အမိမြေကနေ မိုင်ပေါင်းထောင်ချီဝေးတဲ့ သဲကန္တာရရောက် မြန်မာတစ်ယောက်အနေနဲ့ MG ဟာစိတ်အပန်းဖြေစရာ ထွက်ပေါက်တစ်ခုပါ။

-Online ကနေတဆင့် ဘ၀အမောတွေ ပြေနိုင်စေတဲ့နေရာ

-အမိမြေရဲ့  အနာဂါတ်အတွက် ကြိုမြင်လို့ စိတ်ပူနေရတဲ့သူတွေ စုဝေးခေါင်းစားနေကြတဲ့နေရာ

-သုတတွေ ဖလှယ်နိုင်တဲ့နေရာ

-အမြင်တွေညှိကြတဲ့နေရာ

-စိတ်ခွန်အားတွေ (အနည်းဆုံး “ ကျ ” မသွားအောင်) ထိန်းပေးနေတဲ့နေရာလေးတစ်ခုပါ။

အဲဒီ့တော့ တာဝန်ချိန်ပြီးလို့ အဆောင်ပြန်ရောက်တာနဲ့ ရွာထဲဝင် လည်ပတ်မိတော့တာပါဘဲ။ အရင်က ကစားခဲ့တဲ့ face book က farm ville လေးတောင်မျက်နှာငယ်နေရောပေါ့။ (အပင်လေးတွေ မခူးမိတာတောင်ကြာနေပြီ)

ဖတ်ပါများတော့ ၀င်ရေးချင်မိ  လာတယ်။ မြန်မာလို မရိုက်တတ်သေးတော့ ဖြတ်လမ်းသုံးရတယ်။ စာရွက်ပေါ်ချရေး၊ scan လုပ်ပြီး e-mail နဲ့ မြန်မာပြည်က သူငယ်ချင်းဆီကိုပို့ ၊ အဲဒါကိုသူငယ်ချင်းက ရိုက်ပြီး e-mail နဲ့ပြန်ပို့ပေးရတယ်။

(စာစီခကို ပြန်ရောက်မှ ရှင်းပေးမယ်ဆိုပြီး အကြွေးစာရင်း ဖွင့်ထားရပါသည်ခင်ဗျား။ သူကြီး FYI နော်)

Comment တွေကို ချက်ချင်းမပေးနိုင်၊ ချက်ချင်းမပြန်နိုင်တာ အဲဒါကြောင့်ပါ။

ရွာထဲနေ့တိုင်း ၀င်လည်နေသူတစ်ယောက်မို့ ရွာထဲမှာ မြင်တာတွေ့တာလေးတွေ ဆွေးနွေးခွင့်ပြုပါဗျို့  ။

Feb 12 မတိုင်ခင်တော့ MG အလှူအတွက် သိုက်သိုက်ဝန်းဝန်း လှုပ်ရှားလိုက်ကြတာ ပျော်စရာလည်းကောင်း၊ ချီးကျူးစရာ လည်းကောင်းပေါ့။ ကျနော်လည်း ကျန်မနေခဲ့ပါဘူးဗျာ။ Feb 11 အထိ အလှူငွေစာရင်းမှာ ၉ သိန်းကျော်ပဲရှိနေသေးပေမယ့် တကယ့်အလှူနေ့မှာ ၁၃ သိန်းကျော်သွားလို့ MG ရဲ့ စုပေါင်းအား အတွက် ဂုဏ်ယူမိပါတယ်ဗျာ။ သာဓု….သာဓု…သာဓု..ပါခင်ဗျ။ (မအိတုံ ရေ comment ကို ဒီမှာရေးလိုက်တယ်နော် Point ပေးဖို့ကိုတော့ သူကြီးကိုသာပြောတော့)

Feb 13 အတွက်ရည် ညွှန်တဲ့ အဖ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပါတ်သက်တဲ့ Post လေးတွေလည်း တွေ့ခဲ့ရတယ်။ ရှားပါးဓါတ်ပုံတွေ အတွက်တော့ မသဲနုအေးကို အထူးကျေးဇူးတင်ကြောင်း ဒီနေရာကနေပဲ ပြောလိုက်ပါရစေ။

သူကြီးပထမ ဆုံးမန့်ခဲ့တဲ့ ကျနော့်ရဲ့  post လေး “ ဖေဖေါ်ဝါရီ ( ၁၃ ) မှသည် ဇူလိုင် (၁၉)ဆီသို့ ” ကတော့ comment လေး (၇) ခုနဲ့ တိတ်တိတ်လေး မျောပါသွားနေပါပြီ။

