အများသိချင်နေတဲ့ မြင့်မိုရ်တောင်နဲ့စကြာဝဠာအကြောင်း

ဆန်နီနေမင်းFebruary 25, 20121min26412

မြတ်ဗုဒ္ဓက မိမိအတွက် ကောင်းမှုကုသိုလ်ရမဲ့အရာမဟုတ်ရင် မလုပ်နဲ့၊ မကြံစည်နဲ့၊ မပြောဆိုနဲ့။ အဲဒါမျိုးတွေနဲ့ အချိန်ကုန်နေမယ်ဆိုရင် မိမိလက်ရှိအချိန်လေးဟာ တန်ဖိုးမဲ့တဲ့အချိန်တွေ ဖြစ်သွားလိမ့်မယ်တဲ့။ ဒါပေမဲ့ ခုခေတ်လူတွေဟာ သူတို့သိချင်တာကို မသိရရင် ဗုဒ္ဓတရားတော်များ မှားနေသလို သူတို့ပဲ ဗုဒ္ဓကိုယုံကြည်ရတာ အကျိုးမရှိသလိုဖြစ်နေကြပါတယ်။ ဦးဇင်းစပြီး အွန်လိုင်းမှာ မေးဖြေလုပ်ပေးကတည်းက လူအများဆုံးအမေးခံရတဲ့အရာဟာ ဒီမြင့်မိုရ်တောင်ကိစ္စပဲ ဖြစ်နေပါတယ်။ ဒါပေမဲ့ ဦးဇင်း မဟုတ်တဲ့အရာနဲ့အချိန်ကုန်မခံချင်လို့ ဖြေမပေးခဲ့ပါဘူး။ ခုတော့ ဖြေမပေးရင် ဦးဇင်းတို့ဘာသာဝင်တွေကို သူများက ကဲ့ရဲ့လို၍ဖြစ်စေ၊ ပညာစမ်းချင်လို့ဖြစ်စေ မေးလာတဲ့အခါ မဖြေနိုင်မည်ဆိုးတာကြောင့် ဦးဇင်းလေ့လာသိရှိသမျှ မြင့်မိုရ်တောင်နဲ့စကြာဝဠာအကြောင်းကို ရေးသားတင်ပြပေးလိုက်ပါတယ်။

ကမ္ဘာမြေကြီးသည် ထုထည်အားဖြင့် ယူဇနာပေါင်း (၂)သိန်း(၄)သောင်းရှိတယ်။ အထက်တစ်ဝက်မှာ မြေသားဖြစ်ပြီး အောက်တစ်ဝက်မှာ ကျောက်သားဖြစ်တယ်။ မြေကြီးအောက်မှာ ယူဇနာ(၄)သိန်း(၈)သောင်းထူသော ရေပြင်ရေခဲတုံးကြီးရှိတယ်။ မြေအထုထက် နှစ်ဆကြီးမားတဲ့ ရေပြင်ရေခဲတုံးကြီးက မြေပြင်ကို မြှောက်ထားခြင်း ဖြစ်တယ်။ တဖန် ထိုရေပြင်ရေခဲတုံးကြီးကို ယူဇနာ(၉)သိန်း(၆)သောင်းရှိတဲ့ လေပြင်ကြီးက အောက်မကျအောင် ပင့်မြှောက်တိုက်ခက်ပေးနေတယ်။ အဲဒီလေပြင်ကြီးအောက်မှာမှ အဆုံးအပိုင်းအခြားမရှိသော ကောင်းကင်ကြီး တည်ရှိပါတယ်။ ထိုကောင်းကင်ကြီးအတွင်းတွင် မီးကလပ် အပြည့်ရှိနေတယ်။ ထိုအောက်တွင်မှ ငရဲကြီးရှစ်ထပ် အစဉ်အတိုင်း တည်ရှိနေပါတယ်။ ဒါကတော့ ကမ္ဘာမြေအောက်ပိုင်း တည်နေပုံပါ။

စကြာဝဠာတစ်ခုဟုသတ်မှတ်သော ကမ္ဘာမြေကြီးရဲ့အဝန်းအကျယ်မှာ ယူဇနာပေါင်း (၃)သန်း၊ (၆)သိန်း၊ (၁)သောင်း၊ (၃၅၀)ကို သတ်မှတ်၏။ ကမ္ဘာမြေဝန်းကြီးကို ကျောက်တောင်ကြီးများက ဝိုင်းဝန်းရစ်ပတ်ပြီး တံတိုင်းခတ်ထားကြတယ်။ ကမ္ဘာမြေကြီးရဲ့အတွင်းမှာ သမုဒ္ဒရာရေပြင်ကြီးရှိတယ်။ ထိုသမုဒ္ဒရာဟာ အနက်ဟာ ယူဇနာပေါင်း(၈)သောင်း(၄)ထောင်ရှိတယ်။ ရေပြင်အထက်မှာလည်း ယူဇနာပေါင်း(၈)သောင်း(၄)ထောင်၊ ရေတွင်းမှာလည်း ယူဇနာပေါင်း(၈)သောင်း(၄)ထောင်ရှိတယ်။ အဲဒီရေပြင်အထက်နဲ့ရေတွင်းနှစ်ခုပေါင်း (၁)သိန်း(၆)သောင်း(၈)ထောင်ဟာ မြင့်မိုရ်တောင်အမြင့်လည်း အဲဒီလောက်အတူတူမို့ မြင့်မိုရ်တောင် တည်ရှိနေပါတယ်။ အဲဒီတော့ သမုဒ္ဒရာရဲ့ရေပြင်၊ ရေတွင်း၊ ရေအနက် စုစုပေါင်းဟာ ယူဇနာ(၂)သိန်း၊(၅)သောင်း၊ (၂)ထောင်ရှိပါတယ်။ သမုဒ္ဒရာရဲ့အလယ်တည့်တည့်မှာရှိတဲ့ မြင့်မိုရ်တောင်ကတော့ အထက်ရေပြင် တာဝတိံသာနတ်ပြည်အထိ ယူဇနာရှစ်သောင်းလေးထောင်ရှိသကဲ့သို့ သမုဒ္ဒရာအတွင်း၌လည်း ရှစ်သောင်းလေးထောင်အမြင့် ရှိပါတယ်။

