မနေ့က တင်တဲ့ chinese or burmese ရဲ့ ယဉ်ကျေးမှုဖလှယ်ခြင်း ဆိုတဲ့ပို့စ်မှာ ကျွန်တော် ရိုက်ခဲ့ဘူးတဲ့ နိုင်ငံခြားသားစုံတွဲပုံလေးပါလာပါတယ်ခင်ဗျာ။ ရိုက်သူကို အတိအကျ မသိတာ ပို့စ်တင်သူရဲ့ အပြစ်တော့ မဟုတ်ပါဘူး။ ကျွန်တော်တို့က ဓါတ်ပုံမှာ အမှတ်အသားမထည့်ထားမိလို့ ဒီလိုဖြစ်ရတာပါ။ ဒါပေမယ့် မှတ်ဥာဏ်ကောင်းလှတဲ့ မိုးစက်က လင့်နဲ့တကွ ဘဘဘလက် ရိုက်တာပါလို့ ပြောနိုင်ခဲ့တာကြောင့် ပီတိဖြစ်ရပါတယ်။ တကယ်ကို ကျေးဇူးတင်ပါတယ် တူမတော် မိုးစက်ရေ။ ဒီဓါတ်ပုံလေးကို ဧရာဝတီဘလော့ဂ်မှာလည်း ဖေါ်ပြထားတယ်ဆိုတော့ ကျေနပ်ရပါတယ်။ တစ်ခုစဉ်းစားမိတာက ကျွန်တော်တို့ တင်တဲ့ ပုံတွေမှာ ကျွန်တော်တို့ နာမည်လေးတွေ ထိုးထားသင့်ပြီ ဆိုတာလေးပါ။ ကိုပေါက်ရဲ့ အမြင်လေးကိုလည်း သိချင်ပါတယ်ဗျာ။

ဒီတစ်ပတ် လည်း ချိုပေါ့ကျ လဖက်ရည်အရသာလေးရအောင် ကြိုးစားထားပါတယ်။
လဖက်ရည်ပွဲလေး မစခင် ရွာနဲ့ ခဏတာ ဝေးနေကြတဲ့ ရွာသူားတွေ ကို အလွမ်းစကားလေး တစ်ခွန်းလောက်
စိုးလွင်လွင်ကြီးအော်ခဲ့သလို အော်ခွင့်ပြုပါ။

ရွာ ကိုလည်း တစ်ချက်လောက်တော့ ငဲ့ကြည့်သင့်ပါတယ်

ကဲ ဒီနေ့ထုတ် HOT NEWS ဂျာနယ်ထဲက အင်မတန်စိတ်ဝင်စားစရာ သတင်းလေး တစ်ပုဒ်နဲ့ စလိုက်ပါရစေခင်ဗျာ။
ဇေကမ္ဘာ နဲ့ ရွှေနံ့သာ ရွာသားတွေရဲ့ လယ်ယာမြေ ပြသနာလေးပါ။ ဒီနေ့မှ ထွက်တဲ့ သတင်းဂျာနယ်ဆိုတော့ကာ
သူတို့ ဂျာနယ်ကို ငဲ့တဲ့အနေနဲ့ သတင်း အပြည့်အစုံကို မရေးတော့ပါဘူး။
ရွှေနံ့သာ ရွာက လယ်သူမလေး နှင်းနန္ဒာရဲ့ ဓါတ်ပုံကိုပါ ဖေါ်ပြထားပြီး ဆရာမ မမ နဲ့ အင်တာဗျူးလေး ဖေါ်ပြထားပါတယ်။
အင်တာဗျူးအဆုံးသတ်မေးခွန်းလေးနဲ့ အဖြေလေးကိုတော့ ဖေါ်ပြပေးလိုက်ပါတယ်။

