပျော်အောင်နေ၊ ရသမျှပညာ ပါအောင်ယူ၊ ပတ်ဝန်းကျင်မှာ ကောင်းအောင်လုပ်၊ အများအကျိုးရွက်သယ်ပိုး၊ သင့်တဲ့အချိန်မှာ လှအောင်ပြောင်း လို့ပဲ ပြောရတော့မယ်လေ။ ကျွန်တော်လည်း ဒီလိုဘဝနဲ့ နေနေရသူ ဖြစ်လေတော့ အပြည့်အဝ ကိုယ်ချင်းစာတတ်ပါတယ်။ ဝါသနာပါတဲ့ အလုပ်ကို လမ်းခွဲခဲ့ရကာ မိသားစုနဲ့ ဘဝအတွက် တော်ရာအလုပ်မှာ နေနေရသူ တစ်ဦးမို့ ဒီစာလေးကို ရင်နဲ့ ခံစားလို့ ရပါတယ်။ ဒီလို အချိန်မျိုးမှာတော့ ကျိုးစားရမှာပေါ့လေ။
    ဒီတော့ ကျွန်တော်တို့တွေ သင့်တော်တဲ့ အချိန်မှာ ကိုယ်ဝါသနာနဲ့ ကိုက်ညီတဲ့၊ ကိုယ်လုပ်ချင်တဲ့ အလုပ်နဲ့ ပျော်နိုင်ကြပါစေ။ ဘဝနဲ့ ဆန္ဒ ထပ်တူ အမြန်ကြနို်င်ကြပါစေလို့ …. ဆုတောင်းပေးနေပါတယ်။ 😀

  • nozomi

    February 23, 2012 at 10:28 am

    ဒေါ်အိတုံ စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ နေရာတစ်ခုထဲမှာ ၆ နှစ်လုပ်နိုင်တာကိုတော့ ချီးကျူးပါတယ်
    အများစုက ဟိုခုန် ဒီကူးတွေ ဖြစ်တတ်ကြတယ်

    ကောင်းတာကတော့ ဒီ အလုပ်မှာ ဖြစ်စေ နောက် အလုပ် ပြောင်းဖြစ်သည်ဖြစ်စေ တစိုက်မတ်မတ်လုပ်ဖြစ်ရင် ကောင်းမယ် ၊ ကြို ပြောလို့ ရတာက ဦးဆောင်နိုင်တယ် ဇွဲရှိတယ် စေ့စေ့စပ်စပ်လုပ်တတ်တယ် ဆိုတဲ့ အချက်တွေကြောင့် ဘာလုပ်လုပ် အိတုံ အောင်မြင်မှာပါ

    တကယ်လို့ မင်းသမီးကို ဆက်လုပ်ခဲ့ရင်တောင် ဒီအချိန် အောင်မြင်နေလောက်ပြီ အဲဒါလေးတော့ နှမြောစရာ
    (ရုပ်လဲရှိ ၊ စန်းလဲ ရှိမှာကို …)

  • စိန်ပေါက်ပေါက်

    February 23, 2012 at 10:36 am

    အော်..
    အိမ်က ဂျီးဒေါ်တွေသာ ဒဂုံစင်တာ မလာဖြစ်ခဲ့ရင် ခုချိန် ဆုန်သင်းတုံ ဖြစ်နေလောက်ပြီနော် 😆
    ဘာပဲဖြစ်ဖြစ် အပေါ်က ဖျဲသီးပြောသလို များနဲ ့ ဗျူတီပလာတာတို ့ ဘာတို ့ဖွင့်ပါလား 😀
    များကတော့ ဒီအလုပ်ကထွက်ရင် သူများအလုပ် ဘယ်တော့မှ မလုပ်တော့ဘူး..
    ကိုယ့်ဘာသာ ကွမ်းယာရောင်းမယ်..ဆိုက်ကားနင်းမယ်..ကိုယ်ပိုင် ကုမ္ပဏ္ဏီ ဖွင့်မယ်
    အဲကျရင်
    မောင်ပေတို ့ဖျဲသီးတို ့..အံချာတုံးတို ့ ကြီးမိုက်တို ့ အဖွဲ ့ကို မန်နေကြာခန် ့မယ်…
    😀

    များလဲ…ဘာလိုလိုနဲ ့ ကျွန်သက် သုံးနှစ်တောင် ကျော်လာပါပကောလားဗျာ

    (သဂျီးရေ.များကြီးရေးပြီး ကွန်းမန် ့ပေးမှ လော့ဂ်အင် ဝင်ပါအုံးတဲ့ လာပေါနေဒယ်)

