ငြိမ်သက်သွားသော ကိုယ်တွင်းပိုး

စဆရ ႀကီးFebruary 25, 20121min55534

“……………………………………………..”

နာရီမှ လက်တံသည် သန်းခေါင်ကိုကျော်ပြီး မနက်ပိုင်းသို့ပင် အတော်လေးရောက်နေပြီဖြစ်သည်။ အိပ်ခန်းသည်ကား အမှောင်ထုကြီးစိုးလျက်၊ အဲကွန်းသံမှတစ်ပါး အရာရာသည် ဆိတ်ငြိမ်လျက်သား။ သက်ရှိလောကကြီးသည်ကား အမှောင်ထုအောက်တွင် ပျောက်ကွယ်တိတ်ဆိတ်လျက်။ လူသားအားလုံး အိပ်မောကျနေသယောင်ယောင်ပင်။

ကိုရင်ရှူံးတစ်ယောက် အိပ်ယာထဲတွင် လူးကာလှိမ့်ကာဖြင့် အိပ်မရဖြစ်နေသည်။ ညနေမှအဖြစ်အပျက်ကို တစ်နုံ့နုံ့ပြန်တွေးကာ အတွေးများ များပြားလွန်းနေသည်။ စေ့စေ့တွေး၊ ရေးရေးပေါ်ဆိုသလို ဖြစ်စဉ်များ ဖြစ်ပျက်ခဲ့သည်များ၊ ပြောဆိုခဲ့သည့်စကားလုံးများ နားထဲတွင် တစ်လုံးစ နှစ်လုံးစ ပြန်လည်လာရိုက်ခတ်နေသည့်အလား။ အဆုံးတွင်မတော့ သက်ပြင်းကြီးတစ်ချက်သာ ချရင်း ကိုယ့်ကိုယ်ကို ဖြေသိမ့်လိုက်ရတော့သည်။ ဘာပဲပြောပြော ဘယ်သူမပြု မိမိမှုပဲလေဟု။ အရာရာသည်ကား ကိုယ့်လူမျိုးများနှင့် အတူနေလိုသော ကိုရင်ရှူံး၏ လျှာရှည်မှုများကြောင့်ပင်၊ အဘယ်သို့ကဲ့များ ယခုကဲ့သို့ စကားများ ပလ္လင်ခံနေရပါမူ…..

(၁)

အရှေ့အလည်ပိုင်းဒေသသို့ ကိုရင်ရှူံးရောက်နေသည်မှာ နှစ်အတော်အတန်ပင်ကြာပြီဖြစ်သည်။ ရောက်စကပင် မြန်မာလူမျိုးများနှင့် ဝေးရာ၊ အစွန်အဖျားတောမြို့လေးသို့ ခွဲထုတ်ခံထားရသည်မှာ အတော်လေးပင်ကြာပြီဖြစ်သောကြောင့် မြန်မာလူမျိုး၊ မိတ်ဆွေများကို တွေ့လိုခြင်းလဲဖြစ်တော့သည်။ လူမျိုးခြားများနှင့်နေထိုင်ရသည်မှာ ထူးထူးထွေထွေ ပြဿနာမရှိလှသော်လည်း သူတို့လူမျိုးအချင်းချင်း စကားပြောနေကြသည်ကို မြင်သောအခါ ကိုရင်ရှူံးသည်လည်း မြန်မာလို အားရပါးရကြီး စကားပြောချင်စိတ်များ တစ်ဖွားဖွားပေါ်လာတော့သည်။ ခက်သည်မှာကား ကိုရင်ရှူံး၏ မိုဘိုင်းလ်ဖုန်းသည်ကား နှိုးစက်သံမှတစ်ပါး ဖုန်းခေါ်သံပင် မမြည်သည်မှာ ကြာလှပြီဖြစ်သည်ကတစ်ကြောင်း၊ တစ်ခါတစ်ခါ မြို့ပေါ်တက်ရန်အတွက် အဆင့်ဆင့်သွားလာရသည့်အတွက်လည်းကောင်း အတူတူရောက်ရှိနေသော မြန်မာမိတ်ဆွေများနှင့် အဆက်အသွယ်ပင် ပြတ်လုနီးပါးဖြစ်သည်။ သတင်းတော့ သဲ့သဲ့ကြားပါ၏။ အတူတူလာခဲ့ကြသော ၇ဝ ခန့်မျှသော မြန်မာတို့သည်ကား ယခုအခါ ဆယ်ဂဏန်းကျော်ကျော်မျှသာ ကျန်ရှိတော့သည်ဟူသတတ်။ ရှိစုမဲ့စုလူအင်အားလေးကား ညီညွတ်ကြလျင် ကောင်းလေစွဟုလည်း စဉ်းစားမိသည်။ တစ်ကယ့်တစ်ကယ်တွင်မတော့ ကိုရင်ရှူံးရှိနေသည်ကိုပင် မသိကြသည့်သူ ခပ်များများပင်။

တစ်ယောက်တည်း စကားပြောဖော်မရှိပဲ ဖြတ်သန်းနေရသဖြင့် ကွန်ပျူတာသည်သာ မိတ်ဆွေစစ်အနေဖြင့်ခင်မင်ရင်းရှိလှပြီး နေ့စဉ်လိုပင် ကွန်ပျူတာနှင့်သာ မျက်နှာချင်းဆိုင်ရင်း တစ်ကိုယ်တည်းဘဝကို အချိန်ကြာမြင့်စွာ ဖြတ်သန်းလာသဖြင့်လည်း ပြင်ပလောကနှင့် အဆက်အသွယ်ပြတ်နေသလိုပင်။ အလုပ်မှပြန်လျင် အိမ်သို့သာ ခြေဦးတည်ပြီး အိမ်မှ ထွက်လိုက်သောခြေလှမ်းသည်လည်း အလုပ်သို့သာ တန်းတန်းမတ်မတ်သွားရင်းနှင့် အလုပ်တွင် အလုပ်မှန်သည်ဟူသော နာမည်ကောင်းကိုပါ ရလာလေသည်။ အမှန်တော့မူကား ဘယ်မှသွားစရာလဲမရှိသဖြင့် အလုပ်တစ်ခုထဲသာ ဇောက်ချလုပ်ကိုင်မိခြင်းဖြစ်သည်။

(၂)

လုပ်သက်လေး အတော်အတန်ရလာပြီးသောအခါ ကိုရင်ရှူံးသည်လည်း လုပ်ငန်းကိုအတော်လေး ကျွမ်းကျင်လာပြီဖြစ်သောကြောင့် ရာထူးတိုးစာမေးပွဲကို ဝင်ရောက်ဖြေဆိုပြီး ရာထူးတိုးမြှင့်ခန့်အပ်ခြင်းခံရသဖြင့် ဆိုင်ပါပြောင်းရတော့သည်။