ဂေဇက်ရွာကြီးရဲ့  ပထမဆုံးမွေးနေ့ဆုတောင်းတွေ အများကြီးရသွားခဲ့တဲ့ ကိုမိုးဂုတ် ( Z = ဂုတ်ပိုး ဟုတ်တယ်ဟုတ်?) နဲ့ မ ET တို့အတွက်လည်း ကိုယ်စားဝမ်းမြောက်ရပါတယ်။ (ဒေါ်စိန်ပေါက် ရေ အဲဒါ “ သများ “ စခဲ့တဲ့ဇာတ်နော်)

ကြုံတုန်း စကားအတင်းစပ်-ကမ္ဘာ့ကျန်းမာရေးနေ့ကို ဘယ်သူသိပါသလဲဗျို့ ..

ဒီရက်ပိုင်း တစ်ရက်တစ်ရက်ကို post (၃၀)ကျော်လောက် တက်နေတာမြင်တော့ မြန်မာပြည်က ကိုးနတ်ရှင်ကြီးများ သဘောကောင်းနေတာလားလို့ပါ။

ဂေဇက်ရွာသူ၊ ရွာသားတွေ တွေးအားကောင်း၊ ရေးအားကောင်းလာနိုင်တဲ့အတွက် အရမ်း ကျေနပ်ပီတိဖြစ်ရပါတယ်။ “Let’s try our best for our mother land.” လေ..

Feb 14 ကျတော့ Valentine’s day နဲပတ်သက်ပြီး ၀ိုင်းဝန်းအကြံပြုကြပြန်ပါရော။

ဒါပေသိ MG ဖတ်သူနည်းလို့ထင့်.. ဟိုတယ်တွေ၊ တည်းခိုခန်းတွေ အခန်းပြည့်ကုန်ခဲ့ပြီး.. ***** pills  တွေရောင်းအား အရမ်းတက်သွားခဲ့ပါတယ်တဲ့. (သူကြီးရေ ကိုဂီပြောသလို marketing လိုနေပြီနော်)

ဂေဇက်အလှူက အမှတ်တရ ဓါတ်ပုံတွေ တက်လာခဲ့တော့ စာတွေနဲ့ ရင်းနှီးပြီး အပြင်မှာ မမြင်ဘူးသေးတဲ့ ဂေဇက်မောင်နှမတွေ ကို ဘယ်ပုံ ဘယ်သူဆိုပြီး ခန့်မှန်းရတာ ပျော်စရာပါ။

ဒုက္ခပေးခဲ့တဲ့ ဓါတ်ပုံ (၁) ပုံပါခဲ့တယ်ဗျို့ .. Dr AKKO ဦးကျော်သူနဲ့ နောက်တစ်ယောက် (အင်္ကျီ အပြာရောင်လေး) ဓါတ်ပုံတွေ့ခဲ့ရတော့ “ဘဲ့နှယ့် စာထဲမှာဆုန်သင်းပါ နဲ့တူတယ်လို့ရေးထားပြီး တူလဲ မတူပါဘူးလို့ ” ပေါ့ (Same batch တွေများလား?) နောက်ထပ် တခြားသူတွေက သီးခြားဓါတ်ပုံတွေတင်မှ ဆုန်သင်းပါကို တွေ့ရတော့တယ်။ သိပ်တော့မ၀ပေမယ့် ကိုထက်ဝေးရဲ့  အဆီကျ အသားကျစ်ဆေးနည်း ကို သုံးနေတယ်တဲ့ဗျို့ ။

ကိုထက်ဝေးရဲ့ ဆေးနည်း ကိုလည်း သဘောကျတယ်။  ခါးပတ်ကွင်းလျှော့လျှော့ပေးရအောင် တိုးလာနေတဲ့ အရှေ့ အလယ်ပိုင်း ပြသနာကြောင့် Beer မသောက်ရပါဘဲနဲ့ နာမည်ထိခိုက်နေရလို့ပါ။ အားကစားမြို့တော်ကြီးမှာ အလုပ်လုပ်နေပြီး ဘာအားကစားမှ မလုပ်ဖြစ်တဲ့ ကိုယ့်ကိုကိုယ်ဘဲ အပြစ်တင်မိပါတယ်။ ညနေစာလျှော့စားဖို့ အကြံပြုချက်ကိုတော့ လိုက်နာနေတယ်။ ညစာကို ထမင်းလုံးဝမစားပဲ Knorr ready made ဆန်ပြုတ်လေးနဲ့ဘဲ တင်းတိမ်ကြည့်မိတာတော့ နိပ်တယ်ဗျို့ ၊ အလုပ်ရှုပ်လည်းသက်သာ၊ လူလည်း ပေါ့ပေါ့ပါးပါး ရှိတယ်ဗျ။ လာမယ့် မေလထဲမှာ အပြီးပြန်ခဲ့တော့မှာမို့ စိတ်ကူးထားတဲ့ လက်တွေ့သင်တန်းကျောင်းလေးအတွက် စုစုဆောင်းဆောင်းလေးလည်း ဖြစ်သွားတာပေါ့ Win-Win Condition နော..

