ရွေးကောက်ပွဲ

ေယာဆရာႀကီးFebruary 29, 20121min793

ပထမအကြိမ် ပြည်သူ့လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲကြီး မကြာမီ ကျင်းပတော့မည်။ ယောဆရာကြီးတို့ မြို့ကလေးမှာ ခြင်္သေ့နှင့် ဒေါင်း ၊ ဒေါင်းနှင့် ခြင်္သေ့ အပြိုင် အဆိုင် မဲ ဆွယ် စည်းရုံးနေကြပြီ။ ထိုထို မဲဆွယ် စည်းရုံးနေသည်ကို ယောဆရာကြီး မြင်တွေ့ခိုက် ၁၂၉၅ခုနှစ် ဝါခေါင်လ တွင် ရေးသားခဲ့သည့် ဆရာကြီး သိပ္ပံမောင်ဝ ၏ ရွေးကောက်ပွဲ ဝတ္ထုဆောင်းပါး ကို အမှတ်တရ ရှိလှသည်နှင့် ပြန်လည် ကူးယူ ဖော်ပြလိုက်ရပါသည်။

ဤဒီမိုကရေစီ ခောတ်တွင် ရွေးကောက်ပွဲတွေကား များလှပေတော့သည်။ မင်းတိုင်ပင် ရွေးကောက်ပွဲ ၊ မြူနီစီပယ် ရွေးကောက်ပွဲ ၊ ဒိစတြိတ် ကောင်စီ ရွေးကောက်ပွဲ ၊ သူကြီးရွေးကောက်ပွဲ ၊ကျေးရွာကော်မတီ ရွေးကောက်ပွဲ ၊ များလိုက်သည့် ရွေးကောက်ပွဲတွေ ရေတွက်၍ပင် မကုန်နိုင်ပြီ။

ယခုရေးသားမည့်ရွေးကောက်ပွဲကား သူကြီး ရွေးကောက်ပွဲ ဖြစ်လေသည်။ မည်သည့်ရွာက သူကြီးရွေးကောက်ပွဲပေနည်း။ လင်းလွန်းပင် ရွာက သူကြီးရွေးကောက်ပွဲဖြစ်လေသည်။

လင်းလွန်းပင် သူကြီး ဦးဘိုးဆောင် ကား လူဆိုး၊ ဓါးပြ တို့ကိုကြောက်သောကြောင့် သူကြီး အလုပ်မှ နှုတ်ထွက်သည်မှာ နှစ်လ ခန့်ကြာ လေပြီ။ သူ၏သား မောင်သာပန်းက ရွာကို ခေတ္တအုပ်ချုပ်လျက်နေ၏ ။ ရွေးကောက်ပွဲတွေ ထွန်းကားနေသော ခေတ်ကြီးထဲတွင် သူကြီးရွေးကောက်ပွဲကို ပြုလုပ်ရပေမည်။ ရှေးခေတ် ကမူကား သူကြီးသားမှာ မပင်ပန်းဘဲ သူကြီးဖြစ်သွားမည်မှာ မုချပင် ။

လင်းလွန်းပင်ရွာတွင် ကျွက်စီ ၊ ကျွက်စီ ဖြစ်လျက် နေလေပြီ။ မောင်ရွှေကျေးလဲ အရွေးခံမည်ဟု အများကပြောနေကြလေသည်။ ဟုတ်မှန်စရာ အကြောင်းရှိ၏ ။မောင်ရွှေကျေးကား အင်းသားကြီး ဖြစ်လေသည်။ ပစ္စည်းခိုင်လုံ၏ ၊ အသောက် အစားကင်း၏၊ လူရည် လည်၏ ။ သို့ရာတွင် ရွာသားများနှင့် မသင့် ဟု ပြောသံကြားရလေသည်။ ရွေးကောက်ပွဲ ခေတ်စားနေသော အခါတွင် ရွာသားများနှင့် မသင့်လျင် အဘယ်မျှပင် အရည်အချင်း ရှိစေကာမူ ရွာသူကြီး ဖြစ်ရန် ခဲယဉ်း၏ ။

မောင်သာပန်းကား သူကြီးသားဖြစ်၏ ။ သူကြီးသား ဖြစ်သောကြောင့် မျက်နှာရှိပြီးသားဖြစ်လေသည်။ သူကြီးဟောင်း ဦးဘိုးဆောင် မှာလည်း ကျေးရွာအုပ်ချုပ်ခြင်းတွင် ညံ့၏။ အခွန်ကောက်ခံခြင်းတွင် ဖျင်း၏ ။ တရားစီရင် ခြင်းတွင် ဘာတစ်ခုမျှ မတတ်။ သို့သော်ရွာသားတို့၏ မျက်စိနှင့်ကြည့်လျှင် ဦးဘိုးဆောင်မှာ သူကြီး၏အရည်အချင်းနှင့် များစွာပြည့်စုံသော သူ တစ်ယောက်ဖြစ်လျက်နေ၏ ။ သူကြီးညံ့လေ ၊ ရွာသားကြိုက်လေ ၊ နှစ်သက်လေ ၊ မြတ်နိုးလေပင် ။