  • FattyCat

    February 23, 2012 at 10:53 am

    ခင်ရတဲ့ ညီမလေးတုံရေ-

    ကိုယ့်ရဲ့ရခဲလှတဲ့ဘဝကြီးကိုတော့ ကျွန်နဲ့မနှိုင်းလိုက်ပါနဲ့…
    ကိုယ့်မှာ ကိုယ်ပိုင်အရည်အချင်းနဲ့ တာဝန်ယူနိုင်တဲ့အရည်အသွေးရှိတယ်…
    သူများအလုပ်လုပ်ရတယ်ဆိုပေမယ့်…ကိုယ့်တာဝန်နဲ့ အရည်အချင်းပေါ်မှာမူတည်ပြီး နေရာအဆင်အတန်း တစ်ခုတော့ရကြတာပါပဲ…
    ညီမလေးအလုပ်မှာ ညီမလေးကျွန်လောက်အထိ မနိမ့်ကျသလို…ညီမလေးရဲ့ အရည်အချင်းဟာလဲ ကျွန်လောက်မစုတ်ပဲ့ဘူးလို့ မြင်တယ်…
    ဝါသနာမပါတဲ့အလုပ်လုပ်ရတာ ငရဲကျတယ်လို့ ခံယူရင်တော့ ငရဲသက်ပေါ့…
    ကျွန်သက်လို့တော့မသုံးပါနဲ့ကွယ်…ကိုယ့်ဘဝကိုယ်နာအောင်မလုပ်ပါနဲ့…
    မင်းတစ်နေ့ ကိုယ်ပိုင်အလုပ်မှာ အတ္တနဲ့ လောဘရဲ့ကျေးကျွန်ဖြစ်မှ…သိမယ်…

    ခင်တဲ့-
    အစ်ကိုကြီး ကြောင်ဝတုတ်

  • ဆူး

    February 23, 2012 at 11:05 am

    ၆နှစ်မြောက်တဲ့ နေ့ကနေပြီးတော့ လွန်ခဲ့တဲ့ ၆နှစ်ကို ပြန်ကြည့်လိုက်ရင် အရင်က ညီမ နဲ့ အခု ညီမ တူမှာ မဟုတ်တော့ဘူး။
    ၆နှစ် အတွင်းမှာ ရခဲ့တဲ့ အတွေ့ အကြုံ ရင့်ကျက်မှုနဲ့ စဉ်းစားနိုင်စွမ်းရည် စသဖြင့်.. တိုးတက်မှု ပေါင်းများစွာကို ပြန်တွေးကြည့်ပါ။
    ၆နှစ် ဆိုတဲ့ အချိန်က ဖြတ်သန်းသွားလိုက်ရင် ဘာမှ သာ မဟုတ်တာ လူတယောက်နဲ့ တယောက် အရည်အချင်း အလုပ်အကိုင် များစွာ အဆုံး အဖြတ်ပေးနိုင်ပါတယ်။
    လိုင်းမတူတဲ့ သူငယ်ချင်းတယောက်ကို ၆နှစ်လောက် ကွဲကာပြီးမှ စကားပြန်ပြောတဲ့ အခါ အဲဒါသိပ်သိသာ လာပါလိမ့်မယ်။
    ၆နှစ် အတွင်း အိမ်တွင်းပုန်းနေတဲ့ သူဆိုရင်တော့ ကိုရီးယားကားက လွဲလို့ ဘာမှ မသိတဲ့ ကလေးတယောက်လိုပဲ နေရာတကာ သူများ အားကိုးချင်စိတ် စတာတွေ ဖြစ်နေပါလိမ့်အုန်းမယ် ဆိုတာ ပြောရဲပါတယ်။

  • blackchaw

    February 23, 2012 at 11:09 am

    အီးတုန်းမရေ။
    ညည်းကို အကဲခတ်ကြည့်ရတာ
    လုပ်ငန်းခွင် ပျော်ရွှင်မှု အပြည့်ရှိနေတဲ့
    ဝန်ထမ်းတစ်ယောက်လို့ ထင်ရပါတယ်။
    ရွာထဲလည်း အချိန်ပြည့်နေဖို့ အခွင့်အရေးလည်းပေးထားသေးတယ်ဆိုတော့
    ကျွန်လို့မတွေးစေချင်ပါဘူး။
    ကိုယ့်ကိုယ်ကို သခင်အီးတုန်းလို့သာ တွေးပါဗျာ။ 😆 😆 😆 😆 😆

