ငွေတောင်ပြည်က ပြန်ခဲ့တယ်

ပင်လယ်ရေမျက်နှာပြင်အထက် ၂၉၅ဝ ပေဆိုတာကိုတွေ့လိုက်ရရင်ပဲ ကယားပြည်နယ် လွိုင်ကော်မြို့မှ လှိုက်လှဲစွာကြိုဆိုပါ၏ ဆိုတဲ့ မြို့အဝင်ဆိုင်းဘုတ်ကိုမြင်ရမှာပါ။  မြို့အဝင် ခက်လှမ်းလှမ်းကတည်းက စိမ်းစိမ်းစိုစို တောင်တန်းတွေနဲ့ လမ်းဘေးဝဲယာက ကြက်ဆူပင်တန်းတွေကိုငေးကြည့်ရင်း မြို့ကလေးကိုကြည့်ရတာ ကြည်နူးစရာကောင်းနေတော့တာပါ။ လတ်ဆတ်တဲ့ လေကောင်းလေသန့်ရဲ့ ရနံ့ကို မြို့ကြီးတွေမှာ မရနိုင်ပေမယ့်လို့ သည်တောင်ပေါ်ဒေသမှာတော့ ပိုက်ဆံပေးဝယ်စရာမလိုပါပဲ အလကားရှူချင်သလောက် ရှူလို့ရနိုင်ပါတယ်။ မြို့အဝင် လိုင်းပေါင်းစုံ အဝေးပြေးကားဂိတ်ကိုရောက်တော့ တွေ့တဲ့ သုံးဘီးဆိုင်ကယ်ကိုဌားရင်း စတင်ပြီးခရီးဆက်နိုင်ပါပြီ။မြို့ကြီးတွေလို ပြောင်းလည်းမှုတွေ မရှိပါပဲ တည်တည်ငြိမ်ငြိမ်ရှိနေတဲ့ မြို့ကိုကြည့်ရတာ လွမ်းမောဖွယ်ပဲကောင်းနေသလိုလို။ လမ်းတလျှောက်ကိုကြည့်တော့ မြို့ကလူတွေလည်းအသွားအလာမပျက် အရင်အတိုင်း သွားလာလှုပ်ရှားမပျက်ကြ။ လောပိတလမ်းတစ်လျှောက်ကိုကြည့်လိုက်တော့လမ်းဘေးဝဲယာ က စိမ်းစိမ်းစိုစို။ လမ်းတစ်လျှောက် ဝင်လာတော့  ကန္ဒာဟေဝန်ဆိုတဲ့ ပန်းခြံကိုတွေ့ရတယ်။

ပန်းခြံကြီးထဲမှာတော့ ဖားစည်ကြီးတွေခြံရံလျှက် လွှတ်လပ်ရေးကျောက်တိုင်ကိုတွေ့ရတယ်။ ခက်လှမ်းလှမ်းက ဌာနဆိုင်ရာ အခမ်းအနားများကျင်းပရာ စင်မြင့်တစ်ခုကိုတော့ ကိန္ဒရီ ကိန္ဒရာ မောင်နှံ ပန်းပုရုပ်နဲ့မြင်ရတာ အလွန်လှတဲ့ မြင်ကွင်းလေးတစ်ခုပေါ့။ ပန်းခြံနဲ့ မျက်စောင်းထိုးမှာတော့ လောကနတ်ရုပ်ကြီးနဲ့အတူ မြို့တော် ခမ်းမ ကြီးကိုလည်းမြင်ရဦးမှာပါ။အဲဒီလမ်းအတိုင်းဆင်းလာခဲ့တော့ ဝင့်ထည်ခန့်ညားလှတဲ့ သာသနာ့ ဗိမ္မာန် ကိုတော့ ရွှေရောင်တဝင်းဝင်းနဲ့ မြင်ရမှာပါ။ ကပ်လျှက်မှာတော့ မြို့နာမ်စေတီတော်ကို ဖူးမြော်နိုင်ပါတယ်။ အရင်ကတော့ ရွှာနာမ်စေတီတော်လို့ လူသိများထင်ရှားခဲ့တာလို့ ဆိုကြပါတယ်။ စေတီတော် ရင်ပြင်ပေါ်မှာတော့ အလောင်းမင်းတရား ဦးအောင်ဇေယျရဲ့ အောင်မြေတစ်ခုလည်းရှိနေပါသေးတယ်။  မြို့နာမ်စေတီတော်နဲ့ မနီးမဝေးမှာတော့ မြို့ရဲ့ ကျက်သရေဆောင် နာရီစင်ကြီးကို ငွားငွားစွင့်စွင့်ကြီးတွေရဦးမှာပါ။ နာရီစင်ကနေ အနည်းငယ်လောက်ဆင်းလာတော့ လမ်းအရှေ့ဘက်က သီရိဒေါမြို့ဝ် ဆိုတဲ့ ဆိုင်းဘုတ်လေးကိုလည်း ထူးထူးခြားခြားတွေ့ရပါသေးတယ်။