မမ – ကောင်းပါပြီ။ လယ်သမားမိသားစုတွေ ကျွန်မတို့ ဂျာနယ်တွေကို အားကိုးတဲ့အတွက် ခိုင်လုံတဲ့သက်သေတွေ၊ ဥပဒေပြဌာန်းချက်တွေ ဌာနဆိုင်ရာအကိုးအကားတွေ
ရှာဖွေလေ့လာပြီး သက်ဆိုင်ရာ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနကို စုံစမ်းပြီး ဘယ်သူမှ နစ်နာမှုမရှိရလေအောင် ကြိုးစားပေးပါ့မယ်။ စာမျက်နှာ
ပေါ်ပါဖို့ကတော့ ညီမတို့လယ်သမားမိသားစုတွေ ၀ိုင်းဆုတောင်းကြပေါ့။ စိစစ်ရေးက ခွင့်ပြုရင် သက်သေပြချက်တွေနဲ့တကွ မမတို့ ရေးပေးပါ့မယ်။
နှင်းနန္ဒာ – ကျေးဇူးတင်ပါတယ် အမရယ်။ ကျွန်မတို့ကို ကူညီပါ။ ကျွန်မတို့လဲ ဆုတောင်းပါ့မယ်။
မမ – အခုလို အမဆီကို လာပြီး ဖြေကြားပေးတဲ့ အတွက်လည်း အစ်မက ကျေးဇူးတင်ပါတယ်။ Hot News ဂျာနယ်နဲ့ မမကို သိက္ခာကျစေချင်တဲ့ အနေအထားတွေကို
ကြားရတဲ့အတွက် မမတောင်းတဲ့ အချက်အလက်တွေ အဝေးကြီးကလာပေးတဲ့ နှင်းနန္ဒာကိုလဲ ကျေးဇူးတင်ပါတယ်။ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပေါ့။ တရားကို နတ်စောင့်မှာပါ။

ဘယ်သူမှားတယ် ဘယ်သူမှန်တယ်ဆိုတာကတော့ စောင့်ကြည့်ရမှာပါ။ ဇေကမ္ဘာ နဲ့ ရွှေနံ့သာ ကြားက ဆရာမ မမရဲ့ ကြိုးစားပေးမှုကို နတ်စောင့်ပါလိမ့်မယ်လို့ အားပေးစကားပြောပါရစေခင်ဗျာ။
ရေးခဲ့ပြီးသလိုပါပဲ။ စောင့်ကြည့်ရမယ့် ဇာတ်လမ်းလေးတစ်ပုဒ်လို့ ပဲ ဆိုချင်ပါတယ်ဗျာ။

ကျွန်န်ုပ်တို့ ၏ မြန်မာ့ရုပ်ရှင်
မြန်မာ့ရုပ်ရှင်ဆိုလို့ ပြီးခဲ့တဲ့ အကယ်ဒမီပွဲအကြောင်းလေး နောက်ကြောင်းပြန်လိုက်ပါရစေ။ ဒီတစ်ပတ်ထုတ် နံနက်ခင်း ဂျာနယ်ထဲမှာ ပါတဲ့ ဒါရိုက်တာ ၀ိုင်း ရဲ့ အင်တာဗျူးလေးထဲက စကားအချို့ကို ထုတ်နှုတ်ဖေါ်ပြပါရ စေ။
မေးခွန်းလေးက ဒီလိုပါ။
“၂၀၁၀ အကယ်ဒမီဒါရိုက်တာဆုကို ကျွန်တော်မရရင် အခြားသူလည်း မရသင့်ဘူးလို့ အကျိုးအကြောင်းခိုင်လုံစွာနဲ့ ပြောခဲ့တယ်။ သို့သော် ဆရာခင်မောင်ဦး၊ စိုးသိန်းထွဋ် တို့ရသွားတယ်။ အဲဒီအပေါ် ၀ိုင်း ရဲ့ အမြင်လေး ပြောပေးပါဦး”
ဝိုင်းက ဒီလိုဖြေပါတယ်။
“ဦးခင်မောင်ဦး၊ ဦးစိုးသိန်းထွဋ် ဆိုတာ ကျွန်တော့်ကို ဒီလောကထဲ ဆွဲခေါ်ခဲ့တဲ့ ဆရာတွေပဲလေ။ သူတို့ကို စော်ကားတိုက်ခိုက်လိုခြင်း အလျဉ်းမရှိပါဘူး။ သို့သော်လည်း မှန်မမှန်ဆိုတာ သေချာစဉ်းစားကြည့်ပါ။ ကျွန်တော်က အီမိုးရှင်းတစ်ခုအရ ပြောတာမဟုတ်ပါဘူး။ နေရာတစ်နေရာမှာ ရှုထောင့်တွေက အရမ်း အရေးကြီးပါတယ်။ လူတစ်ယောက် စကားပြောတဲ့အခါ မေးခွန်းမေးတဲ့အခါ ဖြေတဲ့အခါ ဘယ်ရှုထောင့်ကကြည့်မှာလဲဆိုတာ အရေးကြီးပါတယ်။ ကျွန်တော်တို့လူမျိုးတွေမှာ ဆိုးနေတာ တစ်ခုက ဘယ်အရာကိုမဆို အီမိုးရှင်းနယ်ဖက်ကပဲ ကြည့်ပါတယ်။ အဲဒီအတွက် အမှားများပါတယ်”
ဒါက ကိုယ်ရိုက်တဲ့ ရုပ်ရှင်ဇာတ်ကား အကောင်းဆုံးဆု ရပါလျက် အကောင်းဆုံး ဒါရိုက်တာဆု မရခဲ့ရှာတဲ့ ဒါရိုက်တာ ၀ိုင်း ရဲ့ အင်တာဗျူးပါ စကားတချို့ပါ။
အဲဒီ ဂျာနယ်ထဲမှာပဲ အောင်နိုင်စန်းရဲ့ ပင်တိုင်ဆောင်းပါး အတွေ့အကြုံပုလဲများကိုလည်း ဆက်ဖတ်လိုက်တဲ့အခါ ဒီအကယ်ဒမီပွဲနဲ့ ဒီဒါရိုက်တာ ၀ိုင်းအကြောင်းက ပါပြန်ပါတယ်ဗျာ။
ဆရာ အောင်နိုင်စန်း ရဲ့ အကယ်ဒမီ ခန့်မှန်းလေးက ဒီလိုပါတဲ့ဗျာ။
မရမယ့်ဟာကို ရွေးရတာက ပိုသေချာပြီး ပိုလွယ်တယ်ကွ။ အဲဒီထဲမှာမှ ၀ိုင်း ဟာ တစ်ကားမှ ရိုက်မထားသူတွေနဲ့ တန်းတူလို့ ဆိုရလောက်အောင်ကို မရမှာ သေချာပါတယ်
တဲ့ဗျာ။ ဆိုတော့ ဘာလို့များ ၀ိုင်း ဟာ အကယ်ဒမီ မရဖို့ သေချာနေခဲ့တာပါလဲ။
အဲဒီအကြောင်းလေးနည်းနည်း ပွားရရင် အကယ်ဒမီ ဆု ရွေးခြယ်ရေးအဖွဲ့မှာပါတဲ့ အကဲဖြတ်ပညာရှင်တွေဟာ လွတ်လပ်ပြီး အဖွဲ့အစည်းတစ်ခုခုရဲ့ သြဇာခံ မဖြစ်သော လူပုဂ္ဂိုလ်တွေ ဖြစ်သင့်နေပြီ ဆိုတာလေး မီးမောင်းထိုးပြချင်ပါတယ်။ ဒီကောင် ဂျစ်ကန်ကန်နဲ့ကွာ လူရာမသွင်းနဲ့ ဆိုတဲ့ ဇာတ်လမ်းလေးတွေ ထပ်မဖြစ်ရအောင်ပါ။ ကျွန်တော်တို့ ရွာသူရွာသားတွေရဲ့ သဘောကရော ဘယ်လိုများရှိမလဲ သိချင်ပါတယ်ဗျာ။