ဘာလိုလိုနှင့် မြို့ပေါ်သို့ ပြန်ရောက်လေပြီ။ များပြားလှသောလူတွေ၊ မီးပွိုင့်များတွင် တန်းစီကျပ်ညပ်နေသော အရောင်စုံ၊ အရွယ်စုံ၊ အမျိုးအစားစုံလင်လှသော ကားများစွာကို မျက်စိရှုပ်လှအောင် မြင်ရတော့သည်။ ယခင်အစွန်အဖျားမြို့လေးသည်ကား ကြာသပတေး၊ သောကြာနေ့ညများတွင်သာ ထိုကဲ့သို့ မြင်ရသည်။ ကျန်နေ့များတွင်တော့မူကား တစ်မြို့လုံး ခြောက်ခြောက်ကပ်ကပ်နှင့်ပင်။ အစပထမတွင် ကိုရင်ရှူံးသည်ကား တစ်ခြားလူမျိုးခြားတစ်ယောက်နှင့် တစ်ပါတ်ခန့်နေရလေသည်။ ထိုသို့နေရင်းနှင့်ပင် ထိုမြို့လေးတွင် အတူလာရောက်ခဲ့သော ၅ ယောက်မျှသော မြန်မာလူမျိုးများ ရှိနေသည်ဟုသတင်းကြားသည်နှင့် တစ်ပြိုင်နက် ပြောင်းရန်ပြင်တော့သည်။

ဘာပဲပြောပြော၊ မြန်မာလူမျိုးများနှင့် မဆုံရသည်မှာ ကြာလှပေပြီမလား။ ယခုတော့ အတူတူနေကြရန်ပင် ဖန်လာလေပြီ၊ တိုးလို့ပင် ဝမ်းသာခြင်းဖြစ်ရတော့သည်။

(၃)

လုံခြုံရေးဆီမှ သော့ကိုတောင်းပြီး မြန်မာလူမျိုးများသီးသန့်စုထားသည့် အခန်းတံခါးကို ဖွင့်လိုက်သည့်တစ်ခဏ အခန်းတွင်းမှ ပိုးဟပ်တစ်ကောင်သည် ခြေထောက်ကြားမှ အလန့်တကြားတိုးထွက်သွားသည်။ ဘာအနံ့မှန်းမသိသည့် အနံ့သည်ကား အပြင်ဘက်သို့ လျှံထွက်ကျလာတော့သည်။ အခန်းတွင်းတွင်တော့မူကား တစ်ဦးတစ်ယောက်မျှ ရှိမနေ။ ပြန့်ကျဲနေသည့် အဝတ်အစားများနှင့် စားပြီးသား ပန်းကန်များနှင့် ဟင်းခွက်များသာ နေရာယူလျက်သား။

ဒါ… မြန်မာအခန်းတဲ့လား ဟု အံ့ဩမှင်တက်မိတော့သည်။ အမှိုက်ပုံထဲတွင် နေထိုင်တတ်ကြသော လူမျိုးများဟု တစ်ခြားလူမျိုးခြားများက ချီးမွမ်းအသိအမှတ်ပြုခြင်းခံရပေတော့မည်။ အထုပ်အပိုးများကို ပြစ်ချပြီး ကြည့်မကောင်းသဖြင့် ပစ္စည်းများနေသားတစ်ကျဖြစ်အောင် စီကာစဉ်ကာချပြီးသည့်နောက် အခန်းရှင်းလင်းရေးလုပ်ရန် တံမျက်စည်းလိုက်ရှာရာ အိမ်ခန်းထဲတွင် ရှာမတွေ့ပေ။ သို့နှင့် ရေချိုးခန်းမှာများထားလေသလားဟု ဝင်သွားကာမှပင် ရန်ကုန်တွင်ရှိစဉ်က အများသုံး တစ်ဆင့်မြင့် အိမ်သာသို့ရောက်သွားသလိုပင် ခံစားမိတော့သည်။ အဖြူရောင်ကြမ်းခင်းကြွေပြားနှင့် နံရံများသည်ကား ညိုညစ်ညစ်နှင့်။ အိမ်သာကြွေခွက်မှာမူ နဂိုမူလ အဖြူရောင်ပင်ပျောက်ပြီး အဝါပုပ်ရောင်ဖြင့် အလှဆင်ယင်လျက်သား။ မျက်နှာသစ်ရာ ဘေစင်တွင်လည်း ထမင်းနှင့် ဟင်း အကြွင်းအကျန်များဖြင့်၊ အဘယ်သို့ ထိုကဲ့သို့သော နေရာမျိုးမှာ ရေချိုး၊ အိမ်သာတက်၊ မျက်နှာသစ်လုပ်ကြပါလိမ့်နည်းဟု မေးခွန်းထုတ်စရာပင်။

နေရာအနှံ့အပြား လိုက်လံရှာဖွေပါသော်ငြား လှည်းစရာ တံမျက်စည်းနှင့်တူသည့်အရာပင် မတွေ့မိပေ။ ထိုမျှနှင့်ပင် သဘောပေါက်သွားပါသည်။ ကိုရင်ရှူံးလည်း ရှာဖွေခြင်းအမှုကို လက်လျှော့လိုက်တော့သည်။ နီးစပ်ရာ ကုန်စုံဆိုင်တစ်ဆိုင်သို့ပြေးပြီး လိုအပ်သည့် သန့်ရှင်းရေးအသုံးအဆောင်များကို ပြေးဝယ်ပြီး ဘောင်းဘီတိုတစ်ထည်ဖြင့် အခန်းတစ်ခုလုံးကို ရှင်းလင်းရေးစရတော့သည်။ ဦးစွာ ပစ္စည်းများကို သူ့နေရာနှင့်သူ ရွှေ့ပြောင်းပြီး တံမျက်စည်းလှည်း၊ ခုတင်အောက်များတွင် သိမ်းဆည်းထားကြသော ကျွတ်ကျွတ်အိတ်များ၊ သတင်းစာအပိုင်းအစများနှင့်အတူ ပိုးဟပ်များကိုပါ လှဲကျင်းပြီးသည့်နောက် ဆပ်ပြာနှင့်ရေကိုရောပြီး နံရံများတစ်လျှောက် စတီးဖတ်ဖြင့်တိုက်၊ ကြမ်းပြင်ကို ဘရပ်ရှ်များဖြင့် ပွတ်ပြီးသည့်နောက် Wiper ဖြင့် ရေများကို ရှင်းလိုက်သည့်အခါ အခန်းသည်ကား နေချင့်စရာကောင်းလောက်အောင်ပင် တောက်ပြောင်သွားတော့သည်။ အိမ်သာကြွေခွက်သည်ကား အဘယ်သို့မှပင် အကုန်အစင် ပြောင်စင်ခြင်းငှာ မတတ်နိုင်တော့သည့်အဆုံး တစ်ဝက်ဝါ၊ တစ်ဝက်ဖြူ အနေအထားဖြင့်ပင် ဇာတ်လမ်းရပ်လိုက်ရတော့သည်။