ထိုသမုဒ္ဒရာ၏ ပတ်ဝန်းကျင်တွင် သီဒါခေါ်သော မြစ်တစ်ခုခြားပြီး မြင့်မိုရ်တောင်၏အောက်တစ်ဝက်လောက်နိမ့်တဲ့ ယုဂန္ဓိုရ်တောင် ရှိပါတယ်။ အဲဒီလိုနဲ့ သီဒါမြစ်တစ်ခုတစ်ခုခြားကာ တောင်စဉ်(၇)ထပ် မြင့်မိုရ်တောင်ကို ဝိုင်းရံနေကြပါတယ်။ ထိုမြင့်မိုရ်တောင်နဲ့တောင်စဉ်(၇)ထပ်တို့ရဲ့ လေးမျက်နှာရေလယ်ခေါင်းတွင် ကျွန်းကြီးကျွန်းငယ်များ ရှိနေကြပါတယ်။ အဲဒီကျွန်းများတွင် လူစတဲ့သတ္တဝါများ နေထိုင်ကြတာကြောင့် အရှေ့ဘက်တွင်ရှိတဲ့ကျွန်းကို အရှေ့ကျွန်း၊ အနောက်ဘက်ကို အနောက်ကျွန်း၊ မြောက်ဘက်ကို မြောက်ကျွန်း၊ တောင်ဘက်ကို တောင်ကျွန်းလို့ သတ်မှတ်ခေါ်ဝေါ်ကြလေတယ်။

ယုဂန္ဓိုရ်တောင်ထိပ်မှာ စတုမဟာရာဇ်နတ်ပြည်တည်ရှိနေပြီး မြင့်မိုရ်တောင်ထိပ်မှာ တာဝတိံသာနတ်ပြည် တည်ရှိနေပါတယ်။ ဒီနတ်ပြည်(၂)ခုဟာ မြေပြင်နဲ့ဆက်စပ်နေလို့ မြေပြင်ရဲ့အမြင့်ဆုံးဖြစ်တဲ့ တောင်တွေပေါ်မှာ တည်ရှိနေတာပါ။ ကျန်တဲ့နတ်ပြည်၊ ဗြဟ္မာ့ပြည်တွေကတော့ ကောင်ကင်ပေါ်မှာ တည်ရှိနေကြပါတယ်။ ကောင်းကင်အလွှာအထပ်ထပ်တွင် ကျန်တဲ့နတ်ပြည်များဟာ တစ်ထပ်နှင့်တစ်ထပ် ယူဇနာအကွာအဝေး လေးသောင်းနှစ်ထောင်စီအကွာဖြင့် တည်ရှိနေကြတယ်။ မြင်းမိုရ်တောင်၏အထက် ယူဇနာ ငါးသန်းငါးသိန်းရှစ်ထောင်ဝေးသောအရပ်တွင် ဗြဟ္မာဘုံများ ရှိကြပါတယ်။

ဒါကတော့ စကြာဝဠာတစ်ခုရဲ့ကမ္ဘာမြေတည်နေပုံပါ။ စကြာဝဠာတစ်ခုအတွင်းမှာ နေတစ်ခု လတစ်ခု ရှိကြပါတယ်။ နေနဲ့လတို့ဟာ ယုဂန္ဓိုရ်တောင်နဲ့အမျှ ကောင်ကင်မှာ လက်ယာရစ် လှည့်ပတ်နေကြပေတယ်။ ဖြစ်ဖော်ဖြစ်ဖက် ပျက်ဖော်ပျက်ဖက် စကြာဝဠာတွေဟာ ကြမ်းပြင်ပေါ် ဆန်တွေစီချထားသလို စကြာဝဠာတောင်တွေ ခွေရစ်ပတ်နေကြပါတယ်။ ဒီစကြာဝဠာလို တည်ရှိနေကြသေးတဲ့ ကျန်တဲ့စကြာဝဠာပေါင်း မြောက်များစွာ မရေတွက်နိုင်အောင် ရှိပါသေးတယ်။ ဒါကြောင့် မြတ်ဗုဒ္ဓက စကြာဝဠာအနန္တ-ရေတွက်လို့တောင် မရနိုင်အောင် များစွာရှိတယ်လို့ မိန့်ခဲ့တာပါ။

တစ်ခါ လောကဓာတ်အနေနဲ့ ထပ်ရှင်းပြရမယ်ဆိုရင် ဖြစ်တူ-တည်တူ-ပျက်တူဖြင့် အတူတူဖြစ် အတူတူတည် အတူတူပျက်ကြတဲ့ စကြာဝဠာပေါင်း ကုဋေတစ်သိန်းကို မဟာလောကဓါတ်တစ်ခုလို့ခေါ်ပါတယ်။ အဲဒီမဟာလောကဓါတ်ကြီးကို တစ်သောင်းအုပ်စုတစ်ခုစီ ထပ်ခွဲလိုက်ပြီးလျှင် အဲဒီထဲကမှ တစ်သောင်းအုပ်စုတစ်ခုကို မဇ္ဈိမလောကဓါတ်ဟုခေါ်ပါတယ်။
မဇ္ဈိမလောကဓါတ်ကို စူဠလောကဓါတ်လို့ခေါ်တဲ့ စကြာဝဠာတစ်သောင်းနဲ့ ဖွဲ့စည်းထားပါတယ်။ အဲဒီတစ်သောင်းထဲက တစ်ခုတုန်လှုပ်ရင် တွဲဖက်ဖြစ်တဲ့ အခြားစကြာဝဠာ ကိုးထောင်ကိုးရာကိုးဆယ့်ကိုးခုကလည်း လိုက်ပြီးတော့ တုန်လှုပ်ပါတယ်။

ဦးဇင်းတို့ရဲ့ ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့ဟာ ဒီပင်္ကရာဘုရားရှင်အထံမှ နိယတဗျာဒိတ်ခံယူပြီးတော့ ဘုရားဖြစ်ဖို့အတွက် ငါဘာတွေကို လုပ်ရမှာပါလဲလို့ စဉ်းစားပါတယ်။ ဘုရားဖြစ်ဖို့အတွက် ပါရမီဆယ်ပါးကို ဖြည့်ကျင့်ရမယ်လို့ မိမိဘာသာ သိမြင်သောအခါမှာ ဦးဇင်းတို့ရဲ့ စကြာဝဠာဟာ အိုးထိန်းစက်ကဲ့သို့ တုန်လှုပ်ခဲ့ပါတယ်။ အဲဒီအခါမှာ ဦးဇင်းတို့ရဲ့ စကြာဝဠာနဲ့တွဲဘက်ဖြစ်တဲ့ စကြာဝဠာ ကိုးထောင်ကိုးရာကိုးဆယ့်ကိုးခုကပါ ဦးဇင်းတို့ရဲ့ စကြာဝဠာနဲ့အတူ လိုက်ပြီးတော့ တုန်လှုပ်ခဲ့ပါတယ်။ ဒါကို မဇ္ဈိမလောကဓါတ်တစ်ခုလုံး တုန်လှုပ်တယ်လို့ ခေါ်ပါတယ်။ ဒီအကြောင်းကို ဘုရားရှင်ကိုယ်တော်တိုင် ဗုဒ္ဓဝင်ပါဠိတော်မှာ ဟောကြားတော်မူခဲ့ပါတယ်။