( ရွာသူရွာသားများ ကြိုးစားကြည့်သင့်ကြောင်း ထောက်ခံအပ်ပါသည်။ )

ဦးဦးပါလေရာရေ.. ရွှေအိုးရှိမှ ပညာရ ဆိုတဲ့ ယနေ့မြန်မာ့ပညာရေးအခြေအနေမှာ ဘယ်ကျောင်းထားသင့်တယ်လို့ အကြံမပေးဖြစ်ပေမယ့် နောင် ၁၀ နှစ်ကျော် ကလေးတွေ အင်ဂျင်နီယာလိုင်းထဲ ရောက်ခဲ့ရင်တော့ ကျနော်ဖွင့်နေမယ့် လျှပ်စစ် လက်တွေ့သင်တန်းကို တက်ခိုင်းပေးပါဗျာ။ MG ရွာသူရွာသားတွေ အတွက် အထူးနှုန်းလည်း ပေးပါ့မယ်။ (ကိုဂီရဲ့ Marketing)။  စာတွေ့ကို လက်တွေ့နဲ့တွဲပြီး အပြင်လောကကို ရင်ဆိုင်နိုင်တဲ့အထိ လေ့ကျင့်ပေးလိုက်ပါ့မယ်။

 “ MG ရွာသားတစ်ယောက် ဖြစ်နေလို့ ညံ့လို့မရဘူး လို့ ကိုယ့်ကိုကိုယ် သတ်မှတ်ထားတာမို့လို့ ကတိပေးရဲတာပါ။ (ဆရာသစ်ကို ရည်ညွှန်း)

ဟော.. (မမ) ပဒုမ္မာရဲ့ အိမ်သာ post လည်း တက်လာရော  ကိုယ်လုပ်နေတဲ့အလုပ်နဲ့ အံကိုက်ဖြစ်နေပါလေရောဗျို့  ။ ဒီကာတာနိုင်ငံ ဒိုဟာမြို့ အားကစားမြို့တော်ရဲ့  Facility Management ကို ကျနော်တို့ company (Singapore Branch) က တာဝန်ယူပေးထား ရတာပါ။ (မိခင် company head office က အဘဖောနေတဲ့ သြဇီ) ကျနော်တို့မြန်မာတွေ တာဝန်ယူထားရတဲ့ အပိုင်းက အဲဒီ့မြို့တော်ထဲက အဆောင်တွေ၊ စက်ပစ္စည်းတွေ ပုံမှန်လည်ပတ်နေစေရန်ပါ။ အတိုချုပ်ပြောရရင် ရေ၊ လေ၊ မီး၊ အဆောက်အဦပေါ့။ ရေလိုင်းမှာ အဆောင်တွင်း သုံးရေ Domestic water (ရေပူ/ရေအေး) ၊ မီးဘေးကာကွယ်ရေးသုံးရေ (Fire Fighting water) နဲ့ စိုက်ပျိုးရေးသုံးရေ (Irrigation water) တွေပါပါတယ်။ Computer system သုံး Programmable logic controller နဲ့ အချိန်ကိုက် ထိန်းချုပ်ပေးထားတဲ့ Irrigation  ရေပိုက်တွေ ပျက်သွား၊ ကျိုးသွားလို့ ရေတွေ ပန်းထွက်လာရင်  အဲဒီ့နေရာကို ကျနော်တို့တွေ ပြေးရပြီပေါ့ဗျာ (FM – need to be quick response. လေ)

စကားသင့်တုန်း Israle ကနေမြန်မာနိုင်ငံကို ပြန်သွားခဲ့တဲ့ မမမှီရဲ့ သတင်းလေး မေးပါရစေ။  ချောချောမောမော ရောက်ပါစေလို့ ဆုတောင်းနေခဲ့မိလို့ပါ။ စိန်ပေါက်ပေါက်ရေ (၉) မိုင်မှာ နေဖြစ်မယ်လို့ မမမှီ ပြောသွားခဲ့လို့ ဖုန်းသတင်းလေးပဲဖြစ်ဖြစ် တင်ပေးပါဦးဗျို့။