(၄)

မောမောပန်းပန်းဖြင့် အိပ်ပျော်နေရာမှ တံခါးဖွင့်သံကြားရသဖြင့် ထကြည့်လိုက်ရာ လူတစ်ဦးဝင်လာသည်ကိုတွေ့ရပြီး ဆောရီးဟုပြောကာ ပြန်ထွက်သွားလေသည်။ ကိုရင်ရှူံးလဲ ဘာမှမမေးလိုက်ရသဖြင့် ဇဝေဇဝါနှင့်၊ ဘယ်သူ့ကိုများ လာရှာသနည်းဟု။

သိပ်မကြာမီမှာပင် တံခါးပြန်ပွင့်လာပြီး ထိုသူပင် ပြန်ဝင်လာလေသည်။ တောင်ကြည့်၊ မြောက်ကြည့်နှင့် ဟိုဟိုဒီဒီကြည့်ပြီးမှ အခန်းနံပါတ်(..) ဟုတ်မဟုတ်မေးသဖြင့် ကိုရင်ရှူံးလည်း ဟုတ်မှန်ကြောင်းဖြေသောအခါမှပင် ထိုလူ့ဆီမှ တစ်အံ့တစ်ဩ အသံကိုကြားတော့သည်။ သူအခန်းများမှားသလားဟု အပြင်ပြန်ထွက်ကြည့်ပြီးမှ ပြန်ဝင်လာကြောင်းရှင်းပြသဖြင့် ထိုသူသည်ကား ကိုရင်ရှူံးတွေ့ချင်နေသည့် မြန်မာလူမျိုးများထဲမှ တစ်ယောက်သောသူဖြစ်ကြောင်း သိရတော့သည်။ သို့နှင့်ပင် အသီးသီးပြန်လာကြရာမှ သူတို့အတွေ့အကြုံ၊ ကိုယ့်အတွေ့အကြုံများကို ပြန်ပြောင်းပြောဆိုကြရင်းနှင့် ထိုညက ကိုရင်ရှူံးပါလာသော ပုလင်းလေးဖြင့် အာသွက်၊ လျှာသွက်ရှိနေကြသည်မှာ မိုးလင်းကာနီးမှပင် အိပ်ပျော်ခြင်းသို့ရောက်တော့သည်။

နောက်တစ်နေ့တွင်မတော့ ကိုရင်ရှူံးလည်း တာဝန်ကျရာသို့ သွားရတော့သည်။ တစ်နေကုန်လုပ်ကိုင်ပြီး ပြန်လာသောအခါ အခန်းသို့ပြန်ရောက်သည်နှင့် နဂိုနီးပါး အနေအထားပြန်လည် ရှုပ်ပွလျက်သား။ ကိုရင်ရှူံးသည်လည်း ဘောင်းဘီတိုတစ်ထည်ဖြင့် ရှင်းပြန်ပါတော့၏။

နောက်တစ်နေ့ အလုပ်မှပြန်လာပါသည်။ ကိုရင်ရှူံးလည်း ဘောင်းဘီတိုတစ်ထည်နှင့် တံမျက်စည်းနှင့်

နောက်နေ့တွင်လည်း အလုပ်မှပြန်ရောက်သည်နှင့် ဘောင်းဘီတိုနှင့်၊

နောက်တစ်နေ့၊ ဘောင်းဘီတိုနှင့် ကိုရင်ရှူံး

နောက်တစ်နေ့လည်း ခပ်တိုတိုနှင့်

နောက်တစ်နေ့သည်လည်း..

နောက်တစ်နေ့..

(၅)

အတော်လေးပင် စိတ်မရှည်နိုင်တော့ပြီဖြစ်သည်။ ရောက်နေသည်မှာ နှစ်ပါတ်ကျော်ခန့်ပင်ရှိ်လေပြီ။ အနည်းငယ်မျှ ပြောင်းမလာ။ နဂိုနေမြဲအတိုင်းသာနေကြလေသည်။ အားနာရမှန်းပင်မသိ။ တံမျက်စည်းကိုမျှပင် တစ်ချက်မကိုင်၊ သန့်ရှင်းရေးလုပ်နေသည်ကိုပင် သူတို့ထိုင်နေရာနေရာမှ အနည်းငယ်သော်မျှ မရွှေ့ပေးချင်ကြ။

ကိုရင်ရှူံးသည်ကား ယခင်က ဟင်းခွက်များကို ရေခဲသေတ္တာအတွင်းသို့လည်းကောင်း၊ ထမင်းပေါင်းအိုးကို မီးဖိုချောင်အတွင်းသို့လည်းကောင်း၊ ပန်းကန်များကို ဘေစင်သို့လည်းကောင်း၊ အဝတ်အစားများကို တန်းပေါ်တွင် လွှားပေးခြင်းဖြင့်လည်းကောင်း ပြုလုပ်လေ့ရှိသော်လည်း ထိုနေ့တွင်မတော့ စိတ်မရှည်တော့ပြီ။ ပေါင်းအိုး၊ ဟင်းခွက်များနှင့် ပန်းကန်များကို ဘေစင်ပေါ်တွင် စုပုံထားလိုက်ပြီး ကြမ်းပြင်တစ်လျှောက် ပြန့်ကျဲနေသော အဝတ်အစားများကို ကြွတ်ကြွတ်အိတ်တစ်လုံးတွင်စုထည့်ပြီး ခုတင်တစ်ခုပေါ် ပြစ်တင်ထားလိုက်တော့သည်။ ပြီးသည်နှင့် စောစောအိပ်ယာဝင်ပြီး နောက်တစ်နေ့ ခပ်စောစောပင် အလုပ်သို့ ထွက်လာတော့သည်။ စိတ်ထဲတွင်လည်း အတော်လေးကိုခုနေမိတော့သည်။ မပြောပဲနှင့် သိလေမလားဟု စောင့်ကြည့်နေသည်ကို ဆိုးသထက်ပင် ဆိုးလာလေသလားဟု ထင်မိသည်။

ထိုနေ့က အတော်များများ အလုပ်ပိတ်ကြပါ၏။ ကိုရင်ရှူံးသည်သာ အလုပ်ဆင်းရခြင်းဖြစ်သည်။ အလုပ်မှပြန်ရောက်ပြီး အခန်းတွင်းဝင်လိုက်သည်နှင့် အခန်းထဲမှ အချိုးမပြေသည့်စကားသံဖြင့် ဆီးကြိုခြင်းခံရသည်။

“ခင်ဗျားက ဘာကောင်လဲ”
“ဟေ…??”