နမ်းခွင့်ပေးတိုင်း နမ်းကြမယ်လား
ဒီတစ်ပတ်ထုတ် နံနက်ခင်း ဂျာနယ်ထဲမှာပဲ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) နဲ့ အင်တာဗျူးလေး ပါပါတယ်ခင်ဗျာ။
မေးသူက ဒီလိုမေးပါတယ်။
“နမ်းတဲ့ အခန်း ရိုက်လို့ ရပြီဆိုပေမယ့် သရုပ်ဆောင်တော်တော်များများ အထူးသဖြင့် အမျိုးသမီးသရုပ်ဆောင်တွေက လက်မခံကြဘူးနော်”
ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) က ဒီလိုဖြေပါတယ်။
“မြန်မာ့ ဗီဒီယိုဆိုတာ မိသားစုတွေ ကြည့်ကြတာများတယ်။ ဒီတော့ မောင်နဲ့ နှမ၊ သားနဲ့ အမိ ကြည့်လို့သင့်တဲ့ ပုံစံလောက်အထိပဲ ပြသင့်တယ်လေ။ အမေနဲ့သား နမ်းတာကို ပြလို့ အဆင်ပြေပေမယ့် သမီးရီးစားပုံစံကျတော့ နည်းနည်း အရေးကြီးလာပါပြီ။ ဇာတ်ဝင်ခန်းအရ နှစ်နှစ်ကာကာ ချစ်လို့ အမြတ်တနိုးနဲ့ လက်ကလေးပါးကလေးကို ယုယုယယနဲ့ နမ်းတာမျိုးက ကြည့်ရတာလည်း အဆင်ပြေပေမယ့် ချိန်းတွေ့တိုင်း နမ်းတာမျိုးတော့ ပြလို့မရဘူးလေ။ အဲလိုမျိုးလည်း မပြသင့်ဘူးလို့ မြင်ပါတယ်။ မြန်မာအမျိုးသမီးတွေရဲ့ ပါးကို နမ်းဖို့ဆိုတာ သူတို့တကယ်ချစ်သူကိုသာ ခွင့်ပြုတဲ့ နေရာပါ။ ဒါကို ဇာတ်ဝင်ခန်းအရသာ ခွင့်ပြုလိုက်ရပေမယ့် တကယ်တော့ သူတို့လည်း ဘယ်ခွင့်ပြုချင်ပါ့မလဲ။ အဲဒီအတွက် ရိုက်ခွင့် ရပြီ ဆိုတိုင်း မရိုက်သင့်ဘူးလို့ ထင်ပါတယ်”
တဲ့။ အင်း ခင်ဗျားတို့ ဒါရိုက်တာတွေ ထိန်းထိန်းသိမ်းသိမ်း ညွှန်ကြားကြပါမှာ တော်ရာကျမယ်လို့ပဲ ပြောချင်ပါတယ်ဗျာ။ မင်းသမီးတွေ ရိုက်ရဲပါ့မလား ဆိုတဲ့ အပိုင်းကတော့
အင်း….(သက်ပြင်းရှည်ကြီးချသံ)လျှောက်တတ်တော့ပါဘူးဗျာ။ မြန်မာမင်းသမီးတွေ ဒီလောက်သတ္တိနည်းလိမ့်မယ်လို့ မထင်ရက်ပါဘူးခင်ဗျာ။
သီးလေးသီးအဖွဲ့ သံလျင်ပွဲမှာ တစ်ည အပိတ်ခံရတယ် ဆိုတာလေးလည်း နံနက်ခင်းဂျာနယ်ထဲက သတင်းအစအနလေး ရခဲ့ပါတယ်ဗျာ။ ဒီလိုအချိန်မျိုးမှာ အပိတ်ခံရတယ်ဆိုတော့ ဘာတွေများ သွားပျက်ကြသလဲ သိပါဘူးဗျာ။
ဒီတစ်ပတ်ထုတ် Street View ဂျာနယ်ထဲက ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်ပြိုင် ရွေးကောက်ပွဲဝင်မယ့် ဒေါက်တာစိုးမင်းနဲ့ အင်တာဗျူးလေးထဲက အမေးအဖြေလေးတစ်ခုကို ကျွန်တော်တို့ ရွာသူရွာသားတွေ ဖတ်ကြည့်စေချင်ပါတယ်။