ရောက်ရောက်ချင်း ခရီးမဆန့်နိုင်လို့ သူငယ်ချင်းတစ်ယောက်ရဲ့ အိမ်မှာနားပြီး နောက်ရက်မှ လျှောက်လည်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နောက်ရက်မှာတော့ လွိုင်ကော်မြို့ရဲ့ နာမည်ရ ဘုရားတစ်ဆူဖြစ်တဲ့ သီရိမင်္ဂလာ တောင်ကွဲစေတီတော်ကို အရင်သွားလာလည်ခဲ့ပါတယ်။ စေတီတော်အဝင်ဝကိုရောက်ရင်ပဲ စေတီတော် ရင်ပြင်တော်ကို တက်ရောက်ဖို့ ရင်ထဲမှာ တလှပ်လှပ်ဖြစ်လာပြီ ရင်တွေတောင် ခုန်မြန်လာတော့တယ်။ ကျောက်တောင်ကြားက သင်္ဘောတစ်စင်းထိုးထွက်လာပုံကိုက စွဲဆောင်မှုတစ်ခုပါ။ တောင်တက်လှေကားထစ်တွေက  အနည်းငယ်မတ်စောက်လှတာမို့ တက်ရတာ နည်းနည်းတော့ မောသလို။ မောပေမယ့်လည်း မကြုံဖူးတဲ့ တောင်တက်အတွေ့အကြုံမို့ ပျော်ရှင်စရာကောင်းလှပါတယ်။ ကျောက်တောင်တွေ တစ်လုံးနဲ့ တစ်လုံးအကြား တံတားလေးတွေ ခင်းထားတာကြောင့်လည်း တံတားပေါ်က ဖြတ်လျှောက်ရင်း အောက်ဘက်ကို ငုံ့ကြည့်ရတာကိုက ရင်ခုန်လှိုက်မောဖွယ်ကောင်းနေတော့တာပါ။ မကြာခင်မှာပဲ တောင်ကွဲစေတီတော်ရဲ့ တောင်ထိပ် ဘုရားရင်ပြင်တော်ပေါ်ကိုရောက်တော့ လေတဖြူးဖြူးနဲ့ အပေါ်စီးက မြင်ရတဲ့ လွိုင်ကော်မြို့မြင်ကွင်းကို ရင်တပ်ရှူမောဖွယ် မြင်ရပါတယ်။ အဝေးက ရွာနာမ်စေတီခေါ် မြို့နာမ်စေတီကိုလည်း သပ္ပါယ်စွာ ဖူးမြော်နိုင်ပါသေးတယ်။ တောင်ကွဲစေတီရဲ့ အနောက်ဘက်မြင်ကွင်းကိုတော့ လယ်ကွင်းတွေ လယ်ကွက်တွေနဲ့ တမျှော်တခေါ်ကြီးတွေ့ရပါတယ်။ ဘုရားရင်ပြင်တော်ကနေမြင်နေရတဲ့ ဘုရားတွေရှိသေးတာကြောင့် သူငယ်ချင်းကိုမေးကြည့်တဲ့အခါ ရွှေတောင်စေတီ၊ တပ်ဦးစေတီ၊ လွမ်းစေတီခေါ် ဘေးမခတောင်စေတီ စသဖြင့် သိခွင့်ရခဲ့ပါသေးတယ်။ ကွေ့က ကောက်ကာ စီးဆင်းနေတဲ့ ဘီလူးချောင်းနဲ့ပေါ်စီးကနေမြင်နေရတဲ့ နည်းပညာတက္ကသိုလ် အဆောက်အဦးကိုလည်း ဝင့်ထည်စွာ မြင်တွေ့ရပါသေးတယ်။