မောင်ရွေကျေး ဖက်မှ လူများနှင့် မောင်သာပန်းဖက်မှ လူများအလုပ်ရှုပ်နေကြလေပြီ ။ သူ ့ဖက် ခဲပြားထည့်ပါ၊ ငါ့ဖက်ခဲပြားထည့်ပါနှင့် ဟောပြောနေကြကုန်၏ ။ မင်းတိုင်ပင် ရွေးကောက်ပွဲ တုန်းက ထက်ပင် အရေးကြီးကြလေသည်။ တစ်ရွာလုံးဆူညံဆူညံ၊ ကျွက်စီ ၊ ကျွက်စီ ဖြစ်နေကြပြီ။

ဆယ်အိမ်ခေါင်း ဦးဘမောင်က မောင်သားပန်း ဖက်က တိုက်တွန်း၏ ၊ ကျေးရွာကော်မတီ ဦးထွန်းအောင် က မောင်ရွေကျေးဖက်မှ အားပေးလေသည်။ သူတို့ နှစ်ယောက် လယ်ထွန်ရာတွင် စကားများရာက ထိုးကြ ၊ သတ်ကြ ကုန်၏ ။ နှစ်ယောက်စလုံး ဖူး ဖူး ရောင်ရောင် ဖြစ်ကုန်ကြလေပြီ။ ဦးဘမောင် အိပ်ယာမှ မထနိုင်သည်မှာလေးရက်မျှ ကြာ၏။ ဦးထွန်းအောင်ဖျားနေသည်မှာ ခြောက်ရက်ခန့်ကြာလေသည်။

တစ်နေသော် လင်းလွန်းပင် ရွာသို့ သမ္ဗာန် ပျာတာ မောင်စု ရောက်၍ လာလေသည်။ မောင်စု၏ လက်ထဲ၌ ဝါဆိုလဆန်း (၈) ရက်နေ့တွင် သူကြီးရွေးကောက်ပွဲကို ကျင်းပမည် ဟူသော နယ်ပိုင်မင်း၏ အမိန့် ပါလာ၏ ။ မောင်သာပန်း နှင့် မောင် ရွေကျေးတို့ တစ်စောင်စီ ရကြလေသည်။ မောင်စုလည်း မောင်သာပန်း၏ အိမ်တွင် ဟိုပြော သည်ပြောနှင့် ထမင်း ဝ အောင် စားသွားလေသည်။ ဆေးလိပ်တွေကိုလည်း နှိုက်ယူသွားသေး၏ ။ အလွန်ညစ်သော သမ္ဗန် ပျာတာတွေပါတကား ။

ထိုနေ့တွင် တစ်ရွာလုံး ဆူနေတော့၏ ။ လယ်ထွန်ရာ မှာလည်း ရွေးကောက်ပွဲ ၊ ကြက်ဝိုင်းတွင်လည်း ရွေးကောက်ပွဲ ၊ ငါးမျှားရာမှာလည်း ရွေးကောက်ပွဲ ၊ ရွာ့ရေတွင်းမှာလည်း ရွေးကောက်ပွဲ ၊ ဦးရာဇိန္ဒ ကျောင်းတွင်လည်း ရွေးကောက်ပွဲ ၊ ဦးပုသ် ဇရပ် တွင်လည်း ရွေးကောက်ပွဲ ၊ ရွေးကောက်ပွဲအကြောင်းကိုသာလျှင် တစ်ရွာလုံး ပြောကြားနေကြလေသည်။

ထိုရွေးကောက်ပွဲမှာ လင်းလွန်းပင် ရွာသူ ရွာသား တို့ အဖို့ အလွန်ပင် အရေးကြီး ပေ၏ ။ မြန်မာပြည် သို့ ဘုရင်ခံ အသစ်တစ်ပါး ရောက်လာသည်မှာ သူတို့ အတွက် အရေးမကြီး ၊ အိန္ဒိယပြည်တွင် ဘုရင်ခံချုပ်ကြီးတွေ ပြောင်းလဲ သွားသည်မှာ သူတိုကအတွက် အရေးမကြီး၊ အင်္ဂလန်ပြည်တွင် နန်းရင်းဝန်ကြီးတွေ ပြောင်းလဲသည်မှာ သူတို့အတွက် အရေးမကြီး ၊ သူတို့ရွာမှာ သူကြီးအသစ်လဲ သည် ကသာ အရေးကြီးလေသည်။