အဲဒီမဇ္ဈိမလောကဓါတ်ရဲ့ အလယ်ဗဟိုတည့်တည့်မှာ စကြာဝဠာတစ်ခုရှိပါတယ်။ အဲဒီစကြာဝူဠာထဲမှာ အရှေ့ကျွန်း အနောက်ကျွန်း တောင်ကျွန်း မြောက်ကျွန်းဆိုပြီးတော့ ကျွန်းကြီးလေးကျွန်း ရှိပါတယ်။ အဲဒီကျွန်းကြီးလေးကျွန်းထဲက တောင်ကျွန်းမှာ မဇ္ဈိမဒေသအရပ်ဆိုတာရှိပါတယ်။ အဲဒီ မဇ္ဈိမအရပ်ဒေသမှာပဲ သဗ္ဗညုဘုရားရှင်များ၊ ပစ္စေကဗုဒ္ဓါဘုရားရှင်များ၊ပွင့်ကြပြီး ကျန်ကျွန်း(၃)ကျွန်းမှာ မပွင့်ကြပေ။ အခု ဦးဇင်းတို့နေထိုင်တဲ့ စကြာဝဠာအပြင် ကျန်တဲ့စကြာဝဠာများမှာလည်း ဦးဇင်းတို့နေထိုင်တဲ့ စကြာဝဠာလို သုံးဆယ့်တစ်ဘုံတွေ ရှိကြပါတယ်။ ဒါပေမဲ့ အဲဒီစကြာဝဠာတွေမှာ ဘုရားရှင်များ၊ လူအရိယာများမရှိကြဘဲ စကြာဝတေးမင်းနှင့် နတ်ဗြဟ္မာအရိယာများသာ ရှိကြပါတယ်၊၊

အဲဒီတော့ မဟာလောကဓါတ်ကြီးထဲက သဗ္ဗညုဘုရားရှင် ပွင့်တော်မူတဲ့ စကြာဝဠာတစ်ခုကို ဖယ်ထားလိုက်ရင် အခြားစကြာဝဠာပေါင်း ကုဋေကိုးသောင်း ကိုးထောင် ကိုးရာ ကိုးဆယ့် ကိုးကုဋေသော စကြာဝဠာတိုင်းမှာ သုံးဆယ့်တစ်ဘုံရှိတယ်။ ဘုရားရှင်များ၊ လူအရိယာများ၊ ရဟန်းအရိယာများ မရှိ။ နတ်အရိယာ၊ ဗြဟ္မာအရိယာနဲ့ စကြာဝတေးမင်းများသာ ရှိကြတယ်။ နတ်အရိယာ၊ ဗြဟ္မာအရိယာရှိနေပြီးတော့ ဘာဖြစ်လို့ လူအရိယာ၊ ရဟန်းအရိယာ မရှိရတာလဲလို့ မေးစရာဖြစ်လာပါတယ်။ လူအရိယာ၊ ရဟန်းအရိယာမရှိတာက သူတို့ဆီမှာ သဗ္ဗညုဘုရားရှင်များ မပွင့်ကြလို့ပါ။ ပစ္စေကဗုဒ္ဓါများ မရှိကြတာကတော့ ပစ္စေကဗုဒ္ဓါများဟာ သာသနာပများဖြစ်ကြသော်လည်း အလေ့အလာ ထုံးတမ်းစဉ်လာအားဖြင့် သဗ္ဗညုဘုရားမပွင့်တဲ့ စကြာဝဠာများမှာ ပစ္စေကဗုဒ္ဓါများလည်း မပွင့်ကြလို့ မရှိကြတာပါ။

အရိယာ နတ်တွေဗြဟ္မာတွေဟာ သူတို့ရဲ့ တန်ခိုးဣဒ္ဓိပါဒ်များနှင့် ဘုရားပွင့်တဲ့ စကြာဝဠာမှာ တရားနာလာကြပါတယ်။ ပြီးတော့ အရိယာဖြစ်ကြပါတယ်။ ဗုဒ္ဓစာပေကျမ်းဂန် အနှံ့အပြားမှာ ဘုရားရှင်ရဲ့ တရားပွဲတွေမှာ စကြာဝဠာတိုက်တစ်သောင်းက နတ်ဗြဟ္မာတွေ တရားနာလာကြတယ်ဆိုတာကို တွေ့ရှိနိုင်ပါတယ်။ ဒါကိုကြည့်ရင် အခြားစကြာဝဠာက လူတွေလည်း ဘုရားမပွင့်ပေမယ့် ကျွတ်တန်းဝင်နိုင်ကြပါတယ်။ သူတို့စကြာဝဠာမှာ စကြာဝတေးမင်းရှိတယ်။ သူက တရားသဖြင့် ဆုံးမအုပ်ချုပ်မယ်။ လူတွေဟာ စကြာဝတေးမင်းရဲ့ အဆုံးအမကို လိုက်နာပြီးတော့ သီလတွေထိန်းသိမ်းကြမယ်။ ဒါနေတွေပြုကြမယ်။ သမထတွေပွားများကြမယ်။ ပြီးတော့ နတ်ပြည် ဗြဟ္မာ့ပြည်တွေကို ရောက်မယ်။ ပြီးတော့ အဲဒီနတ်တွေ ဗြဟ္မာတွေဟာ ဘုရားရှင်ရှိရာကို လာပြီးတော့ တရားနာကြမယ်။ ကျွတ်တန်းဝင်ကြတယ်။ ဒီသဘောပါပဲ။

အထက်မှာ ပြောခဲ့တဲ့ အကြောင်းတရားတွေကို ထောက်ရှု့ပြီးတော့ အခြားသောစကြာဝဠာများမှာလည်း လူသားများ ဧကန်ရှိကြတယ်လို့ မှတ်ရပါမယ်။ ရတနသုတ်တော် ခန္ဒသုတ်တော် မောရသုတ်တော် ဓဇဂသုတ်တော် အာဋာနာရိယသုတ်တော်များရဲ့ အာဏာတော်ဟာ စင်္ကြာဝဠာပေါင်း ကုဋေတစ်သိန်းနဲ့ ဖွဲ့စည်းထားတဲ့ မဟာလောကဓါတ်ကြီး တစ်ခုလုံးကို ပျံ့နှံ့တည်တံ့ပါတယ်။ အထက်မှာ ပြောခဲ့တဲ့ မဟာလောကဓာတ်လိုမျိုး မဟာလောကဓါတ်တွေ အများကြီးပဲရှိပါတယ်။ အဲဒီ အကုန်လုံးသော မဟာလောကဓါတ်တွေကိုတော့ အနန္တလောကဓါတ်လို့ ခေါ်ဆိုပါတယ်။ ဒါကတော့ စကြာဝဠာအကြောင်းကို ပိုရှင်းအောင် ရှင်းပြတာပါ။