ကိုရင်ရှူံးမှာ တစ်အံ့တစ်ဩဖြစ်သွားသည်။ ဘာတဲ့ အစမရှိ အဆုံးမရှိ၊ မြန်မာလို ပီပီသသကြီးမေးတာကို နည်းနည်းမျှ နားမလည်လိုက်ပေ။

“ဒီအခန်းမှာ ခင်ဗျားက ဘာကောင်မို့လို့လဲ”
“………….”
“ကျုပ်တို့နေလာတာ ဒီမှာ နှစ်မနည်းတော့ဘူး၊ ကျုပ်တို့စိတ်တိုင်းကျနေလာတာ၊ ခင်ဗျားက ခုမှရောက်ပြီး ဘာအချိုးချိုးတာလဲ”

ကိုရင်ရှူံးထက် ၆နှစ်ခန့်ငယ်သည့် လူငယ်လေးထံမှ ထွက်လာသော ယဉ်ကျေးလှသည့် စကားလုံးများဖြစ်သည်။ ကျန်သည့်သုံးယောက်မှာကား ဝိုင်းဖွဲ့ထိုင်လျက်သား။

“နေစမ်းပါဦး၊ ငါက ဘာဖြစ်နေလို့တုန်း”
“ခင်ဗျား ေ-ာက်ချိုးတွေပြင်ပါ”
“ဟေ..”

ပါးစပ်ပင် ပြန်မစေ့နိုင်တော့ပေ။ ပိန်ညှောင်ညှောင်ကောင်လေးဆီမှ ရန်စသည့် စကားသံလေလား။ ဘာပဲပြောပြော ကိုရင်ရှူံးသည်ကား ဒီနိုင်ငံသားများကိုပင် မှုစရာမလိုသည့် ကိုယ်ကာယနှင့်ပြည့်စုံသည့်သူဖြစ်သည်။ ယခုတော့ ဘာမဟုတ်သည့်ကောင်လေးထံမှ မဆီမဆိုင် ရန်စခံနေရပါလားဟု။

သို့နှင့်ပင် ကိုရင်ရှူံးလည်း ကောင်းကောင်းမွန်မွန် စကားပြောရန် မဖြစ်နိုင်တော့သည်ကို သိသည့်အတွက် အိတ်ကို ပြစ်ချလိုက်ပြီး ခါးအောက်ပိုင်းရှိ ကိုယ်ပိုင်ပစ္စည်းကို စကားအခွန်းတိုင်းတွင် ထည့်ထည့်ပြောပြီး ပြောလိုရင်းကို မေးသည့်အခါမှ ကိုရင်ရှူံး အဘယ့်ကြောင့် မနေ့ကလိုလုပ်သနည်းဟု သူ့ကိုယ်ပိုင်ပစ္စည်းကိုပါ ထည့်ထည့်ပြီး ပြန်ရှင်းပြတော့သည်။ ဘေးနားမှ သုံးကောင်သည်ကား သံချပ်လိုက်လျက်သား။

အင်း….

တွေ့တော့တွေ့ကြလေပြီ။

သူတို့မှလည်း ကိုရင်ရှူံးအား မအေများ၊ နှမများနှင့် ပေးစားပြီး သူတို့၏ သာယာလှပသော အသိုက်အမြုံလေးကို လာရောက်ဖျက်ဆီးသူအဖြစ် စွဲချက်တင်ကြလေသည်။ အနားသို့တော့ တိုးမလာကြပေ၊ ခပ်လှမ်းလှမ်းမှပင် ဝိုင်းဟောင်ကြတော့သည်။ ကိုရင်ရှူံးသည်လည်း အသင့်အနေအထား၊ အဘယ်သူ့ကို စတင်ပြီး အနီရောင်လေးများ ပြရပါ့ဟု။ ဇာတ်ရှိန်တော့တက်လာပြီ။ အခြားအခန်းများမှပင် လာကြည့်ကြသည်။ နားတော့မလည်ကြပေမယ့် တိုက်ပွဲတော့ စတော့မယ်ဟု အလိုလိုသိနေကြသည်။ ကိုရင်ရှူံးမှလည်း ဘာမှဆက်မပြောတော့ပဲ ဖြစ်ချင်တဲ့ကောင်လာခဲ့ဟူသောစကားတစ်ခွန်းဖြင့် လက်သီးကိုသာ ကျစ်ကျစ်ဆုပ်ထားတော့သည်။

မကြာမီမှာပင် လုံခြုံရေးများရောက်လာတော့သည်။ ဖြစ်ကြောင်းရယ်ကုန်စင်ကိုမေးသောအခါ ၎င်းတို့ ၄ ယောက်ပေါင်းပြီး သူတို့ပြောလိုသည်များကို စုပေါင်းစပ်ပေါင်း အင်္ဂလိပ်စကားဖြင့်လည်းကောင်း၊ ကိုယ်လက် ဘာသာစကားဖြင့်လည်းကောင်း ရှင်းပြကြသည်။ ထိုနေ့က ကိုရင်ရှူံးသည် အခြားအခန်းတွင် သွားအိပ်ဖြစ်သည်။ နောက်နေ့တွင်မတော့ ကိုရင်ရှူံးသည်လည်း ထိုကဲ့သို့သော မြန်မာလူမျိုးများကို စွန့်ခွာခဲ့ပြီး သန့်ရှင်းသပ်ရပ်လှစွာသော အခန်းတွင် ကိုယ်၊ စိတ်၊ နှလုံး ချမ်းမြေ့စွာဖြင့် နေထိုင်တော့လေသတည်း။

ယခုအခါတွင်မတော့မူ ကိုရင်ရှူံးသည်ကား လမ်းတွင် မြန်မာများနှင့် တွေ့လျင်သော်မျှ နှုတ်ဆက်ပြုံးပြခြင်းပင် မပြုတော့ပေ။ ကိုယ်တွင်းရှိ မျိုးချစ်စိတ်လေးသည်ကား အတော်လေး ငြိမ်သက်သွားလေပြီ။ မြန်မာလူမျိုးများနှင့်ဝေးရာ၊ တစ်ခြားလူမျိုးခြားများနှင့်သာ ပေါင်းသင်းဆက်ဆံ ပျော်ရွှင်နေတော့သည်မှာ ယခုတိုင်အောင် ဖြစ်လေတော့ပေသည်။