  • kyeemite

    February 23, 2012 at 11:09 am

    မအီးတုံးခင်ဗျား…ဝါသနာအလျှောက်မဟုတ်ပေမဲ့ လူအများစုကတော့ အခစားဝန်ထမ်းလုပ်ကိုင်စားသောက် နေကြရတာပါဘဲ…ခင်ဗျားရဲ့ ရင်ထဲကခံစားချက်ကို အသိအမှတ်
    ပြုပါတယ်..ဒါပေသိ..ကိုhtet way တို့ ကိုထူးစံတို့ ပြောသလို…“ကျွန်သက်” ဆိုတာကြီးကတော့
    ရင်ထဲကိုကန့်လန့်ကြီးဝင်သွားတယ်ဗျာ..ကိုယ်ပိုင်အလုပ်လုပ်ချင်တယ်ဆိုတာကတော့…ဝန်ထမ်း
    လုပ်စားနေရတဲ့လူတိုင်းမှာ..ဖြစ်နေကျဆန္ဒတစ်ခုပါ…ဒါပေမဲ့မလွှဲသာတော့လဲ လုပ်နေရတဲ့အလုပ်မှာ
    ကြံဖန်ပီးပျော် အောင်နေနေကြရတာပါဘဲ…အလုပ်ဟူသမျှ ဂုဏ်ရှိစွ လို့ဆိုသမို့လား…ကြံဖန်ပီး
    ဂုဏ်ယူလိုက်စမ်းပါဗျာ…
    ခင်မင်စွာဖြင့်..
    ကြီးမိုက်။

  • moethidasoe

    February 23, 2012 at 11:28 am

    လုပ်ချင်တာကို လုပ်ဖြစ်တာက အလုပ်ရဲ့ သခင်
    မလုပ်ချင်ပဲနဲ့ ခိုင်းလို့ လုပ်ဖြစ်တာက အလုပ်ရဲ့ ကျွန်
    ဒါကြောင့် မလုပ်ချင်ပေမယ့် အမေတို့ကို ကြောက်လို့ လုပ်ဖြစ်တဲ့ အလုပ်ကို ခိုင်းလို့ လုပ်ရတာ ဖြစ်လို့ အလုပ်ရဲ့ ကျွန် ဖြစ်တာကို လက်ခံပေးပါတယ် .. အိတုံ စာလုံးရွေးတာ မှန်တယ်လို့ ထင်ပါတယ်
    အများက ဓုံပတ်လေး မတွေ့ရတော့ အရင် အလုပ်ရဲ့ သခင် ဖြစ်ခဲ့တဲ့ မှတ်တမ်းပုံလေးများ ပြနိုင်ရင် ??????

  • Pearl May

    February 23, 2012 at 11:52 am

    အသက်ငယ်မယ်ထင်လို့ ညီမလို့ပဲခေါ်လိုက်မယ်။ ညီမရေ ညီမက ကျွန်လုပ်သက် ၆ နှစ်ဆိုရင် အမက ကအခု အသက် ၃၆ နှစ်မှာ ကျွန်လုပ်သက် ၁၈ နှစ်ပါ။ ၁ဝ တန်းအောင်ကတည်းက အဝေးသင်တက်ပြီး အလုပ်လုပ်ခဲ့တာ။ စစချင်း ဟိုတယ်မှာလုပ်တော့ ကိုယ့်ဟာကိုယ် ဒေါ်လာစား အကြီးစားကျွန်လို့ အမြဲပြောမိတယ်။ဒီမှာကျွန်ခံရတာ အားမရလို့ နိုင်ငံခြားတောင်ထွက်ပြီး ကျွန်ခံလိုက်သေးတယ်။ ဒါပေမယ့်အသက်ကြီးလာလေ လုပ်နေရတဲ့အလုပ်ကိုပိုပိုချစ်လာပြီး လုပ်စရာလေးရှိနေတာ အချိန်တန် အလုပ်လေးသွားစရာရှိတာကို ကျေနပ်တတ်လာတယ်။ အခုညီမက အလုပ်မှာအခန့်မသင့်တဲ့အချိန်မို့ မကျေမနပ်နဲ့ဒီလိုပြောမိမေမယ့် နောင်တချိန် ကိုယ်ပိုင်အလုပ်လုပ်နိုင်တဲ့အချိန်ကျရင် (သို့) ကိုယ်တကယ်ချစ်တဲ့အလုပ်ကို လုပ်တဲ့အချိန်ကျရင် ဒီအတွေ့အကြုံတွေဟာ တန်ဘိုးမဖြတ်နိုင်လောက်အောင် အဖိုးတန်တာတွေ့ရမှာပါ။

