အိမ်မှာ ကြာပန်းလေးတွေ ရောင်စုံ စိုက်ပျိုးခဲ့တာကတော့ အသိတယောက်က စပြီး အပင်လေးတွေ လက်ဆောင်ပေးတာကနေစပြီးတော့ အိမ်မှာ ကြာပင်လေးတွေ စိုက်ပျိုးခဲ့တယ်။ ပန်းပင်တွေ ရောင်းတဲ့ ဆိုင်တွေကို ရောက်ရင် အိမ်မှာ မရှိသေးတဲ့ အရောင်လေးတွေ ရှာဝယ်ခဲ့တယ်။ အရူးထခြင်း တမျိုးဖြစ်မှာပေါ့။ ရွှေဂုံတိုင်က တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ မနက်စာ သွားစားခဲ့ရင်လည်း အ၀င်အထွက်တိုင်းမှာ ပွင့်လန်းနေတဲ့ ကြာပန်းပင်လေးတွေကို အားကျမိတယ်။

ကြာပန်းလေးတွေရဲ့ သဘာဝက မနက် နေရောင်ခြည်မှာ ပွင့်လန်းကြပြီးတော့ ၁၂နာရီ ကျော်ရင်တော့ ကြာပန်းလေးများ ပြန်ငုံသွားတတ်ပါတယ်။ အပွင့် တခါပွင့်ရင် ၅ရက် မှ ၁ပတ်လောက် အထိ ခံပြီးတော့ မနက်ပွင့်လိုက် နေစောင်းသွားရင် ပြန်ငုံ သွားလိုက်နဲ့ အပွင့်တပွင့် ပွင့်လို့ မဆုံးခင်မှာတင် နောက်ထပ် အပွင့် တပွင့်က လိုက်လာတဲ့ အတွက် တပွင့် မရှိတော့ရင် နောက်တပွင့်က ပွင့်ပေးနေတဲ့ အခါ အမြဲတန်း ပန်းပွင့်နေတဲ့ ပန်းအိုးကလေး ဖြစ်နေတာကလည်း ကြာပန်းပင်လေးရဲ့ ဆွဲဆောင်မှု နဲ့ အလှအပ တရားတခုလို့ ဆိုရမလားပဲနော်။

မနက် အိပ်ယာ နိုးတဲ့ အချိန် အိမ်ရှေ့ကို ကြည့်လိုက်တဲ့ အခါ ရေနဲ့ ကြာပွင့်လေး ပွင့်နေတဲ့ အိုးကလေးတွေက ကျက်သရေ ရှိတယ် လို့ ခံစားရတယ်။

စိတ်အတွေးအယူအဆ ဆိုပေမဲ့ ကောင်းတဲ့ စိတ်နဲ့ တွေးတော့ စိတ်ကြည်လင်မှုကိုတော့ ဖြစ်စေတယ်လို့ ယုံကြည်တယ်။

ကြာပန်း စိုက်ပျိုးနည်းက သိပ်တော့ မခက်ခဲလှပါဘူး။ အပေါက်မပါတဲ့ ပန်းအိုးကြီး တစ်အိုးထဲကို အင်ဒုံလေးထဲ ရွံ့နှုန်း နဲ့ အတူ ကြာပင်လေး စိုက်ထားရင် ဖြစ်ပါတယ်။ ရေကန်ကြီးထဲမှာလို မြေနေရာ ကျယ်ကျယ် မဟုတ်တဲ့ အတွက် အမြဲပွင့်ပြီး လန်းဆန်းနေအောင်တော့ ကြာပန်းတွေမှာ ထည့်တဲ့ အားဆေးလေးကို တပတ် တစ်ကြိမ် ရွံ့ ထဲမှာ မြုပ်ပေးရတယ်။ အဲဒီ ဆေးပြားလေးတွေ မြေပဒေသာ ကျွှန်း ရောက်ရင် ကဒ်တွေ အများကြီး တစ်ခါတည်း ၀ယ်ထားပြီး တစ်ပတ် တစ်ကြိမ် အချိန်ပေးပြီး အားဆေးကျွေးပါတယ်။ ဆေးမပြတ် ကျွှေးတဲ့ အတွက် အမြဲကို လန်းဆန်းပြီး ပွင့်နိုင်နိုင်တာလို့ ဆိုရမှာပေါ့။