ရှူံးနိမ့်မှုများနဲ့.. လူ
(ခေတ္တလူ့ပြည်)

34 comments

  • TTCG

    February 25, 2012 at 3:52 am

    မှန်လိုက်တာဗျာ… တစ်ချို့က နိုင်ငံခြားက မြန်မာတွေ မစည်းလုံးဘူး… ကြီးကျယ်တယ်… မြန်မာတွေ့ရင် မသိချင်ယောင်ဆောင်နေတယ်လို့ ပြောပြောနေကြတာ… သူတို့တစ်တွေ ဒါမျိုးအတွေ့အကြုံတွေ တွေ့ပြီးတော့ ဒါမျိုးတွေဖြစ်သွားတယ်ဆိုတာ တစ်ချိန်ကျရင် သူတို့လည်း နားလည်သွားမှာပါ

    • windtalker

      February 25, 2012 at 3:18 pm

      နှစ်ကောင်လောက် ကို တစ်ချက်စီလောက် ထိုးပြီး ၊ ပြေးရမှာဗျ ။
      နောင် အဲ့လိုကြုံရင် ချပြီးပြေးဗျာ ။
      ဟဲဟဲ

  • kai

    February 25, 2012 at 4:41 am

    အဲဒါကြောင့်ပြောပြောနေတာပါ…
    မြန်မာပြည်ကြီး ..ဒီလိုနေရာရောက်.. ဒီလိုဖြစ်နေတာ.. နိုင်ငံရေးစံနစ်ကြောင့်… မဟုတ်ပါဘူး..
    စံနစ်ကြောင့် မဟုတ်ပါဘူး… လို့..။ 🙄

    • MaMa

      February 25, 2012 at 7:52 pm

      သဂျီးကလည်း အကွက်တွေ့တာနဲ့ စနစ်မဟုတ်ဘူးလို့ချည်း ဆော်တော့တာပဲ။
      ရှုံး…လူ ပြောသလို ဆိုးတဲ့လူတွေရှိတယ်ဆိုတာကိုလည်း လက်ခံပါတယ်။
      ဘယ်လူမျိုးမဆို ဆိုးတဲ့လူ၊ ကောင်းတဲ့လူ ရှိကြမှာပါပဲ။
      ကိုယ့်လက်ချောင်းလေးတွေတောင် အတိုအရှည်တူလို့လား။
      ကိုယ်တိုင်မြင်ဖူးတာတော့ ချစ်ခင်ရင်းနှီးပြီး ယိုင်းပင်းကူညီကြတဲ့ မြန်မာတွေလည်း အများကြီးပါ။
      (စနစ်က လူတွေကို ဖျက်နေခဲ့တာရော မဖြစ်နိုင်ဘူးလား ) ဆိုတဲ့
      မလတ် ပြောတာကို ထောက်ခံသွားပါတယ်။

  • Khin Latt

    February 25, 2012 at 5:32 am

    စနစ်က လူတွေကို ဖျက်နေခဲ့တာရော မဖြစ်နိုင်ဘူးလား သူကြီးရှင့်။
    ပညာ(+ လူ့ကျင့်ဝတ် + လူသားချင်းစာနာမှု) တွေ အားနည်းတာရော ………
    ထမင်းတနပ် အတွက် တစ်ခြားဘာကိုမှ မကြည့် နိုင်တာကြောင့်ရော ……….
    ဒါတွေက မွေးရာပါလာတာမှ မဟုတ်တာ။
    ဗီဇ ဆိုးတာကတော့ ရာခိုင်နှုန်း မများလောက်ဘူး ထင်ရဲ့။
    ဒါမှမဟုတ် ဒါမျိုး ဗီဇတွေရဲ့ % က မြန်မာပြည်မှာ များလို့ ဒီလိုဖြစ်နေတာလား။
    ကျွန်မ တော့ ဗီဇ ဆိုးခဲ့ရင်တောင် ပါတ်ဝန်းကျင် ကောင်း က ပြုပြင်ပေးနိုင်မယ် ထင်တာဘဲ။
    ဒါပေမဲ့ ပါတ်ဝန်းကျင် ကောင်း ရဲ့ % က များဖို့တော့ လိုသေးတာပေါ့။

    ကိုရှုံးရေ – ပြန်ပေါ်လာတာ ဝမ်းသာပါ၏။
    ကိုယ်နဲ့ ပုံစံ မတူရင်တော့ ဝေးဝေး ကဘဲ နေတာကောင်းပါတယ်။
    ဆက်ရေးပါဦး။ အားပေးနေကြပါတယ်။

    • kai

      February 25, 2012 at 5:48 am

      ယူအက်စ်မှာ.. မြန်မာအများဆုံးနေတာ.. လော့စ်အိန်ဂျလိစ်တဝိုက်မှာပါ..။
      ကမ္ဘာ့အကောင်းဆုံးဒီမိုကရေစီစနစ်အောက်.. အဆင်ပြေပြေ.. ဆယ်စုနှစ်ချိုးချပြီးနေလည်း.. မြန်မာဟာ..မြန်မာပဲဖြစ်နေတာ.. တွေ့ရတယ်လေ..။
      … အချက်အလက်.. သက်သေနဲ့ပြလို့ရတာတွေ.. အများကြီးပါပဲ..။

      ဒီမှာမွေးလာတဲ့.. ဒုတိယမြန်မာ-အမေရိကန်မျိုးဆက်နဲ့ကို.. အဆင်မပြေ..အစေးမကပ်ဖြစ်တော့တာပဲ..။
      မိဘနဲ့သားသမီးမှာတင်.. ပြသနာက.. တက်နေလေရော…

      ဆိုတော့… ?

      • ကြောင်ကြီး

        February 25, 2012 at 8:04 pm

        မျိုးဆက်ပေါင်းများစွာ အရိုးစွဲလာတဲ့ အကျင့်ဟောင်းကို ပတ်ဝန်းကျင်အသစ်ရောက်သွားတဲ့ မျိုးဆက်တခုအချိန်ထဲနဲ့ ပြင်ဖို့လွယ်ပါ့ မလားဗျာ..။ ဒါကြောင့်လည်း အမေရိကန်မှာ neutralized citizen နဲ့ born citizen ဆိုပြီး တရားဝင်စကားလုံး သတ်မှတ်ထားတယ် မဟုတ်လား။။ အဲဒီ born citizen များမှာတောင်မှ ဒုတိယမျိုးဆက် နဲ့ တတိယမျိုးဆက် ဆိုပြီး လူမှုရေး၊ လုံခြုံရေး တဦးချင်း ပြသနာပေါ်လာတဲ့အခါ မီဒီယာများမှာ မီးမောင်းထိုးပြကြတယ်..။ ဖန်ခွက်ထဲက ရေတဝက်ကို ရေတဝက်လို့ မြင်လိုက်စမ်းပါ သဂျီးရယ်….။
        ဝိုင်းဆဲဂျကွာ..ငါတို့ သာကီဝင် မြန်မာတွေကို စော်ကားတဲ့ အမေလိကန်သဂျီးမိုက်ကို… 😡

        • pooch

          February 25, 2012 at 11:17 pm

          ဟုတ်ပါ့ အဲ့ဒီသူကြီးဆိုတဲ့ လူကြီးကို ပြောပစ်လိုက်စမ်းပါ ဦးကြောင်ရယ် :mrgreen:
          အားအားရှိ ဒါပဲ လက်ညှိုးထိုုးနေတာ..