မေး။ ဒေါက်တာ့အနေနဲ့ ကော့မှူးမြို့နယ်ကနေတစ်ဆင့် ပြည်သူ့လွှတ်တော်ထဲ ရောက်ဖို့ ၀င်ရောက်ရွေးချယ်ခံမယ်ပေါ့။ လွှတ်တော်ထဲ ရောက်သွားခဲ့ရင် ကော့မှူးဒေသတစ်ခုတည်းအတွက်တင်မဟုတ်ပဲ တစ်တိုင်းပြည်လုံးအတွက် ဆောင်ရွက်ရတာ ရှိတယ်။ အဲဒီတော့ လွှတ်တော်ထဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာအတွက် ဒေါက်တာဆောင်ရွက်နိုင်စွမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဆောင်ရွက်နိုင်စွမ်း ဘယ်လို ကွာခြားနိုင်မယ်လို့ မြင်မိလဲ။ ဘယ်သူက ပိုပြီး ထိထိရောက်ရောက် လုပ်ကိုင်နိုင်မယ်လို့ရော ထင်မိလဲ ဆိုတာ သိချင်ပါတယ်။
ဖြေ။ ကျွန်တော်ဟာ သာမန် ဆရာဝန်လေး တစ်ယောက်ပါ။ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားပညာသင်ပြီးတော့ ဗိုလ်ချုပ်ရဲ့ သမီးလေ။ မွေးဖွားလာတဲ့ Position ခြင်း မတူဘူး။ သာမန်လယ်သမားကြီးတစ်ယောက်ကမွေးပြီး ကျွန်တော်က ဆရာဝန်ဖြစ်အောင်လုပ်ရတာ။ မွေးဖွားရာ Position ပေါ် မူတည်ပြီး လူ့ဘ၀က ပြောင်လဲသွားနိုင်တယ်။ ကျွန်တော်မာန်တက်တဲ့ စကားကို ပြောတာမဟုတ်ဘူး။ ဒီစကားကလည်း လွန်ခြင်း၊ မလွန်ခြင်း၊ ကျွန်တော်မပြောလိုဘူး။ တကယ်လို့များ ဒေါ်အောင်ဆန်းစုကြည်သာ ကျွန်တော့်နေရာမှာမွေးပြီးတော့ ကျွန်တော်က ဗိုလ်ချုပ်အောင်ဆန်းရဲ့သားအဖြစ် သွားမွေးရင်ရော ဘယ်လိုဖြေကြမလဲ။ အဲဒီအပေါ်မှာမူတည်တယ်။ ဒါပေမယ့် တစ်ခုတော့ရှိတယ်။ နိုင်ငံချစ်တာခြင်း အတူတူပဲ။ သဘောတစ်ခုက မိသားစုတစ်စုမှာ အစ်မက နိုင်ငံခြားသွားအလုပ်လုပ်တယ်။ ပြန်လာမယ်။ ကျွန်တော်က ဒီမိသားစုမှာ ငယ်ငယ်ကတည်းက ကြီးလာတာ။ ကျွန်တော့် ညီအစ်ကိုမောင်နှမတွေရဲ့ ခံစားချက်တွေ၊ အလွှာအသီးသီးက ဝေဒနာတွေကို ကျွန်တော်က သိတယ်။ ကိုယ့်မိသားစုရဲ့ အူမချေးခါး အကြောင်းအရာတွေ၊ ဘယ်သူကတော့ ကောင်းတယ်။ ဘယ်သူကတော့ ဘယ်လိုပုံစံရှိတယ်ဆိုတာကို နိုင်ငံခြားက ပြန်လာတဲ့ အစ်မက သိနိုင်မလား။ စေ့စေ့ငင သိနိုင်မလား။ ဒီသဘောတရားအတိုင်း ဖြစ်နေလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။