ယနေ့ကား ဝါဆိုလဆန်း (၈) ရက်နေ့တည်း။ တစ်ရွာလုံးရှိ ရွာသူ ရွာသား တို့အလုပ်မဆင်းကြတော့ပြီ ၊ နွားများ အားလပ်ခွင့် ရကြကုန်၏ ။ ငါးများ ချမ်းသာခွင့် ရကြကုန်၏ ။

မောင်သာပန်း နှင့် မောင်ရွှေကျေး တို့ကား တစ်ညလုံး အိပ်မပျော်ကြချေ ၊ နံနက် ၄ နာရီ အချိန်တွင် အိပ်ယာမှ ထကြပြီးလျှင် အမျိုးမျိုး စီမံ လျက် နေကြလေသည်။ ခပ်လှမ်းလှမ်းမှ လာကြသော မဲဆန္ဒရှင်တို့အား ထမင်းကျွေးရန် စီမံကြ၏ ၊ သို့သော် မဲ ဆန္ဒကို မတရား ဝယ်ယူသည်ဟု တစ်ဖက်က လျှောက်ထားလျှင် ခက်လေတော့မည်။ မခက်ပါ၊ ထိုနေ့တွင် ရဟန်းတော် တို့အား ဆွမ်းကျွေးသည်ဟု ဆိုကာ ဝိနည်းရှောင်က လွယ်၏ ။ ဆွမ်းကျွေးကာ တရားနာခြင်းသည် မတရား လက်ဆောင်ထိုးသည် မဟုတ်၊ မည်သူမျှ မတားနိုင်၊ ကုသိုလ် လုပ်ခြင်းနှင့် မဲဝယ်ခြင်းသည် မည်သို့မျှမသက်ဆိုင် ။ နယ်ပိုင်လည်း စွပ်စွဲ နိုင်မည် မဟုတ် ။ ဤသို့ ရဟန်းတော်များကို ဆွမ်းကျွေးလျှင် ရွာသူရွာသားတို့ကိုပါ ကျွေးမွေးသည် မှာ ထုံးစံ ဖြစ်လေသည် ။ ထိုသို့ ကျွေးမွေးသည်ကို မဲဝယ်သည် ဟူ၍ မည်သူဆိုနိုင်အံ့နည်း ။

ထိုနေ့တွင် ရွှေကျေး အိမ်၌ ဆွမ်းကျွေးပွဲ တစ်ပွဲ ၊ သာပန်း အိမ် ၌လည်း ဆွမ်းကျွေးပွဲ တစ်ပွဲ ပြုလုပ်ကြလေသည် ။ ဉာဏ်များသော ပုဂ္ဂိုလ်တို့ပေတည်း ။ နှစ်အိမ်လုံးမှာ လူစည်ကားလျက်ပင် ။

၁ဝ နာရီ ထိုးပြီ….

ဆက်လက်ဖော်ပြပါမည်။

ယောဆရာကြီး

3 comments

  • ဆယ်နာရီဆိုတာ နောက်မကျသေးပါဘူးဗျ ယောဆရာကြီးခင်မျ။
    ပို ့စ်တင်သူ ဆရာကြီးက ယောသားထင်ပါတယ်နော်။ဟုတ်လားဗျာ။
    ဒါဆိုရင်တော့ ထီးလင်း၊ဂန် ့ဂေါ၊ဆော၊ယော၊ကျော ဖက်ကလားဗျာ။

  • kyeemite

    March 1, 2012 at 9:34 am

    ခေတ်စမ်းစာပေအရေးအသားမှာ..စံပြုထားရတဲ့ ဆရာကြီးသိပ္ပံမောင်ဝ ရဲ့
    စာပေလေးတွေပြန်ဖတ် ရလို့ကျေးဇူးတင်ပါတယ်…အထူးသဖြင့်
    အခုလိုအချိန်နဲ့ကိုက်တဲ့ ရွေးကောက်ပွဲအကြောင်းဆိုတော့
    ပိုမိသဗျ…ဖတ်ချင်တယ်မြန်မြန်တင်ဗျို့…

  • နေဝန်းနီ

    March 1, 2012 at 9:04 pm

    ရွေးဂေါက်ပွဲ အကြောင်းတော့ မပြောချင်ပါဘူး …။ နေပြည်တော်မှာတဲ့ ဟို…… ဆောက်လုပ်ရေး ကမ်မဏီက လူကြီးတဲ့…။ သူ့အရွေးခံဖို့ ကိစ္စ ကို ….။ သူ့ကမ်မဏီက ဝန်ထမ်းတွေ ကိုမဲဆွယ်ခိုင်းနေသတဲ့…။ အဲဒိလိုလုပ်လို့ရသလား…။

Leave a Reply