ကျနော်ကွန်ပျူတာရှေ့မှာ ထိုင်နေချိန်တွင် အခန်းအပြင်ဘက်မှာ ဒက်ဒီနှင့်မာမီ

စကားများနေကြတယ်ခင်ဗျ….။

အကြောင်းကတော့ ဒက်ဒီက ပန်ကာဖွင့်ထားတာကို မာမီက မီတာခတက်တယ်

ဆိုပြီးပြောတယ်ခင်ဗျ….။

ဒီလိုနဲ့ တစ်ယောက်တစ်ခွန်းပြောနေကြတယ်ခင်ဗျ….။ လိုအပ်လို့တွေရော

မလိုအပ်ပဲ ငွေကုန်တာတွေရောပေါ့…..။

ဒီလိုနဲ့ ကျနော်ဘက်ကို ပြဿနာက ဦးလှည့်လာပါတယ်…။ ဒက်ဒီက မီတာခတက်တာ

ကျနော်ကွန်ပျူတာကိုသုံးလို့ပါတဲ့လေ….။

သြော်… မီတာခတွေတိုးတက်လာတဲ့ ဂယက်ပေါ့ခင်ဗျာ…။ ဒါနဲ့ ပြောရဦးမယ်ဗျို့….

အရင်လက ကျနော်တို့ရွာမှာ လျှပ်စစ်ဓာတ်အား ခြိုးခြံချွေတာသုံးစွဲရေးဆိုပြီး

လျှပ်စစ်ငှာနက စာတွေဝေတယ်….။ ကျနော့်တို့ အိမ်ကိုလည်းဝေသပေါ့..။

ပြီးတော့လျှပ်စစ်ငှာနက ၀န်ထမ်းလေးကပြောတယ်… အစ်ကိုရေတဲ့ မီးလေးသုံးပေး

ပါဦးတဲ့.. အစ်ကိုမီတာက ယူနစ်မတက်လို့ဆိုပဲ….

ဒါနဲ့ ကျနော်လည်းး အေးလေကွာ..မင်းတို့ကချွေတာသုံးစွဲဆိုလို့ ချွေတာထားတာလေလို့

ပြန်ပြောသပေါ့…။ ဒီတောဝန်ထမ်းလေးက ဟုတ်တော့ဟုတ်ပါတယ် အစ်ကို ဒါပေမယ့်

လည်း ယူနစ်တွေကွာနေလို့ပါတဲ့… ကျနော်နားရှုပ်သွားပါတယ်… ဘာလို့ယူနစ်က

ကွာရတာလဲဆိုတော့…. သူကပြောတယ်…တစ်လနေလို့မှ တစ်ယူနစ်မှ မတက်လို့လည်း

မဖြစ်လို့ မီတာဖတ်တဲ့ အခါ ယူနစ်ကိုအမှန်မဖတ်ပဲ တိုးဖတ်ထားလို့ပါတဲ့လေ…

ကောင်းရောဗျာ…မတက်တော့လည်း မတက်သလိုဖတ်လို့ မရလို့လားမသိချေ…

ယူနစ်တက်တက် မတက်တက်ပေါ့.. မီတာထိန်းသိမ်းစောင့်ရှောက်ခ တစ်လ

တစ်ထောင်ပေးထားပြီပဲ…. မတက်ရင် မဖတ်နဲ့ပေါ့… ကိုယ့်အိမ်မှာ တပ်ထားတဲ့

မီတာကို တစ်လတစ်လ အလကားနေရင်း ထိန်းသိမ်းစောင့်ရှောက်ခ တစ်ထောင်ရ

နေတာကို နည်းနေလို့လားတော့မသိ…. ဒါမှမဟုတ်…ကျနော်နားလည်သော

ချွေတာသုံးစွဲခြင်းနှင့် သူပြောသောချွေတာသုံးစွဲခြင်းဆိုတာ အဓိပ္ပါယ်လွဲနေ၍လား

မသိချေ…။ ချွေတာကြပါ..ချွေတာကြပါလို့..သမ္မတကြီးကလည်း ပြောတယ်ခင်ဗျ..

ကျနော်တို့ပြည်သူတွေ ချွေတာနေခဲ့ရသည်မှာ ကြာပါပြီ …. အစားချွေတာ အ၀တ်

ချွေတာ ချွေတာနိုင်သမျှ ချွေတာခဲ့ကြရတာပါ …။ အစားဆိုရင်လည်း မသေရုံ

အ၀တ်ဆိုရင်လည်း အရှက်လုံရုံ ၀တ်နေခဲ့ကြတာပါ… ဒါတောင်မှ မလုံလောက်သေး

ဘူးထင်ပါ့ဗျာ… ချွေတာကြ..ချွေတာကြပါဆိုတော့… ကျနော်တို့တွေ မစားမသောက်ပဲနေ

မ၀တ်ပဲနေကြရုံပဲထင်ပါ့ဗျာ… ဒီကြားထဲ ၀န်ထမ်းလစာတိုးပေးဖို့ပြောတော့….

လွှတ်တော်ရဲဖြေရှင်းချက်မှာ သန်းခြောက်ဆယ်သော ပြည်သူတွေမှာ တစ်ဦးလျှင်

ဒေါ်လာနှစ်ရာစီ အကြွေးတင်နေပါသတဲ့…. ( ကြားရတဲ့ သတင်းဖြစ်ပါတယ်… ကောလဟလ

ဖြစ်ရင်လည်းဖြစ်မပေါ့လေ..) ကဲ… ကျနော်တို့တွေ ဒီလောက်ချွေတာနေပါလျက်နဲ့

ဒီလိုတွေဆိုတော့ ချွေတာနေရုံနဲ့ ပြဿနာ မပြေလည်နိုင်ဘူးထင်ပါရဲ့နော်….

“ဟဲ့ … ကောင်… မိဘတွေက ဒီလောက်ပြောနေကြတာတောင်

နင်က … ကွန်ပျူတာ မပိတ်သေးပဲ ဘာလုပ်နေတာတုန်းးးးး တစ်နေ့..တစ်နေ့…

ဒီကွန်ပျူတာရှေ့မှာပဲ … ငါးပြားမရ …. ဆယ်ပြားမရနဲ့ … မပြောလိုက်ချင်ဘူး…

ငွေရပေါက် … ရလမ်းလေးလည်း ရှာပါဦးဟဲ့…. နင့်ကိုတော့ ပြောမပြောချင်ဘူး..”

မွေးသမိခင်နဲ့ ကျွေးသဖခင်ရဲ့ ပြိုင်တူ အသံကြောင့်… ကျနော်..ဟဲ..ဟုတ်ဗျ…

ဟုတ်….. ဆိုပြီး… ကွန်ပျူတာကိုပိတ်… အသာလေးအိမ်ကနေ လဘက်ရည်ဆိုင်ဆီ

ကို လစ်ထွက်သွားလာရပါတယ်… ကဲ..သူငယ်ချင်းတို့ရေ….

ချွေတာရေးနော်…ချွေတာရေး……။

About kotun winlatt

ကို ထွန်းဝင်းလတ် has written 132 post in this Website..

ကမ္ဘာကြီးဟာ ပြားပြီး ရွာကြီးတစ်ရွာဆိုရင် ကျနော်ဟာ ရွာနဲ့ခပ်ဝေးဝေးက ဇနပုဒ်သားတစ်ယောက်ပါ......။