ကျွန်တော်တို့ ရွာသူရွာသားတွေ အနေနဲ့ ဒီအချိန်မျိုးမှာ ဒီလိုအင်တာဗျူးတွေကနေ သင်ယူစရာတွေ အများကြီး ရှိနေတဲ့အကြောင်းလေး လက်တို့ ချင်ပါတယ်ဗျာ။
ပြောသမျှစကားတိုင်းမှာ မားကက်တင်း မာယာတွေကို လေ့လာနိုင်တဲ့ အခွင့်အရေးကြီးတစ်ခုပါ။ လက်လွှတ်မခံကြပါနဲ့လို့ တိုက်တွန်းပါရစေ။
Street View ဂျာနယ်မှာပဲ ဦးခင်ညွန့် ဟာ ကျောက်တန်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ပုံငွေ ကျပ်သိန်းတစ်ရာ မတည်ပြီး ရွှေမှော်ဝန်း လူမှုရေးအဖွဲ့ကို ဖွဲ့စည်းခဲ့တဲ့ သတင်းလေးပါပါတယ်ခင်ဗျာ။
မနေ့က ထွက်တဲ့ ဆဲဗင်းဒေး ထဲက မှတ်သားစရာ၊ သင်ယူစရာလေးတွေလည်း ပြောပါရစေခင်ဗျာ။
အရင်ဆုံး ပြီးခဲ့တဲ့ တစ်ပတ်က ပြည်သူလူထုကို အစားအသောက်ပျက်စေခဲ့တဲ့ သရုပ်ဆောင်မင်းအုပ်စိုး ကို ပြစ်မှုသုံးခု ဖြင့် တာမွေမြို့နယ် ရဲစခန်းက အမှုဖွင့်အရေးယူထားပြီဖြစ်ကြောင်း သတင်းလေးကို ဖတ်ရပါတယ်ခင်ဗျာ။

နောက်သတင်းတစ်ပုဒ်က ပြည်သူ့ဝန်ထမ်းများအား အနိမ့်ဆုံးပျှမ်းမျှ တစ်လ ကျပ်တစ်သိန်းနှုန်း ၀န်းကျင်ဖြင့် လုပ်ခလစာတိုးမြှင့်ပေးသင့်သည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်းက ပြည်ထောင်စုလွှတ်တော် နာယကထံသို့ ပေးပို့သည့် သ၀ဏ်လွှာတွင် ထည့်သွင်းထားပါတယ်တဲ့ဗျာ။
အင်း အဲဒါကတော့ အစိုးရ၀န်ထမ်းတွေ ကျေနပ်ကြမယ့်သတင်းပေမယ့် အပြင်က လက်လုပ်လက်စားတွေ ကရောတဲ့၊ အင်း သူတို့လည်း ကျေနပ်ကြမှာပါဗျာ။ ကုန်ဈေးနှုန်း ကြီးက ဒီအတိုင်းနေမှာတဲ့လား။ လူပြိန်းတွေးတွေးကြည့်တာပါဗျာ။ အားလုံးအဆင်ပြေတယ်ဆိုရင် ၀မ်းသာရမှာပေါ့နော။