တောင်တော်ပေါ်ကနေစင်းလာတော့ တောင်ကွဲစေတီရဲ့ အနောက်ဘက်က မိုးကောင်းဘုရားကြီးကိုလည်း ဖူးမြော်ခဲ့ရပါသေးတယ်။  တောင်ကွဲစေတီတော်က အပြန်မှာတော့ လွိုင်ကော်မြို့ရဲ့ ဈေးကြီးတစ်ခုဖြစ်တဲ့ သီရိမင်္ဂလာ ဈေးကြီးကို ဝင်လည်ဖြစ်ပါသေးတယ်။ တိုင်းရင်းသားအစုံအစုံ ရောင်းဝယ်နေတဲ့ ဈေးကြီးထဲမှာ ဝယ်ချင်စရာတွေကလည်း အစုံစုံပါ။ ဈေးဝင်ဝင်ချင်းမှာပဲ သပြေငုတ်တွေကို ရောင်းချနေတာတွေ့ရတော့ မေးကြည့်တဲ့ အခါ ဒီမြို့ကလူတွေက ဘုရားပန်းကို သပြေငုတ်မပါမဖြစ်ဆိုရလောက်အောင် တင်လှူကြတယ်တဲ့။ သပြေငုတ်တွေကလည်း တစ်ခါဝယ်ရင် နောက်တစ်ခါ တော်တော်နဲ့မဝယ်ရတော့ပဲ ရေလဲပေးနေရုံနဲ့ အညွှန်တလူလူနဲ့ အလွန်လှတာတဲ့။ အောင်အတိတ် အောင်နမိတ်ဆောင်တဲ့ သဘောလို့ပြောနေပါသေးတယ်။

နောက်တစ်ခုက ဈေးသူဈေးသားတွေက လူမျိုးစုံနေတာကိုလည်းတွေ့ခဲ့ရပါသေးတယ်။ ပအို့ဝ်၊ ကယား၊ ရှမ်း၊ ဗမာစသဖြင့်ပေါ့။ လက်ဖက်ခြောက်ရနံ့တွေရယ်၊ ကုန်ပစ္စည်းနံ့တွေရယ်၊ တိုင်းရင်းသားစကားသံ ဝဲဝဲတွေရယ် အားလုံးက ပနံရနေသလိုပါပဲ။ လွိုင်ကော်မြို့က ကယားလုံချည်တွေကိုလည်းတွေ့ခဲ့ရပါသေးတယ်။ ဝယ်ချင်ရင် ယက်ကန်းရုံအထိလိုက်ပို့မယ်လို့ သူငယ်ချင်းကပြောလာတာကြောင့် မဝယ်ဖြစ်တော့ပါဘူး။ ဈေးအနောက်ဘက်ကို ရှာရှာပေါက်ပေါက်ရောက်တော့ ပလိုင်းလေးတွေဘေးချလို့ ပုလင်းလေးတွေထောင်ထားတာကိုတွေ့ရတော့ အဲဒါဘာရောင်းတာလဲလို့ သူငယ်ချင်းဖြစ်သူကိုမေးကြည့်တော့ ခေါင်ရည်ရောင်းတာလို့ ပြောပြပါတယ်။ ကိုယ်လည်း သောက်ကြည့်ချင်တာနဲ့ ဝယ်သောက်ဖြစ်ခဲ့ပါသေးတယ်။