    • အရီးခင်လတ်ခင်ဗျား..

      စလုံးမှာတုန်းက မြန်မာတွေနဲ့ နေခဲ့စဉ်တုန်းကလည်း ယခုနည်းလည်းကောင်းပါပဲ
      နောက်အခါအခွင့်သင့်ရင် ထပ်ပြီးတင်ပြပါဦးမယ်

  • water-melon

    February 25, 2012 at 8:43 am

    ဘာပြောရမှန်းတောင် မသိတော့ပါဘူးဗျာ
    သူတပါးတိုင်းပြည်မှာ အတူတူနေတာတောင် ကူညီစောင့်ရှောက်မယ်မရှိဘူး
    ဒီလိုကြီးဆိုတော့လည်း ဝေးဝေးဘဲနေတာကောင်းပါတယ် အစ်ကိုရှုံးရေ
    အော် စိတ်ဓာတ်တွေကလည်း ❓

  • Thel Nu Aye

    February 25, 2012 at 9:15 am

    မြန်မာတွေကိုယ်စားရှက်လိုက်တာ။ ရှက်လိုက်တာ။

    • ကျွန်တော်က ပိုလို့တောင် ရှက်ရပါသေးတယ်.. မြန်မာဆိုတာ ဒီလိုပါလားလို့ လူတိုင်းပြောနေကြတာပါ.. ရှိစုမဲ့စုလေးကို လာလာကြည့်ကြပြီးလေ

  • အော် သန် ့ရှင်းရေးလုပ်တဲ့ လူ၊အနစ်နာခံတဲ့လူကဘဲ ရှောင်ပေးရတယ်နော်။
    တော်တော် လက်ကြောမတင်းတဲ့ကောင်တွေပါ။ပျောက်နေတာကြာတဲ့ ကိုရှူံး
    တစ်ယောက်ပေါ် လာတော့လဲ တကယ့်ကို ကောင်းတဲ့ပို ့စ်လေးနဲ ့ပါလား။
    ကျေးဇူးဗျာ။

  • kyeemite

    February 25, 2012 at 10:42 am

    ဟုတ်တယ်ဗျာ…စည်းကမ်းနဲ့ စံနစ်တကျနေတတ်ဘို့ မနဲလေ့ကျင်ပေးရအုံးမယ်ဗျို့
    ကျုပ်ကိုယ်တိုင် လည်း မဒမ်ကြီးမိုက်နဲ့ အဲဒီကိစ္စ နေ့စဉ်တကျက်ကျက်ဘဲဗျို့…
    ဘယ်လိုသင်သင်ခဏဘဲ..ပီးတော့ဒုံရင်း ပြန်ရောက်ရောက်သွားတယ်….
    ဘုရားသကြားမလို့ ဒီစာကို မဒမ်ကြီးမိုက် မဖတ်မိပါစေနဲ့….လစ်ပီဗျို့…

  • စိန်ပေါက်ပေါက်

    February 25, 2012 at 11:18 am

    မြန်မာတိုင်းတော့ ဒီလို မဟုတ်ပါဘူးဗျ
    အသန် ့ကြိုက်တဲ့လူ၊စည်းကမ်းရှိတဲ့လူက ရှိကိုရှိတာပါ..လူတိုင်းတော့ မဟုတ်ပါဘူး..
    မြန်မာကလွဲ တခြားလူမျိုးတွေ အကုန် စည်းကမ်းရှိ၊သန် ့ပြန်နောတာလဲ မရှိနိုင်လောက်ပါဘူး
    ဒါကြောင့်..
    လူတစ်မျိုးလုံးနဲ ့ မဆိုင်၍ တစ်မျိုးလုံးကို ချီပြောဖို ့မကောင်းပါဗျား..
    ကိုယ့်ထက်စည်းကမ်းရှိ၊သန် ့ရှင်းတဲ့ မြန်မာနဲ ့ ထပ်တွေ ့ပါစေလို ့ပဲ..

    • htoosan

      February 25, 2012 at 1:40 pm

      စိန်ပေါက်ရေ .. စိန်ပေါက်ပြောသလိုဘဲ လူတိုင်းတော့ မဟုတ်ပါဘူး .. ဒါပေမဲ့ ရာခို်င်နှုန်းများပါတယ် ။ ဟိုတစ်ခါလည်း ရုရှားမှာ မြန်မာ စစ်ဗိုလ်များကို နှင်ထုတ်ပြီး ပြီ မဟုတ်လား …

    • ဟုတ်ပါတယ် …
      ကိုပေါက်ဖော်ပြောတာကို ကျနော် ထောက်ခံပါတယ် …
      ဝါးလုံးရှည်နဲ့ မရမ်းသင့်ပါဘူးဗျာ …
      တစ်ခါသေဖူး ပျဉ်ဖိုးနားလည် ဆိုတဲ့ စကားပုံဟာလည်း ဒီနေရာနဲ့ မအပ်စပ်ဘူးလို့ ထင်ပါတယ်ခင်ဗျာ ..