နောက်သတင်းလေးတစ်ပုဒ်ကတော့ ဇေကမ္ဘာကုမ္ပဏီက စက်မှုဇုန်ဖေါ်ထုတ်မှုနှင့် ပတ်သက်၍ မီဒီယာသို့ ရှင်းလင်းဆိုတဲ့ သတင်းလေးပါ။ ကျွန်တော်က ဥာဏ်ရည်နိမ့်လို့ နားမလည်တာလေး တစ်ခုလောက် ရွာသူားတွေကို မေးချင်တာပါ။ အဲဒီ စက်မှုဇုန် (၄) ကိုအကောင်အထည်ဖေါ်မည့် ရွှေနံ့သာကျေးရွာအုပ်စုရှိ လယ်သမားများအတွက် လယ်တစ်ဧကလျှင် ကျပ်သုံးသိန်း နှုန်းဖြင့် ကရုဏာကြေး (လျော်ကြေး) ပေးခဲ့ရတယ်လို့ သိရပါတယ်။ ဇေကမ္ဘာကုမ္ပဏီကလည်း တစ်ဧကလျှင် ကျပ် ၄၄ သိန်းနှုန်းဖြင့် အိုးအိမ်ဦးစီးဌာန ထံမှ ၀ယ်ယူခဲ့တယ်လို့ သိရပါတယ်။ လယ်ပိုင်ရှင် က သူလုပ်ကိုင်စားသောက်နေရတဲ့ လယ်မြေတွေကို တစ်ဧက သုံးသိန်းပဲ ရပြီး အိုးအိမ်က ၄၄ သိန်း ရတယ် ဆိုတာ ဖြစ်ရိုးဖြစ်စဉ်ပဲလား။ တရားနည်းလမ်းကျတယ်တဲ့လား။ ကျွန်တော် တကယ်မတွေးတတ်တော့တာပါ။ ဟော ဇေကမ္ဘာကလည်း တစ်ဧကကို ကျပ် သိန်းလေးရာ နဲ့ ပြန်လည်ရောင်းချပါတယ်ဆိုတော့ ပိုပြီး ဝေးပြီပေါ့ဗျာ။ လယ်ပိုင်ရှင်နေရာက ၀င်စဉ်းစားကြည့်လိုက်တော့ ကိုယ်ပိုင်တဲ့မြေကြီးကို တစ်ဧက သုံးသိန်းလောက်နဲ့ လက်လွှတ်လိုက်ရပြီး သိန်းလေးရာလောက်နဲ့ ပြန်ရောင်းနေတာသိရတော့ … အင်းလေ မြန်မာလူမျိုးတွေက အလှူဒါန သိတ်ထက်သန်ကြတဲ့ လူမျိုးတွေဆိုတော့… မုဒိတာလည်းအလွန်ပွားတတ်တဲ့ လူမျိုးတွေ ဆိုတော့…။ ….ဆိုတော့။

နောက်သတင်းတစ်ပုဒ်ကတော့ လှချင်သူတွေ သတိထားရမယ့် သတင်းလေးခင်ဗျ။ အလှပြင်ရာမှ အပူလောင်ပြီး ဆံပင်တွေကျွတ်ကုန်လို့ အလှဖန်တီးရှင်သုံးဦးကို ရဲစခန်းတွင် အမှုဖွင့်တယ်တဲ့ ခင်ဗျာ။ သတိလေးနဲ့ အလှပြင်ကြပါ မယ်မင်းကြီးမတို့ရေလို့ သတိပေးလိုက်ပါရစေခင်ဗျာ။

နောက်သတင်းတစ်ပုဒ်က ဒေါက်တာမြတ်ဥာဏစိုးကို NLD လွှတ်တော်ကိုယ်စားလှယ်အဖြစ် တရားဝင် အသိအမှတ်ပြုလိုက်ပါတယ်တဲ့ ခင်ဗျာ။ ရွေးကောက်ပွဲမ၀င်ရသေးခင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ရရှိသွားပါပြီတဲ့ ခင်ဗျာ။ လွှတ်တော်ထဲမှာ ပြောရဲဆိုရဲတဲ့ ဒေါက်တာမြတ်ဥာဏစိုးကို ကျွန်တော်တို့ ရွာသူရွာသားတွေ သိကြမှာပါနော့။