Toilet Checking ဆိုတာ ကျနော်တို့အတွက် ဦးစားပေးရတဲ့ လုပ်ငန်းတစ်ခုပါ။ (သီးသန့် check list နဲ့ မနက်တစ်ခါ၊ ညတစ်ခါ Report တက်ပေးရပါတယ်။ )

ဒီမှာ တစ်ခုကောင်းတာက Toilet တိုင်းမှာ Stand by သန့်ရှင်းရေး ၀န်ထမ်း ရှိနေတာပါ။ (Lady toilet ဆို lady cleaner)။ Public toilet တွေ တစ်ခုခု ချို့ယွင်းရင် သိနိုင်ဘို့ လမ်းကြောင်း (၃) ခု ထားပါတယ်။

(၁) သန့်ရှင်းရေးက တွေ့ရင် သူ့ supervisor ကတဆင့် ကျနော်တို့ဆီကို သတင်းပို့ရတယ်။ ပျက်တာကို သတင်းမပို့ဘဲ မနေရဲဘူး။ (ဥပမာ ရေမလာလို့ ညစ်ပတ်သွားရင် သူဘဲသန့်ရှင်းရေးလုပ်ရမှာလေ)

(၂) Toilet Area တာဝန်ကျ Security ကလည်း သူ့ supervisor ကတဆင့် ကျနော်တို့ဆီကို သတင်းပို့ပေးတယ်။ (User complain တက်ရင်လည်း သူပဲ အရင်ဆုံး ရှင်းရမှာလေ)

(၃) ကျနော်တို့ ကိုယ်တိုင်လည်း တနေ့ကို အနည်းဆုံး ၃ ခေါက် (နေ့ ၂၊ ည ၁) ကိုယ်တိုင်သွားစစ်ပြီး သက်ဆိုင်ရာ Log book/ check list မှာ မှတ်တမ်းရေး သတင်းပို့ရတယ်။ တကယ်မစစ်ဘဲ စစ်တယ်လို့ ရေးရဲရင် ရေးကြည့်လေ.. ဘာမှ မဖြစ်ရင်တော့ ဘာမှ မဖြစ်ဘူးဘဲ။ တစ်ခုခု ပြသနာဖြစ်ခဲ့ရင် ရေးထားတဲ့ log book/ check list  ကအချိန်နဲ့ CCTV record နဲ့ တိုက်ပြီး စစ်တော့တာ။ “Time is money. ”  မဟုတ်ဘူး “ Time is safety. ”  ဖြစ်နေတာ။ အသေးစိတ်ဝင်မစစ်ချင်ရင်တောင် ရောက်အောင်သွားပြီး သန့်ရှင်းရေးဝန်ထမ်း၊ Security ဆီက အခြေအနေစုံစမ်း “အားလုံးကောင်းပါသည်” ဆိုတာ သေချာနေအောင်လုပ်ရတာပါ။ အိမ်သာရေမကျတာမျိုး၊ လက်ကိုင်ရေပန်း ပေါက်/ပျက် တာမျိုး အစားထိုးလဲလှယ်ရမယ့် ကိစ္စလေးတွေကို အရန်ပစ္စည်း အဆင်သင့်ရှိနေရင် ကိုယ်တိုင်ဘဲ လဲလှယ်ပြုပြင်ပေးဖြစ်ပါတယ်။ တကယ်လို့ ဖြစ်တာက ညဘက်ကြီး လိုမျိုး သုံးစွဲသူမရှိတဲ့အချိန် (သို့) အရန်ပစ္စည်း အဆင်သင့်မရှိတဲ့အချိန်မျိုးဆိုရင်တော့ အဲဒီ့ toilet အကန့်လေးကို ရေဘားပိတ်ပြီး အပြင်က lock ချထားခဲ့ရတယ်။ တံခါးမှာလည်း “ out of service” လို သတိပေးစာကပ်ပေးထားခဲ့ရတယ်။ သုံးစွဲမယ့်သူတွေ သိနိုင်အောင်ကော၊ နောက်နေ့ ပြင်ဆင်ရေးအဖွဲ့တွေ ရောက်လာရင် အလွယ်တကူ သိနိုင်အောင်ပါ။