မြတ်ဗုဒ္ဓတာဝတိံသာကို ကြွချီတော်တဲ့အခါတုန်းက ရတနာစင်္ကြံမှာ ခြေတစ်ဖဝါးချပြီး လက်ယာခြေတော် လှမ်းတော်မူကာ ယုဂန္ဓိုတောင်ထိပ်မှာ တစ်ဖဝါး ချတော်မူပြီးနောက် မြင့်မိုရ်တောင်ထိပ်ကို တစ်ဖဝါးချတော်မူတယ်လို့ ဆိုကြပါတယ်။ တန်ခိုးတော်နဲ့သွားလို့ စုစုပေါင်း နှစ်လှမ်း၊သုံးဖဝါးနဲ့ ကြွချီတော် မူခဲ့တာပါ။
ကမ္ဘာတစ်ခုပျက်သောအခါ မြေ၊ မီး၊ လေ၊ ရေ စသော ဓာတ်ကြီးလေးပါးတစ်မျိုးမျိုးနှင့် ပျက်ပါတယ်။ ထိုသို့ကမ္ဘာပျက်သောအခါ သုံးဆယ့်တစ်ဘုံတွင် ကောင်းမှုအရင်းခံသောသူများသည် ကမ္ဘာပျက်ကာလတွင် ဒုတိယဈာန်ဘုံစတဲ့ ဗြဟ္မဘုံများမှာ ပြောင်းရွေ့နေကြရသလို မကောင်းမှု အရင်းခံသောသူများသည် အဝီစိငရဲတွင်နေပြီး ကမ္ဘာတံတိုင်းဟုခေါ်သော မဲမှောင် ပိတ်ဖုံးနေသည့် ချောက်နက်ကြီးများတွင် ပြောင်းရွေ့ကာ ဒုက္ခခံကြရတယ်။

ယခုလို ကျယ်ပြောလှတဲ့ ဘုံလောကများကိုတွေးကြည့်ရင် သံသရာ၏ ကြောက်မက်ဖွယ်ကို သိမြင်လာပါလိမ့်မယ်။ ဘဝမျိုးစုံကို လိုချင်နေသမျှ ကာလပတ်လုံး ဘဝသံသရာတွင် ကျင်လည်နေကြရကာ ဒုက္ခပင်လယ် ဆိုက်ရောက်နေဦးမည်မို့ ကြောက်မက်ဖွယ်ရာသံသရာမှ အမြန်ဆုံးလွတ်အောင် ဒါန၊ သီလ၊ ဘာဝနာများကို အသက်ရှင်စဉ် ဘဝကောင်းလေးမှာ များများပြုလုပ်ပေးဖို့ လိုအပ်တယ်ဆိုတာ အားလုံးသိကြလိမ့်မယ် ထင်ပါတယ်။

တကယ်တော့ မြင့်မိုရ်တောင်ဟာ အဆမတန်ကြီးမားပြီး နု့ညံ့တာကြောင့် သာမန်လူတွေရဲ့ မျက်စိနဲ့ဖြစ်စေ၊ သာမာန်လူတွေလုပ်ထားတဲ့အရာဝတ္ထုနဲ့ဖြစ်စေ မြင်ဖို့ရန် ခဲယဉ်းလှပါတယ်။ ဒါဟာလည်း သဘာဝကျပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါးကျပ်လောက်ပေးရင်ရတဲ့ အရာဝတ္ထုနဲ့ တစ်သိန်းလောက်ပေးမှမြင်ရမဲ့အရာကို မြင်ချင်ပါတယ်။ မြင်မှဖြစ်ပါလိမ့်မယ်လို့ အတင်းအော်နေရင်လည်း အော်တဲ့လူသာ အရူးဖြစ်မှာပါ။ ခုလည်း မြင့်မိုရ်တောင်ဟာ အလွန်အင်မတန်ကြီးမားပြီး နု့ညံ့လှတဲ့အတွက်ကြောင့် အဲဒီအရာဝတ္ထုကိုမြင်နိုင်တဲ့ ဒိဗ္ဗစက္ခုအဘိညာဉ်ရသူတွေသာ မြင်နိုင်တာပါ။ မိမိတို့က တကယ်မြင်ချင်တယ်ဆိုရင်တော့ ငါးကျပ်တန်ကုသိုလ်ကောင်းမှု၊ လုံးလဝီရိယလေးနဲ့ မြင်ချင်တယ်အော်မနေဘဲ တစ်သိန်းလောက်ပေးမှရတဲ့ ဒိဗ္ဗစက္ခုအဘိညာဉ်ရအောင် ကြိုးစားကြည့်ရမှာပါ။

ဒါကြောင့်လည်း လယ်တီဆရာတော်ကြီးက နိုင်ငံခြားသာတစ်ယောက်ကို မင့်တို့ လေးငါးခြောက်သိန်းပေးရတဲ့ မှန်ဘီလူးနဲ့တောင် အဝေးကြီးမှာရှိတဲ့ အရာတွေကိုမြင်ရသေးရင် လေးသချေင်္နဲ့ကမ္ဘာတစ်သိန်း ပါရမီများစွာကို ပင်ပန်းခံဖြည့်ကျင့်မှရတဲ့ သဗ္ဗညုတဉာဏ်က မင့်တို့ မှန်ဘီးလူးတွေထက် အဆပေါင်းများစွာ အစွမ်းထက်ရမှာပေါ့။ မင့်တို့ မှန်ဘီးလူးနဲ့ကြည့်လို့မရတဲ့အရာကို မရှိဘူးဆိုပြီး လျှောက်ပြောလို့မရဘူးလေ။ မင့်တို့မှန်ဘီးလူးက ဒီတစ်ဘဝစာရင်းရင် ရတယ်။ သဗ္ဗညုတဉာဏ်က လေးသချေင်္နဲ့ကမ္ဘာတစ်သိန်းတောင် ရင်းခဲ့ရတာ။ အဲဒါကြောင့် မင့်တို့ မှန်ဘီးလူးထက် သာတယ်ဆိုတာ မင့်ယုံရမယ်လို့ နိုင်ငံခြားသားတစ်ယောက်ကို ပြောလိုက်တဲ့အခါ နိုင်ငံခြားသားလည်း ခေါင်းမိုင်ချပြီး အရှုံးပေးခဲ့ရပါသတဲ့။