အိပ်ချင်ပြေ
အိပ်ချင်ပြေ ဟာသလေးတစ်ချို့ စီစဉ်ပေးလိုက်ပါတယ်။
ဆရာထက်ငြိမ်းဝေ ရဲ့ ၂၀၀၁ ခုနှစ် ဇူလိုင်လထုတ် ဇီဝက မဂ္ဂဇင်းပါ ဆေးလောက ဟာသတွေထဲက ဟာသတိုလေး တချို့ပါ။
လူနာတစ်ယောက်ရဲ့ ရောဂါကို ဖေါ်ထုတ်ရာမှာ အရေးအပါဆုံးအချက်က History Taking ဟစ်စထရီ တိတ်ကင်းပါတဲ့ ခင်ဗျာ။ ရောဂါရာဇ၀င် စစ်မေးခြင်းသည်သာ ရောဂါရှာဖွေရေးဇာတ်လမ်းမှာ အဓိက ဇာတ်လိုက်ကြီးပါတဲ့။ အဲဒီ ဟစ်စထရီ တိတ်ကင်း လုပ်ရင်း အိုးနင်းခွက်နင်း ဖြစ်ရတာလေးတွေပါ။
ပျောက်သောသူ
အပျိုကြီး မမတစ်ယောက်နဲ့ မလည်မ၀ယ် ဆေးကျောင်းသားလေး တစ်ယောက်ရဲ့ History Taking ကတော့ အောက်ပါ အတိုင်းပါတဲ့။
“အစ်မကြီး နာမည်လေး ပြောပါဦး”
“အော် မမ နာမည်လေးက ခင်နှင်းဝေတဲ့ ကွဲ့”
“အသက်က”
“သုံးဆယ်ကျော်ပါကွယ်”
“ဟို အတိအကျလေး ပြောပါခင်ဗျာ”
“အင်း… သုံးဆယ့်ကိုးနှစ်”
“ဘာလူမျိုးလဲ မသိ”
“မြန်မာလူမျိုးပါပဲ”
“အလုပ်အကိုင်က”
“အရောင်းအ၀ယ်ပေါ့ကွယ်”
“အိမ်ထောင် ရှိ၊ မရှိ”
“မမက အိမ်ထောင်ရေး စိတ်မ၀င်စားသေးပါဘူးကွယ်။ စိတ်က လုပ်ငန်းထဲပဲ အချိန်ပြည့်ရောက်နေတာ။ ဟင်း…ဟင်း..”
“ဟို…အစ်မကြီး ဖြစ်တဲ့ ရောဂါ ပြောပါဦး”
“အိုကွယ်။ မမ ရောဂါက မိန်းကလေး ရောဂါကွယ့်။ မောင်လေးကို ပြောပြရမှာ ရှက်စရာ။ ဟို…မောင်လေးအစား ဆရာဝန်မလေး တစ်ယောက်လွှတ်လိုက်ပါလား”
“ဟာ… မဖြစ်ဘူးဗျ။ ကျွန်တော်တို့ ဆေးလောကမှာ ကျား၊ မ ခွဲနေလို့ ရှက်နေလို့ မရဘူးဗျ။ ဘာမဆို ပွင့်ပွင့်လင်းလင်း ပြောမှ မရှက်မကြောက် အစမ်းသပ်ခံမှ ရောဂါမှန်သိမှာ။ ကဲ…ပြောပါဦး။ အစ်မကြီးရဲ့ ရောဂါ”
“အင်း…ပြောရရင်တော့ကွယ်။ ပြီးခဲ့တဲ့ နှစ်လလောက်ကတည်းက မမ လုံချည် ပျောက်သွားတာ..”
“ဟာ…ခင်ဗျားလုံချည်ပျောက်သွားတာနဲ့ ဆေးရုံနဲ့ ဘာဆိုင်လို့လဲဗျာ။ ဆေးရုံက လူတွေကို လုံချည်သူခိုးများ မှတ်နေလား”
ဒီလိုနဲ့ ဆေးကျောင်းသားရဲ့ ဟစ်စထရီတိတ်ကင်း ဟာ ကိုးရိုးကားရားနဲ့ အပြီးမသတ်နိုင်ခဲ့ပါဘူးတဲ့ဗျာ။