အဲဒီဈေးကနေအပြန်မှာတော့ အသွားတုန်းကမဖြတ်ခဲ့ရတဲ့ ဂျပန်တံတားဆိုတာကိုလည်း ဖြတ်ခွင့်ရခဲ့ပါသေးတယ်။ လွိုင်ကော်တက္ကသိုလ်ကိုသွားရောက်ဖို့ တေးထားလိုက်ပါသေးတယ်။

နောက်တစ်ရက်မှာတော့ လွိုင်ကော်တက္ကသိုလ်ကိုမသွားခင် ယဉ်ကျေးမှုဗိမာန်ကိုအရင်ဝင်ဖို့ သူငယ်ချင်းဖြစ်သူကပြောလာပါတယ်။ ကယားပြည်နယ်ရဲ့ ယဉ်ကျေးမှုဗိမာန်ကို ဝင်ကြည့်ခွင့်ရဖို့ဆိုတာ အခွင့်အရေးတစ်ခုပေမို့ သဘောတူခဲ့ပါတယ်။ ယဉ်ကျေးမှုဗိမာန်မှာတော့ အကြာကြီးမလည်ဖြစ်ပါပဲ တိုင်းရင်းသားယဉ်ကျေးမှုပြကွက်တွေကိုပဲကြည့်ဖြစ်ခဲ့ပါတယ်။ ယဉ်ကျေးမှုဗိမာန် ရဲ့ စာကြည့်တိုက်မှာလည်း ခဏတဖြုတ်လေ့လာကြည့်တော့ စာအုပ်တွေတော်တော်စုံလင်နေတာကိုတွေ့ခဲ့ရပြန်ပါတယ်။ ယဉ်းကျေးမှုဗိမာန်ကအဆင်းမှာတော့ လွိုင်ကော် Goft Clubကို မြက်ခင်းစိမ်းစိမ်းနဲ့တွေ့မြင်ရမှာပါ။ မြင်တွေ့နေရတဲ့ အလယ်ကကန်က ဘာကန်လို့ ခေါ်သလဲလို့မေးတော့ ထေးဌားလျားကန်လို့ ဆိုပါတယ်။ ကန်ရေပြင်ကတော့ ကြည်လင်လို့ရယ်ပါ။ ကန်ပတ်လမ်းအတိုင်းလာခဲ့တော့ မြင်တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် အံ့ဩမိပါတယ်။ ဘာကြောင့်လည်းဆိုတော့ လွိုင်ကော်တက္ကသိုလ်ကြီးက ခန့်ခန့်ညားညားကြီး ရှိနေတာကြောင့်ပါ။ ပြည်နယ်သေးသေးလေးဆိုပေမယ့်လည်း သည်လို တက္ကသိုလ်အဆောက်အဦးကြီးတွေ ကြီးကြီးမားမားရှိနေတာကိုက ဂုဏ်ယူစရာမဟုတ်လား။ သည်တက္ကသိုလ်မှာတော့ ဒေသခံ ကယားတိုင်းရင်းသူ တိုင်းရင်းသားတွေအပြင် ပအို့ဝ်၊ ရှမ်း၊ အင်း၊ ယင်းဘော်၊ ကယော၊ ကယာန်း၊ ကေဘား စတဲ့ တိုင်းရင်းသူ တိုင်းရင်းသားတွေ လာရောက် ပညာသင်ယူနေကြတာဟာ စည်းလုံးမှုရဲ့ သင်္ကေတတစ်ခုလို့ ထင်မြင်မိပြန်ပါသေးတယ်။ အဲဒီက အပြန်မှတော့ နောင်ယားကန်ကို ဝင်ကြည့်ခဲ့ပါသေးတယ်။ တောင်ဘက် က ဘီလူးချောင်းရဲ့ အထက်ဘက်မှာတည်ရှိနေတဲ့ သည်နောင်ယားကန်ဟာ အနည်းငယ်တော့ ထူးဆန်းလို့နေပါတယ်။ နောင်ယားကန်ကနေ လှမ်းမြင်နေရတဲ့ တောင်ကွဲစေတီတော်ဟာ အဝေးကကြည့်လည်း သပ္ပါယ်စွာ မြင်တွေ့နေပြန်တာပါ။

