ကုန်သည်ပညာ-အပိုင်း(၂)

aye.kkFebruary 25, 20121min1452

ရောင်းဝယ်ဖောက်ကား ဈေးသည်ပညာများက မကုန်နိုင်ပါပေ..။ အဖေကတော့လောကအလည်မှာ မျက်နှာမငယ်ရအောင် သူကိုယ်တိုင်ဦးဆောင်ဦးရွက်ပြုခါ သမုဒ္ဒရာဝမ်းတထွာ အတွက် ကျမတို့မောင်နှမများအား ကုန်သည်ပညာ(ဈေးရောင်းဈေးဝယ်)တတ်အောင် သင်ပြပေးခဲ့ပါသည်။ သင်ပြပေးသည်ဟုဆိုရာတွင် အဖေကိုယ်တိုင်ပင် အတော်လေးပင်ပန်းခံပြီး ကျမတို့အားလုပ်တတ်ကိုင်တတ်အောင် ပြပေးရရှာပါသည်။ ကြက်သွန်အဖြူ၊ကြက်သွန်အနီ၊အာလူးပေါ်ချိန်ဆိုပါက လွန်စွာအလုပ်ရှုတ်ပါသည်။ ကြက်သွန်နီပေါ်ချိန်တွင် ကုန်များအား ဝယ်ယူကာမလှောင်နိုင်ပါလျှင် ကုန်ပစ္စည်းတို့ပြတ်လပ်သွားပါက လွန်စွာဒုက္ခရောက်ပါသည်။ နေ့စဉ်မဖြစ်မနေဝယ်ယူ စားသုံးနေရသည့် မီးဖိုချောင်သုံးပစ္စည်းများ လည်းဖြစ်နေသဖြင့် ကိုယ့်အားခင်မင်နေသော ဖောက်သယ်များ သူများဆီရောက်သွားပါက ကိုယ့်အရောင်းအဝယ် မှာထိခိုက်နစ်နာရခါ ကိုယ့်ဖောက်သယ်များ မိတ်ပျက်သွားနိုင်၍ ဖြစ်ပါသည်။ ထိုကုန်ပစ္စည်းများလှိုင်လှိုင်ပေါ်သည့်အချိန်ရောက်လာပါက အဖေသည်မီးဖိုချောင်သုံး ပစ္စည်းများများစားစားဝယ်ယူ နိုင်ရန်အတွက်ငွေအရင်းအနှီးအား ပိုမိုစိုက်ထုတ်ပြီးဝယ်ယူထား၍ ပိုမိုစွာသိုလှောင်ထားရှိပါသည်။ ထိုသို့ဝယ်ယူသိုလှောင်ထား သည့်အခါ၌လည်း ပစ္စည်းများထားသိုရန်(ကုန်ပစ္စည်းများလှောင်ရန်) အတွက်နေရာတို့အား စနစ်တကျစီမံ ရခြင်းအပေါ်အလုပ်သမားတို့အား အားကိုးအားထားခြင်းမပြုလုပ်ခိုင်းပါ။ အလုပ်သမားကိုတော့ ကားပေါ်မှချသည့်ကုန်ပစ္စည်းတို့အား ဂိုဒေါင်အရောက်ထိ သယ်ယူပို့ဆောင်ခိုင်းပါသည် ။ ကျမတို့လည်းမ၍မနိုင်ပါ ကြက်သွန်နီထဲ့ထားသည့်အိတ်တအိတ် ဆိုပါကအနည်းဆုံး အချိန်နှစ်ဆယ်ကျော်နှင့် အထက်မှာပဲရှိပြီး အဖေလည်းမသယ်နိုင်ပါ အဖေ့မှာခါးနာရောဂါလည်းရှိပါသည် ။ အဖေခါးနာ ရောဂါရရှိခြင်းမှာလည်း အဖေဆင်းရဲစဉ် ဘဝတုံးက ကူလီထမ်းခဲ့ခြင်း၊ ပဲတီပင်ဖောက်လုပ်ရောင်းချခဲ့စဉ်က တစ်နေ့လျှင် ရေအထမ်းငါးဆယ်မျှ အပင်ပန်းခံခါ နိစ္စဓူဝပြုလုပ်ခဲ့ သဖြင့်ဒဏ်ဖြစ်ထားပြီး ခါးနာရောဂါရရှိထားခြင်းပင်ဖြစ်ပါသည်။ ထိုအတွက်လိုအပ်သဖြင့်လည်း အလုပ်သမားထား ရှိထားခြင်းသာဖြစ်မည်ဟုလည်း ကျမမှကောင်းစွာနားလည်သဘော ပေါက်နေမိပါသည်။သားသ္မီးများအား သူ့လိုရောဂါဝေဒနာ မခံစားစေလိုခြင်းကြောင့်သာ ဖြစ်ပါမည်မဟုတ်လျှင်တော့ အစ်ကို့အားလည်းထမ်းခိုင်းမည်ဟုပင်ထင်နေမိပါသည်။ အဖေကအိမ်ကိုဆောက်လုပ်ထား စဉ်ကတည်းကပင် ကုန်ပစ္စည်း များထားသိုရန်အတွက် အိမ်နောက်ဖေးမီးဖိုချောင်နှင့်တဆက်တည်းပင် ဂိုဒေါင် အားနှစ်ထပ်ဆောက်လုပ်ထားရှိခဲ့ပါသည် ။ အောက်ထပ်အား သံမာန်တလင်း(အင်္ဂတေ)အား ကြမ်းခင်းထားပြီး အပေါ်ထပ်ကိုတော့ ပျဉ်းကတိုးသားများဖြင့်ခင်းထားပါသည် ။ ပစ္စည်းများများတင်နိုင်ရန် သံဘောင်များပြေးထားပါသည်။ ကြက်သွန်နီမှာ အထားခံသည့်မြစ်သားမြို့မှထွက်သည့် မြစ်သားကြက်သွန်နီနှင့် အထားမခံသည့်မြင်းခြံမြို့မှထွက်ရှိသည့် မြင်းခြံကြက်သွန်နီဟူ၍ နှစ်စားသာထွက်ရှိပါသည်။ ဝယ်လှောင်တာကတော့ နှစ်မျိုးလုံးသာမှာယူ၍ ဝယ်လှောင်ပါသည်။အမျိုးစားမှာနှစ်မျိုးဖြစ်၍ ဂိုဒေါင်အောက်ထပ် သံမာန်တလင်းကြမ်းခင်း ထားမည့်နေရာအား ပြောင်စင်အောင်ဆေးကြောသန့်စင်ပြီး ရေပတ်တို့ဖြင့်ပွတ်တိုက်ထားပေးရပါသည် ။ အဖေကမီးဖိုချောင်သုံးကုန်ပစ္စည်းများ ဖြစ်၍ ရဟန်းသံဃာအများပြည်သူစားသုံးသဖြင့် သန့်သန့်ရှင်းရှင်း သိုလှောင်ထားရှိရမည်ဟု ပြောပြပါသည် ။ ပြီးလျှင် သံမာန်တလင်းကြမ်းခင်းပေါ်၌ သစ်သားချောင်း(၄ပေ၆လက်မ)အထူ ခန့်တစ်ချောင်းအားယူ၍ကန့်ထားပြီးကါ နှစ်မျိုးနှစ်စားအား ခွဲခြားထား ပြီးဖြန့်ဖြူး၍ခင်းထားရပါသည် ။ မြင်းခြံကြက်သွန်မှာ အထားမခံသဖြင့် ဦးစွာထုတ်ရောင်းခိုင်းပါသည်။ ကျမမှနားမလည်သဖြင့် အဖေ့အားမေးမြန်းရာ အဖေပြောပြသည်မှာ….. မြင်းခြံမှထွက်သည့် ကြက်သွန်မှာ အူတိုင်အခေါင်းပွသဖြင့် ဖင်ထိတ်ကမြစ်သားကဲ့သို့လုံးချောပြီးမကျစ်လစ်ပါ ဖင်ရှူးရှူးကြီးဖြစ်၍ ရုပ်ကလည်းဆိုးသည် မြစ်သားကြက်သွန်ကဲ့သို့မလှသည့်အပြင် အူတိုင်ပွ၍ပုတ်လွယ်ပြီး တာရှည်အထားမခံပါ ဝယ်ယူရာတွင်လည်း မြစ်သားထက်ဈေးသက်သာပါသည်။ တချို့စားသုံးသူအတော်များများက ဈေးနှုံးသက်သာတာကိုပဲရှာဝယ်ကြခါ အစားများကြသည်ဟုဆိုပါသည်။ (မြင်းခြံကြက်သွန်ကရောင်း၍ကုန်လွယ်သည်ဟု အဖေပြောပြသဖြင့်လည်းသိရပါသည်) မြင်းခြံကြက်သွန်ကတာရှည်ထားလျှင်အထားမခံ၊ပုတ်တာလွယ်ကူမြန်ဆန်ပါသည်မြန်မြန်မထုတ်ရောင်းချပါက ပစ္စည်းအဆုံးရှုံးအလေလွင့်များပြီး လှောင်ထားသည့်သူတွင်သာ ထိခိုက်နစ်နာသည်။ အရာင်းအဝယ်ပညာအား နားမလည်ထားပါက ရှုံးမှာသေချာသည်ဟု ပြောဆိုကါအဖေသင်ပြပါသည်။ အဖေသည်သ္မီးများမွေးထားသဖြင့်၊ဗဟုသုတအနေဖြင့်လည်း ကုန်ရှုံးလျှင်တစ်ခေါက် လင်ကုန်ရှုံးရင်တော့ တသက်လုံးမှောက်ဟု ဆိုကာ ပုံပမာပြခါ ဆုံးမပါသေးသည်။(လင်ယူသည့်အခါတွင်လည်းကြည့်ယူဟုပြောပါသည်)