ခြံထဲမှာ သစ်ပင်ကြီးတွေ မိုး သွားလို့ အဆင်မပြေတာနဲ့ ခြံ အပြင်ထုတ်ထားတော့ ဖြတ်သွားတဲ့ လူတိုင်းက အပွင့်လေးတွေ ကြည့်သွားတာကို အထဲကနေကြည့်ပြီး ပီတိ ဖြစ်မိတာကလည်း တစ်မျိုး စိတ်ချမ်းသာတယ်။ တခါတရံ အိမ်နီးနားခြင်းတွေကလည်း ပန်းတွေ အမြဲပွင့်တာ ငါတို့ ဖြတ်သွားတာ မြင်တဲ့ သူတွေတောင် စိတ်ချမ်းသာတယ် နင်တို့လည်း ပန်းတွေ အမြဲ ပွင့်တော့ လာဘ်ကောင်းတာပေါ့ လို့ ပြောသံ ကြားရင် သိပ်ဝမ်းသာ မိတယ်။ ပန်းပျိုးသူ ပီတိ ဆိုတာ ဒါမျိုးကို ပြောတာ ဖြစ်မှာပေါ့လေလို့ တွေးမိတယ်။ အတွေးတွေ လှပြီး ကြည်နူးပေမဲ့ သဘာဝ ကတော့ သဘာဝပဲပေါ့ ရေ နဲ့ ကြာ ဆိုပေမဲ့ ကြာပင်လေးတွေ ရေညှိစွဲတာမျိုး ရေညှိလေးတွေ အကြောင်းပြုပြီး ခရုတွေပေါက်ပြီး အပင်တွေကို ၀ါးစား ကိုက်ဖျက်တာမျိုးတွေ ရှိပြန်ပါသေးတယ်။ ၁ပတ် တခါ ပန်းပင်လေးတွေ အားဆေးထည့်တဲ့ အချိန် ရွံ့ ထည့်ထားတဲ့ အင်ဒုံလေးကို အပြင်ထုတ်ပြီး ရေထည့်ထားတဲ့ ပန်းအိုးကြီးကို ဘရပ်နဲ့ ရေညှိကုန်အောင် တိုက်ချွတ်ဆေးကြောတဲ့ အလုပ်ကလည်း တာဝန် တခုလို ဖြစ်လာပါတော့တယ်။ အပင်မှာ အပွင့် ဘယ်လောက် လှလှ ရေကြည်နေမှ တင့်တယ်မှာ မဟုတ်လား.. ဒါကတော့ လုပ်ရမှာပေါ့လေ.. ဖြစ်သင့်ပါတယ်လေ.. ရေကန် မဆေးတာ ကြာရင်တော့ ခရုပေါက်ပြီး အပွင့်တွေ မျိုးတုန်း ကုန်မပေါ့.. ရေကန်ကတော့ အချိန်မှန် လဲပေးသင့်ပါတယ်လေ.. ဒီလိုနဲ့ တပတ် တပတ် နဲ့ လုပ်ခဲ့တာ ကိုယ်တိုင် မဟုတ်တော့ မသိသာခဲ့ဘူး။ နှစ်ပေါင်းများစွာ တူတူ နေထိုင်လာတဲ့ ကလေးမလေးက မဲပေးဖို့ အတွက် ရွာမှာ မှတ်ပုံတင် လုပ်ပေးနေတယ် ဆိုတော့ သွားလုပ်ချည် ဆိုပြီး အပြန်လက်ဆောင် မုန့်ဖိုးနဲ့ လစာ ၆လ စာလောက် ကြိုပေးလိုက်တယ်။ သူကလည်း လိုလို လားလား ပြန်လာပါမယ်ဆိုတော့ နေ့စဉ် မြင်တွေ့ နေရတဲ့ သံယောဇဉ်နဲ့ စိတ်ဓါတ် ကို သဘောပေါက်လို့ မညိုမညင် ထုတ်ပေးလိုက်ပါတယ်။ သူပြန်သွားတော့ ကြာအိုးတာဝန် ဆူး ဘက်လှည့်လာပါတော့တယ်။ ဖြစ်ချင်တော့ ကောင်မလေးက အဝေး ရောက်ပြီ ဆိုတော့ အကြောင်းပြချက် မျိုးစုံနဲ့ မလာနိုင်တော့ဘူး ဆိုတော့လည်း ဘယ်တတ်နိုင်မလဲ ကိုယ့် အိမ် အလုပ်တော့ ကိုယ်လုပ်ရမှာပဲ ဆိုတဲ့ အသိစိတ်နဲ့ ကိုယ်ထူ ကိုယ်ထ ကိုယ့်ဘ၀ အခြေအနေ ကိုယ့်အား ကိုကိုးမှ ကိုယ်သာ အရှင် ဖြစ်မယ် ဆိုတဲ့ သီချင်းလေး အတိုင်း လုပ်ရအုန်းမပေါ့ကွယ် ဆိုပြီး လုပ်ရတော့တာပေါ့။