  • နှူးဘာဂိုဏ်းချုပ်

    February 23, 2012 at 12:00 pm

    အိတုန်က ကျနော်နဲ့ အသက် မကွာဘူးထင့် ..
    ကျွန်သက် တူနေလို့ပါ ..
    😀

    ကျွန်လို့ သုံးတာတော့ သိပ်မနှစ်သက်လှဘူးဗျ…
    အလုပ်ကိုချစ်သွားပြီး အလုပ်ခွင်မှာကြိုးစားလုပ် ဆောင်လာပြီဆိုရင်..
    ဗမာလိုတော့ ကိုယ့်အလုပ်လို သဘောထားပြီး လုပ်တယ်.. သခင်စိတ်မွေးတယ်
    ဘိုလိုတော့ အုံနာရှစ် အင်စပိုင်းယား သွင်းပြီး လုပ်တယ်ပေါ့ …

    နောက်တနည်းပြောလို့ရတာကတော့ .. ထရိတ် လုပ်နေတာပါပဲ ….
    အလုပ်ရှင်အလုပ်သမားကြား လုပ်အား အရောင်းအဝယ် လုပ်တာပါဗျာ …
    😀
    အလုပ်လုပ်တယ် ဆိုတာ အချိန်ကိုရောင်းတာတဲ့ … ဟုတ်တယ်နော..
    ကျုပ်တို့က အချိန် ကုန်သည်တွေ …
    အချိန် ကုန်ကူးသက် ၆-နှစ်ပြည့် ပြီလို့ မှတ်ယူရင်း အားပေးသွားပါတယ်ဗျ…။

  • kokothandar

    February 23, 2012 at 12:02 pm

    အချစ်ကျွှန်ဘဝနဲ့ ခြေက်နှစ်နေခဲ့ရင် ခုဆို သံယောဇဉ် ကြိုးလေးတွေကို မူကြိုပို့လို့ ရပြီလေ
    ဘယ်လောက်ကြည်နူးစရာကောင်းမလဲဆိုရင် ကျောင်းတွားချင်ဘူးလို့ ကျောင်းကား လာတိုင်းအော်ငိုတတ်တဲ့
    သံယောဇဉ်လေးနဲ့ဆို ပိုကြည်နူးစရာကောင်းပါသေးခင်ဗျာ

  • ကျနော်ကတော့ သူများဆီမှာလခစားလုပ်တာနဲ့ ကျွန်ဖြစ်တယ်ဆိုတဲ့ အယူအဆကိုတော့လက်မခံချင်ပါဘူး။
    ဘယ်နေရာမှာနေနေ ကိုယ်က သခင်စိတ်မျိုးနဲ့အလုပ်လုပ်ရင် ကျွန်မဟုတ်ပါဘူး။
    ကျနော်ကတော့ ကျနော့် ဦးနှောက်နဲ့အချိန်ရယ် ကိုယ်ခန္ဓာကို အချိန်ပိုင်းနဲ့ ရောင်းထားတယ်လို့ဘဲ
    ခံယူပါတယ်.။
    ကိုယ်ပိုင်အလုပ်ကတော့ ကိုယ်လုပ်သမျှ ကိုယ်အပြည့်ခံစားရသလို ခြေလှမ်းမှားအဆုံးဖြတ်မှားရင်လဲ
    ကို်ယ်အားလုံးခံလိုက်ပေါ့နော်။
    ဘယ်မှာဘဲ လုပ်လုပ်ကိုယ်ပိုင်အရည်အချင်းနဲ့ တင့်တယ်အောင် မှန်ကန်သော မာန တရားနဲ့
    နေနိုင်အောင် ကြိုးစားရမှာကတော့ အမှန်ပါဘဲ။
    သူများဆီမှာ ဝန်ထမ်းလုပ်ရတဲ့အတွက် ဂုဏ်ငယ်စရာမရှိပါ.။
    ဒါကတော့ ကျနော့်အမြင် သူများနဲ့ ညီချင်မှညီမယ်လေ။
    ကိုယ့်သဘောကိုယ်ဆောင်ပါဘဲ။
    ရောက်တဲ့နေရာမှာ ထိပ်တက်ကပ်နိုင်အောင် တော့ ကြိုးစားရမှာဘဲနော်။.
    ဘာလိုလို နဲ့ ကျနော်တောင်လက်ရှိအလုပ်မှာ 16နှစ်ကျော်သွားပြီ။