ဒီထက်မက မြင့်မိုရ်တောင်နဲ့ စကြာဝဠာအကြောင်းကို ပိုမိုပြည့်စုံစွာသိရှိချင်ပါက ပထမဦးဆုံး ဝိသုဒ္ဓိ (၁၊ ၁၉၉) http://tipitakamyanmar2.blogspot.com/2011/08/blog-post_7312.htmlမှာ လောကဝိဒူအဖွင့်ကိုပြထားတဲ့ အခန်း(၁၃၅)ကနေ စဖတ်ကြည့်လိုက်ပါ။ ဒုတိယအနေနဲ့ ဂန္ဓာရုံဆရာတော်ကြီးရဲ့ ရတနာ့ဂုဏ်ရည်စာအုပ်ထဲက လောကဝိဒူအကြောင်းကို ဖတ်ကြည့်ပါ။ တတိယအနေနဲ့ကတော့ တည်တောဆရာတော်ကြီးရဲ့ အမေးအဖြေများ အမှတ်စဉ်(၂)ကို ဖတ်ပါ။ စတုတ္ထအနေနဲ့ကတော့ ဓမ္မာစရိယ လွှမ်းအောင်ရေးထားတဲ့ ဤစကြာဝဠာစာအုပ်ကို ဝယ်ဖတ်ပါ။ အဲဒီစာအုပ်ဟာ အင်တာနက်မှာ ဝယ်ရမည့်စာအုပ်ဖြစ်နေသဖြင့် ဦးဇင်းလည်း ဝယ်ဖတ်မရလို့ သေချာပြည့်စုံပါမပါတော့ မသိရသေးပါ။ သို့သော် အင်တာနက်ကနေ ဝယ်နိုင်မည့်လူများ၊ မြန်မာပြည်ကလူများ ဝယ်ယူဖတ်ကြည့်လျှင် မြင့်မိုရ်တောင်အကြောင်းကို ပြည့်စုံစွာ သိရပါလိမ့်မယ်။ စာအုပ်မာတိကာမှာတော့ အပြည့်စုံရေးထားတယ်လို့ http://www.myanmarbookshop.com/MyanmarBooks/BookDetails/18595ဒီဆိုဒ်မှာ ကြေညာထားတာ တွေ့ရပါတယ်။

မှတ်ချက်– ဤမြင့်မိုရ်တောင်နဲ့စကြာဝဠာအကြောင်းများကို ဦးဇင်းအား ခဏခဏအမေးခံရ၍ စာဖတ်ပရိသတ်များသိရှိစေရန်အကျိုးငှါ ဦးဇင်းနေရာစုံမှ ရှာဖွေဖတ်ရှု့ပြီး ရေးသားတင်ပြလိုက်ခြင်းဖြစ်တာကြောင့် ဦးဇင်းထက်ပိုမိုကာ ဗဟုသုတပြည့်စုံသူ စာဖတ်ပရိတ်များအနေဖြင့် အမှားတွေ့ပါကလည်း အမှန်ပြင်ပေးကြဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။ စာဖတ်သူအားလုံး ဗဟုသုတကြွယ်ဝကာ မိမိဘာသာကို ပိုမိုလေ့လာယုံကြည်ပြီးသကာလ ပိုမိုလေ့လာလိုက်စားနိုင်ပြီးလျှင် ဒါန၊ သီလ၊ ဘာဝနာများကိုလည်း နေ့စဉ်မပြတ်ပြုလုပ်ပြီး ပန်းတိုင်ကိုလျင်မြန်စွာ ရောက်ကြပါစေလို့ ဆန္ဒပြုဆုတောင်းပေးနေလျက်……။

အရှင်ကောမလ(ခ)ဆန်နီနေမင်း
Sanninaymin@gmail.com
http://www.sanninaymin.com/
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။

12 comments

  • TITAN

    February 25, 2012 at 1:08 pm

    ဦးဇင်း
    ဘုရား တစ်ဆူနှင့်တစ်ဆူ ပွင့်တော်မူဖို့ ကြားထဲမှာ နှစ်ပေါင်းဘယ်လောက် ကွာခြားပါသလဲ ဘုရား?

  • windtalker

    February 25, 2012 at 3:24 pm

    မှန်လှပါ ၊ ယခု ပို ့စ်ပါအကြောင်းအရာများအတွက် ဗဟုသုတ တိုးပွားရကြောင်းပါ ဘုရား

  • ဆူး

    February 25, 2012 at 3:47 pm

    ဦးဇင်းလည်း ကျန်းမာ ချမ်းသာပါစေ။

  • ဆန်နီနေမင်း

    February 25, 2012 at 5:28 pm

    အရိမေတ္တေယျဘုရားရှင်နဲ့ ကမ္ဘာဖြစ်ပေါ်လာပုံ အမေးအဖြေမှာ ဘုရားတစ်ဆူနဲ့တစ်ဆူ ဘယ်လောက်နှစ်အရေအတွက်ခြားတယ်ဆိုတာ ရှင်းပြထားပါတယ်။ အဲဒီပို့စ်ကို ဒီဆိုဒ်မှာဖြစ်စေ၊ ဦးဇင်းဆိုဒ်မှာဖြစ်စေ ပြန်လည်ရှာဖွေဖတ်ကြည့်လိုက်ပါ။