မမ ပဒုမ္မာ post ထဲကအတိုင်း ဒီမှာ ဖြစ်ခဲ့မယ် ဆိုရင်တော့ (၁) တာဝန်ကျ သန့်ရှင်းရေး ၀န်ထမ်း မိခင်နိုင်ငံကို ပြန်လွှတ်တာ ခံရပါလိမ့်မယ်။ (၂) တာဝန်ကျ ကျနော်တို့တွေ အနည်းဆုံး warning letter ရပါလိမ့်မယ်။ CCTV နဲ့ တိုက်ဆိုင်စစ်ဆေးကြည့်လို့ တကယ်မစစ်ဘဲ လိမ်ပြီး “ Everything’s OK.” လို့ ရေးခဲ့တာ ပေါ်သွားရင် သူလည်း အရေးယူခံ ရမှာဘဲလေ။ ( မိခင်နိုင်ငံကို ပြန်လွှတ်တာမျိုးပေါ့)။

အိတုံရဲ့ လေ့လာရေးခရီးစဉ်မှာတော့ နာမည်တောင်မကြားဖူးခဲ့တဲ့ ဆိုင်တွေ အများကြီးဘဲ။ ပြီးခဲ့တဲ့ နှစ် Vacation ပြန်တုံးက ရောက်ခဲ့တဲ့ ပြည်လမ်း၊ နာနတ်တောလမ်းထဲက Muses စားသောက်ဆိုင်နဲ့ ရွှေကောင်း Hot Pot ဆိုင်က Toilet တွေကတော့ မဆိုး ပါဘူး။ ပိုပြီးအရေးတကြီး သိချင်တာကတော့ ရန်ကုန်မြို့လယ်၊ ဘုန်းကြီးလမ်းကနေ ပန်းဆိုးတန်း ဒါမှမဟုတ် သိမ်ဖြူလမ်းကြား Public Toilet ဘယ်နှခု ရှိသလဲ ဆိုတဲ့ နေရာ Information လေး သိချင်ပါတယ်။

တကယ်အရေးကြုံလာတဲ့အချိန် (လွယ်မထားနိုင်တော့တဲ့ အချိန်) ဆို သန့်မသန့် နောက်ထား အရင်ဆုံး နီးရာပြေးပြီး အသုံးချလိုက်နိုင်အောင်ပါ။

ကဲ.. စပြီး စာရင်းပြုစုကြည့်ရအောင်– မှတ်မိသလောက် ဆူးလေဘုရားလမ်းပေါ်မှာဆို  Public Toilet တွေ

၁။ မဟာဗန္မုလ ပန်းခြံထဲမှာ ၂ ခုရှိတယ်။ (ဆူးလေဘုရားလမ်း ကစားကွင်း(Game ဆိုင်) နဲ့ကပ်လျက်က ပိုသန့်တယ်။)

၂။ ဆူးလေ ဘုရားပေါ်မှာရှိတယ်။

၃။ ဆူးလေ- အနော်ရထာလမ်းဆုံ ပန်းမရှိတဲ့ ပန်းခြံလေးထဲမှာ ရှိတယ်။

၎။ အနော်ရထာလမ်း လူကူးခုံးကျော်ဘေးနားက စားသောက်ဆိုင်အောက်မှာ မြေအောက်အိမ်သာရှိတယ်။

၅။ Sakura Tower နဲ့ မျက်နှာချင်းဆိုင် ဘူတာကြီးလက်မှတ်ရုံ ၀န်းထဲမှာရှိတယ်။

၆။ ဗိုလ်ချုပ်လမ်းပေါ်မှာဆို ပန်းဆိုးတန်း ခုံးကျော်အောက် ဘူတာဘက်ခြမ်းမှာရှိတယ်။

……….  ………….

 

ကဲ စာဖတ်သူအများစုအတွက် အသုံးဝင်မယ့် data လေးတွေ စုကြရအောင်ပါဗျို့…

ဖေဖေါ်ဝါရီလလယ် ဂေဇက်ရေစီးကြောင်း ကူးခတ်ကြည့်ရင်း တွေ့မိ မြင်မိတာလေးတွေ ဆွေးနွေးလိုက်တာပါ။ ဆရာသစ် ခရီးထွက်နေတုန်း ကိုဂီရဲ့ ရှားရှားပါးပါး post လေးတွေ ပြန်ဖတ်လာရလို့ ကျေနပ်နေပါတယ်ဗျို့။

 

ရွှင်လန်းချမ်းမြေ့ကြပါစေ။

 

With respect

Swal Taw Ywet.

About Swal Taw Ywet

has written 64 post in this Website..

The motto of world best British soldiers SAS is " Who dare win ", so dare to face. Try your best for our mother land. OK? CJ # 1102012