    • etone

      February 23, 2012 at 3:06 pm

      ဦးစိန်သော့ရေ … ဆုတောင်းလေးအတွက် ကျေးဇူးပါနော် … ဝါသနာပါရာနဲ့ … အလုပ်ဝင်တဲ့အခါ .. အတော်များများအံ့ချော်နေတာလေးတွေတွေ့ရတယ် … တစ်ခါတစ်လေ .. အခြေနေအရ ဆုံးဖြတ်ရ ၊ လမ်းကြောင်းပြောင်းရတာ မျိုးလည်း ရှိတော့ …ခြေတလှမ်းဆုတ်ဖို ့… ကြိုတွေးထားတဲ့ သဘောပါပဲ … ။ သူများအလုပ်က …. သူများ မျက်နှာကြည့်နေရတာလေ … အဆင်မပြေတဲ့ချိန် .. အချိန်မရွေး လွင့်သွားနိုင်တယ်ဆိုတာကိုလည်း ကောင်းကောင်း သိထားလို့ … ကာဗာယူဖို့တွေးနေတာပါ … ။

      ကိုနိုဇိုမီရေ .. ရက်တွေ လတွေပြောင်းတာ မြန်ရင်းနဲ့ .. ဘယ်လို ဘယ်လိုဒီအချိန်ပြည့်သွားလဲမတွေးတတ်အောင်ပါပဲ … ။ အရင်ကတော့ တနှစ်ခွဲ နှစ်နှစ်လောက်လုပ်ပြီး တခြားနေရာ ဒိုးမယ် တွေးခဲ့တာ … တကယ်တမ်း … အလုပ်တာဝန်ဆိုတဲ့အသိထဲ ရုန်းမထွက်နိုင်ခဲ့ဘူးလေ … ။ မင်းသမီးကတော့ … မလုပ်ဖြစ်တော့ပါဘူး … ကင်မရာနောက်ကွယ်က ဘဝတွေကို …သိခွင့် မြင်တွေ့ခွင့်ရပြီး ကတည်းက ….အဲ့ဒီလိုလည်း လိုက်မလုပ်နိုင်လို့…အဲ့လောကထဲဝင်ချင်စိတ်လည်း ကုန်သွားတယ် … ။ ရုပ်ရှင်အဖွဲ ့သားတွေနဲ့ .. ဆယ်ရက်လောက် မီးမရှိတဲ့ ရွာလေးမှာ ရုပ်ရှင်ရိုက်ရင်း တအိမ်ထဲ အတူနေခဲ့ဖူးတယ် … ။ နာမည်ကြီးတွေလည်း အများကြီးပါပြီး … လူအင်အားလည်း များခဲ့တယ် …. ။ မြင်လိုက်တွေ့လိုက်ရတော့မှ … ဟန်ဆောင်ဖော်ရွေမှုနောက်က … ကမ်းကုန်အောင် မိုက်ရိုင်းတဲ့အလေ့ကျင့်ရှိခဲ့ပါလား မြင်မိပြီး .. စိတ်ထဲ ဘယ်လို ဖီလင်ကြီးဖြစ်သွားမှန်း မသိဘူး … ။ ပါးစပ်တွေလည်း စည်းကမ်းမရှိဘူး … မကြားဝံ့မနာသာတွေချည်းပါပဲ .. 🙁

      ဒေါ်စိန်ပေါက်ရေ .. အစကတော့ အဲ့လိုတွေးပါတယ် … သူတို့မလာလိုက်လျှင် … ဘယ်ဘဝရောက်နေမလဲတွေးမိတယ် .. အခုချိန်မှာတော့ .. လူဂျီးတွေ လာလိုက်တာကိုက .. ယုတိ္တရှိရှိ ဘဝတစ်ခု အစပျိုးခြင်းပါလားဆိုပြီး …ကျေးဇူးတောင်တင်မိတော့တယ် … ။ အဲ့ဒီအလုပ်တွေက (အများစုက) ….အောင်မြင်မှုလမ်းကြောင်းပေါ် ၊ သိက္ခာ၊ ကိုယ်ကျင့်တရားနဲ့ မာနတွေခင်းပြီးလုပ်မှ … နာမည် တစ်ခု ပိုင်ဆိုင်လာကြတာလေ … ။ နာမည်တစ်ခုသာ ပိုင်ဆိုင်ရတာနော် … ဒီနာမည်က ဘယ်လောက် အသက်ဆက်လို ့ရမလဲ ဘယ်သူမှ အာမခံချက်မပေးနိုင်ဘူး …။ မချစ်သော်လည်း အောင့်ကာ နမ်းရတဲ့ အဖြစ်မျိုးတွေ …. မျက်စိရှေ့တင်မြင်နေတာမို့ … မသတီတော့ဘူး .. ။ ဗြူတီပါလာ လုပ်ငန်းက အတော်လေး ..ခေတ်စားနေတာ … လှိုင်သာယာမှာ အခြောက်တွေဖွင့်တဲ့ဆိုင်က သာမန်မိန်းမ ၊ ယောကျာ်းတွေချည်း ဖွင့်တဲ့ ဆိုင်ထက် လူဝင်လူထွက်ပိုများတာ .. ကိုယ်တွေ့ ကိုယ်တွေ့ 😀