တပတ်တခါ ကြာအိုးတွေ သန့်ရှင်းရေးတွေလုပ်ရင်းနဲ့ အတွေးတခုက ၀င်လာတာမှ လင်းကနဲ ကို ဖြစ်သွားတယ်။ ဘန်ကောက်မှာ လမ်းမတွေမှာ ကြာအိုးတွေ ချ ထားပြီးတော့ ရေညှိ မရှိပဲ ပန်းလေးတွေ ပွင့်နေတာ တွေ့တော့ ဒီလို နေရာမျိုး ဘယ်သူမှ သန့်ရှင်းရေး လာလုပ်မှာ မဟုတ်ဘူး အဆင်ပြေနေတာ ကြာအိုးထဲမှာ ငါးထည့်ထားလို့ ဖြစ်ရမယ် ဆိုတဲ့ အတွေးနဲ့ ငါးမွေးချင်စိတ်ပေါက်သွားပါတယ်။ တစ်ချက်ခုတ် ၂ချက် ၃ချက် ပြတ်ပြီလို့ကို တွေးလိုက်မိပါတယ်။ ငါးရဲ့ သဘာဝက ရေညှိကြိုက်ပါတယ်။ အဲဒိ ရေညှိကို သီးသန့် ခပ်ထားလိုက်ရင် အလိုလို သဘာဝအတိုင်း တီကောင် နီနီလေးတွေ ပေါက်လာပါတယ်။ ဒါကတော့ သဘာဝ ဖြစ်တည်မှု ကို တွေ့ရှိမှု သက်သက်ပါ။

ငါးရောင်းတဲ့ ဆိုင်တွေ သွားပြီးတော့ ငါးတွေ လိုက်ကြည့်ရတာ အမောဖြစ်ခဲ့ပြီပေါ့။ ငါးဆိုင်မှာ ဟိုမေး ဒီမေး အိမ်ရှေ့မှာ ကြာကန်ထဲမှာ ငါးတွေ ထည့်ထားမှာ မို့ အသက်ပြင်းပြီး ဒဏ်ခံနိုင်ရည် ရှိတာလေး ပေးပါဆိုပြီး မေးမြန်းတော့ ဆိုင် အရောင်းစာရေး ကောင်လေးက ဒေါင်းငါးကို လက်ညိုးညွန်တယ်။ ဒါနဲ့ အထီး ၂ကောင် အမ ၂ ကောင် ပေးပါ ဆိုပြီး ၀ယ်လာခဲ့လိုက်တယ်။ အိုးတိုင်းမှာ ငါး ၂ကောင်စီ ထည့်မယ် အရင် ထည့်ထားမယ် တခြား အိုးတွေကိုတော့ မထည့်သေးဘူး အခြေအနေ စောင့်ကြည့်မယ် ဆုံးဖြတ်ထားလိုက်တယ်။ မနက်မိုးလင်းတိုင်း အပြေး အလွား ငါး အကောင် ရေ စစ်ရတဲ့ အလုပ်တခု ပိုလာခဲ့ပါတယ်။ ဆိုင်က ကောင်လေးက မှာလိုက်ပါတယ် ဒီဒေါင်းငါးက ဗိုက်ပူနေတာ မကြာခင် ပေါက်လိမ့်မယ်။ ဗိုက်ပူ နေတဲ့ ဒေါင်းငါး ကို ကြည့်ရင်းနဲ့ ဘယ်တော့ ပေါက်ပြီး များလာ မလဲ ဒါပဲ စောင့်ကြည့်နေရင်းနဲ့ မိုးရွာတဲ့ အခါ ကြာကန် ရေလျှံတော့ သူတို့ ပျော်တယ် ထင်ပါရဲ့ ခုန်ပေါက်ရင်းနဲ့ အောက်ကျပြီး သေသွားရှာတယ်။ ငါးအကောင်ရေ မများလာပဲ နည်းနည်း သွားလိုက်တာ အမ တစ်ကောင်ပဲ ကျန်တော့တယ်။ သူ အားတက်အောင် နောက်ထပ် ငါး အထီ အမ လေးတွေ ၀ယ်ထည့်ပေးရင် ကောင်းမလား တွေးနေရင်းနဲ့ မိုးတွေ အုံ့လာရင် မိုးမရွာခင် ကြာအိုး ရေလျော့မှ ဖြစ်မယ် ဆိုတဲ့ အသိနဲ့ ရေတွေ ခပ်နဲ့ ခွက်ပြီး လျော့ရတဲ့ အလုပ်တခု ပိုတိုးလာပြန်ပါတယ်။ ငါးအထီး တကောင် သွားဝယ်ပြီး ထည့်ပေးလိုက်ပြီး မကြာခင်မှာ ဒေါင်းငါး အကောင်လေးတွေ အများကြိးပေါက်ကတော့တယ်။ ငါးတွေ ဘယ်အချိန်က ပေါက်နေမှန်း မသိပေမဲ့ သတိတရ ရှိတဲ့ အချိန်သွားကြည့်လိုက်တဲ့ အခါ ငါးတွေ ပေါက်တာ မြင်ပြီး ငါးမကြီး မတွေ့တော့ပါလား ရှာဖွေရင်းနဲ့ ပန်းအိုးကြားထဲမှာ ငါးကလေး ရေပြတ်လို့ သေရှာနေခဲ့ပြီ။ ငါးသားပေါက်ကလေးတွေ အများကြီး ကျန်ခဲ့တော့ နေ့တိုင်း အစာကျွှေး သဘာဝ ရေညှိစားရင်းနဲ့ ငါးတွေ နည်းနည်း ကြီးလာတဲ့ အခါ ပုလဲငွေရောင် လက်လက် ထ နေတဲ့ ဒေါင်းငါး မကြီးက ပေါက်တဲ့ ငါးကလေးတွေက မဲမဲ သဲသဲ အဖြူ အမဲ အစက်အပျောက် တွေနဲ့ ဒေါင်းငါးတွေ ဖြစ်နေတာ သတိထားမိတယ်။