  • ကြောင်ကြီး

    February 25, 2012 at 8:37 pm

    ဗဟုသုတ များစွာဖြစ်ရပါသည် အရှင်နေမင်းကြီးဘုရား…
    မဟာပထဝီမြေထု ယူဇနာနှစ်သိန်းလေးသောင်းကို ငရဲခုနှစ်ထပ် တခုနဲ့တခု အကွာအဝေးနဲ့တွက်ရင် ကွဲလွဲတယ်လို့ ရေးတာဖတ်ဖူးပါတယ်။ ကမာ္ဘမြေထုပမာဏ၊ စတြာဝဠာအကျယ်အဝန်း စတာတွေသည် ပြန့်လိုက်ကျုံ့လိုက် အစဉ်ပြောင်းလဲနေလို့ တရားသေ သတ်မှတ်မရနိုင်ပါ။ ပညတ်အနေနှင့် ရှိနေသော ရုပ်တရားတခုအား အချိန်တခုအတွက် ထားခဲ့ခြင်း ဖြစ်ပါမည်။ ဘုရားတဆူနှင့် တဆူအကြား ကမာ္ဘမြေထုထည် တယူဇနာကျော် မြင့်တက်လာသည်ဟုလည်း ကာလနဂါးအကြောင်း ပို့စ်တပုဒ်တွင် ဖတ်ရပါသည်။ လူအများ သိနေကြသည့် ဘဒ္ဒကမာ္ဘဆိုသည်မှာ အချိန်ကာလတခုမျှသာ ဖြစ်ပြီး လက်ရှိတည်မှီရာ ထိတွေ့ကိုင်တွယ်လို့ရသည့် ကမာ္ဘဂြိုလ်ကို ရည်ညွှန်းခြင်းမဟုတ်ကြောင်း မှတ်သားဖူးပါသည်။
    ကမာ္ဘပျက်ရန် ဘုရားပွင့်ခြင်း မပွင့်ခြင်းနှင့် တိုင်းတာသော ကမာ္ဘပေါင်းများစွာ အင်္သချေအနန္တကြာမြင့်သဖြင့် ထုထည်ပမာဏ အပြောင်းအလဲကို သာမာန်မျှ မမှတ်ယူနိုင်ကြောင်း ယူဆပါသည်။ စာအချို့တွင် ယနေ့လူသက်တမ်းသည် ၇၅နှစ် ဖြစ်ကြောင်း ရေးကြပါသည်။ တပည့်တော် နားလည်သည်မှာ လူ့သဘာဝ ရုပ်လက္ခဏာ စသည်တို့ပြောင်းလဲရန် ထိုထက်မက နှစ်ပေါင်းကြာရှည်စွာ အချိန်ယူရပါသည်။ ဤသည်ကို ဆရာတော်တချို့ မည်သို့တွက်သည်မသိ သာသနာနှစ် ၅၀၀ဝကုန်လျင် လူ့သက်တမ်း ၂၅နှစ်သာ ကျန်မည်ဟု ဆိုသူဆိုကြပါသည်။ ဆုံးစမဲ့ သံသရာ သဘောကို အကျင့်အားဖြင့် လက်ခံနိုင်လျင် ကျမ်းဂန်လာ အချိန် ထုထည် အတိုင်းအတာများသည် နှိုင်းရသဘောသာရှိကြောင်း၊ ရှိခြင်းမရှိခြင်း ဖြစ်ခြင်းမဖြစ်ခြင်း ဟုတ်ခြင်းမဟုတ်ခြင်း စသဖြင့် ဝိစ္ဆည်းကိစ္စ သံသယပွားဖို့ထက် သင်္ခါရသဘော ဆိုလိုကြောင်း စိတ်ရှင်းနိုင်ကြပါမည်။

  • ဆန်နီနေမင်း

    February 25, 2012 at 9:59 pm

    သိပ္ပံပညာရဲ့တွေ့ရှိချက် မြင့်မိုရ်တောင်ဓာတ်ပုံများကို ဦးဇင်းဆိုဒ် http://www.sanninaymin.com/ မှာ တင်ထားပေးလိုက်ပါပြီ။ ခုလို တင်ထားပေးလိုက်တော့ သိပ္ပံမှသိပ္ပံဖြစ်နေတဲ့လူတွေ သိပ္ပံမျက်စိဟာ ဒိဗ္ဗစက္ခုကို မမီဘူးဆိုတာ သိရအောင်လို့ တင်ပေးလိုက်တာပါ။ အထူးသဖြင့်တော့ တစ်ဘဝစာရင်းလို့သိရတဲ့ အသိပညာဟာ ဘဝပေါင်းများစွာပင်ပန်းခံပြီး ဖြည့်ကျင့်မှရတဲ့ ဒိဗ္ဗစက္ခုကို တုလို့မရဘူးဆိုတာ သိရအောင်ပေါ့နော်။

  • မဟာရာဇာ အံစာတုံး

    February 26, 2012 at 11:38 am

    အရှင်ဘုရား …
    တပည့်တော် တစ်ခုလောက် မေးပါရစေ ဘုရား …။
    ငရဲပြည်ဟာ မီးကလပ် အောက်မှာ တည်ရှိတယ်လို့ ဆိုထားပါတယ် ဘုရား၊ အဲဒီထဲက မီးကလပ် ဆိုတာ ဘာကို ဆိုလိုတယ်ဆိုတာ တပည့်တော် သဘောမပေါက်၊ မသိပါ၍ ရှင်းပြပေးစေချင်ပါသည် ဘုရား … ။

  • ဆန်နီနေမင်း

    February 26, 2012 at 2:44 pm

    ဦးဇင်းတို့ မြန်မာနိုင်ငံမှာ ရှင်လောင်းလှည့်တဲ့အခါ မိန်းကလေးများ ရွှေသင်္ကန်းတင်ကိုင်တဲ့အရာကို ကလပ်လို့ ခေါ်ပါတယ်။ အဲဒီကလပ်ဟာ အဝိုင်းလေးဖြစ်ပြီး နဘေးမှာ အနားကွက်လေး ရှိပါတယ်။ အဲဒီအဝိုင်းအနားကွတ်ပေါ်မှာ မီးတွေပြည့်နပ်နေသလို ကောင်းကင်အတွင်းရှိ မီးများဟာလည်း ကလပ်နဲ့တူတဲ့ ကောင်းကင်ထဲမှာ မီးတွေပြည့်လျှံနေခြင်းကို ပြောတာပါ။ ဒါက စကြာဝဠာတစ်ခုရဲ့ ကောင်းကင်အတွင်းဝယ် မီးများပြည့်နေခြင်းကို ကလပ်နဲ့နှိုင်းယှဉ်ပြခြင်း ဖြစ်ပါတယ်။