      အစ်ကိုကြီးကြောင်ဖက်တီးပုတ်ရေ … ကျွန်မတို့အလုပ်မှာ .. ကြက်တူရွေးကတော်တော် မယ်တော်က ကဲကဲဖြစ်နေလွန်းလို့ .. ရေးမိလိုက်တာ … ။ ပြောရမယ်ဆို.. တင်းစရာကြီးပဲ .. ကိုယ်တွေ အဖွဲ့တွေက … အဓိကပိုက်ဆံကုန်းရှာပေးကြတယ် … ဒါပေမယ့်..တလွဲဆံပင်ကောင်းနေတော့လည်း … ကြာလေ .. အမြင်ကတ်လေဖြစ်ဖြစ်လာတယ် ။ အလုပ်အဆင်ပြေပြေပြီးဆုံးသွားလျှင်သာ .. အသံမထွက်ပေမယ့်.. တစ်ခုခု အ တိမ်းစောင်းဖြစ်ကြည့် .. အသုံးမကျဘူးဆိုတဲ့ အသံက ထွက်လာမှာ ကျိန်းသေပဲ … ။ ပြောရလျှင်တော့ .. တင်းစရာကြီးပါပဲ…. ။ သူဌေးက လစာပေးချင်တာတောင် official လစာထဲ ပေါင်းမထည့်ပေးရဲတဲ့ အဖြစ် … တခြားနည်းနဲ့လည်း လစာအဖြစ်ရပေမယ့် … လစာစာအိတ်ထဲကနေ တရားဝင်ရတာမျိုးကိုပဲ လိုချင်တယ် … ဒါပေမယ့် အခြေနေအရပ်ရပ်ကြောင့် … လစာအိတ်ထဲ မထည့်ပဲ… အပြင်ကနေပေးနေတာကို မလိုချင်တာ … လုပ်နိုင်လျှင်ရမယ် .. မလုပ်နိုင်လျှင်မရဘူးတိတိလင်းလင်း … အဲ့လိုပဲဖြစ်သင့်တာ … ။ သူဌေးတောင် ..အရှေ့နောက်ကြည့်ပြီး အပိုလစာကို တရားဝင်မပေးနိုင်ပဲ ခိုးကြောင်ခိုးဝှက်ပေးနေရတာ … ဘာသဘောလည်းတော့မသိဘူး … ။

      အစ်မဆူုးပြောတာလည်း ဟုတ်တယ် .. အချိန်က လူကိုပြောင်းလဲပေးပါတယ် … အရင်က သိပ်မစဉ်းစားမတွေးခေါ်တတ်ပဲ .. ပေါ့ပေါ့ပါးပါးပဲ တွေးပါတယ် .. အခုတော့ … တစ်ခုခုဆို သင့်ဧ။် မသင့်ဧ။် ပြန်တွေးနေနေရပြီ … ။ အလုပ်နဲ့ပတ်သတ်ပြီး … မိတ်ဆွေတွေလည်း တိုးလာကာ .. လုပ်ငန်းခွင်အတွင်း စကားပြောဆိုရတဲ့ အပိုင်းကိုလည်း … တစွန်းတစလေ့လာမိတယ် ။ နှုတ်စောင့်စည်းခြင်းဆိုတာကလည်း … အသင်းဖွဲ့တွေကြား အတော်တာသွားတယ်ဆိုတာလည်း .. နားလည်လာမိတယ် … ။

      ဟီးဟီး .. ဦးချောကလက်ပြောသလို … အင်တာနက်သုံးရွာလည်နေလို့ရတာကြောင့်လည်း အလုပ်မထွက်ဖြစ်တာပါတာပေါ့လေ … ။ 😀 တခြားနိုင်ငံကလူတွေကို မြန်မြန်နဲ့ လွယ်လွယ် ဆက်သွယ်ဖို့ .. ဂျီတော့ပ်ကို ပေးသုံးထားပါတယ် .. ဒါပေမယ့် ပါဆန်နယ်လ်သုံးတာက ပိုများနေတယ် 😀 အရင်စလုပ်ကတည်းက အင်တာနက် တစ်နာရီသုံးခနဲ့ …ချိန်ကိုက်ပြီး … တန်အောင်သုံးရတာနဲ့လည်း ..ပြန်တွက်ကြည့်မိသေးတယ်လေ 😀 စိတ်ထဲမှာတော့ ..ကိုယ့်ကိုယ်ကို တစ်ခါတစ်လေကြောင် .. တစ်ခါတစ်လေ ကြွက်လိုပဲ .. သတ်မှတ်ထားပါတယ် … ။