မြစ်သားကြက်သွန်က အလုံးမှာလှပြီး မြင်းခြံထက်စားရတာ အရသာပိုချို၍ပိုလည်းလေးသည်။ အခွံပါးကာအသားကပိုထူပါသည်။ မြင်းခြံကြက်သွန်က အခွန်ထူကာ အသားနည်းပြီး သူ့လောက်မျှမကောင်းပါ၊ဒါပေမဲ့လည်းစားသုံးသူတွေက အတော်များများနားမလည်ကြတာများတယ်၊ဘာဖြစ်လို့ လည်းဆိုတော့ ဒေသထွက်ကုန်မဟုတ်သဖြင့် မသိနားမလည်ကြခြင်းဖြစ်နိုင်သည်ဟု အဖေကသုံးသပ်၍ကျမအားပြောဆိုခါရှင်းပြပါသည်။ သိုလှောင်ရာတွင်လည်း ထားသိုထားသည့်နေရာအား လေဝင်လေထွက်ကောင်းစေရန်အတွက် ဟုပြောဆိုကာ ဂိုဒေါင်ပြူတွင်းပေါက်များအား နေ့ခင်းနေ့လည်ဘက်ဆိုလျှင် အမြဲဖွင့်ခိုင်းထားပါသည် ။မိုးသံကြားလို့ကတော့ အပြေးအလွှားသွား၍ပိတ်ရပါသေးသည်။ မြင်းခြံကြက်သွန်ရေစိုထိလို့ကတော့ အားလုံးပုတ်သွားနိုင်၍ ဟုပြောဆိုခါ သတိကြီးကြီးထားခိုင်းပါသည်။ ကုန်ပစ္စည်းများရှိနေသဖြင့် မကြာခဏကြည့်ခိုင်းတတ်ခါ အပုတ်အနာတွေ ့ပါက ဖယ်ရှားပစ်ခိုင်းပါသည်။ မဖယ်ထုတ်ပါက တလုံးနှင့်တလုံးကူးစက်ပြီး လိုက်၍ပုတ်တတ်သည်။အနာတွေ့ ့ကမထားရဟုအဖေပြောပါသည်။ သက်ရှိသက်မဲ့ ဆိုပေမဲ့ သဘောတရားတွေက အတူတူဟုဆိုကာ တရားစကားလည်း ကျမအား နှလုံးသွင်းလိုက်ပါသေးသည်။ ထိုအခါမျိုးတွင် အမေကအဖေပြောသောစကားတို့အား ကြားမိလျှင်ရယ်မောတတ်ပါသည်။ ပစ္စည်းပေါ်တွင်တရားရှူမြင်တတ်သလို ခန္ဓာကိုယ်အားလည်း သီလဆောက်တည်ကာသိသင့် သည်ဟုပြောဆိုတတ်ပါသည်။ (အဖေကဥပုသ်ကျောင်းမသွားသဖြင့် အမေကပြောခြင်းဖြစ်ပါသည်) အဖေသိသည်ကတမျိုး အမေသိသည်ကတဖုံ ထိုနှစ်မျိုးကြားတွင်ကြီးပြင်း လာခဲ့ရသော်လည်း ကျမချစ်ခင်လေးစားရသည့် ဘကြီးအဆုံးအမအားနာကြား မှု ရှိခဲ့သဖြင့် နားလည်သင့်သလောက်တော့ နားလည်မိသဖြင့်သာတော်ပါသေးသည်။
(ကုန်သည်ပညာအပိုင်း(၃)တွင်ဆက်လက် ဖတ်ရှူအားပေးပါရန်တောင်းခံအပ်ပါသည်)

2 comments

  • kai

    February 27, 2012 at 2:35 am

    အရီးအေးရေ…
    ဒီပို့စ်ကို ဆက်ဖြည့်လို့ရပါပြီနော..။
    Edit ခွင့်ပေးထားပါတယ်..။ 😆

    Category လည်း.. copy/paste ဖြစ်နေတာ Business & Economics, My Dear Diary ပြင်ပေးလိုက်ပါတယ်..။

  • aye.kk

    February 27, 2012 at 6:46 am

    သူကြီးရေ…
    အခုလိုပြင်ပေးလိုက်တဲ့အတွက်…
    ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။

Leave a Reply