နာမည်ကြီးလှတဲ့ လောပိတ ရေအားလျှပ်စစ်စက်ရုံကိုတော့ မရောက်ဖြစ်ပါဘူး။ အနည်းငယ်အလှမ်းဝေးတာကြောင့် မရောက်ဖြစ်တာပါ။ လွိုင်ကော်မြို့နဲ့ မိုင်အားဖြင့် (၂၆)မိုင်တာရှိတဲ့ လွိုင်လင်လေးရွာလေးမှာတည်ရှိနေတဲ့ ထီးစဲခါးရေတံခွန်လေးကိုလည်းရောက်ခဲ့ပါသေးတယ်။ ရေတံခွန်ဟာ အထပ်သုံးဆင့် တည်ရှိပြီ ရေစီးသန်နေတာကိုလည်း သတိပြုခဲ့မိပါသေးတယ်။ ဦးစိုင်းကြီးလုံဆိုတဲ့သူက ရှာဖွေတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ ရေတံခွန်ပြုပြင်မွန်းမံယူပြီး လူအများလာရောက်လည်ပတ်နိုင်အောင် ပြုလုပ်ထားတာကိုက ချီးကျူးစရာကောင်းလှပါတယ်။

ထီးပွင့်ကန်နဲ့ ငွေတောင်ဆည်ကိုတော့  ရောက်နိုင်ဖို့မသေချာလှတော့ပါဘူး။ ထီးပွင့်ကန်ကလည်း လပြည့် လကွယ်နေ့ရက်တွေမှာသာ ထီးပွင့်တတ်တယ်လို့ဆိုတာကြောင့် လပြည့် လကွယ်ရက်နဲ့ မတိုက်ဆိုင်တာကြောင့် မသွားဖြစ်တော့ပါဘူး။ ငွေတောင်ပြည်လို့ တင်စားခေါ်ဝေါ်ကြတဲ့ လွိုင်ကော်မြိ်ု့ ကယားပြည်နယ်ဟာ အများထင်သလိုမဟုတ်ပဲ သာယာအေးချမ်းနေတာကိုလည်း တွေ့ခဲ့ရပါတ.ယ်။

လွိုင်ကော်မြို့ကိုရောက်ပြီး မလည်ဖြစ်တဲ့နေရာတွေလည်း အချိန်မရတာကြောင့်မရောက်ဖြစ်တော့တာပါ။ သည်လိုနဲ့ ရောက်တုန်းရောက်ခိုက် နေရာမစုံပေမယ့်လို့ အချိန်ကုန်ခံပို့ပေးတဲ့ သူငယ်ချင်းကို နုတ်ဆက်ခဲ့ပြီ (၅)ရက်မြောက်နေ့မှာပဲ လွိုင်ကော်ကနေပြန်ခဲ့ပါတော့တယ်။ အပြန်လမ်းမှာတော့ သုဓနုနဲ့ ဒွေးမယ်နော်တို့ရဲ့ ဇာတ်လမ်းလေးကို တွေးကြည့်ရင်း……နုတ်ဆက်ခဲ့ပါတယ် ငွေတောင်ပြည်ရေလို့ စိတ်ထဲမှာ ပြောလိုက်မိပါတော့တယ်။

မှတ်ချက်။    သူငယ်ချင်းတစ်ယောက်၏နေရာမှ ပြန်လည်ခံစားရေးဖွဲ့ပါသည်။ အပြည့်အစုံရေးရန် အင်တာနက်ဆိုင်မှာ အချိန်မပေးနိုင်ပါသောကြောင့် အတိုချုံ၍ရေးသားလိုက်ပါသည်။ အမှားပါခဲ့ပါက ခွင့်လွှတ်ကြပါရန် ပန်ကြားအပ်ပါသည်။