      ကြီးမိုက်ရင်ထဲ ကန့်လန့်ဝင်သွားသလို .. ကျွန်မတို့ ရုံးက ..မြန်မာတွေမျက်စိထဲ ကန့်လန့်ဝင်သွားခဲ့လျှင် ..ရေးပျော်ပါပြီ ။ ဆွေးနွေး ရှင်းပြလို့ မရတဲ့ အခြေနေထဲ … အွန်လိုင်းကနေ .. ကိုယ်ပြောချင်သမျှကို ဖောက်သည်ချလိုက်ရတာ ..ဖြေလျှော့ခြင်း တမျိုးပါပဲ … သူတို့ မြင်မိဖတ်မိလျှင် … ကျွန်မပေးတဲ့ ခေါင်းစဉ်နဲ့ …ဒေါကီးနေမှာ မြင်ယောင်သေးတယ် .. ဟီးဟီး 😛

      ဒေါက်တာရေ .. လုပ်ချင်လည်း လုပ် ၊ မလုပ်ချင်လည်း လုပ်၊ ခိုင်းလည်း လုပ် ၊မခိုင်းလည်း ကိုယ့်သာဘသာ တေါးပြီးလုပ် နေရတဲ့အခြေနေဆိုလျှင်တော့ ကျွန်တလှည့် သခင်တလှည့်လို့ခေါ်မလားပဲနော် … ။ 😀 ကိုယ့်အလုပ်ကိုယ် လုပ်နိုင်လာတဲ့အခါ … ကိုယ့်အစီစဉ်နဲ့ကိုယ် လုပ်ခွင့်ကိုင်ခွင့်လေးတွေတော့ရလာပါတယ် …။ ဓုံပတ်လေးတွေကတော့ .. စိတ်နာလွန်းလို ့… ဘယ်ချောင်တောင် ရောက်သွားပြီလဲမသိဘူး … ဟီးဟီး 😀

      ဟုတ်ပါတယ် မပုလဲမေရေ… အစ်မက အသက်ပိုကြီးပါတယ် … ။ လောလောဆယ်တော့ လုပ်ငန်းခွင်အတွင်း ပြသနာအထွေထူးလည်း မရှိသလို … ဖိအားပေးတွန်းခိုင်းတဲ့ လူလည်း မရှိပါဘူး .. ကိုယ့်ဘာသာကိုယ်စဉ်းစားချင့်ချိန်ပြီး .. လှုပ်ရှားရတာမျိုးပေါ့ .. တစ်ခုခု အကြံတောင်းစရာရှိလျှင် GMဖြစ်သူနဲ့ တိုင်ပင်ပြီး ညှိနှိုင်းလုပ်ဆောင်ရပါတယ် … ။ အတွေ့ကြုံနဲ ့အလေ့ကျင့်တွေလည်း မရိုးအောင် ရခဲ့ပါတယ် …. ။ ဆက်ပြီးလည်း… လိုအပ်တာတွေလေ့လာဖို့ ကျန်နေသေးတယ်လို့ ထင်မိတယ် … ။

      မဂီရေ … တမျိုးလှည့်တွေးတော့လည်း… ကြားလို့ကောင်းသားရယ် … ပိုက်ဆံလည်းပေး အတွေ့ကြုံလည်း ပေးတဲ့အလုပ်ကို .. ဘာလို့များ ငြီးငြူမိပါလိမ့်နော် … 😀

      kokothandarရေ … သံယောဇဉ်ကြိုးတွေလည်း မသီချင်သေးပါဘူး …. ကိုယ်တိုင်တောင် ချော်မလဲအောင် မြဲမြဲရပ်ဖို့ အားယူနေတဲ့အချိန် … ပုစိပစလေးတွေအတွက်ရော ၊ သံယောဇဉ်တွေ အချစ်တွေ အနှစ်တွေအတွက်ပါ … တသီးတသန့် အချိန်မပေးနိုင်ဘူးလေ … ။

      လေးပေါက်ကြီးရေ … တခြားအလုပ်တွေတော့ မသိဘူး ….. ဒီမှာက…. ပိုင်ဆိုင်မှုကိုဗန်းပြပြီး ဂုဏ်ဖော်ချင်သူတွေရှိတယ်လေ … ။ သူတို့မနှိမ့်ခင်ကတည်းက .. ကိုယ့်ဘာသာကိုယ် ဟိုးအောက်ဆုံးထိ နှိမ့်ထားပေးလိုက်တော့ …. အရူးအမဲသားကျွေးမိလိုက်သလိုအဖြစ်မျိုးပေါ့လေ … ။ 😀 အဲ့ဒီလိုနေရတာက .. ပိုပြီးစိတ်သက်သာရာရမလားလို့တွေးမိတယ် … ။