      • တစ်ခါသေဖူးတာတော့ မဟုတ်ပါဘူးဗျာ.. နှစ်ခါရှိပါပြီ.. လွန်ခဲ့တဲ့ ၅ နှစ်လောက်တုန်းကလည်း မြန်မာတွေနဲ့ နေခဲ့ဖူးပါတယ်.. အဲဒီတုန်းကအကြောင်းတွေကို အသေးစိတ် ဝတ္ထုတိုတစ်ပုဒ်အနေနဲ့ ရေးပြမယ်ဆိုရင် ဘာ့အတွက်ကြောင့်များ စိတ်နာနေခဲ့ရလဲဆိုတာ သိနိုင်မယ်ထင်ပါရဲ့.. ကျွန်တော်ပြောတာ တစ်မျိုးသားလုံးမဟုတ်ပါ၊ နိုင်ငံရပ်ခြားရောက် အများစုသော မြန်မာလူမျိုးများအကြောင်းကို မသိကြသည့်သူများ ဗဟုသုတရစေရန်အလို့ငှာလည်းကောင်း၊ ကိုယ်တိုင်နေထိုင်ကြသူများ (ဒီစာကို ဖတ်မိကြမယ်ဆိုရင်ပေါ့) ဆင်ခြင်နိုင်ကြစေခြင်းငှာလည်းကောင်း ရေးသားလိုက်ရခြင်း ဖြစ်ပါကြောင်း

  • ကြောင်ကြီး

    February 25, 2012 at 1:01 pm

    မိုက်လိုက်တဲ့မောင်ရှုံး
    ကိုယ့်ထမင်းကိုယ်စား
    ဘဂျီးနွားကျောင်းချင်တဲ့မောင်ရှုံး
    သူတပါးအသိုက်အမြုံကို
    ဖျက်ဆီးချင်တဲ့မောင်ရှုံး
    သောက်လိုက်ကမ်းဆိုး
    မသိတဲ့မောင်ရှုံး
    မနေတတ်မထိုင်တတ်
    သူများအနေခက်အောင်
    လုပ်ရက်တဲ့မောင်ရှုံး
    တော်ဘီကွာ
    ပြောရင်နင့်အကြောင်း
    လူသိကုန်မယ်..။

  • ဆူး

    February 25, 2012 at 1:30 pm

    ငြိမ်သက်သွားတဲ့ ပိုးလေး အကြောင်းပြုလို့သာ ပြန်တွေ့ရတယ်။
    မသေကောင်း မပျောက်ကောင်း ဘယ်အရပ်မှာ ကောင်းနေလို့များ မလာနိုင်ခဲ့တာပါလဲနော်.. 😀
    နောက်ထပ် အတွေ့ အကြုံလေးတွေ ပြန်လည်မျှဝေရင်း မိတ်ဟောင်းဆွေဟောင်းတွေ အဆက်အသွယ်မပြတ် အမြဲရှိကြရအောင်လား။

  • bluerose

    February 25, 2012 at 1:33 pm

    အဲဒါမှမြန်မာကွ…..
    စည်းကမ်းရှိပြီးယဉ်ကျေးလိမ်မာနေရင်မြန်မာမဟုတ်တော့ဘူးလေ
    ခေတ်ပြောင်းသွားပြီနေချင်သလိုနေထိုင်ချင်သလိုထိုင်
    စည်းမရှိကမ်းမရှိစရိုက်ပျက်နေကြတာမြန်မာလူမျိုးတွေလေ(အကျင့်ပျက်တဲ့သူတွေကိုပြောတာနော်)
    ဒါကြောင့်လည်းမြန်မာတွေကကမာ္ဘ့အလယ်မှာချပြစရာတခုမှမရှိတာ(မကောင်းတဲ့သူတွေကြောင့်ပေါ့)
    အကျင့်ပျက်တွေကိုပြင်နိုင်ရင်တော့…………..
    တနေ့နေ့မှာတော့တိုးတက်လာနိုင်ကောင်းပါရဲ့နော်…..

  • ဇောက်ထိုး မိုးမျှော် သခင် ကိုယ်တော်

    February 25, 2012 at 1:49 pm

    ဒါလိုမျိုး ဖြစ်ရတဲ့ အကြောင်းရင်းခံ က
    ကျုုပ်တို့တွေကို မျက်စိပိတ် နားပိတ် ထားခဲ့တဲ့ အပေါ်ပိုင်းက ဟို ေ..ာက် အဝှါ ကြီးတွေ
    ကြောင့် လို့… ရမ်းသမ်း သမုတ်လိုက်ပါတယ် ။

  • Patriot

    February 25, 2012 at 3:27 pm

    ဟုတ်တယ် ကိုရှုံး ရေ၊ ပြောပြန်ရင် လဲကိုပေါင် ကိုယ့်ပေါင်ကိုယ့် လှန်ထောင်း ရာရောက်အုံး မယ်။

  • ပြောတော့နဲ ့ဗျာ။ဒီလိုလက်ကြောမတင်းတဲ့ကောင်တွေကြောင့် တိုင်းတပါးသွား သိက္ခာချနေသလိုဖြစ်နေပီ။
    ဝေးဝေးရှောင်နေလိုက်တာ အကောင်းဆုံးပေါ့။

  • memeseku

    February 25, 2012 at 10:24 pm

    အင်း..ဒါမျိုးက ကြုံဖူးတဲ.လူမှသိတာ…. ကိုရှုံးကိုကျနော်ကိုယ်ချင်းစာပါတယ်…. အားလုံးလို့မဆိုနိုင်ပေမယ်..
    သူများနိုင်ငံမှာအလုပ်သွားလုပ်တဲ.မြန်မာလူတန်းစားထဲမှာ .. ရာခိုင်နှူန်းမသေးတဲ.အရေအတွက် ရှိပါတယ်…
    ကျနော်မြင်ဖူးတဲ့တချို.များဆိုရင်… ဘာဖြစ်လဲကွာ… ငါတို.လုပ်တာဘယ်သူသိမှာလဲဆိုပြီး… စည်းကမ်းပျက်
    အောက်တန်းကျနေတာတွေ တပုံကြီးပါ… ကိုယ့်လူမျိုးမို. ဝမ်းနည်းပါကြောင်းနဲ. ကိုရှုံးကို စာနာမိပါကြောင်း

  • ဦးဦးပါလေရာ

    February 25, 2012 at 11:03 pm

    kai says:
    “ယူအက်စ်မှာ.. မြန်မာအများဆုံးနေတာ.. လော့စ်အိန်ဂျလိစ်တဝိုက်မှာပါ..။
    ကမ္ဘာ့အကောင်းဆုံးဒီမိုကရေစီစနစ်အောက်.. အဆင်ပြေပြေ.. ဆယ်စုနှစ်ချိုးချပြီးနေလည်း.. မြန်မာဟာ..မြန်မာပဲဖြစ်နေတာ.. တွေ့ရတယ်လေ..။
    … အချက်အလက်.. သက်သေနဲ့ပြလို့ရတာတွေ.. အများကြီးပါပဲ..။
    ဒီမှာမွေးလာတဲ့.. ဒုတိယမြန်မာ-အမေရိကန်မျိုးဆက်နဲ့ကို.. အဆင်မပြေ..အစေးမကပ်ဖြစ်တော့တာပဲ..။..”