ငါးတွေ ရှိတော့ ကြာကန် ရေညှိမတက်ပေမဲ့ ငါးချီးတွေ များလို့ ကန်က ညစ်ပတ်ပြီး အနံ မကောင်းတာမျိုးတွေ ဖြစ်တတ်တော့ အပတ်စဉ် ကြာကန်ရေဆေးပြီး ငါးချီးကို ပိုက်နဲ့ စုပ်ထုတ်တဲ့ အလုပ်ပိုလာပါတော့တယ်။ မိုးကလေးများ အုံ့ရင် ငါးကလေးတွေ ရေထဲ ခုန်ပေါက်လို့ အောက်ရောက်သွားမှာလည်း စိတ်ကပူရသေးတယ်။ အကောင် ၁၀၀ ၀န်းကျင်လောက် ရှိ သော ငါးကလေးများ သက်တမ်းတွေကလည်း တိုကြတော့ အရွယ်ရောက်တဲ့ ငါး အနေအထား ဖြစ်တဲ့ အခါ အကောင် ၂၀ လောက်သာ ကျန်ပါတော့တယ်။ အသက်ဖြစ်လာပြန်တော့လည်း အသက်ရှည်ဖို့ ဆိုတာ တော်တော် ခက်ခဲတဲ့ အရာပဲ ဆိုတာ သတိထားမိလာတယ်။ အရွယ်ရောက်တဲ့ ငါးကလေးတွေ ထုံစံ အတိုင်း ငါးပူတင်းလေးတွေလို ဗိုက်ပူနေတဲ့ ငါး နဲ့ ပိန်ပိန်ပါးပါး ငါး ဆိုပြီး သိသိသာသာ အထီးအမ ကွဲပြားလာပါတော့တယ်။ ငါးဗိုက်ပူကလေးတွေ ဘယ်တော့ ပေါက်မလဲ စောင့်သာ ကြည့်ရတယ် ငါးဗိုက်ပူ လေးတွေ တဖြုတ်ဖြုတ် နဲ့ လျော့ပါးသွားလိုက်တာ ငါးဗိုက်ပူ တစ်ကောင်ပဲ ကျန်တော့တယ်။ သတိထားမိတဲ့ အချိန်မှာ ငါးမလေး ဗိုက်ပူ ရေမကူးတော့ပဲ ငြိမ်သက်စွာ ရွံ့ပေါ်မှာပဲ ကြက်ကလေး ငှက်ကလေးများလို ၀ပ်နေတာ မြင်တော့ သူ နေမကောင်းဘူး ဆိုတဲ့ စိတ်ခံစားမှုကိုတော့ တွေးမိပါတယ်။ ထင်တာ မမှားဘူးဆိုရင် အရှေ့က ငါးမလေးတွေ ဗိုက်ပူလာပြီး ငါးကလေးတွေ မပေါက်ပဲ သေသွားကြတယ် ဆိုတော့ ငါးမပေါက်နိုင်လို့ သေသွားတယ် လို့ တွေးမိပြီး နောက်ဆုံးကျန်တဲ့ ငါးမလေး ဗိုက်ပူကိုလည်း ရှင်သန်စေချင်တဲ့ စိတ်ကလေး ဖြစ်မိတာ အမှန်ပါပဲ။ ငါးကန်ထဲမှာ အထီးက အမ နောက်ကို တကောက်ကောက် လိုက်ပြီး တွတ်တာ မြင်မိတာရယ် အရှေ့က ငါးဗိုက်ပူလေးတွေ သေကုန်တာရယ် တွေးပြီး သီးသန့် ဖယ်ထားပေးထားလိုက်ပါတယ်။ သူငယ်ချင်း