  • မိုးချမ်းမြေ့

    February 26, 2012 at 2:46 pm

    (တကယ်တော့ မြင့်မိုရ်တောင်ဟာ အဆမတန်ကြီးမားပြီး နု့ညံ့တာကြောင့် သာမန်လူတွေရဲ့
    မျက်စိနဲ့ဖြစ်စေ၊ သာမာန်လူတွေလုပ်ထားတဲ့အရာဝတ္ထုနဲ့ဖြစ်စေမြင်ဖို့ရန် ခဲယဉ်းလှပါတယ်။
    ဒါဟာလည်း သဘာဝကျပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါးကျပ်လောက်ပေးရင်ရတဲ့
    အရာဝတ္ထုနဲ့ တစ်သိန်းလောက်ပေးမှမြင်ရမဲ့အရာကို မြင်ချင်ပါတယ်။ မြင်မှဖြစ်ပါလိမ့်မယ်လို့ အတင်းအော်နေရင်လည်း အော်တဲ့လူသာ အရူးဖြစ်မှာပါ)…တဲ့…..။ အရှင်ဘုရား…
    အဲဒီမြင့်မိုရ်တောင်ဟာ ဘယ်လိုအရိယာမျိုးမှ..မြင်နိုင်မှာပါလဲဘုရား..။ အခုလက်ရှိ
    ဗုဒ္ဓဘာသာဝင် လူ၊ ရှင်ရဟန်းမှန်သမျှ…တရားဓမ္မကျင့်ကြံကျိုးကုတ်အားထုပ်လို့
    တရားတွေရကြတဲ့အခါရော…မမြင်နိုင်ဘူးတော့ဘူးလားဘုရား..။ မြန်မာပြည်မှာ
    ကျော်ကြားဆဲ… ရဟန္တာဆိုတဲ့ဆရာတော်ကြီးများလည်း..တကယ့်ကိုမြင်ဘူးပါတယ်လို့… ပြောသံမကြားဖူး… ပျံလွန်တော်မူသွားတဲ့ရဟန္တာဆိုတဲ့ဆရာတော်ကြီးများလည်း.. .မြင်ဘူးပါတယ်
    ဆိုတဲ့အသံလည်းမကြားဖူးတော့…ဖြစ်နိုင်တော့…မြင့်မိုရ်တောင်ကိစ္စဟာတော့..ရှင်းစရာမလိုဘူး
    လို့..ရိုးရိုးသားသားပဲ..ထင်မိပါတယ်ဘုရား..။ အဲဒါကို မရှင်းနိုင်လို့…တပည့်တော်တို့ဗုဒ္ဓဘာသာ
    က ရှက်စရာလည်းမဟုတ်နိုင်ပါဘူး…။ အဲ….မမြင်နိုင်၊ မသိနိုင်တဲ့..သဘာဝထက်လွန်နေတဲ့
    ရှင်းချက်တွေကသာ…တခြားဘာသာဝင်တွေ ရီစရာကြီးဖြစ်နေတာပါ။ ဘုရားရှင်ကလည်း
    အဲ့ဒီ ကိစ္စတွေကိုတော့ မင်းတို့ရှင်းမှဖြစ်မယ်လို့လည်း မမှာခဲ့သလို…မြင့်မိုရ်တောင်ကိစ္စမျိုးကို
    တကူးတကန့်တောင် ပြောခဲ့မယ်မထင်ပါဘူး…။ တကယ်ရှင်းရမှာက…လူတွေမှာလာရောက်
    ကပ်ငြိနေတဲ့ ဒုက္ခရယ်..ဒုက္ခဖြစ်ကြောင်းသမုဒယရယ်…ဒုက္ခကလွတ်ရာနိယောဓရယ်….
    ဒုက္ခကနေလွတ်ကြောင်းလမ်းကောင်းဖြစ်တဲ့ မဂ္ဂ ဆိုတဲ့…သစ္စာလေးချက်ကိုသာ အဓိကထား
    ရှင်းကြရမှာပါ…။ ဒိဗ္ဗစက္ခုဆိုတာက…သူများမမြင်နိုင်တဲ့အရာကို မြင်နိုင်စွမ်းတဲ့အရာဖြစ်တယ်
    ဆိုရင်တောင်…ဘယ်လိုမှ..သက်သေပြလို့မရတဲ့..အဖြစ်ဆိုရင်တော့….ခုလက်ရှိလူ့အဖြစ်
    ရခြင်းနဲ့…ကို်ယ်ယုံကြည်ရာဆိုတာဟာ…သူများပြောသမျှခေါင်းငြိမ့်ပြီး သေသွားရမလိုဖြစ်မနေ
    ဘူးလား..ဘုရား..။ (ရိုးရိုးသားသားဆွေးနွေးမိခြင်းပါဘုရား..။)

    • ကြောင်ကြီး

      February 26, 2012 at 9:24 pm

      ပို့စ်အစပိုင်းမှာ ဆရာတော်ဦးနေမင်းကိုယ်တိုင် ဘာကြောင့်ရေးရသလဲ ပြောထားပါတယ်။ ဒီအကြောင်းအရာမျိုးဆိုတာ ရေးရေး မရေးရေး အပြောခံရတာ မလွတ်ပါဘူး။ ဒါကြောင့်ပဲ မြတ်စွာဘုရားက မြားဒဏ်ရာ ဘယ်ကလာသလဲထက် မြားဆိပ်ကုဖို့ အရေးကြီးကြောင်း ဟောခဲ့တာပါ။ ပြောပြန်တော့လည်း မယုံသူများ ဝေဖန်တာခံရမယ်၊ ယုံလွန်းသူများကြတော့လည်း သိယုံနဲ့မပြီး လျောက်တွေးတော စိတ်ကူးယဉ်ကြမယ်။ နှစ်ဦးနှစ်ဖက် အကျိုးမရှိဖို့ သေချာသလောက်ပဲ။ မပြောဘဲထားပြန်တော့ ရှေးလူများ စိတ်ကူးတည့်ရာ ရေးထားသလို ဖြစ်တယ်။ သို့မဟုတ် ဒီဖက်ခေတ်မှာ ပါရမီရှိသူ တဦးဦး ငရဲ၊ နတ်ပြည်၊ မြင့်မိုရ်တောင်၊ ကျွန်းလေးကျွန်း စတာတွေကို မြင်တွေ့ကြား အဘိညာဉ်တန်ခိုးနဲ့ ဈာန်ပျံနိုင်ခဲ့ရင် သဗ္ဗေညုတညဏ်ပိုင်ရှင် မြတ်စွာဘုရားတောင် ငါသိသလို သိပါ့မလား ဆိုတဲ့ ပြစ်မှားတဲ့ သံသယ ဝင်လာနိုင်တယ်။ ပညတ်တွေဖြစ်လို့ အတည်ယူယူ အတည်မယူယူ နှစ်ခုစလုံး အကျိုးထက် အပြစ် များပါတယ်။
      လက်တွေ့သိမြင်တွေ့ဖူးသူများ ရှိမရှိ၊ ရှိခဲ့မရှိခဲ့ဆိုတာ ယုံကြည်မှု သဒ္ဓါတရားပါး။ ကာယကံရှင်က ဘေးလူကို လက်ဆွဲခေါ်သွားလို့ ရတာမှ မဟုတ်တာ။ မြတ်စွာဘုရားလက်ထက် မပြောနဲ့ ဒီဖက်ခေတ်မှာ ရုပ်နယ်လွန်ဖြစ်ရပ်၊ ဒေသများကို သိမြင်တွေ့ဖူးသူ အများရဲ့ မှတ်တမ်းမှတ်ရာ ရှိပါတယ်။ စာအုပ် အင်တာနက်များ ရှာကြည့်ပါ။ တခု သတိပြုရမှာ လူနဲ့ပတ်ဝန်းကျင် အညမည အပြန်အလှန် ဆက်နွယ်မှု။ ဆန္ဒဘယ်လောက်ရှိရှိ ဝီရိယဘယ်လောက်ကောင်းကောင်း ရုပ်ခန္ဓာမခိုင်ခံ့ရင် ဈာန်ကနေ အဘိညာဉ်ကို မကူးနိုင်ဘူး။ ဒီဖက်ခေတ်မှာ ဒိဗ္ဗစက္ကုလို ကိုယ်တိုင် သိနိုင်တဲ့ တန်ခိုးသာ တွေ့ရတယ်။ အစာအသောက် ရာသီဥတု စတာတွေ မမှန်လို့ လိုအပ်တဲ့ ရုပ်ခန္ဓာကြံခိုင်မှု ကင်းမဲ့ပြီး အဘိညာဉ်အဆင့် မရောက်လို့ ယုံကြည်ကြတယ်။ တန်ခိုးဆိုရာမှာလည်း အဆင့်ဆင့်ရှိတယ်။ အကြားအမြင်ပေါက်တိုင်း အကုန်မသိနိုင်ဘူး။ အဘိညာဉ်တန်ခိုးရတောင် တန်ခိုးရဖို့ ဈာန်ဝင်စားရသေးတယ်။ အဲသလိုဝင်နိုင်ဖို့ ကြိမ်ဖန်များစွာ ဈာန်အလေ့အကျက်ပြုရတယ်၊ ဝသီဘော်နိုင်အောင် လုပ်ရတယ်။ ကိလေသာကင်းတဲ့ ရဟနာ္တ မပြောနဲ့ ဈာန်နိုင်နင်းသွားပြီဆိုရင်တောင် မိမိရထားတဲ့ ဈာန်ချမ်းသာနဲ့ နေချင်မှာပါ။ အားအားယားယား လူတွေသိချင်တာ ဖြေဖို့ လုပ်ပေးပါ့မလား..။ ပြောတိုင်းလည်း ရမှာမဟုတ်၊ အတိတ်ကံမပါလာရင် ရှေ့မှာလာရပ်ပြတောင် မမြင်နိုင်ဘူး..။
      အခြားလူများ ပျက်ရယ်ပြုစရာ ဖြစ်မယ်ဆိုတာကို နှစ်ပိုင်းခွဲချင်တယ်။ (၁) အခြားဘာသာဝင်များမှာလည်း ငရဲ နတ်ပြည်ရှိတယ်။ ဒီတော့ သူတို့ရယ်သွမ်းရင် ကိုယ့်ဘာသာကိုယ် ပျက်ရယ်ပြုတာနဲ့ အတူတူပဲ။ ကျနော်တို့က အပြောမဟုတ် လက်တွေ့ဖြစ်လို့ အတိအကျ မှတ်တမ်းရှိတယ်လို့တောင် ဂုဏ်ယူနိုင်တယ်။ (၂) ဘာသာမဲ့များကြတော့ နဂိုထဲက မယုံတာ၊ ဘာလုပ်လုပ် ဝေဖန်မှု ရှိနေမှာပဲ။ သူတို့လို တွေးခေါ်နိုင်မှ အပြောလွတ်မယ်။ ဥပမာ – မိုးပြားဂိုဏ်းလိုဆို ဖြစ်တယ်။ သို့ပေမဲ့ ဘာသာတရား မမည်တော့ဘူး။ အတွေးအခေါ် တခုဖြစ်သွားပြီ။
      တကယ်သိချင်ရင် မတွေးနဲ့ မကြံစည်နဲ့၊ လက်တွေ့ လုပ်ကြည့်။ အနီးစပ်ဆုံး အာနာပါန ကမ္မဌာန်းရှိတယ်။ သမာဓိတည်လာလျင် စိတ်တန်ခိုးဆိုတာ ဖြစ်နိုင်ပါလားဆိုတာ သိလာမယ်။ မြေလျှိုးမိုးပျံ၊ အကြားအမြင်ပေါက်လို အဆင့်မြင့်မှ သိနိုင်တာ မဟုတ်ဘူး။ Physics ကွမ်တမ်သီအိုရီ မှန်ကန်တိကျပုံကို ပီအိပ်ချ်ဒီ ပါရဂူဘွဲ့ရမှ မဟုတ်၊ ဘတ်ချ်လာ ဒီဂရီလောက်ရရင်လည်း လက်ခံနိုင်ပါတယ်။