    ယူအက်စ်ကို မြန်မာပြည်ကရောက်သွားတဲ့ ပထမမျိုးဆက်က မြန်မာပြည်ရဲ့ စံနစ် က မွေးထုတ်ပေးလိုက်တာ၊ လေ့ကျင့်ပေးလိုက်တာလေ။

    ယူအက်စ်မှာမွေးတဲ့ ဒုတိယမျိုးဆက်က ယူအက်စ်ရဲ့စံနစ်က မွေးထုတ်ပေး ၊ လေ့ကျင့်ပေးတာလေ။

    အဲဒီနှစ်မျိုး စရိုက်မတူရင် – အဲဒါစံနစ်ကြောင့်ပေါ့သူကြီးရဲ့။
    လူမျိုးစရိုက်ကြောင့်လို့သာဆိုရင် ဘယ်မှာနေနေ ဘယ်နှစ်ဆက်မွေးမွေး အတူတူပဲဖြစ်ရမှာပေါ့။
    ဒါတောင်မှ ဒုတိယမျိုးဆက်ဆိုတာ လက်ဦးဆရာ ပထမမျိုးဆက်တွေရဲ့ စရိုက်အမွေကို အနည်းနဲ့အများ ခံပြီးသား..။

    တတိယမျိုးဆက် ကိုစောင့်ကြည့်ရင် မြန်မာလူမျိုးပေမယ့် အမေရိကန်စရိုက်ဖြစ်နေတာ တွေ့ရမယ်လို့ ကျုပ်တော့လောင်းရဲတယ်။ ဘာကြောင့်လဲဆိုတော့ လက်ဦးဆရာဖြစ်တဲ့မိဘမောင်နှမတွေကလဲ အမေရိကန်စရိုက်လွှမ်းမိုးခံရပြီးသား၊ အမေရိကန်စရိုက်ရှိပြီးသား။ ကြီးပြင်းရမယ့် ပတ်ဝန်းကျင်ကလဲ အမေရိကန်လေ။

    • MaMa

      February 25, 2012 at 11:17 pm

      ဦးပါလေရာရေ- ပြောပြလိုက်စမ်းဘာ…
      (+ ပေးရုံနဲ့ အားမရလို့) 🙂

  • zaw min

    February 26, 2012 at 12:18 am

    အကျင့်၊စရိုက်တွေက ဘယ်နေရာပဲရောက်ရောက် မပြောင်းလဲနိုင်သေးတာ မြန်မာလူမျိုးတွေရဲ့အားနည်းချက်ပါပဲ…မိမိတို့နေထိုင်ကြီးပြင်းလာခဲ့ကြတဲ့ အကျင့်တွေ၊စရိုက်တွေအတိုင်း ဘယ်တိုင်းပြည်ကိုရောက်ရောက် မပြောင်းလဲနိုင်သေးတာ၊အသိ ပညာ၊လေ့လာမူ၊အတုယူတက်မူတွေမရှိလို့ပါပဲ။
    အဲဒီတော့ ကိုရူံးရေ…ကိုယ်နဲ့အကျင့်စရိုက်တူတဲ့ သူတွေကိုသာ ရှာပြီးပေါင်းပေတော့လို့သာအကြံပေးပါရစေ..။

  • kyawtheinmyint 23

    February 26, 2012 at 6:32 pm

    အဝေးရောက် မြန်မာတွေရဲ့ အကြောင်းရေးမယ်ဆိုရင် ကိုရင်ရှုံးရေးတာထက် ဆယ်ဆလောက် ဆိုးသွားမယ် အဲဒီလိုပြောလို့ ပိုလွန်းတယ် မထင်ပါနဲ့ တကယ်ကို အဲဒိထက်ဆိုးပါတယ်ဗျာ။ဟင်းအိုး/ဟင်းပန်းကန် ကုန်ခါနီးဆေးရမှာမို့လို့ တတုံးချန်ပြီး ထားခဲ့တယ်၊အခန်း သန့်ရှင်းရေးကို ကျနော်နေ့တိုင်းလုပ်တယ် သူတို့က နောက်ကနေ အမှိုက်ဖွတယ်၊အမှိုက်ပုံးပြည့်ရင် မသွန်ပါ လောက်ကျတဲ့ အထိထားတယ်၊အတူနေ အခန်းဖေါ်ချင်း ကျင့်ဝတ်စည်းကမ်းလည်း နားမလည် ဖုန်းပြောရင်လဲ အော်ကြီးဟစ်ကျယ်၊စက်ရုံထဲရောက်ြ့ပီးလူအများရှေ့မှာ ဆိုရင်တော့ကာ စက္ကူစုတ်လေးကအစ ကောက်ပစ်ပါတယ်၊သူလုပ်တဲ့ စက်ဘေးမှာတော့ ရှုုပ်ပွနေတာပါ။ရေးပြရ လျင်တော့ ဆုံးနိုင်မယ် မထင်ပြီ ဒါတွေဟာ တကယ့် ကိုယ်တွေ့ အဖြစ်အပြက်တွေပါ။ အဝေးရောက်နေသူတွေ အားလုံးကို မဆိုလိုပါ ဒါပေမဲ့ တော်တော်များများကတော့ အပေါ်ကအတိုင်းပါပဲခဗျာ။

  • moe minthar

    February 26, 2012 at 6:36 pm

    သဲနုအေးပြောသလိုပဲကိုရှုံးရေရှက်မိပါတယ်ဗျာ။
    တကယ်လေနော်……………….

  • TTNU

    February 26, 2012 at 10:22 pm

    မောင်ရှုံးရေ…
    ရေးအားတွေကောင်းနေပါလား။

  • etone

    February 27, 2012 at 1:40 pm

    ကိုရှုံးရေ … စာတွေပျောက်နေပေမယ့် … ပြန်လာတော့လည်း .. တစ်ပုဒ်ဆိုလျှင် ဆိုသလောက် … ဖတ်ပြီး စိတ်ထဲ စွဲကျန်စေခဲ့ပါတယ် … ။

    အသင်းဖွဲ့ အုပ်စုတွေကြား ကြုံလေ့ကြုံထရှိတဲ့ အဖြစ်လေးပါပဲ … ။ ကိုရှုံးရေ.. ကိုယ်က နောက်မှရောက်ပေမယ့် … သူတို့လို ဖြစ်သလို မနေတတ်တော့ … ကြောတယ်လည်း ထင်ခံရ ၊ အပင်ပန်းလည်းခံရတာပေါ့လေ … ။ အပေါင်းစုတွေကြား ကိုယ့်စိတ်နဲ့ကိုယ်သွားလို့မရတဲ့ အခြေနေတွေချည်းပါပဲ .. ရှောင်ထွက်သွားလို့မရတဲ့အခြေနေဆို … ဥပက္ခာပြုထားတာ အကောင်းဆုံးဖြစ်မယ်ထင်ပါရဲ့ …. ။ 🙄

Leave a Reply