ထေရုပ္ပတ္တိ တိတ်ကင်း
မြန်မာရည်မ၀တဲ့ မြန်မာလူငယ်လေး တော်တော် များများကို တွေ့ဖူးကြပါလိမ့်မယ်။ လူကြီးသူမတွေ နဲ့ မပြောတတ် မဆိုတတ် ရဟန်းသံဃာတွေနဲ့ မပြောတတ် မဆိုတတ်တဲ့ ပုဂ္ဂိုလ်လေးတွေလေ။ အဲဒီလို ပုဂ္ဂိုလ်လေးတွေထဲက စံပြလို့ ခေါ်ရမယ့် ဆေးကျောင်းသားလေး တစ်ယောက်ရဲ့ ဟစ်စထရီ တိတ်ကင်းကို လေ့လာကြည့်မယ်ဆိုရင်…
“ဟိုလေ… ဘုန်းကြီးရဲ့ နာမည်လေး ပြောပါဦး ဘုရား”
“ဦး သောဘိတပါ ဒကာ”
“အသက်ဘယ်လောက်ရှိပြီလဲ ဘုရား”
“အိမ်း…(၅၅)နှစ်”
“ယောက်ျားလား မိန်းမလား ဘုရား”
“ဟ…ယောက်ျားပေါ့ကွ”
“ဘာလူမျိုးလဲ ဘုရား”
“မြန်မာလူမျိုးပေါ့ကွ၊ မြန်မာ၊ မြန်မာ”
“အလုပ်အကိုင်ကရောဘုရား”
“ဟ..ဘုန်းကြီးပါဆိုမှ ဆွမ်းခံတယ်ကွာ။ တရားစာဖတ်တယ်ကွာ။ တရားဟောတယ်ကွာ..”
ဆရာတော်ဟာ ဆေးကျောင်းသားလေးကို ဒါလောက်လေးမှ မသိရကောင်းလားဆိုပြီး အတော်လေး စိတ်တိုပြီး ထရိုက်ချင်စိတ်ပေါက်နေပါပြီ။ ဒါပေမယ့် တရားသမားဆိုတော့ သည်းခံစိတ်လေးမွေးပြီး ကိုယ့်စိတ်ကိုယ် ထိန်းနေပါတယ်။ ဒါကို သတိမထားမိတဲ့ ဆေးကျောင်းသားလေးက အူတီးအူကြောင်နဲ့ ထပ်မေးလိုက်တာက…
“အိမ်ထောင်ရေးအခြေအနေကရောဘုရား..” တဲ့။
ကဲ… အဲဒီဘုန်းကြီးဟာ အဲဒီကျောင်းသားကို ထရိုက်မရိုက်ဆိုတာကတော့ ကိုယ့်ဘာသာ ကိုယ်တွေးကြည့်ကြပါတော့ဗျာ။

ဗဟုသုတ
ဒီတစ်ပတ် ချိုပေါ့ကျ ထဲမှာ ဗဟုသုတလေး တစ်ခုလောက်တော့ ထည့်ရေးလိုက်ချင်ပါသေးတယ်။
မြန်မာတို့၏ အချိန်တိုင်းတာမှု
မြန်မာတွေမှာလည်း ကိုယ်ပိုင်အချိန်တိုင်းတာမှု အခေါ်အဝေါ်လေးတွေ ရှိခဲ့တဲ့အကြောင်း ဖတ်မိလိုက်လို့ ဝေမျှပေးပါရစေ။
မျက်စိ ၁၀ မှိတ် – တစ်ခဏ
၁၀ ခဏ – ၁လယ်
၁၀ လယ် – ၁ ခရာ
၁၀ ခရာ – ၁ ပြန်
၆ ပြန် – ၁ ဗီဇနာ
၁၀ ဗီဇနာ – ၁ ပါတ်
၎ ပါတ် – ၁ နာရီ
၆၀ နာရီ – ၁ ရက်
၃၀ ရက် – ၁ လ
၁၂ လ – ၁ နှစ်

အဲဒါလေးပါ။

ဒီတစ်ပတ်ထဲ သွားရင်းလာရင်း လက်ဆော့ခဲ့တဲ့ ဓါတ်ပုံလေးတွေတင်ပေးလိုက်ပါတယ်။

မြို့ပြ ရေမြောင်းထဲက မြွေတစ်ကောင်။

အခုတလော ကျွန်တော် အာရုံကျနေတဲ့ သစ်ရွက်ဝါလေးတွေရဲ့ အလှ။

ကိုးမိုင် အောင်မြေဘုံသာ ကျောင်းဝန်းထဲက ရှမ်းတို့ရဲ့ နှီးဘုရားကြီး။

မဟာကျိန်သစ္စာရှင် ဘုရားကြီး ရဲ့ ဒီတစ်ပတ်အတွင်း ပုံတော်။

ပန်းတွေကြားမှာ မနေတတ်မထိုင်တတ်ဖြစ်နေတဲ့ ရွှေတိဂုံဘုရားပေါ်က ခြင်္သေ့တစ်ကောင်ရဲ့ ရှက်ပြုံး။

ရွှေတိဂုံဘုရားပေါ်က ထူးဆန်းသော ရုပ်ပွားတော်။

black chaw

About black chaw

black chaw has written 332 post in this Website..