ဆရာဝန် ကိုမေးတော့ ငါး သဘာဝ က အထီးတွေက အမ တွေ အမြန် ပေါက်နိုင်အောင် တွန်းအားပေးတဲ့ သဘောမျိုး ကူညီပေးတာပါ တူတူ တွဲ ထားမှ အဆင်ပြေမယ်လို့ ပြောပါတယ်။ ငါးမလေး ဗိုက်ပူ ရေတောင် မကူးနိုင်တာ အနောက်က လိုက်တွတ်တဲ ဒဏ်ခံနိုင်ပါ့မလားတွေးမိတယ်။ နောက်ဆုံးတော့ ဘာလုပ်ပေးရမလဲ တွေးရင်းနဲ့ ကြံရာ မရ အကြံ တခုပေါ်လာခဲ့တယ်။ ပရိတ်ကြီး ပါဠိတော်မှာ ပါတဲ့ အင်္ဂုလိမာလသုတ် ရွတ်ပေးရင် ကောင်းမယ် ဆိုတဲ့ အတွေးနဲ့ ငါးမလေး ဗိုက်ပူ အတွက် ညနေစောင်း ကတည်းက သတိရတိုင်း ရွတ်ပေးခဲ့တာ ည ၁၁နာရီ အိပ်တဲ့ အချိန်အထိ အလုပ်တခုခု လုပ်ရင်းနဲ့ သတိရလိုက် ရွတ်ပေးလိုက် နဲ့ အချိန်တွေ ကုန်လွန်ပြီး အိပ်ယာထဲ အိပ်နေတာတောင် မသိစိတ်က ဆက်ရွတ်ပေးနေသလားတောင် ထင်မိတယ် ညဘက် ကိုလည်း ကောင်းကောင်း အိပ်မပျော်ခဲ့ပဲ သတိတခု စွဲကပ်ထားသလို နိုးတ၀က် အိပ်မက်လို ရွတ်ပေးနေလိုက်ရင်းနဲ့ မနက်လင်းတော့ မေ့မေ့လျော့လျော့ ဖြစ်နေပြီး အလုပ်သွားဖို့ ခြံထဲ ဆင်းကြည့်တဲ့ အခါ ငါးအကောင်ရေ ပေါင်းများစွာ ရေပေါ်မှာ ကူးခပ် နေတာ မြင်ရတော့ ဒီတခါတော့ အောင်မြင်သွားပြီလို့ တွေးပြီး ပီတိ ဖြစ်မိခဲ့တယ်။

သေချာတာကတော့ ဒီငါးမလေး အကောင်မပေါက်နိုင်လို့ သေသွားခဲ့တဲ့ သူ့ နဲ့ တူတူ ငါးဖြစ်လာတဲ့ သူ့ ညီအမ တွေ လမ်းကို မလိုက်ရတော့တာ အမှန်ပါပဲ။

ငါးကလေး ၅ကောင်က စပြီး ရှင်သန်ပွားများလာတဲ့ ငါးတွေဟာ ကြာကန်ထဲမှာ အကောင်ပေါင်း ရာနဲ့ ချီပြီး ကိုယ်ပိုင် ကမ္ဘာတခုလို ပျော်ရွင်စွာ နေထိုင်ရင်း နေ့စဉ် သခင် အလာကို မျှော်ကာ ခြေသံကြားရင်ဖြင့် မိုးပေါ်က ကျလာမဲ့ အစာမျှောပြီး ပျော်ရွင်စွာ ဆက်လက်ရှင်သန်နေထိုင်နေကြပါတယ်။

About ဆူး

has written 398 post in this Website..