      • မိုးချမ်းမြေ့

        February 27, 2012 at 4:14 pm

        ကိုကြောင်ကြီး….။ ကျေးဇူးတင်ပါတယ်…။
        ကျွန်တော်က…အဲ့ဒီဂိုဏ်းဆိုတာတွေကို…မေ့ထားတာကြာပါပြီ။ မြန်မာပြည်မှာသာမက
        ကမ္ဘာပေါ်မှာ..သူတို့ကအဆိုးဆုံးဖြစ်နေတာလေ..။ သို့သော်လည်း..ကိုယ့်ရဲ့အသိဉာဏ်ကို
        လွတ်လပ်ခွင့်ပေးပြီး..ပေါ့ပါးစေတဲ့..ယုံကြည်မှုကိုရမယ်ဆိုရင်တော့…ဘယ်ဂိုဏ်းကအယူ
        အဆကိုမဆို…လက်ခံကျင့်သုံးမှာပါ..။ (ဒီစကားပြောလို့…ဗဟာအီဂိုဏ်းဝင်လို့မထင်ပါနဲ့)
        တခုလေးတော့မေးပါရစေနော်…။ ဘာသာတရားဆိုတာ…အတွေးအခေါ်မဲ့…ယုံကြည်ရတဲ့
        အရာလား..။ အတွေးအခေါ်ဆိုတာ…ဘာသာ(အလင်းလို့…ပြောကြတာရှိပါတယ်)နဲ့…
        လုံးဝမပတ်သက်ရမယ့်..သဘောလား..။ သတ်သတ်ဆီလား…။ လုံးဝကို…မဆိုင်တာလား..။
        ဘာသာရေးဆိုတာ….အတွေးအခေါ်နဲ့မဆိုင်ဘူးဆိုရင်တော့…။ ဟုတ်မှာပါဗျာ……….။
        ဒါက…ကိုယ်ပိုင်ယူဆနိုင်တဲ့..ဆုံးဖြတ်နိုင်တဲ့…လွတ်လပ်မှုပါပဲ…။ မကန့်ကွက်ပါဘူး…။
        တွေးမနေပါနဲ့တော့…..

  • ဆန်နီနေမင်း

    February 26, 2012 at 2:59 pm

    မြင့်မိုရ်တောင်ဟာ ဒိဗ္ဗစက္ခုအဘိညာဉ်ရမှ မြင်နိုင်ပါမယ်။ ရဟန္တာဖြစ်သော်လည်း တန်ခိုးအဘိဉာဉ်မရသူတွေ ရှိပါတယ်။ ကိလေသာကင်းရုံနဲ့ တန်ခိုးရတာ မဟုတ်သလို တန်ခိုးရပြီး ကိလေသာမကင်းတာလည်း အများကြီးရှိပါတယ်။ ဘုရားရှင်လက်ထက်ကလည်း ရဟန္တာများစွာရှိခဲ့ပေမဲ့ ဒိဗ္ဗစက္ခုအဘိညာဉ်မျိုး တန်ခိုုးဣဒ္ဓိပါဒ်မရခဲ့တဲ့ ရဟန္တာများစွာ ရှိခဲ့ပါတယ်။

Leave a Reply