  • (သူတို့မနှိမ့်ခင်ကတည်းက .. ကိုယ့်ဘာသာကိုယ် ဟိုးအောက်ဆုံးထိ နှိမ့်ထားပေးလိုက်တော့ …)
    ဒီလို မပြောပါနဲ့………………..(ဟေမာနေဝင်း)

  • ဦးဦးပါလေရာ

    February 23, 2012 at 6:23 pm

    အင်း …. အဲလိုပြောမယ်ဆို ကျုပ်လဲ တစိတ်တပိုင်းလခစားဆိုတော့
    ကျွန်သက် ဆယ့်ခြောက်နှစ်ကျော်ပါပြီ။

    ကျုပ်ကတော့ အလုပ်သမားဆိုတာ အလုပ်ရဲ့ အရှင်သခင် လို့ပဲ မြင်မိပါတယ်။
    တကယ်တန်းကတော့ အလုပ်တော်တော်များများမှာ အလုပ်ခွင်ကို အလုပ်သမားအလွှာအသီးသီးကပဲ ပဲ့ကိုင် ထိန်းကျောင်း လည်ပတ်တာများပါတယ်။ အလုပ်သမားတွေရဲ့ ပုံဖေါ် ထုဆစ်တဲ့အတိုင်းသာ လုပ်ငန်းရဲ့ကံကြမ္မာ ပြောင်းလဲဖြစ်ပေါ်တတ်ပါတယ်။

    အလုပ်ရှင်ဆိုတာကတော့ လုပ်ငန်းရဲ့လိုအပ်သမျှ ဖြည့်ဆည်းရ၊
    လုပ်ငန်းကတောင်းဆိုလာရင် နားရက်မရှိနားချိန်မရှိ အဖိုးစားနားမရှိပဲ
    မဖြစ်ဖြစ်အောင် လုပ်ကိုင် ရှာဖွေဖြည့်ဆည်းရ၊
    လုပ်ငန်းရဲ့မျက်နှာ(ရှုံး/မြတ်)ကို မပြတ်စောင့်ကြည့်စိတ်ပူရနဲ့ မို့
    အလုပ်ရှင်ဆိုတာ လုပ်ငန်းရဲ့ ကျွန်နဲ့တူပါတယ်။

    ဆိုတော့ … တူမ အိတုန် ရေ
    ဦးပါလေရာတွေးသလို တချက်လောက်ပြောင်းတွေးကြည့်ပြီး
    အလုပ်ကမထွက်မချင်း မိမိလုပ်ငန်းရဲ့ပဲ့ကိုင်အရှင်သခင်အဖြစ်
    ကိုယ့်ကိုယ်ကို ဂုဏ်ယူလိုက်ပါဗျာ…။

  • ကြောင်ကြီး

    February 24, 2012 at 12:35 pm

    ဦးကြောင်လည်း မော်ဒယ်ဘွိုင်း လုပ်ခဲ့ဖူးတယ်.. မော်ဒယ်လ် စားသောက်ဆိုင်မှာ စားပွဲထိုးboy လုပ်ခဲ့တာ…

  • စနေ

    February 24, 2012 at 12:55 pm

    စနေလဲ ဒီရက်ပိုင်း အလုပ်မှာ အဆင်မပြေတာလေးတွေရှိပြီး စိတ်ညစ်နေတာ …

    ဒီပို့စ်ကို ဖတ်ပြီးမှ အားအင်အသစ်တွေ ပြန်လည်ရရှိလာတဲ့အတွက်

    ပို့စ်ပိုင်ရှင် etone နှင့်တကွ comment ပေးကြတဲ့

    ဦးဦး၊ ဒေါ်ဒေါ်၊ ကိုကို၊ မမ၊ ညီမလေး၊ မောင်လေး အားလုံးကို ကျေးဇူးတင်ကြောင်း …………. 🙂 🙂 🙂

    ခင်တဲ့ …
    စနေ ……..

  • snow white

    July 8, 2012 at 7:54 pm

    အလုပ်မှာအဆင်မပြေလေ ကိုယ်ပိုင်အလုပ်ရှိရင်သိပ်ကောင်းမှာဘဲလို့စဉ်းစားမိတာတော့ မမအိထက်တောင်သာမယ်ထင်မယ် ….

Leave a Reply